ကဗျာစပ်သူ


ခုတလော ခိုင်သည် မောင့်ကို လမ်းခွဲ စကားဆိုဖို့ အကြိမ်ကြိမ် စိတ်ကူး နေခဲ့လေသည်။ လမ်းခွဲကြစို့နော်။
စိတ်ကူးထဲက စကားသစ်ကို နှုတ်မှ ဖွင့်ပြောလျှင်တော့ မောင်က အံ့သြပြိုလဲမယ် ထင်သည်။ အချစ်မှာ ယုံကြည်သော၊ တန်ဖိုးထားသော ချစ်သူနှစ်ယောက်ကြား လမ်းခွဲစကား ပေါ်ပေါက်ရ သည်ဆိုလျှင် ဒါဟာ အိပ်မက် ဖြစ်နေမလားဟု မောင် တွေးကောင်း တွေးမှာပဲ။ သို့ပေမယ့် လမ်းခွဲလိုခြင်းကတော့ ခိုင့်စိတ်နှလုံးမှာ ကိန်းအောင်းနေသည့် အမှန်တရားပါ။
အဲသည် အမှန်တရားကို ထုတ်ပြောခွင့်လည်း မရ၊ ထုတ်၍ ပြောလိုခြင်းလည်း မရှိသည့်အခါ ခိုင်သည် အခါများစွာ စိတ်ပင်ပန်းရမြဲ။ ခါတိုင်းလို ကြည်လင်သော မြှူချိုသော အပြုံးနုများကို လည်း မပြုံးဖြစ်တာ ကြာပြီ။ ညနေခင်း ရုံးရှေ့မှာ စောင့်ကြိုမြဲ မောင့်ကို မြင်ရလျှင် ခိုင့်နှုတ်ခမ်းမှာ နွမ်းလျပေမယ့် ဟန်ဆောင် ရွှင်ပျသော အပြုံးသာ ခိုတွယ် တတ်လာသည်။ မောင့် အမြင်မှာ တော့ ပကတိ အပြုံး၊ ချစ်သူဖြစ်ခါစ ရက်များကလို ချစ်စဖွယ် အပြုံး။ သို့သော် ခိုင့်စိတ်ကို ခိုင်ပဲ သိပါသည်။ လက်ဆွဲခြင်းကို မောင် လက်ကမ်းလျှင် လွှဲပြောင်း ပေးလျက် ကားမှတ်တိုင်ဆီ ခြေလှမ်းစဖြစ်လျှင် ခိုင်သည် ကိုယ့်အတွေးကိုယ် အားနာပူပင်မြဲ။ မောင် ဘယ်တော့များ ခိုင့်ကို ရိပ်မိသွားပါ့မယ်။
ခိုင့်ထက်ပင် သန့်ပြန့်ကြည့်ကောင်းမြဲ ဖြစ်သော မောင့်အတွက်နှင့် ပတ်ဝန်းကျင်က မိန်းကလေးတို့၏ အကြည့်ကို အကဲဖမ်း စိုးရိမ်တတ်သော အကျင့်ကလည်း ခုတလော ဘယ်မှာပျောက် ကွယ်နေသည် မသိ။ ယောပုဆိုး နီညိုရောင်နှင့် ရှပ်လက်ရှည် အဖြူကို ၀တ်ဆင်လာလျှင် မောင်က ပို၍ သန့်ပြန့် နုသစ်မြဲ။ ခိုင်က ၀န်တိုပူပင်မြဲ။ ခုတော့ ခိုင်သည် အေးငြိမ်းခဲ့ပြီ။ မျက်ဝန်းမှာ လည်း တည်ငြိမ်သည်နှင့်အမျှ လျှို့ဝှက်သော အရိပ်များ ခိုတွယ်စပြုခဲ့ပြီ။
“ခိုင် ခုတလော တစ်မျိုး ထူးခြား နေသလိုပဲနော်။ မောင်ပဲ စိတ်ထင်လို့ များလား”
တစ်ခါကတော့ မောင် က တွေဝေဟန် ဆိုဆဲ။ ခိုင် သည် တမင် ဖန်တီး ယူသော်လည်း နဂိုနေဟန် ရယ်ရယ် မောမော ရှိရသည်။

“အသက်လည်း မငယ် တော့ဘူးရှင့်။ ရင့်ကျက်ရ တော့မယ်မို့လား”
“မဟုတ်ပါဘူး။ ဒီတလောလေး တင်မှပါ။ ခိုင် တစ်ခုခုကို တွေးနေတာလို့ မောင်တော့ ထင်တာပဲ”
ငြင်းခုံခြင်းကို ရှောင်ရှားတတ်မြဲ မောင်သည် မျက်ဝန်းမှာတော့ ခိုင်မာ ဟန်ပြသည်။ စကားလုံးများစွာ မသုံး။ မောင် ခိုင့်ကို အနည်း အကျဉ်းတော့ ရိပ်မိခဲ့ပြီ။ တကယ်တော့ ဒါသည်လည်း မဆန်းကြယ်။ ချစ်သူ သက်တမ်း ခုနစ်နှစ်ကျော် အတွင်း ခိုင်နှင့်မောင်သည် စာအုပ် တစ်အုပ်မှာ မျက်နှာ ချင်းဆိုင်နေကြသော စာမျက်နှာ နှစ်ခုလို အပြန်အလှန် ဖတ်ရှု နားလည်ရသည်။ စိတ်ဝိညာဉ် နှစ်ခုသည်ပင် လူတစ်ဦးတည်းလို ဖြစ်သည်။ အဲသည် လူတစ်ဦးကို ပိုင်းခြား မည်ဆိုပါစို့။
နှလုံးသည် သွေးစိမ်းရှင်ရှင် ထွက်၍ စမ်း ချောင်းအသွင် စီးဆင်းမည်လား။ ခိုင်သည် အတွေးနှင့်ပင် ထိတ်လန့်တွေဝေမြဲ။ အို မပြောတော့ဘူး။ လမ်းခွဲ စကား ဘယ်တော့မှ မပြောတော့ဘူး။ သို့သော် စိတ်နှလုံးက အခါခါငြင်းဆန်လျှင် ဦးနှောက်က ရယ်မော တတ်တော့လည်း မခက်ဘူး လား။
မောင်နှင့်ခိုင်တို့ စတွေ့ တုန်းကတော့ အရာရာ ရုပ်ရှင် ဆန်လှသည်။ မန္တလေး တက္ကသိုလ်၊ တမာပင်တို့ စိမ်းမြရိပ်ညို သွယ်တန်းသော လမ်းသွယ်များ၊ စိန်ပန်းနီနီ၊ ငုစပ်ချယ်ရီ၊ ပတ္တမြားလက် ဖက်ရည်ဆိုင်။ များစွာသော ရုပ်ရှင်ဝတ္ထုတွေထဲက ကျောင်းသားလူငယ် ချစ်သူတွေလို ခိုင်နှင့်မောင်တို့ စတင်ဆုံ စည်းကြသည်။ ခင်မင်ရင်းနှီး ကြသည်။ တမာရွက် ကြွေတို့ လေမှာရှပ်တိုက် ပြေးလွှားဆဲ၊ စိန်ပန်းနီတို့က ဖူးပွင့်နီ စွေးဆဲ၊ သံယောဇဉ်က လှပစွာ အရောင် ပြောင်းဆဲမှာပင် ချစ်သူဘ၀ ရောက်ကြလေသည်။
အဲသည်တုန်းကတော့ စိတ်နှလုံး ပျော်မွေ့ဖွယ်။ အချစ်ကိုသာ သိတတ်စဉ်လို့ ဆိုရမှာပေါ့။ ခိုင်တို့ အိမ်တွေဆီက ငွေအရောက် နောက်ကျသည့် အခါ လက်ကျန်ငွေကို ချွေတာရဆဲ။ ကော်ဖီ တစ်ခွက် မှာ၍ မျှသောက်ရလျှင်လည်း ရယ်မော နိုင်ခဲ့ကြသည်။ မောင်ကတော့ ခိုင့်လောက် ကော်ဖီ မခုံမင်။ ရေနွေးတစ် ခွက်ပြီး တစ်ခွက်သောက်ကာ စကားတပြောပြော နေချင်သည်။ ကဗျာစပ်နေချင်သည်။
ခိုင်ကတော့ စားပွဲပေါ် အုပ်မိုးထားသည့် ထနောင်း ပင်ကြီးက သစ်ရွက်ကြွေလေးများ ခြွေချသည့်အခါ တေးသီချင်း သီဆိုချင်လောက် အောင် စိတ်က လွင့်ချင်လွင့်နေ တတ်သည်။ အနီးမှာ ချစ်သူက အတူရှိသည် မဟုတ်လား။ အတူရှိမှုဟာ ယုံကြည်မှု၊ ရဲရင့်မှုကိုလည်း မွေးဖွား ပေးတတ်သည်။ ပြီးတော့ ငြိမ်းချမ်း ရောင့်ရဲခြင်းလည်း ပါဝင်သည်။ ခိုင်သည် ဘ၀ကို ရှည်လျားစွာ ကြည့်မျှော် တွေးမထား။ မတွေးလိုသေးဘူး ဆိုရမည်ပင်။ တစ်နည်း အားဖြင့်တော့ နေပျော်ကျေ နပ်သည့် ဘ၀တစ်စိတ် တစ်ပိုင်းမှာ အနာဂတ်ကို ပူပင် စရာလို့ မမြင်ခဲ့တာ ခိုင့်အလွန် မဟုတ် ဘူးထင်သည်။ စိတ် နှလုံး နုနယ်ဆဲ၊ အတွေးတို့က နုသစ်ဆဲ။
လွယ်အိတ်ကို ပခုံးမှာ ချိတ်ထားရသည့် ကျောင်းသား ဘ၀က ရဲရင့် လွတ်လပ် ခြင်းမျိုး ခိုင့်တစ်သက်မှာ နောက်တစ်ကြိမ် ဘယ်တော့မှ မရနိုင်တော့ဘူး ထင်သည်။ ခိုင့်မိဘများက မချမ်းသာ။ သို့ပေမယ့် အချိန်တန်တော့ ငွေကြိုးစား ပို့မြဲ။ မိဘကို သိတတ်သော်လည်း ခိုင်သည် လွတ်လပ်ပျော်ရွှင်မှုကို ချုပ် ထားရလောက်အောင်တော့ မပူပင်တတ်ခဲ့ဘူး ထင်သည်။ ခိုင်ဟာ ရိုးသား ကြိုးစားသည် နှင့်အမျှ အပြစ်ကင်းစွာပျော် ရွှင်တတ်သော ကျောင်းသူ လေးပင်။ မိဘ စကားကို အဝေးမှာပေမယ့် နာခံသည်။ အနေအထိုင်တတ်၍ မိဘကိုလည်း မပူပင်စေ။ မနာခံမိ သည့် အချိန်ကတော့ အချစ် ကို မနိုင်နင်းချိန်တည်း။ ဘာ ဘာညာညာ မတွေးနဲ့လို့ အမေ က သတိတရ မှာကြားတော့ ခိုင်သည် မောင့်ကို ချစ်ခဲ့ပြီးပြီ။
“ခိုင်ကတော့ မိဘကို စိတ်ပူစေပြီလား မသိ”
ခိုင်က ပူပင်စွာဆိုလျှင် မောင်က ရယ်မောတတ်သေးသည်။

“ဒါပေမယ့် ဒီကောင်လေးက မဆိုးရှာပါဘူး။ မချမ်းသာတာက လွဲလို့ ရိုးသားရှာပါတယ် ခိုင်ရဲ့”
အဲသည်တုန်းကတော့ ခိုင်တို့ ရယ်မော ပျော်ရွှင်နိုင်ခဲ့ ကြသည်။ မန္တလေး တက္ကသိုလ်မှာ အားယူစ ပန်းငုံများလို တောက်ပလင်းလက် နိုင်ခဲ့ကြသည်။ ခုတော့ အတိတ်သည် ဓာတ်ပုံအယ်လ် ဘမ် များမှာ၊ ဒိုင်ယာရီများမှာသာ ရွှေရောင်တောက်ပလျက် ကျန်ရစ်ခဲ့လေသည်။

“ဇာတ်လမ်း အစက တော့ ရုပ်ရှင် ဆန်ပါရဲ့ဟယ်။ ဇာတ်သိမ်းခန်းကတော့ မျှော် ဆိုတာလိုပဲ”
ခိုင်သည် မန္တလေး တက္ကသိုလ်မှာ ရင်းနှီး ခင်မင် ခဲ့သော မိတ်ဆွေများ၊ သူငယ်ချင်းများနှင့် ရန်ကုန်မှာ အမှတ်မထင် ဆုံစည်းကြလို့ စူးစမ်းတာမျိုး ကြုံလျှင်သည် လိုပဲဖြေလေ့ ရှိသည်။ ခိုင့် အဖြေစကားကို ကြားလျှင် တချို့က ရယ်မောကြသည်။ နှစ်သိမ့်ကြသည်။ တချို့က စာနာဟန်ပြသည်။ တချို့က တော့ သတင်း တစ်ခုရသည့် ပမာ မျက်လုံးများ ၀င်းလက် တာကို မြင်ရ သည်။ သို့သော် ခိုင်ကတော့ ဘယ်သို့သော အမူအရာကိုမှ ထူး၍ မတုန်လှုပ်ပြီ။ တစ်ခါတစ်ခါတော့ ကျောင်းတုန်းက မောင် ဖွဲ့နွဲ့ ဖူးသော ကဗျာတို့ကို ခိုင်က သတိတရနှင့် ရယ်မောကျီ စယ်မိသည်။
“ဧဒင် ဥယျာဉ်ထဲက ပန်းသီး တစ်လုံးလို အချစ်က ချိုမြနုသစ်လို့ဆို မောင်ရဲ့။ တကယ်တမ်း အချစ်နဲ့ဝယ်ရင် ပန်းသစ်တောင် မရပါလား”

မောင်က ရယ်မောဆဲ။ ခိုင်သည် မောင့်မျက်နှာကြည် လင်ဟန်ကို ငေးကာ အတွေးကို ဝေ့လည်တတ်လာသည်။ သာမန်ရုံးဝန်ထမ်း နှစ်ယောက် ရဲ့ အချစ်ဟာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဘ၀ တုန်းကလောက် ကဗျာ မဆန်နိုင်တော့ဘူး ထင်ပါရဲ့ မောင်ရယ်။ ကော်ဖီတစ်ခွက်ကို နှစ်ယောက်မျှ သောက်တာ သည်လည်း ကဗျာမှာသာ ဖွဲ့နွဲ့ ဖို့ ကောင်းတော့သည်။ ခုကိုပဲ မောင်တစ်ယောက် ကဗျာတွေ မစပ်ဖြစ်တော့တာ ကြာပြီ ထင်သည်။ ခိုင့်မှာ ကျောင်းတုန်းက သိမ်းထားဖူးသမျှ ကဗျာများကိုသာ တသသ လုပ်နေရသည်။ မောင့်ကဗျာ သစ်ကို မမြင်ရ တော့ပြီ။ ကဗျာ စပ်ပါဦးလား မောင် ရယ်ဟုဆိုတော့ မျက်နှာပျက်ချင်သည်။ စိတ်က ရှင်းသန့်မှ ကဗျာရေးဖို့ ကောင်းတယ်ခိုင် ရဲ့တဲ့။ မောင်က မသိမသာ သက်ပြင်းရှိုက်လျက် ဆိုတတ် သည်။
ခိုင်ကတော့ အတိတ်ကို လွမ်းစရာလို့သာ ကြည့်မျှော် တတ်တော့သော်လည်း တကယ့် တကယ်မှာတော့ လွမ်းပင် မလွမ်းတတ်တော့ဘူး ထင်လေသည်။ ပစ္စုပ္ပန်ကို ကြည့်တတ်လာသည်။ အနာဂတ်ကို ပူပင်တတ်လာသည်။ဂဏန်းခြောက်လုံးနား မရောက်တရောက် လစာငွေနှင့် ကိုယ်စီ ရပ်တည်နေရသည့် ခိုင်နှင့် မောင့်အဖို့ ကံကြမ္မာကို လှောင်ပြောင် စိန်မခေါ်ရဲပြီ။ ကံကြမ္မာ၏ တစ်ပြန်တစ်လှည့် စိန်ခေါ်လိုသော မျက်နှာကိုတော့ ခိုင်သည်ရဲရဲပင်မကြည့်ဝံ့ပေ။ ခိုင်သတ္တိ နည်းလာပြီ မောင်ရဲ့။ သည်လို ပြောထွက်လျှင် မောင်က၀မ်းနည်းမည်ထင်သည်။ လက်တွေ့မှာ တော့ ခိုင်သည် သိုသိပ်မြဲ။ မောင့် လက်ကို ဆုပ်ကိုင်မြဲ။
“တစ်ခါတလေတော့လည်း ဘာပဲဖြစ်ဖြစ်ဆိုပြီး စွန့်စား လိုက်ချင်ပြီ”
မောင်က တစ်ဇွတ်ထိုး ရူးမိုက်တော့မည့် သူလိုဆိုလျှင် ခိုင်သည် စိုးထိတ်ရပြီ။ မောင်သာ တကယ် ဆုံးဖြတ်ပြီဆို ခိုင် ဘယ်သို့ ငြင်းဆန်ရ မည်လဲ။ ပြီးတော့ မောင့်ကို ခိုင် ချစ်သည်။ တစ်သက် မှာ တစ်ခါတော့ မိုက်မဲစမြဲလို့ ဆိုကာ မိဘကို မငဲ့ကွက် မိုက်မဲရတော့မလား တွေဝေ ဆဲ။ မောင်ကပဲ စကားကို ရယ်ရယ်မောမော လျှောချ တတ်ပြန်သည်။
“အေးကွာ တိုက်ခန်းလေး တစ်ခန်း လောက်တော့ မ၀ယ်နိုင်ရင်တောင် ငှားနိုင်မှပဲ စွန့်စားကြတာပေါ့”
ခိုင်သည် မောင့်မာနတို့ ပွန်းပဲ့ရှာတော့မှာကို တွေးကာ စာနာရသည်။ မျက်နှာညှိုး ငယ်ချင်ရသည်။ သို့ပေမယ့် ရယ်မော ပေါ့ပါးလိုဟန် ပြရသည်။

“အိမ်ပဲငှားတာပေါ့ မောင်ရယ်။ အစားအသောက်ကတော့ ရှိသလိုပဲ… ထမင်း မရှိလည်း ခိုင်က ကော်ဖီ ကြိုက်တာပဲဟာ”
“တစ်ရက်ကို ဘယ်နှ ခွက်သောက်နိုင်မလဲ ခိုင်”
“လေးခွက်ပေါ့။ လကုန် ခါနီးရင်တော့ တစ်ခွက်ပဲ သောက်မှာပါ”
ခိုင်နှင့်မောင်သည် ရယ်စရာ သိပ်မကောင်းတာကိုပင် အဆန်းလုပ်လို့ ရယ်မော ကြရပြန်သည်။ ဘာမဆို ရယ်မောနိုင်တာဟာ ဘ၀မှာ အကောင်းဆုံး အရည်အချင်းလို့ လည်း ဆိုချင်သည် လေ။ မောင့်မှာရော ခိုင့်မှာပါ အဲသည် ရယ်မော ပေါ့ပါးနိုင်သော အရည်အချင်း ရှိသည်။ ညည်းညူခြင်းကို ရှောင်လိုစိတ်ရှိသည်။ ပြီးတော့ ဘ၀ တူချင်းမို့ အပြန်အလှန် အားပေးတာလည်း ရှိသည်။ ချစ်သူထက် ရဲဘော်ရဲဘက် တစ်ယောက်လိုပေါ့။ ကဲ သည့်နောက်တော့ ဘ၀မှာ နောက်ထပ် ဘာများ လိုအပ်ဦးမည်လဲ။
တစ်နေ့နေ့မှာတော့ နီးကြရမည်လို့ ခိုင့်စိတ်နှလုံးမှာ သေချာဆဲ။ ရုပ်ရှင်များစွာမှာ ကြည့်ကြရသလိုခိုင့်မိဘတို့၏ အိမ်ထောင်ရက်သားချပေးလိုမှု ကို ကြုံရလေသည်။ ခိုင်သည် မျှော်လင့် မထား ခဲ့ပေမယ့် တအံ့တသြလည်း မဖြစ်လှပေ။ တကယ်တော့ ခိုင့်အသက်အရွယ်သည် အိမ်ထောင် ပြုသင့်ပြီဟု အမေက ယူဆ တော့မှာကို နားလည်ရသည်။ ခိုင်သည် သည်နှစ်မှာ အသက် နှစ်ဆယ့် ရှစ်နှစ် ပြည့်ခဲ့ပြီ။ အမေက အဝေးမှာ ရှိနေသည့် သမီးကို စိတ်ပူပင်စ ပြုပြီ။ ပြီး တော့လည်း သမီးလုပ်သူ ဘ၀ အေးချမ်းစေမည့် အိမ်ထောင်ဖက်ကောင်းကို ကြုံ ကြိုက်လာသည့် အခါ အဖေနှင့် တိုင်ပင်၍ စီစဉ်လိုဟန်ပြသည်။ ခိုင့်ကို ဖျောင်းဖျလိုဟန် ပြသည်။
“သူများ မြို့ရွာမှာ နေရ တာထက် ကိုယ့်မြို့ရွာမှာပဲ အေးအေးချမ်းချမ်း နေရတာ မကောင်းဘူးလား သမီးရယ်။ မောင်ညီမလေးတွေကိုလည်း ကိုယ်က စောင့်ရှောက်နိုင်တာပေါ့။ အေးလေ အမေကတော့ မတိုက်တွန်းချင်ပါဘူး။ သမီး စဉ်းစားဖို့သာ ပြောတာပါ”
ခိုင်သည် ဖုန်းချပြီး သည့်နောက် စက္ကန့်များစွာပင် ဖုန်းခွက် အဖြူလေးကို ငေးမော နေခဲ့သည်။ စကားတို့ တွ့န်ဆုတ် ပျောက်ကွယ်ရသည်။ အိမ်ထောင်ပြုခြင်းသည် ဘ၀မှာ ခိုလှုံရာတစ်ခု ဖြစ်စေသလား။ အချစ်ကရော အရေးတကြီး လိုအပ်ချက် မဟုတ်တော့ပြီလား။ အမေသည် မောင်နှင့် ခိုင့်ဇာတ်လမ်းကို အနည်း အကျဉ်းတော့ ရိပ်မိခဲ့လေသည်။ မိုင်ပေါင်းရာနှင့် ချီ၍ ဝေးကွာ နေပေမယ့် အမေသည် သမီး၏ အချစ်မှာ ယုံကြည်သော စိတ်နှလုံးကို သိမြင်ခဲ့သည်။ သို့ပေမယ့် မသိသလို နေပေးခဲ့သည်ဟု နားလည်ရသည်။ ခုတော့ အမေသည် ခိုင့်ဇာတ်မျောကို အဆုံး သတ်လိုခဲ့ပြီ။
နောက်ပိုင်း ရက်များမှာတော့ ခိုင်သည် စိတ်က တိမ်တွေလို ပေါ့ပါးလွင့်မျော လျက် ရုပ်ကတော့ ပုံစံခွက် များကြားမှာ မောင့်အနီးမှာ နေမြဲတိုင်းပင်။ အမေ့ကို လည်း ဘာစကားမှ ယတိပြတ် ပြောလိုစိတ် မရှိသေး။ မောင့်ကိုလည်း အိမ်အကြောင်း ဖွင့်ပြော၍ မပူပင်စေလို။ ဖွင့်ပြောပြီ ဆိုပါစို့ လက်ထပ်ကြ စို့ ခိုင်ရယ် ဆိုရင် ဘယ်လို လုပ်ပါ့မယ်။ အမေကတော့ မိုက်မဲသော သမီးကို တစ်ခဏ စိတ်အခန့်မသင့်တာ ရှိကောင်း ရှိမည်။ ချစ်စိတ်နှင့် နောက် တော့လည်း ခွင့်လွှတ်နိုင်မည်ဟု ခိုင်ယုံကြည်လေသည်။ သို့ပေမယ့် ခိုင်က သတ္တိနည်း ပါးဆဲ။ ဘ၀ကမရေရာ။ အနာဂတ် သည် မရေရာ။ အချစ်ကလွဲလို့ ဘ၀မှာ ကံ ကြမ္မာလည်း မရေရာ။
“ဆောက်လိုက်ကြတဲ့ ကန်ထရိုက် တိုက်တွေနော် ခိုင်။ နောက်ဆို ဒီလမ်းထဲ တိုက်ခန်းတွေ များလာဦးမှာပဲ။ မောင်များ တစ်ခန်းလောက် ပိုင်ရင်ကွာ”
ခိုင်နေသည့် သီရိမေ အဆောင်ရှိရာ ဇေယျာသီရိ လမ်းထဲ လိုက်ပို့လျှင် မောင်က မှတ်မှတ်ရရ ဆိုတတ်လေသည်။ ခိုင်သည် မောင့်မျက်နှာကို စာာစိတ်နှင့် ငေးမောမြဲ။ ဇာတ်လမ်း အဆုံးသတ် လည်း မရောက်တော့ဘူး ထင်ပါရဲ့မောင် ရယ်။ လမ်းခွဲကြပါစို့ရဲ့။ ခိုင် သည် ကိုယ့်အတွေးကိုယ်ပြန် ထိတ်လန့်၍ နေပြန်သည်။ မောင်က ရိုးသားသလောက် ခိုင်က မရိုးသား နိုင်တော့ပေ။ အဆောင်ရှေ့ ရောက်လို့ မောင် နှုတ်ဆက်လှည့်ပြန်သွားလျှင် ခိုင်သည် ၀မ်းနည်းတွေဝေ လာပြန်သည်။ မောင့်ကို အခါ များစွာကထက် ချစ်မြတ်နိုး လာပြန်သည်။
ခုတလော ခိုင်သည် လမ်းခွဲ စကားဆိုဖို့ အကြိမ်ကြိမ် တွေးနေခဲ့တာ ၀န်ခံရပေမည်။ လမ်းခွဲကြတာဟာ နှစ်ယောက်လုံး အတွက် အကောင်းဆုံး ဖြစ်မလား။ မောင်လည်း အနှောင်အဖွဲ့ ကင်းကင်း ကြိုးစားခွင့် ရမည်။ ခိုင့်မှာလည်း မိသားစုက စိတ် ချမ်းသာမည်။ သို့သော် လက်တွေ့ဘ၀သည် စိတ်ကူး လောက်လွယ်ကူမှု မရှိနိုင်ပေ။ တကယ့်တကယ်မှာ မောင်လည်း ပြိုလဲရ မည်။ ခိုင်လည်း နာကျင်ရမည်။ ခုနစ်နှစ်စာ သံယောဇဉ်ကို ဘယ်သို့မေ့ ဖျောက်ရမည်လဲ။ လမ်းမခွဲဘဲ ရှေ့ဆက်လျှောက်လို့ကတော့ အချစ်မှာ အေးမြ သာယာမည်။ အနာဂတ်ကတော့ေ၀၀ါးဆဲပဲရှိမည် ထင်ရသည်။ ဒါနှင့်ပဲ စိတ်နှင့်ကိုယ် အကြိမ်ကြိမ် အငြင်းပွားမှုများ ကြားမှာ ခိုင်သည် တွေဝေမြဲပင်။ ဘာကိုမှ မဆုံးဖြတ်နိုင်။ သို့သော် အချစ်က ခိုင်မာမြဲ။ ဒါကိုတော့ စိတ်မှာ အထပ်ထပ် သေချာသည်။
ပွင့်လင်း သာယာသော ရာသီဝင်လာလျှင် မောင့်မွေး နေ့ တဖြည်းဖြည်း နီးကပ်လာသည့် အခါ ခိုင့်စိတ်နှလုံးသည် အခါများစွာကလို ပူနွေး လှုပ်ခုန်ပြန်လေသည်။ နှစ်ရှည်ကြာပြီ ဖြစ်ပေမယ့် မပြောင်းမလဲရင်ခုန်မြဲ။ ဆန်း သစ်မြဲ။ မောင်က ကိုယ့်မွေး နေ့ကိုယ် မေ့လျော့နေတတ် သူ။ ခိုင်ကတော့ အသေး အဖွဲကအစ မှတ်သားဥာဏ် ရှိသူတည်း။ မောင့်အတွက် မွေးနေ့လက်ဆောင်ကို တအံ့ တသြ ဖြစ်စေရန် အမှတ်တမဲ့ လိုလို ဖန်တီး၍ ခိုင်က နှစ် တိုင်း ပေးတတ်ခဲ့သည်။ မွေးနေ့ပင် သတိ မရတတ်သော မောင်က အံ့သြ ၀မ်းသာမြဲပင်။ ခိုင့်လက်ဆောင်များသည် တန်ဖိုးကြီး ပစ္စည်းများ မဟုတ်သော်လည်း မောင်က နှစ်သက် တတ်ခဲ့သည်။
သည်နှစ်တော့ ခိုင်သည် မွေးနေ့မှာ ကဗျာချစ် သောမောင့်ကို ကဗျာစာအုပ် တချို့လက်ဆောင်ပေးဖို့ ဆုံး ဖြတ်သည်။ မောင်နှစ်သက် သော ကဗျာဆရာ ဇေယျာလင်း၏ စာအုပ်များ ဖြစ်ပါ သည်။ အညိုနုရောင် စက္ကူ အလှနှင့် သေသေသပ်သပ် ထုပ်ပိုးထားသည့် ခိုင့်လက်ဆောင်ကို မြင်လျှင်တော့ မောင့်မျက်လုံးတို့သည် ဟိုး အရင်ချစ်သူ ဖြစ်စနှစ်တွေတုန်းကလိုပင် လင်းလက် တောက်ပ မြဲ။ ဒါဟာ နှစ်သိမ့်ခြင်း၏ အရိပ်အယောင်။ ခိုင်သည် မောင့်မျက်နှာကို ချစ်ခင်စိတ်နှင့် အရိပ်ကြည့် ငေးမောနေခဲ့သည်။
“ကျေးဇူးတော့ တင်ပါ ရဲ့ ခိုင်ရယ်။ ဒါပေမယ့် ဒီနေ့ အဖို့တော့ မွေးနေ့ရှင်က တခမ်းတနား ကျွေးမွေးဖို့ ခက်ခဲနေတာ စိတ်မကောင်း စရာပဲ”
မောင့်မျက်နှာက ညှိုးလျချင်ဆဲ။ ခိုင်သည် စိတ်ကူး ဥာဏ်လင်း ပွင့်သလို လက်ခနဲ ပြုံးလိုက်သည်။
“ကော်ဖီ တစ်ခွက်ဖိုးတော့ ရှိတယ် မဟုတ်လား မောင်ရဲ့”
“အင်း ရှိသားပဲ။ ကော်ဖီ တစ်ခွက်ဖိုးတောင်မကဘူး။ ပိုဦးမယ်”
မောင့်မျက်နှာ သည်လို ဆိုတော့လည်း ပြုံးရွှင်စပြု လာပြန်သည်။
“ဒီလိုဆို ခိုင့်ကို ကော်ဖီ လိုက်တိုက်။ နှစ်ယောက် တစ်ခွက် မဟုတ်ဘူး။ တစ်ယောက်တစ်ခွက် သောက်ကြ မယ်။ အိုကေနော်”
ကျောင်းတုန်းကလိုပင် ခိုင်သည် ပြုံးရွှင်မူရာနှင့် စကား ဆိုမိပြန်သည်။ မောင် နှင့်အတူ ရယ်မောမိပြန်သည်။ သည်လိုသာ အမြဲပြုံးနိုင်လျှင်တော့ ပြက္ခဒိန်တို့က ဆေးရောင်စုံ နုသစ်၍ ရင်ဆိုင် ရဲချင် စရာ။ သို့ပေမယ့် လက်တွေ့ ဘ၀ဆိုတာမျိုးက ကဗျာစပ်ရုံ လောက်နှင့်လည်း ပြည့်စုံတာ မဟုတ်ပေ။
စံပယ်ဖြူနု

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More