ခုတစ်လော မြို့ကလေး နေမကောင်းပါ။
မြို့ကလေး သည်လို နေမကောင်းသည့် အကြောင်းကိုလည်း ကျွန်မ ကိုယ်တိုင်မြင်၍ သိရသည် မဟုတ်။ တစ်ဆင့် စကားများမှ ကြားနာရသည်။
စကားတို့သည် လေထဲမှာလည်း ပျံ့လွင့်လာသည်။ တိုးတိတ်သော အသွင်ကို ဆောင်သော်လည်း ရင်တွင်း၌ ကျယ်ကျယ်လောင်လောင် မြည်ဟည်း စေခြင်းငှာ ပျံ့လွင့်လာသည်။ မြို့ကလေးသည် ငယ်ဖော်၊ ငယ်ချစ်၊ ဘယ်တော့မျှ မပြယ်မည့် အိပ်မက်တို့ သန့်စင်ရာ နယ်မြေ။ သည်မြေ နေမကောင်းဘူး ဆိုသည်မှာ ရင်တွင် မချိစရာ။ သို့သော် မျိုသိပ်ရသည်။ စေတနာ တူသူချင်း စကားမျှ လျှင်တော့ မြို့ကလေးသည် ခုပင် မျက်စိအောက် အသက်ဝင်၍ မြင်နေရ သကဲ့သို့ လူးလွန့်လာ တော့သည်။ မိုင်ပေါင်းများစွာ ခြားနားသော နေရာက မှန်းဆမြင်နေ ရသဖြင့် ဘာတစ်ခုမှ အထောက်အကူ မပြုနိုင်သည့် အတွက်တော့ ခွင့်လွှတ်စရာ ဖြစ်ကောင်းပါသည်။
မြို့ကလေး နေမကောင်းပါ။
အခုနေတော့ ပတ်ဝန်းကျင်သည် သူစိမ်းများ ဆန်နေလေ မလားမသိ။ သို့သော် အခွင့်အရေး ပေးလျှင် လူနာကြည့် ထောက်သလို တစ်ခေါက်တော့ ရောက်ချင်သည်။ မြို့ကလေး၏ သတင်းကြားလျှင်ပင် ပခုံးတွန့်ချင် ကြသော မြို့ပြက မိတ်ဆွေတို့ ကတော့ သည်လိုဆိုလျှင် ဘယ်သို့တွေး မည်လဲ။ သည် အချိန်မှာ ပြန်ချင်သည် ဆိုလျှင် အံ့စရာများ ဖြစ်လေမလား။ ဘာပဲဖြစ်ဖြစ် မြို့၏ ကမ်းပေါ်မှာ တစ်ကြိမ်တော့ ရပ်ကြည့်ချင် သေးသည်။ တကယ်တော့ မြို့ကလေးဟု ကျွန်မ ပြောနေမိသော မြို့သည် ခရိုင်မြို့သာ ဖြစ်ပါသည်။ မြို့ကလေး ဟုပင် မဆိုစကောင်း။ သို့သော် အကျယ်အ၀န်း အားဖြင့်လည်း များစွာ မရှိနိုင်သည့် အထဲ ငြိမ်ဝပ်သော အသွင်ကိုသာ ဆောင်၍ မြို့ကလေးဟု ဆိုရပါသည်။ သူသည် ကျွန်မ၏ ဇာတိမြို့တော့မဟုတ်။ ဇာတိမြို့က သူ့ခရိုင် အတွင်းမှာ ရှိသည်။
သို့သော် ကျွန်မမွေးဖွား ကြီးပြင်းရာ ရွာသည် မြို့ကလေးနှင့် ပိုပြီး လမ်းသင့်ပါသည်။ မြို့ကလေးမှာပင် အထက်တန်း အောင်သည်အထိ ကျင်လည်ရသော အခါ ဇာတိမြို့နယ် နှင့်စာလျှင် ပိုရင်းနှီး ခဲ့သည်။ မြို့ကို ရစ်ခွေစီးဆင်း နေသော ဧရာဝတီ နှင့်လည်း ကျွမ်းဝင်ခဲ့ ရပါသည်။ ဧရာဝတီသည် သုံးမြှောင့် ပုံသဏ္ဌာန် နယ်မြေက စ၍ စီးဆင်း လာသည်မှာ ပြည်နယ်မြို့တော် မှလွန်၍ ခရီးအနည်း ငယ်မျှ ပေါက်လျှင် မြို့ကလေးဆီ ရောက်လေသည်။ ရေစီးသံမှာ တငြိမ့်ငြိမ့် ရှိသည်။ မြို့လယ်ကမ်းနားက ရေမှာ အနည်းငယ် နောက်ကျိ တတ်သော်လည်း ကမ်းကိုလွန်ကာ စက်လှေနှင့် လိုက်ပါလျှင်တော့ ကြည်လင် အေးမြသော ရေကို ထိတွေ့ခွင့် ရတတ်လေသည်။
မြို့ကလေးကို စတင် မြင်ဖူးတော့ ကျွန်မ အသက် ငါးနှစ်ပြည့်ပြီ။ သူငယ်တန်း တက်ရန် အဘွားအိမ် ရောက်ရသည်။ ရွာမှာ ကြီးပြင်း လာရသော ကလေးတစ်ယောက် အတွက် အရာရာသည် အံ့အားသင့် စဖွယ်။ ပတ်ဝန်းကျင်သည် ကျွန်မအတွက် စိမ်းနေခဲ့သည်။ လူများများ မြင်ရသည်။ ကားနည်းနည်း၊ စက်ဘီးတွေ မြင်ရသည်။ ရွာမှာကဲ့သို့ နွားလှည်း မတွေ့ရ။ မြို့စွန် ကျေးရွာတွေ ဘက်မှာတော့ ရှိပေသည်။
ပြီးတော့ စတက်ရသည့် ကျောင်းမှာ မြို့စွန် က ကျောင်းဆိုသော်လည်း ရွာသူကလေး တစ်ယောက်၏ အမြင်တွင်တော့ နတ်ဘုံတမျှကြီး ကျယ်နေခဲ့ပါသည်။ ကျောင်းဝင်းက ကျယ်ကျယ်။ သစ်ပင်များက စိမ်းစိမ်းစိုစို။ ရွယ်တူ ကလေးများနှင့် စတွေ့ရလျှင်ဖြင့် အဆင်ပြေသည် ဟူ၍ မရှိသေးပါ။ ကစားလျှင်လည်း မ၀င်ဆံ့သေး။ သူတို့က ထစ်ခနဲ ရှိလျှင် တစ်ကျောင်းတည်းနေ အစ်ကို၊ အစ်မတို့ကို ပြေးခေါ်တတ်သည်။ ကျွန်မမှာတော့ ဘယ်သူမျှ ခေါ်စရာ မရှိခဲ့ သည်ကို ပြန်တွေးတိုင်း သတိတရ ရှိပါသည်။ နောက်တော့လည်း အကြိမ်ကြိမ် စိတ်ဆိုးငြင်းခုံ လျက်ကပင် အဲသည် သူငယ်ချင်း များနှင့် ရင်းနှီး လာသည်။ ချစ်ခင်ပေါင်းသင်း ဖြစ်ပြန်ပါသည်။
သည်လိုနှင့်ပင် တွေ့စက စိမ်းနေခဲ့သော မြို့ကလေးသည် ကြာလာတော့လည်း တဖြည်းဖြည်း ပျော်မွေ့ဖွယ် ဖြစ်လာခဲ့သည်။ ရွာကို လုံးလုံး မေ့သည်တော့ မဟုတ်။ သို့သော် မြို့ကလေး ကို တစ်နည်းတစ်ဖုံ တွယ်တာ လာခဲ့ပါသည်။
မြို့ကလေး နေမကောင်းပါ။
မြို့မှ ခွဲခွာလာသည်မှာ ဆယ်နှစ်ကျော်ပြီ။ ဆယ်တန်းအောင်ပြီး ကတည်းက ဘ၀က အဆစ် ပေါင်းများစွာ ချိုးခဲ့သည်။ သည်အထဲမှာ မြို့ ကလေးကို ခွဲခွာရခြင်း ပါဝင်သည်။ ပညာဆက် သင်ရသည်။ နောက် နယ်မြို့များက လူငယ်များ စွာ ဦးတည်ရာ မြို့ပြသို့ ရောက်ရသည်။ အလုပ်ခွင်မှာ နှစ်အကန့် အသတ်မရှိ ကျင်လည်ရန် ခြေလှမ်း စရသည်။ သည့်နောက်တော့ မြို့ကလေးနှင့် ဝေးလွန်း မက ဝေးခဲ့လေသည်။ လေလှိုင်းက တစ်ဆင့် ကြားရသော စကားများကြောင့်သာ မြို့ကလေး ကို သူစိမ်း မဆန်ရ ခြင်းတည်း။ တစ်နှစ်မှာ တစ်ကြိမ်ပင် မပြန်ဖြစ်တော့။ သင်္ကြန် တစ်ကျော့ပြန် ရောက်ဖို့ ကြာလွန်းသည်ဟု ထင်မိသည်။ သို့သော် သင်္ကြန်တိုင်းလည်း ပြန်ဖြစ်သည် မဟုတ်ပေ။ လမ်းခရီး ခက်လှသည်နှင့်ပင် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် မြောက်ပိုင်းမှာ စိတ်နှလုံး နှင့်သာ ကူးလူးရန် ကောင်းတော့သည်။ ဘ၀က ပျော်ရာမှာ နေရသည် မဟုတ်။ ဒါကိုတော့ မြို့ကလေး နားလည်နိုင် လောက်ပါသည်။
ခုတော့ မြို့ကလေး နေမကောင်းဘူး ဆိုသည်ကို တိုးတိတ်သော စကားများက တစ်ဆင့် ပထမဆုံး ကြားနာရသည်။ ဖုန်းထဲမှာ ကြားရသော အသံတို့တွင် မမြင်ရသော စိတ်ခံစားမှု လှိုင်းများစွာပါ သည်ကို အလိုလို သိနေခဲ့သည်။
“ဘာဖြစ်မယ်တော့ မသိဘူး ပေါ့ဟယ်... ဒီလို မဖြစ်တာ ကလည်း ကြာပြီမို့လား။ တထိတ်ထိတ်နဲ့ပေါ့”ဟု တစ်ညတွင် အစ်မရင်း ပမာ ချစ်ခင်ရ သူက ဖုန်းထဲမှာပင် တုန်တုန်လှုပ်လှုပ် ပြောပြသည်။ အသံမှာ ခပ်တိုးတိုး။
ကျွန်မ၏ စိတ်မျက်လွှာတွင် မြို့ကလေးကို ဗြုန်းဆို မြင်ယောင်လာသည်။ အစဉ် အမြဲ ငြိမ်းချမ်းခြင်း ဖြင့်သာ ဆယ်ကျော်သက် ဘ၀တစ်လျှောက် ရင်းနှီးခဲ့ ရသော မြင်ကွင်းများ။ စိမ်းလန်းသော ကုက်္ကိုပင် တန်းများ၊ ကြည်မြသော ရေကန်များ၊ မြွေလိမ်မြွေ ကောက်လို အတွန့် အကောက်အတက် အဆင်း များပြားသော လမ်းများ။ အဲသည် လမ်းများပေါ်တွင် သောကကင်း သကဲ့သို့ မူဟန် များနှင့် တွေ့ရမည့် မျက်နှာများ။ မြို့၏ အနားသတ်မှာတော့ လှပသော ဧရာဝတီ။ မိုးရာသီ ဆိုလျှင်တော့ ရေစီးသံက ပိုလို့ကျယ် လောင်မည်။ မြို့ကလေးက မိုးပေါက်များကြား မှာစိမ်းစိုနေမည်။
ခုကော သည်မြင်ကွင်းတွေ ပြောင်းခဲ့ပြီလား။ ကျွန်မ မသိပါ။ အစ်မကလည်း ပြင်ပနှင့် ကူးလူး ဆက်ဆံမှု သိပ်ရှိလှသူ မဟုတ်။ သားသမီးနှင့် ခင်ပွန်းနှင့်သာ အိမ်တွင် ခပ်အေးအေးနေ တတ်သူ ဖြစ်သည်။ ရက်သတ္တပတ် အတွင်းမှာ သူကျွန်မကို ပြောပြနိုင်တာ တစ်ခုပဲရှိသည်။ ကုန်ဈေးနှုန်း တချို့ မြင့်လာသည့် အကြောင်း တစ်ခုကိုသာ ပိုင်ပိုင်နိုင်နိုင် ပြောပြနိုင်သည်။ ညဘက်ကို အပြင်မထွက် ကြဘူးလေ ဟုလည်း တီးတိုးပြောပြ သေးသည်။
တစ်သက်လုံး ဘယ်သူ့ကိုမဆို ဘက်မပြိုင်ဘဲ နေတတ်သော အစ်မက ခုလည်း အရာရာကို ကြောက်ရန် အဆင်သင့် ဖြစ်ကာနေသည်။ သူ ပြောသမျှတော့ စိတ်ပူပန် စရာတွေ ချည်းသာ။ တခြား သူတွေက တစ်ဆင့် ကြားနာ ပြန်တော့လည်း သူ့ထက်ကဲ တို့နှင့်သာ ရေစက်ဆုံသည်။ စိတ်နှလုံး တို့၏ စိုးထိတ်မှု ပုံရိပ်သည် လေပြည်ထဲ မှာ စီးမျောပါ လာသလို ထင်ရသည်။ နားစည်ကို ပြင်းရှစွာ ရိုက်ခတ်လျက် ရှိသည်။ ကျွန်မ ပင့်သက်သာ ရှိုက်ရပါသည်။
မြို့ကလေး နေမကောင်းပါ။
ရန်ကုန်မြို့၏ ညသည် ညပီသစွာ လှပ သက်ဝင်လျက် ရှိသည်။ မီးရောင်များဖြင့် လင်းလက် တောက်ပလျက်။ လမ်းပေါ်မှာတော့ ကားများပြေးလွှား ခရီးနှင်လျက်။ မိုးရွာနေသည် မဟုတ်၍လည်း ပြင်ပ မြင်ကွင်းကို ပြတင်းမှ အေးအေးချမ်းချမ်း ငေးမောနိုင်သည်။ အထပ်မြင့် အဆောက် အအုံ၏ ထောင့်ချိုးမှာ ရှိသော ကျွန်မ အဆောင် အိပ်ခန်းသည် ရန်ကုန်မြို့၏ တစ်စိတ် တစ်ဒေသကို လှပစွာ မြင်နိုင်ပါသည်။ အပေါ်စီးက မြင်ရသော မြင်ကွင်းကျယ်ကို နေ့ဘက်ထက် ညဘက်မှာ ပို၍ ငေးမောလို့ ကောင်းသည်။ အထူး သဖြင့် မီးလည်း လာနေမည်၊ တွေးစရာလည်း ရှိနေမည် ဆိုလျှင်ပေါ့။
မြင်ကွင်းကျယ်မှာ မြင်ရသော ညရောင်စုံ မြင်ကွင်းသည် ခုတော့ ယခင်နှင့်မတူဘဲ ကျွန်မ ရင်ကို တိတ်တဆိတ် နာကျင်စေ ပါသည်။ သည် မှာတော့ မီးရောင်စုံလျက်။ လူတို့သည် သောက နည်းပါးသည်ဟု ထင်ရဟန်ဖြင့် လှုပ်ရှားသွား လာလျက်။ မြို့ကလေး မှာတော့ မီးရောင်သည် လင်းတစ်လှည့် မှိန်တစ်ခါသာ။ မြို့ကလေး နေမကောင်းသော သည်ရက်များ အကြား သူ့ဝန်းကျင်တွင် မီးရောင်ကို ကျဲကျဲ ပါးပါးသာ မြင်ရသတဲ့။ စိတ်နှလုံး တို့တွင် ထင်ဟပ်နေသည့် စိုးထိတ်မှု အရိပ်သည်သာ လတ်တလော အလင်းလက်ဆုံး ဖြစ်နေပေမည်။ ဘယ်သူ့ မျက်နှာကို ကြည့်ကြည့် သည်လို ပါပဲဟု ဖုန်းမှတစ်ဆင့် ရင်ဖွင့်ခဲ့သော အသံတို့သည် ကျွန်မ၏ ၀န်းကျင်တွင် ခုထိ ပျံ့လွင်နေသလို ထင်ရသည်။
“ငါတို့ ငယ်တုန်းက ကြုံဖူးတာ ပေါ့နော့။ ငါတို့ အိမ်နောက်မှာ ချိုင့်ကြီး ရှိတယ် မဟုတ်လား။ အဲဒီ ချိုင့်ကြီးထဲကို အိမ်နီး နားချင်းတွေ အကုန်ပြေး လာတာလေ၊ နင်ဆို တော်တော်ငယ်သေး တာပဲ။ နင်တော့ မှတ်မိလား မဆို နိုင်ဘူး။ နင့်အဒေါ် တွေက ဘယ်လိုပဲ ချော့ချော့ ကြောက်လွန်းလို့ ငိုနေတာ ငါမှတ်မိတယ်။ ငါကတော့ ဒူးတုန်ရုံပဲ”
အစ်မ ပြန်ပြောပြသည့် မြင်ကွင်းများကို ခုနေပြန်တွေး ကြည့်တော့လည်း ရုပ်ရှင်ပြကွက် များလို တရေးရေး ပုံပေါ်လာရသည်။ အတော်ပင် သတိထား ဆင်းယူရသော ချိုင့်ဝှမ်းကြီး ထဲမှာ လူ ၃၀ ခန့် တိတ်တဆိတ် ခိုနေခဲ့ ကြသည်။ ကလေးများက တအီအီ ငိုကြသည်။ ကလေး ဆိုသည်မှာ ကျွန်မ အရွယ်ထက် ငယ်သူများကို ဆိုလိုပါသည်။ သည်တုန်းက ကျွန်မမှာ ငါးနှစ်ကျော် ရှိပြီထင်သည်။ ကလေးငယ်ငယ် များကဲ့သို့ တအီအီ မငိုသည့်တိုင် မျက်ရည် တပေါက်ပေါက် လိမ့်ဆင်းလျက် ရှိုက်ငင်နေခဲ့ သည်ကို သတိရသည်။ ကျွန်မတို့ကို မငိုရန်တား မြစ်လေသော လူကြီးများ ကိုယ်တိုင်ကိုက မျက်စိမျက်နှာ ပျက်လျက် ရှိသည်ကို ငယ်ရွယ်သေး သော်လည်း ကောင်းစွာ မှတ်မိပါသည်။
မြို့၏ တစ်ဖက်ထောင့် ကောင်းကင်၌ မီးရောင်များဖြင့် နီရဲနေ သည်လား မမှတ်မိ တော့ပြီ။ ကျယ်လောင်သော မြည်ဟည်းသံများ ကြားကြ ရတာတော့ မှတ်မိ ပါသေးသည်။ သူတို့တွေ မြို့ထဲတောင် ၀င်လာပြီလား မသိဘူးဟု လူကြီးများက ဆိုသည်။ ဘယ်သူ့ကို ဆိုလိုသည် ကိုမူ ထိုစဉ်က ဉဏ်မမီသေး။ သစ်ရိပ်ဝါးရိပ် များဖြင့် ပိတ်မှောင်နေသော ချိုင့်ဝှမ်းထဲ အချိန်တော် တော်ကြာအောင် ခိုကပ်နေခဲ့ ကြရပြီးနောက် သူ့အိမ် ကိုယ့်အိမ် အသီးသီး တိတ်ဆိတ်စွာ ပြန်ကြရသည်။
“အဲဒီတုန်းက နိုင်သလောက် သယ်လာခဲ့ ကြတာ မှတ်မိလား။ ရောဂါ သည်တွေတောင် အိမ်ပေါ်က ပြေးဆင်းကြ တယ်လေ။ ပြီးလည်းပြီးရော သယ်လာတဲ့ ပစ်္စည်းတွေ ပြန်မသယ်နိုင်တဲ့ သူနဲ့၊ အိမ်ပေါ်ပြန် မတက်နိုင်လို့ တွဲတင်ရတဲ့ သူနဲ့ မှတ်မိသေး ရဲ့လား”ဟု အစ်မက ဆိုလျှင် ရယ်စရာ မဟုတ် သည်ကိုပင် ပြန်လည် ရယ်မောကြရ ပါသည်။
မြို့ကလေး နေမကောင်းပါ။
ဝေ့ဝေ့လည်သော အတွေးများကို သည်ကြားထဲ အဖော်ပြုခဲ့ မိလို့လား မသိ။ မနေ့ညက မြို့ကလေးကို အိပ်မက်မက် ပါသည်။ အိပ်မက်ထဲတွင် ကျွန်မသည် မြို့ကလေး၏ လမ်းများပေါ်တွင် စက်ဘီး တစ်စီးနှင့် ခရီး နှင်နေခဲ့သည်။ လတ်တလော အချိန်တွင်တော့ မြို့ကလေး၌ တရုတ် နိုင်ငံလုပ် ဆိုင်ကယ် များကို ပေါများစွာ တွေ့ရမည် ဖြစ်သော်လည်း အိပ်မက်ထဲ တွင်တော့ ကျွန်မက စက်ဘီးနှင့်သာ ဖြစ်သည်။ ကျွန်မ ထွက်ခွာလာသည့် ၁၀ နှစ်ကျော်က ဆိုင်ကယ်များ မပေါများ သေး၍ မြို့၏ လမ်းများပေါ်တွင် တစ်ကြိမ်မှ ဆိုင်ကယ် မစီးခဲ့ ဖူးပါ။ သည်တော့ အိပ်မက်ထဲ တွင်လည်း ယုတိ္တရှိ စွာပင် စက်ဘီးကိုသာ စီးနင်းလျက် ရှိသည်။
မြို့ကလေး၏ မြင်ကွင်းများ ကတော့ စိတ်မျက်လွှာတွင် ပုံဖော်မြင်ယောင် ထားဖူး သကဲ့သို့ လတ်လတ်ဆတ်ဆတ် ဖြစ်နေသည်။ လမ်းများပေါ်တွင် လူသူ သိပ်မရှိလှ။ ဆိုင်များတွင် အရိပ်အခြည် သွေ့ခြောက်လျက် ရှိသည်။ အချိန်မှာ မှောင်ရီပျိုး တော့မည်။ စိမ်းမြသော ကုက်္ကိုင်ပင် တန်းများကို အမှောင်ဦး၌ အထီးကျန် ဆန်သော မြင်ကွင်း တစ်ခုလို မြင်ရသည်။ လေပြည်သည် အိပ်မက်ထဲ မှာပင် မွှေးမြစွာ တိုက်ခတ်လျက် ရှိသည်။ လေပြည်ထဲတွင် ပါလာသော ရနံ့တို့ကို မွတ်သိပ်စွာ ရှူရှိုက် မိတော့မှ စိတ်ထဲ ရုတ်ခြည်းရွှင်မြူးသွားသည်။ ရေမှော်နံ့။ အမြဲတစေ ကျွန်မ နှစ်ခြိုက်ခဲ့သော ရနံ့။ ဘာကြောင့်မှန်း မသိ မှိတ်ထား ခဲ့မိသော မျက်လုံးများကို ပြန်ဖွင့်လိုက်သော် မြို့ကလေး၏ နာမည်ကျော် ရေကန်ကြီးနား ရောက်နေသည်ကို တွေ့ရ ပါသည်။
ကန်နားတွင် စက်ဘီးကို ခေတ္တမျှ ရပ်မိသည် ထင်သည်။ သည်စဉ်မှာပင် ဘယ်က ဘယ်လို ရောက်လာသည် မသိသော လူတစ်ဦးသည် ကျွန်မကို စိမ်းမြစွာ စူးစိုက်ကြည့်လျက် ရှိကြောင်း တွေ့ရသည်။ ပြီးတော့ အခု အိမ်ပြန်ဟု ဆိုသည်။ အိမ်ပြန်ဆိုတာ ဘယ်အိမ်ကို ပါလိမ့်ဟု စိတ်ထဲ ဇဝေဇ၀ါ တွေးသော်လည်း တကယ့် တကယ်တွင် ကျွန်မ၏ စက်ဘီးသည် နင်းနေသည်လား မသိနိုင်အောင် တရွေ့ရွေ့ ခရီးနှင်လျက် ရှိပြန်သည်။ လေပြည်ထဲတွင် ကျွန်မ၏ ဆံပင်များက တလွင့်လွင့်။ လမ်းများက အရင်ထက်ပင် မြွေလိမ်မြွေကောက် ဆန်လာသလား။ လမ်းမများက ပိုရှည်လာကဲ့သို့ သွား၍ မဆုံးနိုင်။ သို့သော် လူတွေကို ဘာကြောင့် မတွေ့ရတာပါလိမ့်။ ဘာကြောင့် မြို့ကလေး က သူစိမ်းဆန် နေပါလိမ့်။ သည်စဉ်မှာပင် အမှောင်က ကြီးစိုး လာသည်ကို ဗြုန်းဆို သိလာရသည်။ လူသူ မရှိသော လမ်းများပေါ် မှောင်ကြီး မည်းကြီးထဲ ဘာကြောင့်များ ရောက်နေရ ပါသလဲ။ ပြီးတော့ ကျွန်မ ဘယ်ကိုသွားနေ တာလဲ။ ဘာကို ရှာဖွေ နေတာလဲ။ တစ်ခဏချင်း တွင်ပင် ကြောက်စိတ်သည် ကျွန်မကို ရစ်ပတ် ချည်နှောင်လျက် ရှိပြန်သည်။ အသက်ရှူပင် မှားတော့မလို ဖြစ်လာသည်။
သို့သော် အံ့သြ စဖွယ်ပင်၊ ဒါသည် အိပ်မက်ပါပဲဟု သိလာသည့် အတွက် ကြောက်စိတ်ကို ကျွန်မ ရင်ဆိုင်လိုက် နိုင်ပါသည်။ သည့်နောက် မှော်ဇာတ်ကားများထဲက ကဲ့သို့ တရွေ့ရွေ့ သွားနေသော စက်ဘီးကို ကမ်းနားလမ်း ဘက်သို့ လမ်းကြောင်း ပြောင်းလိုက်သည်။ ကမ်းနဖူးတွင် ကျွန်မ ငြိမ်ငြိမ်သက်သက် ရပ်မိသည်။ ဧရာဝတီသည် တငြိမ့်ငြိမ့် စီးကာနေသည်။ လသာနေသည် လားမဆိုနိုင်။ ရေပြင်သည် အမှောင်ထဲမှာပင် တလက်လက် တောက် ပလျက် ရှိလေသည်။
သူစိမ်းဆန်သော မြို့ကလေးကို ကျွန်မ မြင်ခဲ့ရပြီ။ သူသည် ကျွန်မကို ပြန်တွေ့ရခြင်း၌ ဘာမှ ထူးထူးခြားခြား ဖက်လဲတကင်း မရှိခဲ့။ သူ့ အနာတရ ဖြစ်မှုကို ကျွန်မ စာနာစွာ လာကြည့်သည် လို့ရော သူနားမလည် ဘူးလား။ ဘာမှ အထောက်အပံ့ မဖြစ်ပါ ဘူးလို့ ထင်နေခဲ့ တာလား။ တကယ်လည်း သူ့အထင် မှန်သည်ဟု ဆိုနိုင်အောင် ကျွန်မမှာ ကူညီနိုင် စွမ်းတာ ဘာမှ မရှိခဲ့ပါ။ အမှန်ကို သိမြင်ကာ ကျွန်မ၏ စိတ်တို့ ပန်းလျလာသည်။ သည့်နောက်တော့ ဧရာဝတီ မြစ်ပြင်ကို ငေးကာ လှိုက်လှိုက်လှဲလှဲ ငိုကြွေးမိသည်။ သည်စဉ်မှာ ပင် အိပ်မက်က နိုးလာရပါသည်။
မြို့ကလေး နေမကောင်းပါ။
သည်ရက်များထဲ စိတ်တို့ ထွေပြားလျက်ရှိ သည်။ အလုပ်ထဲတွင် အမှားများ မကြာခဏ လုပ်မိတော့ မလိုရှိသည်။ မြို့ကလေး၏ အနာသည် ကျွန်မကို ကူးစက်လာ သည်လား။ ချစ်သူ ခင်သူတစ်ဦး အနာတရ ဖြစ်နေခိုက် ဆေးမျှမပေး နိုင်သည်ကို စိတ်ထိခိုက် ရသလို ကျွန်မ အာရုံမှာ နောက်ကျိလျက် ရှိလေသည်။ မြို့ပြတွင်တော့ မိုးရက်များက ဆက်လျက် ရှိသည်။ အပေါ်ယံ မြင်ကွင်းများ မှာတော့ အေးချမ်းသည်ဟု ထင်ရသည်။ သို့သော် မိုးရပ်လျှင် အပူကို သိရ သကဲ့သို့ အသေအချာ ကြည့်လျှင်တော့ လှုပ်ရှားနေသော အရိပ် များစွာကို တွေ့နိုင်သည်။ လူမှုကောက် ကြောင်းများက စုတ်ချက်များ ပီသသည်လည်း ရှိသည်။ မပီမသ နိုင်သည်လည်း ရှိပါသည်။ လမ်းများပေါ်တွင် ကူးလူးကာ တရိပ်ရိပ် မြန်ဆန်ပြောင်း လဲသော ပုံရိပ်များနောက် အမီလိုက် ရသည်။ တကယ်တော့ မောလှပြီ။ မောပြီဆို သည်ကို သည်ရက်များထဲ ပိုသိလာသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သော အမှန်ကို သိမြင်လာသည်။
စိတ်ပူပန်ရသည့် နေ့ရက်များအတွင်း အိပ်မက်ကို အခါခါ ပြန်၍ မြင်ယောင်သည်။ အိပ်မက်သည် အဝေးက ကကြိုးများကို မျှော်ကြည့်ရသလို လှုပ်ရှားနေသော အရိပ်အသွင်ဖြင့် မပီမသသာ တွေ့ရသည်။ နဂိုကပင် ၀ိုးတ၀ါး နိုင်ချင်နေသော မြို့ကလေး၏ ပုံရိပ်ကလည်းေ၀၀ါးချင်သည်။ အိပ်မက်ကိုပင် စိတ်ကြိုက် မပိုင်စိုးနိုင်သည်ကို ကျွန်မ စိတ်မကောင်းပါ။ အိပ်မက်တွင်သာ မြင်တွေ့ခွင့် ရသေးသည့် အတွက်လည်း မြို့ကလေးကို တီးတိုးတောင်း ပန်လိုသည်။ ဒါနှင့်ပင် ကဗျာရေးမည် ကြံသည်။ သို့သော် ဘယ်ကစလို့ ဘယ်လိုရေးရမှာပါလိမ့်။စကားလုံး ဘယ်သို့ ရွေးရမည်လဲ။ လက်ကို အကြိမ်ကြိမ် ပြင်သည်။ အကြိမ်ကြိမ် ပြန်ရုပ် မိပြန်သည်။ နေ့စဉ်တော့ မြို့ကလေးကို မျှော်ကြည့်ရ သည်။ အနာကိုက်ခဲလာသည်ဟု ကြားလျှင် ၀မ်းနည်းရသည်။ သည်နေ့တော့ နေကောင်းနေ သလိုတောင် ဖြစ်လာတယ် ဆိုလျှင် စိတ်သက်သာရာ ဖြစ်လာပြန်သည်။
တယ်လီဖုန်းကိုတော့ သည်ကြားထဲ သိပ်မသုံးလိုဘဲ ရှိပြန်သည်။ နံပါတ်များကို နှိပ်ပြီးတိုင်း မခေါ်ဖြစ်သည်လည်း ရှိပြန်သည်။“ဘာထူး သလဲ”မေးရသည် ကိုလည်း ၀မ်းနည်း နာကျင်လာသည်။ သို့သော် သည်မေးခွန်းက လွဲလျှင်လည်း ကျွန်မ သိချင်တာ ဘာမှ မရှိပါ။ ကျွန်မ၏ စိတ်တွင် အမြဲတစေ နေရာယူမြဲ ဖြစ်သော မိသားစု ၀င်များကတော့ ခုချိန်အထိ လုံခြုံစိတ်ချ ရသည့် ရွာကလေးမှာ နေထိုင် နေကြသည်။ သည့်အတွက်တော့ စိတ်အေးရသည် မှန်သော်လည်း မြို့ကလေး နေမကောင်းသေး သ၍တော့ စိတ်က ရွှင်လန်းနိုင်သည် မရှိပါ။
သို့သော် လူမှု ၀န်းကျင်တွင် ခြေလှမ်းများက ရပ်တန့်နေ ရန်လည်း မဖြစ်သည်နှင့် အလိုက်သင့် ကျင်လည်ရဆဲ။ နှုတ်ခမ်းများ ကိုသာ ကြည့်တတ် မည်ဆိုလျှင်တော့ အပြုံးကိုသာ တွေ့ရပါမည်။
မြို့ကလေး နေမကောင်းပါ။
ပြီးခဲ့သော နွေရာသီ ပိတ်ရက်၌ မြစ်ဖျားပိုင်းသို့ ရောက်ခဲ့ရသည်ကို ခုတစ်လော တိုက်တိုက် ဆိုင်ဆိုင် သတိတရ ရှိကာနေသည်။ ထိုနေ့က ထူးထူးခြားခြား နွေမှာ မိုးစရွာသည်။ မိုးက တော်တော်ပဲ သည်းပါသည်။ နေ့ခင်းပိုင်းမှာ လူစည်လေ့ ရှိသော အဲသည် ၀န်းကျင်က မိုးစက်များ အောက်က ညနေခင်း မှာတော့ ငြိမ်သက်လွန်း နေခဲ့သည်။ ဆိုင်များ သိမ်းကြပြီ။ ပိတ်သိမ်းထားသည့် ဆိုင်က ခုံတစ်ခုံမှာ ၀င်ထိုင်ကာ မြစ်များကို ကျွန်မ ငေးနေခဲ့ မိပါသည်။ အပြင်မှာ မိုးတွေ ရွာနေသည်။ ကျွန်မ စိတ်ထဲတွင်လည်း မိုးများ ရွာကာနေသည်။
မြစ်နှစ်သွယ်သည် တငြိမ့်ငြိမ့် စီးကာ ဧရာဝတီအား မွေးဖွားလာ သည်ကို မြင်ရသည်။ မြစ်မသည်လည်း တငြိမ့်ငြိမ့်ပင် ဆက်ကာစီး သွားသည်။ သို့သော် အင်မတန် လှပသည်ဟု နာမည်ကျော်သော မြင်ကွင်းများ အလှယိုယွင်း စပြုလာသည့် အတွက်တော့ အနာများကို ရင်ထဲထည့်လျက် သယ်ဆောင်သွား သည်ဟု ကျွန်မ ခံစားရပါသည်။ စိတ်နာကျင်လျက် ငုံ့ကြည့်မိတော့ ကျွန်မရှေ့က မြစ်ရေ အရောင်မှာ နီရဲလျက် နေသည်ကို တွေ့ရသည်။ ဟော- ဟိုးမှာ သစ်ပင်တို့ မရှိတော့ပြီ။ နီရဲသော မြေသားများ။ မြစ်မသည် ရေကိုသယ် ဆောင်ကာ စီးဆင်းသွား သည်လား၊ မျက်ရည်ကို သယ်ဆောင် စီးဆင်း သွားသည်လား ကျွန်မ မသိနိုင်ပါ။ စိတ်ထဲတွင်တော့ မိုးစက်များ နှင့်အပြိုင် နှလုံးသွေးတို့ တပေါက်ပေါက် ယိုစီးနေ သလို ခံစားရ သည်ကိုသာ သိနိုင် ပါတော့သည်။
တြိဂံ ပုံသဏ္ဌာန်လေး ကိုသာ မမြင် ရဘူးဆိုလျှင်၊ လှပသော ကျောက်တုံး များကိုသာ နေသားတကျ မမြင်ရဘူး ဆိုလျှင် နေရာမှား ယွင်းရောက် လာသည် ဟု ကျွန်မ ထင်ကောင်း ထင်မှာပါ။ ခုတော့ အိပ်မက်မဟုတ်။ ပြင်ပတွင် အစစ်အမှန် မြင်ရသည့် မြင်ကွင်းများ ဖြစ်ခဲ့သည်။ တကယ်တော့ သည်မြင်ကွင်းကို ကျွန်မ မြင်ခဲ့ရ သည်မှာ လတချို့ကြာ မြင့်ခဲ့ပြီ။ မေ့လိုက်ရန် ကောင်းပြီ။ သို့သော် ကျွန်မမှာ မေ့နိုင်သည် မရှိ။ သတိတရ ရှိတိုင်း ဓာတ်ပုံဟောင်း များကို ပြန်ကြည့်ရသည်။ စိတ်နှလုံးတူ သူတို့နှင့် စကားစမြည် ဆိုရသည်။ မြို့ကလေး နေမကောင်း ဘူးဟု ကြားသိရသည့် အခါ၊ မြို့ကလေးကို သာမက သူ့ဆွေမျိုး သားချင်း တို့ကိုပါ မြင်ယောင် ပြန်သည့်အခါ သည်မြင်ကွင်း များလည်း တစ်ကျော့ပြန်ပုံ ပေါ်လာရသည်။
သည်နေ့တော့ မိုးတွေ တစိမ့်စိမ့် ရွာနေသည်။ သို့နှင့်ပင် အရင် ထက်ပိုပြီး လွမ်းမောဖွယ် ဖြစ်လာရသည်။ ကျွန်မရှေ့တွင် မြစ်ပြင်မရှိ။ သုံးမြှောင့်ပုံ သဏ္ဌာန် တြိဂံနယ်မြေ မရှိ။ မြို့ ကလေးသည် မရှိ။ သို့သော် သူတို့တွေကို တစ်လှည့်စီ ပြန်မြင်ယောင် နေမိသည်။ သည်စဉ်မှာပင် အစ်မထံက ဖုန်းဝင်ပါသည်။ သူ့အသံမှာ များစွာ ရွှင်လန်းမှု မရှိသေး။သို့ပေမယ့် သူ့ထုံးစံအတိုင်း စိတ်ပြေရာ ပြေကြောင်း စကားများ ပြောသည်။ ဖုန်းချခါနီး တွင်တော့ နောက်တစ် နှစ်နွေတွင် ခရီးသွား မည်ဟု ဆိုသည်။ အိမ်မှာပင် နေမြဲဖြစ်သော၊ ရပ်ဝေး ခရီးသွားရန် စီစဉ်ခဲသော အစ်မက သည်လိုဆိုတော့ ကျွန်မ အံ့အားတသင့် ဖြစ်ရပါသည်။ ဘာမှ ပြန်မမေး နိုင်ခင် အစ်မက သူ့ဘာသာ စကားဆက်သည်။
“ရန်ကုန်တွေ၊ မန္တလေးတွေ မဟုတ်ပါ ဘူးဟယ်... မြစ်ကြီးနား တင်ပါ။ ကလေးတွေနဲ့ မြစ်ဆုံဘက် သွားမလားလို့။ ကလေးတွေက လုံးဝ မမြင်ဖူးသေး ဘူးလေ။ အဲဒါ မြစ်ဆုံ ဘယ်လောက်လှတယ် ဆိုတာလေး ပြပေးထား ချင်လို့...”
ကျွန်မ ခေတ္တမျှ ငြိမ်သက်နေခဲ့ မိပါသည်။ အစ်မကတော့ ချက်ချင်း စကားမ ပြန်သူကို ဘယ်သို့ ထင်မည်လဲ မသိ။ တကယ်တော့ ကျွန်မမှာ ပြောစရာ စကားမရှိတာ မဟုတ်။ များစွာ ရှိသည်။ တစ်ထိုင်တည်းနှင့် မပြီးနိုင်သော စကားများကို နားထောင်သူသာ ရှိလျှင်တော့ တစ်ကြိမ်ပဲ ဖြစ်ဖြစ် ပြောပြလို သည်ပင်။
မြို့ကလေး နေမကောင်းပါ။
သည်အချိန် တွင်တော့ စိတ်နှလုံးနှင့် လှိုက်လှိုက်လှဲလှဲ ဆုတောင်းရန် တစ်ခုသာ ကျွန်မ တတ်နိုင်ပါသည်။

စံပယ်ဖြူနု
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

0 comments:
Post a Comment