ပုန်းကျင်းတွေ

စိမ်းမြရိပ်ညိုသော ၀ါးပင်စု ပေါ်တွင် ညနေခင်း၏ နေရောင်ခြည် ထိုးဖြာကျလျက်ရှိသည်ကို လှမ်းမြင်ရ၏။
အစိမ်း ညို့ညို့နှင့် ဆည်းဆာတို့ရောသော အလှ။ ၀ါရွှေသော အရောင် အဆင်း လင်းပရာ ထိုနေရာသို့ ကျွန်မ လျှောက်လာ ခဲ့ပါသည်။ မြေနေရာ ကျယ်ဝန်းသည်နှင့်အမျှ သစ်ပင်ဝါးပင် စုံလင်သော ခြံသည် ခရီးဝေးကရောက်လာသူ ကျွန်မအတွက် အမောပြေသည်ဟု ခံစားရအောင်ပင် စိမ်းစိုအေးမြနေ သည်။ နှစ်များစွာကလို စိမ်းစိုအေးမြဆဲဟုလည်း ဆိုနိုင်သည်။ အစိမ်းရောင် ကြီးစိုးသော ခြံ၏ အနောက်ပိုင်းတွင်တော့ သည်ဝါးပင်စုလေး ရှိနေ၏။ ကျယ်ပြောသော မြေပြင် ရှိနေ၏။ ခြံစည်းရိုးကို လွန်သော် လယ်ပြင်တော ရှိနေ၏။ တစ်နည်းအားဖြင့်တော့ သည်နေရာ တစ်ဝိုက်သည် ကျွန်မ၏ ကလေးဘ၀ ပုံရိပ်များကို သိမ်းဆည်းထားသည့် နေရာ။
ခြံနောက်ဘက်သည် ယခင်လိုပင် တိတ်ဆိတ် အေးချမ်းဆဲ။ သစ်ရွက် ကြွေများပေါ် ကျွန်မ နင်းလျှောက်လာ သည့် ခြေသံကိုပင် တချွတ်ချွတ်နှင့် စည်းချက်ညီညီ ကြားနေရ၏။ အတိတ်ကိုပင် ပြန်ရှာတွေ့တော့မလို ဆည်းဆာရောင်ခြည် အောက်၌ ၀ိုးတ၀ါး ထင်လာရလေသည်။ တကယ့်တကယ်တော့ ဇာတိမြေ ကချင်ပြည်နယ်ကို ပြန်ဖြစ်သည်ဆိုတိုင်း ငယ်စဉ်က ကျောင်းတက်စဉ် နေထိုင်ခဲ့ဖူးရာ အဘွားအိမ်သို့ ရောက်ဖြစ်သည် မရှိပါ။ အဘွားကလည်း သက်ရှိထင်ရှား မရှိတော့သည်မို့ မိဘများ နေထိုင်ရာ ရွာသို့သာ တန်းတန်း မတ်မတ် ပြန်တတ်ခဲ့ပါသည်။

သည်နှစ်တွင်တော့ အဖေကလည်း သည်အိမ်ကို ၀င်စေလို သည်မို့ ရွာမပြန်မီ ကျွန်မ ရောက်ခဲ့ရသည်။ အဆွေအမျိုးတို့နှင့် စကားပြောဆိုပြီးသည်ဆိုလျှင်ပဲ ခြံနောက်ပိုင်းသို့ ကျွန်မ ထွက်လာခဲ့ပါသည်။ ကျွန်မ ပြန်လည်ရှာဖွေလိုသော ကလေးဘ၀ အရိပ်များကို သည်ခြံနောက်ပိုင်းမှာသာ လွမ်းစဖွယ် တွေ့နိုင်မည် မဟုတ်လား။

ကျွန်မ ရှေ့က စိမ်းမြမြ ၀ါးပင်စုသည် ခုတော့ အရင်ကလောက် အပင်ရေ မများတော့ပြီထင်သည်။ အရင်ကတော့ သည့်ထက် အုပ်ဆိုင်းစိမ်းညို့ခဲ့သည်။ မှတ်မှတ်ရရ ပြောရလျှင်တော့ ကျွန်မတို့ ငယ်ရွယ်သေးသည့် ကာလ များ။

မြို့စွန် ရပ်ကွက်ငယ် လေးမှာ ရှိသော အဘွား၏ အိမ်တွင် နေကာ ကျောင်း တက်ရန် မိဘများက ပို့လွှတ် ၍ ကျွန်မ ရောက်ရသည်။ ကာလ ရှည်ကြာ နေထိုင်ရ သည်။
ကျွန်မတို့ ၀မ်းကွဲမောင် နှမ တစ်သိုက်၊ အိမ်နီးချင်း ကလေး တစ်သိုက်တို့သည် ကျောင်းချိန် ပြင်ပ အားလပ် ချိန်တိုင်း နေရာကျယ်ပြောသော၊ သစ်ပင်ပေါများသော (အဘွား၏ ပန်းပင်များနှင့်လည်း လွတ်ကင်း သော)သည် ခြံနောက်ပိုင်းမှာသာ အချိန်ကုန်ဆုံးတတ်ခဲ့ကြသည်။ ကစားနည်းမျိုးစုံကို မမော တတ်သလို ကစားခဲ့ကြသည်။

တောမှာ ကြီးပြင်းခဲ့သူမို့ တောရိပ်တောင်ရိပ်ကို ချစ်ခင်တတ်သော ကျွန်မအဖို့ ခြံနောက်ပိုင်းသည် ပျော်မွေ့ ဖွယ်အကောင်းဆုံး နေရာလည်း ဖြစ်လာခဲ့ပါသည်။
ဝါးပင်ရိပ် နောက်ရှိ ရှည်လျားနက်စောက်သော၊ မြေသားကို လှေကားထစ် သဏ္ဌာန် ပြုလုပ်ထားသည်မှ တစ်ဆင့် ဆင်းသက်နိုင်သော ကျင်းကိုတော့ တွေ့စက ကျွန်မနားမလည်။ ဆော့ ကစားရင်း ခြံနောက်ဘက် မောင်နှမများနှင့် ရောက်လျှင် သည်နေရာကိုကား ကျွန်မတို့ ခြေချခွင့် မရှိပါပေ။

“အဲဒီထဲ ဆင်းမကစားရဘူးတဲ့” ဟု အတူနေသူ ၀မ်းကွဲ အစ်မက ပြောပြတတ်ပါသည်။
ကျွန်မတို့ ဦးလေးသည် ညနေခင်းများ၌ အားလပ်သည်နှင့် ကျင်းထဲ ဆင်းကာ ရှင်းလင်းနေတတ်သည်ကို အခါများစွာ တွေ့ရပါသည်။ ၀ါးရွက် ကြွေများကို လှည်းကျင်းမည်။ မြေသားလှေကားထစ်ကို ညီညာအောင် ညှိ မည်။ မြေနံရံ ကို ညှိလျှင် ညှိ နေမည်။ မိုးရေစီးများနှင့် ပါလာသော မြေဆီများကို ဖယ်ထုတ်နေမည်။ ကျွန်မတို့ အနားကပ် လာလျှင် သူက အော်ငေါက်တတ်ပေသည်။
“ဒီကလေးတွေဟာ ဝေးဝေးသွား မဆော့နိုင်ဘူးလား”

ကျွန်မက ဦးလေးနှင့် စိမ်းသေးသည်မို့ ပြန်လှန် မမေးရဲ။ အစ်မကိုသာ တီး တိုးကပ်မေး ရပါသည်။
“အဲဒါ ဘာကျင်း မို့လို့ လဲ”
“ပုန်းကျင်းလေ”
“ဘာ ပုန်းကျင်း”
မကြားစဖူး ဝေါဟာရ အသစ်ကြောင့် ကျွန်မ၏ ဦးနှောက်ကလေးမှာ ချာချာလည်နေပါသည်။ အစ်မကတော့ ဆယ်နှစ်ကျော်ပြီမို့ အရာရာကို ကျွန်မထက် နားလည်သိတတ်ပုံပင်။ ကျွန်မ နားမလည်သည်ကိုလည်း ခပ်ပြုံးပြုံး လုပ်နေပါသည်။
“နင်တို့ ရွာက အိမ်မှာ မရှိဘူးလား”
ချောင်းကလေး နံဘေးတွင် ရှိသော အိမ်ကို ကျွန်မ ပြန်လည် မြင်ယောင်လာပါ သည်။

“ဟေ့အေး မရှိဘူး ကော”
“အေး ဒီမှာတော့ အိမ်တိုင်းရှိတယ်။ ပုန်းကျင်းခေါ်တယ် သိလား”
“ဘာ ပုန်းရမှာလဲ။ သမီးတို့က ဘယ်သူ့ကို ပုန်းရမှာလဲ”
အစ်မက ဘေးဘီမှ တစ်ယောက်ယောက် ကြားမည်ကို စိုးသည့်အလား ကျွန်မ၏ နားရွက်များပေါ် လက်ဝါးလေး အုပ်လိုက်ပါသည်။
“တိုက်ပွဲဖြစ်ရင် ပုန်းရမှာပေါ့။ ကျည်ဆန်တွေ ဘာတွေဆို ဒီဝါးပင်တွေကို ဘယ်ထိနိုင်မလဲတဲ့။ ဟိုဘက် ခြံတွေမှာဆို ဒီထက်နက်တဲ့ ကြီးတဲ့ ပုန်းကျင်းတွေရှိတယ် သိလား။ ခြံနောက်တိုင်းမှာ ရှိတယ်”

“ကျည်ဆန်ထိရင် ဘာဖြစ်မှာလဲဟင်”
မေးခွန်းများလွန်းသော ကျွန်မကို အစ်မက စိတ်မရှည်တော့ ဘူးထင်ပါသည်။ သေမှာပေါ့ဟဲ့ဟု ကုန်းအော် ပါသည်။
သို့သော်လည်း သူပြောသည့် သေသည်ဆိုတာကို ကျွန်မက ကောင်းစွာ မသိသေး။ သို့သော် အစ်မ စိတ် တိုတောင်းတော့မည်မို့ ဆက် မမေးရဲပါ။ ဒါနှင့်ပဲ ကလေးတို့ သဘာဝ ဆော့ကစားကြ လျှင် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်ပါသည်။

ကျွန်မ တို့သည် သစ်ပင်များကြားမှ ပြေးတမ်းလိုက်တမ်းကစားကြသည်။ တူတူပုန်းတမ်း ကစားကြသည်။ အစ်ကိုများ ပါလာလျှင်တော့ တိုက်ပွဲတိုက်တမ်း ကစားကြသည်။
တိုက်ပွဲတိုက်တမ်းသည် တကယ်တော့ ခုနေပြန်တွေးလျှင် ပြုံးချင်စဖွယ်တည်း။ ကြားဖူးနားဝ များနှင့် ဖြစ်လာသော ကစားနည်းမျှသာဖြစ်မည် ဟုထင်ပါသည်။
ထိုကစားနည်းတွင် တော့ ကျွန်မက အမြဲလို သေသူသာဖြစ်ရသည်။ တစ် နေရာယူ၊ နှစ် အဆင်သင့် ပြင်၊ သုံး ပစ်နိုင်ပြီဟု ခေါင်းဆောင် နှစ်ယောက်က အချက်ပေးလိုက်လျှင် ကျွန်မတို့သည် ကိုယ်နေရာ ယူထားသော သစ်ပင်များ၊ ချုံပုတ်များနောက်မှာ ကုပ်ကုပ် ကလေးဝပ် နေကြရပါသည်။ တစ်ဖက်က ရန်သူကို မျက်စိ ရှင်ရှင်ထားကာ ကိုယ့်လည်း မမြင်အောင် ပုန်းရင်း ကွယ်ရင်း ရှာဖွေရသည်။ တွေ့လျှင် ဒိုင်းဟု တစ်ချက် အော်ရသည်။ အပစ်ခံရသူက  သေလူဖြစ်ပြီး ပွဲက ထွက်ရသည်။ ကျန်သူများက ဆက်တိုက် ကြပေသည်။

မျက်စိ မရှင်သော၊ မပါးနပ်သော ကျွန်မက ပါးစပ် သေနတ်နှင့် အခါခါ သေရပါ သည်။
“အေးလေ သစ်ပင်က မှ မလုံဘဲ။ ပုန်းကျင်းထဲ ၀င်ပုန်းရင်တော့ ငါ့ကို ဘယ်သူမှ ပစ်နိုင်မှာ မဟုတ်ဘူး” ဟု ကိုယ့်ဘာသာ တီးတိုးပြောမိတတ်သည်။ ကျွန်မတို့ ဆော့ကစားရာတွင် ရှောင်ကွင်းရမြဲ ပုန်းကျင်းကို မျက်စောင်းထိုးရသည်။

တကယ်တမ်း ပုန်းကျင်းထဲ စဆင်းရတုန်းကတော့ ကစားစဉ်ကလို ပျော်စရာ မကောင်းတော့ဘဲ ထိတ် လန့်စရာများ အပြည့်ဖြစ် သည်ကို ယခုတိုင် မှတ်မိနေ မြဲပင်။ ထိုစဉ်တုန်းက ညဥ့် နက်ပြီ။
“ထကြ၊ ထကြတော့”

ဟု ဦးလေးက တစ်အိမ်လုံးကို နှိုးသည်နှင့် ထိတ်ထိတ်ပျာပျာ လူးလဲ ထကြရသည်။ ဘာဖြစ်သည် မသိ သေး။ အိပ်မှုန်စုံမွှားနှင့် ကျွန်မက အိပ်ရာထက်မှာပင် ဆက်ထိုင်နေသေးသည်။ အစ်မကတော့ အခန်းပြင် ထွက်သွားပြီး တစ်ကျော့ပြန်  ၀င်လာပါသည်။

“အခုထိ မထသေးဘူးလား။ အကုန်လုံး အောက် ရောက်နေပြီ”ဟု ဆိုကာ ကျွန်မကို ဆွဲထူပါသည်။
ဒေါ်လေးကလည်း အစ်မ နောက်က ပါလာသည်။ ကလေးတွေ လာကြ ဟုဆိုသည်နှင့် ဘာမှန်း ညာ မှန်းမသိသေးဘဲ ကုပ်ကုပ်ကလေး လိုက်လာရသည်။ မျက်လုံးကို မနည်းပင် ဖွင့်ယူရသည်။
“ဘာဖြစ်တာလဲ ဟင်” ဟု ထုံးစံအတိုင်း မေးခွန်းများတတ်သော ကျွန်မက အစ်မကို တီးတိုး ကပ်မေးပါ သည်။

“တိုက်ပွဲဖြစ်နေပြီတဲ့။ အခု ငါတို့ ပုန်းကျင်းထဲ ဆင်းရမှာ”
အစ်မက အရေးကြီးဟန်နှင့် တီးတိုး ဖြေလေသည်။
ခဏချင်းမှာပင် ပတ်ဝန်းကျင်၌ ဟိုမှသည်မှ တီးတိုးသံများနှင့် အသက် ၀င်စပြုလာသည်ကို တွေ့ရပါသည်။ ကျွန်မတို့သည် ခြံနောက်ဘက်သို့ ထွက်လာကြ၏။ ကျွန်မကို ဒေါ်လေး လက်ဆွဲခေါ်လာသည်။ အဘွားကိုတော့ ဦးလေးက တွဲလာသည်။ အစ်မကတော့ အရှေ့က ခပ်သွက်သွက်ပင် လျှောက်နေပါသည်။ လရောင်လင်း နေသည်မို့ ဓာတ်မီးပင် မသုံးကြ ရပါ။
တစ်ခြံတည်းတွင်ပင် အိမ်ငယ်လေး ဆောက်ကာ နေသော ကြီးကြီးတို့ မိသားစုလည်း ခြံနောက်ဘက်သို့ အပြေး လာကြသည်ကို တွေ့ရပါသည်။

ခြံနောက်ဘက် ပုန်းကျင်းထဲ ရောက်သည်ဆိုလျှင်ပဲ ထူးဆန်းသော အသံများကို  ခပ်စိပ်စိပ် ကြားလာရပါ သည်။ ခုချိန်မှာတော့ ပေါက်ကွဲသံများဟု ကျွန်မ ခေါင်းစဉ်တပ်နိုင်ပြီ။ ထိုစဉ်ကတော့ ဘာသံမှန်း မသိ။ ကြောက်စရာ ကောင်းသည်လို့သာ နားလည်ပါသည်။ ကျွန်မ တစ်ကြိမ်မျှ မကြုံဖူးသေးသော ထိုအသံများသည် တဖြည်းဖြည်း ထိတ်လန့်ဖွယ်ကောင်းလာ၏။ ကောင်းကင်မှာ နီရဲနေပြီဟု ဦးလေးက မျှော်ကြည့်ကာ ဆိုသည်။

“ဘယ်နေရာတွေ မီးလောင်နေပြီလဲ မဆိုနိုင်ဘူးဟေ့။ မြို့ထဲ ရောက်နေပြီ ထင်တာပဲ”ဟု ပြောသည်ကို ကြားရ၏။
ဝါးပင်များကို ဖြတ်လာသော လေသည် အသံတစ်မျိုးနှင့် စိုးထိတ်စရာကောင်းသည်ဟု ကျွန်မ မှတ် မိနေသည်။ အစ်မ ပြောတတ်သော ကျည်ဆန်များသည် ၀ါးပင်ကို ကျော်ကာ ရောက်လာလေမလား။ ကျည်ဆန်က ကျင်းထဲ ဆင်းလာနိုင်သလား။ ကြောက်စိတ်နှင့် ဒေါ်လေးကို တိုးဖက်ထားလျက်ကပင် တဆတ်ဆတ် တုန်နေခဲ့သည်ကိုလည်း နောင်ပြန်တွေးတိုင်း သတိတရရှိနေပါသည်။
ပုန်းကျင်းသည် အတန်အသင့် ကျယ်ဝန်းသော်လည်း လူရှစ်ယောက်မှာ ပူးကပ်မတတ် ထိုင်နေကြသည်။ လရောင်သည် ၀ါးအကိုင်းအခက်များအကြားမှ တစ်စွန်းတစ်စ ထိုးဖြာကျနေသည်။ တစ်ဦးနှင့် တစ်ဦး မပီဝိုးတ ၀ါးမြင် နေရသည် ကိုလည်း ကျွန်မ မှတ်မိနေသည်။

အတန်ကြာလျှင် အသံများ စဲသွား၍ ဦးလေးက ကျင်းအပြင်ဘက် ထွက် ကြည့်သည်။
“အေးပြီ ထင်တယ်ဟေ့။ သူများတွေလည်း ပြန်တက်ကြပြီ”ဟု ပြောသည်နှင့် ကျွန်မတို့ အိမ်ဘက်သို့ ပြန်ရ ပါသည်။
အဲသည်ညက လူကြီးများက တလူးလူး တလိမ့်လိမ့်နှင့် တော်တော်နှင့် အိပ်မပျော်ကြဘူး ဟု ဒေါ်လေးက ပြန်ပြောပြ၏။ ကျွန်မတို့ ညီအစ်မမှာတော့ ကလေးများပီပီ နှစ်နှစ်ခြိုက်ခြိုက် အိပ် နိုင်ကြ ပေသည်။
နောက်တစ်ရက် မိုး လင်းလျှင်တော့ ညက ဖြစ်ရပ်သည် ကလေးများအတွက် ရယ်စရာသဖွယ် ဖြစ်ခဲ့ပေပြီ။ ကျွန်မတို့သည် ကျောင်းအားရက်လည်း ဖြစ်သည်မို့ ခြံနောက်ဘက်မှာ လူစုကာ ကစားကြ၏။ ပြီးခဲ့သည့် ညက သူ့အတွေ့ အကြုံ၊ ကိုယ့်အတွေ့အကြုံကို ဇာတ်ကြောင်း ပြန်ကြသည်။

အိမ်ရှေ့အိမ်က ကူးကာ လာကစားတတ်သော အစ်မ မခင်ခင်ကတော့ ရယ်စရာ၊ ပြုံးစရာ ဖြစ်ရပ်များကို သယ်လာသေးသည်။
“တို့ အဘွားကြီးရယ် ဖျားလို့ လဲနေတာ သိတယ်မို့လား။ အေး လူတွဲနဲ့ ထရတဲ့ သူက မနေ့က သူ့ဘာသာ အိမ်ပေါ်က ဆင်းပြေးတယ်ကော။ တို့အဘွားလေးကတော့ သူ့သေတ္တာ တစ်လုံးဟာ မသယ်ပါနဲ့ဆိုတာ ဘယ်လို သယ်ဆင်းခဲ့မှန်း မသိဘူး”ဟု သူ့ဘာသာ တဟားဟား ရယ်မောနေပါသည်။

“မမကလည်း အပြန်ကျတော့ လူတွဲပြီး တက်ရတာလည်း ပြောလိုက်ဦး။ အဘွားလေးဆို သေတ္တာသယ်ဖို့ မပြောနဲ့ လူတောင် ပြန်မတက်နိုင်ဘူးပဲ” ဟု မခင်ခင်၏ မောင်လေးက ၀င်ပြောပေသည်။
“ဘကြီးအောင်တို့ ခြံနောက်က ချိုင့်(လျှို)ထဲမှာတော့ လာပုန်းကြတဲ့ သူတွေ အများကြီးပဲတဲ့ သိလား။ ကလေး ပိစိလေးတွေဆို ငိုလို့ တဲ့”
မခင်ခင်က ထပ်ပြောသေးသည်ကို ကျွန်မတို့မှာ မျက်လုံးလေး အပြူးသားနှင့် နားစိုက်ထောင်နေကြရပါ သည်။ တကယ်တော့ ကျွန်မတို့တစ်တွေသည် သည့်ထက် ပို၍ နားလည်ကြသူများ မဟုတ်ပါပေ။ အားလုံးက ကလေး အရွယ်မျှသာ ရှိသေးသည်မဟုတ်လား။ လူကြီး မိဘများက တိုးတိုး ကျိတ်ကျိတ် ရှိလည်း စိတ်ဝင်စား စရာ မဟုတ်။ အချိန်တန်လျှင် လူစုပြီး ဆော့ကစားရသည်သာ နှစ်သက်ဖွယ်ရာပင်။
သည်ကြားထဲတော့ ကလေးများက စစ်တိုက်တမ်း ကစားလျှင် လူကြီးများက ငြူစူချင်သည်။

“တခြားနည်း ကစားကြပါလား ဒီကလေးတွေဟာ။ နိမိတ်မရှိ နမာမရှိ” ဟု အဘွားက ပြောတတ်သည်။
သည်စကား ကိုတော့ ကျွန်မက တိတ်တဆိတ် ထောက်ခံလိုပေသည်။ နိမိတ် ရှိခြင်း၊ မရှိခြင်းကို နားလည် လှလို့တော့ မဟုတ်။ စစ်တိုက်တမ်းသည် ပြေးတမ်းလိုက်တမ်းလို၊ ထုပ်ဆီးတိုးတမ်းလို ကျွန်မ ကျွမ်းဝင် သော ကစားနည်း မဟုတ်လို့သာပင်။ ပြီးတော့ ပါးစပ် သေနတ်နှင့် သေရတတ်သူ မဟုတ်လား။

နောက်တော့လည်း ကျွန်မသည် လူကြီးများ အလိုကျ ငြိမ်ဆိတ်နေရသော ကစားနည်းများကို ကိုယ့် ဘာသာ ကစားတတ်လာသည်။ ကိုယ်နှင့် သဘောတူသော သူငယ်ချင်းမလေးများ နှင့် အရုပ်တမ်း ကစားကြသည်။ အ၀တ်ရုပ်လေးများကို အစမျိုးမျိုးဆင်ကာ အချင်းချင်း စကားပြောရင်း အရုပ်လေးများက စကား ပြောသည့် သဖွယ် ဇာတ်လမ်းလုပ်ကြသည်။ သည်ဘက်မှာ တော့ ကျွန်မက ကျွမ်းဝင်ပေသည်။
သို့ပေမဲ့ ကျွန်မတို့ အရုပ်တမ်းတွင်လည်း လတ်တလော အတွေ့အကြုံများက ၀င်ပါဖြစ်အောင် ပါတတ်သေး၏။

“ဟေ့ နင်တို့အိမ်က ပုန်းကျင်းမှာ ငါတို့ ဒီည လာလို့ ရမလား”ဟု အရုပ်ကလေးတွေ မေးသည့်ဟန်ဖြင့် သူငယ်ချင်းက မေးလျှင် ကျွန်မကလည်း အရုပ်ချင်း မျက်နှာချင်း ဆိုင်ကာ ပြန်ဖြေရပါသည်။
“အေး လာလို့ရတယ် ကော။ တို့အိမ်က ပုန်းကျင်းက သိပ်မကျယ်ဘူးနော့။ နင်တို့ ရရဲ့လား”
“ဒါဆိုလည်း ဟိုဘက် ခြံနောက်က အောက်ချိုင့်မှာ သွားပုန်းကြမယ်နော့။ အဲဒီမှာဆို အများကြီး ပုန်းလို့ရ တယ်တဲ့။ နင်လည်း လိုက်ခဲ့ပါလားဟယ်”
“အေး အေး လိုက်မယ်။ ငါ့ကို လာခေါ်ဦးနော့”
အဘွားက မျက်စောင်းတခဲခဲ ရှိသည့်ကြားကပင် ၀ရန်တာမှာ ကျွန်မတို့တစ်တွေ အရုပ်တမ်း ကစား တတ်ကြသည်။ နိမိတ်မရှိ နမာမရှိဟု သူပြော နေကျ စကားနှင့် အဘွား ဆူပြီဆိုလျှင်တော့ ကျွန်မတို့မှာ ကုပ် ကုပ်ကလေးနှင့်ပင် ကစားနည်းကို သိမ်းရပါသည်။

“ကစားတာတောင် ပုန်းကျင်း ထည့်ကစားနေတယ်။ သူဖြင့် ဟိုတစ်ညက တုန်နေတာ နတ်ပူးတာ ကျနေတာပဲ” ဟု အဘွားက ငေါက်ငမ်းတတ်သေးသည်။
ကျွန်မသည် အဘွားကို နှုတ်လှန် မထိုးရဲသော်လည်း စိတ်ထဲကတော့ ပြန်ပြောချင်လှသည်မှာ ရိုးတိုး ရွတဖြစ် နေပါသည်။ ကြည့်နေ နောက်တစ်ခါဆို သမီး ကြောက်မှာ မဟုတ်ဘူး။

တကယ့်တကယ် နောက်တစ်ခါ ဆိုသည်များကို ကြုံလာရချိန်၌ ကျွန်မသည် တကယ်ပင် သိပ် မကြောက်တတ်တော့ပြီ။ အနည်းငယ် တုန်ယင်ချင်သော်လည်း ပထမတစ်ကြိမ်ကလောက် မတုန် ခိုက်တော့ ပြီ။ ကလေးမျှပင် ဖြစ်သော်လည်း အတွေ့ အကြုံသည် ကျွန်မကို သင်ကြားခဲ့လေသလားမသိ။

ပုန်းကျင်းများနှင့် ဘယ်သို့ပင် ရင်းနှီးကျွမ်းဝင်လာရသည် ဖြစ်သော်လည်း ကျွန်မတို့တစ်တွေ သည် ကျောင်းကိုလည်း ကောင်းစွာ တက်နိုင်ကြသေး၏။ စာမေးပွဲများလည်း ဖြေလိုက်ကြသေး၏။ စာသင်နှစ် စချိန်တိုင်း မိဘများနှင့် ခွဲနေရသည်ဆိုသော်လည်း ကောင်းစွာ ဆော့ကစားရ၍ လွမ်းစဖွယ် ဟုပင် မမြင်တတ်သေး။

သည်လိုနှင့် တဖြည်းဖြည်း ရက်များစွာ ဖြတ်သန်းခဲ့သည်။ ကျွန်မတို့ အရွယ် ရောက်လာကြ၏။ သည် ကြားထဲ အဖြစ်အပျက်များကိုတော့ အသေးစိတ် ပြောမပြလိုတော့ပြီ။
အတိတ်ပုံရိပ်တွင် မှတ်မှတ်ရရ ဖြစ်ရသည်မှာတော့ ကျွန်မတို့ ဆယ်ကျော်သက်ရွယ်တွင် ပုန်းကျင်းများ မလို အပ်တော့ခြင်းပင်တည်း။ ဦးလေးက ပုန်းကျင်းကို မျက်နှာလွှဲခဲ့ပြီ။ ညများ၌ ကောင်းစွာ အိပ်စက်နိုင်ကြ ပြီ။

ပုန်းကျင်းသည် ကျွန်မတို့ ကစားရာ ကျင်းတစ်ခု ဖြစ်လာခဲ့သည်။ မိကျောင်းဖမ်းတမ်း ကစားကြသည်။ အလှည့်ကျသူ တစ်ယောက်က ကျင်းထဲဆင်းကာ မိကျောင်းလုပ်ရသည်။ ကျန်သူများက ကျင်းနှုတ်ခမ်းတွင် ပတ်ပြေးနေကြရသည်။ မိကျောင်းလက်နှင့် အပုတ်မခံရအောင် ရှောင်ရင်းက စကာ နောက်ကာ ရှေ့တိုးကာ နောက်ဆုတ်ကာ နေရသည်။ အပုတ်ခံရလျှင်တော့ ကိုယ့်အလှည့်ပေါ့။ သည်ကစားနည်းတွင်လည်း ပုန်းကျင်းထဲ အကြိမ်ကြိမ်ဆင်း၍ မိကျောင်း လုပ်ရတတ်သည်ကို ကျွန်မ အမှတ်ရနေပါသည်။

အတူဆော့ ကစားခဲ့ကြသော ကလေးတစ်သိုက်သည် ရှေ့ဆင့် နောက်ဆင့်လိုပင် အရွယ်ရောက်လာ ကြ၏။ ပြေးလွှား ဆော့ကစားရသည်ထက် စာဖတ်ရခြင်းကို နှစ်ခြိုက်လာကြ၏။ တချို့က အပျို လူပျိုစိတ် ၀င် ပြီ။ ကျွန်မသည် ထိုစဉ်ကတည်းက စာများ၊ ကဗျာများ ရေးရန် အတွေးပုံရိပ်များ စိတ်နှလုံးတွင် ခိုကပ် စပြုပြီဖြစ်ရာ ဘယ်သူမှ မရှိလည်း ခြံနောက်ဘက်တွင် တစ်ယောက်တည်း နေတတ်ခဲ့သည်။ လယ်ပြင်တောမှာ ထိုင်ငေးနေတတ်သည်။ သတိတရ ရှိ၍ ငဲ့ကြည့်မည်ဆိုလျှင်တော့ ပုန်းကျင်းကို မြေသား အတိအသွင်နှင့် သာတွေ့ရတော့သည်ကိုလည်း ပြန်တွေးတိုင်း မှတ်မှတ်ရရ ရှိဆဲ။
ပုန်းကျင်းသည် မိုးရေစီးနှင့်အတူ ပါလာတတ်သော မြေဆီများ၊ အမှိုက်များ၊ သစ်ရွက်၊ ၀ါရွက်ကြွေများနှင့် ပိတ်ဖုံးခဲ့ပြီ။ ကျင်းတစ်ခုလည်း မဟုတ်တော့သည်ကို ပူပင်ရန် ကာလသည်လည်း အဝေးတွင် ကျန်ရစ်ခဲ့လေပြီ။
--------
စိမ်းမြသော ၀ါးပင်ရိပ်နှင့် ကျွန်မ နီးကပ်လာသည်။ အစိမ်းနှင့် ရွှေအိုရောင်တို့ လှပစွာ ရောစပ်သည်ကို ထင်ထင် ရှားရှား မြင်လာရသည်။
သည်နှစ် နွေဦး၌ အိမ်ပြန်မည် စီစဉ်ကတည်းက သည်နေရာသို့ ရောက်ဖြစ်အောင် သွားပါမည် စိတ်ကူးထား ခဲ့သည်။ ခုတော့ ကျွန်မ၏ စိတ်နှလုံးထဲ သည်နှစ်ပိုင်းအတွင်း ပြန်လည် နိုးထခဲ့ရသော ထိုနေရာသည် ရှေ့တွင် ရှိနေလေပြီ။
ဝါးရုံကလေးကို ကွေ့ဝိုက်ကာ ကျွန်မ လျှောက်လာခဲ့သည်။ ဟော ဟိုမှာ။ကျွန်မ မြင်လိုက်ရသော မြင် ကွင်းသည် ကြိုတင် စိတ်ကူးပြီးသား မြင်ကွင်းပင်ဖြစ် သော်ငြား ခြေလှမ်းများ ဗြုန်းခနဲ ရပ်တန့်မိအောင်ပင် လူက ယိုင်လုလု ဖြစ်သွားရသည်။ လွန်ခဲ့သော နှစ်များစွာက ရင်းနှီးခဲ့သော မြင်ကွင်း။ အလျားရှည်သော နက်စောက်သော ပုန်းကျင်းပါတကား။
ကျွန်မသည် မိနစ်ပိုင်းမျှကြာအောင်ပင် ပုန်းကျင်းကို ငေးနေခဲ့သည်။ ကျင်းထဲတွင် ၀ါးရွက်ကြွေများ ပုံလျက်ရှိ သည်။ ကျင်းနံရံတွင် မြက်ပင်ကလေးများ ကပ်ပေါက်လျက်။ မြေလှေကားထစ်လေးများသည် ဆင်းလာ လတံ္တသော ခြေထောက်များကို မျှော်လင့်နေသည့်နှယ်။

“သြော် နုနုက ဒီ ရောက်နေတာကိုး။ ထင်သားပဲ”ဟု ဦးလေး၏ စကားသံကို ကြားရတော့ ကျွန်မ လှည့်ကြည့် လိုက်ပါသည်။
ထိုခဏတွင် ကျွန်မသည် ရယ်ရမည်လား၊ ငိုရမည်လား မသေချာသော ခံစားချက်နှင့် ဦးလေးကို အငေးသား ကြည့်နေမိ၏။ ဦးလေးသည် ကျွန်မတို့ ငယ်စဉ်က တွေ့မြင်နေကျလိုပင် ပုန်းကျင်းရှင်းလင်းရန် ကိရိယာ အပြည့်အစုံနှင့်ပါပေ။ ဦးလေး၏ ဆံပင်များ ဖြူလာခြင်း၊ ဇရာ၏ အရေးအကြောင်းများ ထင်လာခြင်းက လွဲ၍ အတိတ်သည် ကျွန်မရှေ့တွင် တစ်ကျော့ပြန် ကိုယ်ထင်ပြသည်သို့ပင်။
“ပုန်းကျင်းတွေက သုံးနေရပြီ မို့လို့လား လေးကျော် ရဲ့”

“သုံးရတယ်တော့ မဟုတ်ဘူးဟေ့။ ဒါပေမဲ့လို့ လိုရမည်ရပေါ့ကွယ်။ ပြင်ထားတာ မမှားဘဲကောနော့” ဟု ဦးလေးက ရယ်ရယ်မောမော ဆိုပါသည်။
လိုက်ပါ ရယ်မောရန် ကျွန်မ နှုတ်ဆွံ့နေစဉ်မှာပင် ဦးလေးက ပုန်းကျင်းထဲ ၀င်ကာ ရှင်းလင်းစပြုသည်။ ကျွန်မသည် ဦးလေး၏ နောက်ကျောပြင်ကိုပင် စိတ်မှတ်မဲ့ ငေးနေမိဆဲ။ တွေးနေမိဆဲ။
ကျွန်မ၏ ၀မ်းကွဲ အစ်ကိုများ၊ အစ်မများ၊ သူငယ်ချင်းများ၏ ရင်သွေးငယ်တို့သည် ဟောသည်လို ပုန်းကျင်း များထဲ ကျွန်မတို့လိုပင် ဆင်းသက်ရဦးမည်လား။ များမကြာမီဟု မျှော်လင့်ရသော တစ်ချိန်၌ ပုန်းကျင်းသည် သုံးရန်မလို တော့၍ ကလေး တို့၏ ကစားကျင်း ဖြစ်သွားလေမည်လား။

ထိုအခိုက် ဟေးခနဲ အော်သံကြားလျှင် ကျွန်မသည် ကလေးတစ်သိုက် ခြံနောက်ဘက်သို့ ရောက်လာ ကြပြီဟု သိလိုက်ပါသည်။ နောက်ကျောဘက်သို့ လှည့်ကြည့်လျှင် ကလေးတို့သည် အပြစ်ကင်းစွာ၊ အပူအပင်ကင်းစွာ ရယ်ရယ် မောမော ပြေးလာကြသည်ကို မြင်ရသည်။

သူတို့သည် ကျွန်မ ငေး နေစဉ် မှာပင် လူခွဲကြ၏။ ခေါင်းဆောင် နှစ်ယောက် ရွေးဟန်ကို မြင်ရသည်။ သစ်ပင် များ၏ နောက်ကွယ်မှာ နေရာယူလိုက်ကြသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် ချောင်းမြောင်း နေချိန်တွင် တော့ ကျွန်မသည် ၀ါးပင်စု ကို ကျောခိုင်း ခဲ့ပေပြီ။


စံပယ်ဖြူနု
(ရွှေအမြုတေ မဂ္ဂဇင်း မတ်လ ၂၀၁၃)

2 comments:

အချိန်ကာလနဲ့ကွက်တိရေးထားတာမို့ ဖတ်ရတာ အရသာရှိလိုက်တာ...
ပုန်းကျင်းတွေ အသက်ဝင် မနိုးထစေချင်ပါဘူး ဇြူနုရယ်...
ကလေးတွေအတွက် ဘာဆိုဘာမှ ပုန်းခိုနေရတာမျိုး မဖြစ်စေချင်မိဘူးရယ်..

စာဖတ်ပေးတဲ့အတွက် ကျေးဇူးပါ အစ်မရေ...။ တောထဲက ကလေးတွေ၊ ဖိုးနီလေးတွေ အိမ်မပြန်နိုင်သေးတဲ့အတွက် သတိတရ ထပ်ရေးဖြစ်တဲ့စာပါ...။ သူတို့ အိမ်ပြန်နိုင်ကြပါစေလို့ တောင်းခဲ့တဲ့ဆုကလည်း မပြည့်သေးဘူးပေါ့ အစ်မရယ်..။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More