အခွဲအခွာ

ဆောင်းနှောင်းခဲ့ပြီ။ ကချင်ပြည်နယ်၏ ချမ်းမြသော ဆောင်းရာသီက နှင်းကြွင်းပင် မကျန်တော့အောင် နှုတ်ဆက်ပြီ။ နွေဦးသို့ ချဉ်းနင်းဝင်ရောက်တော့မည့် အရိပ်အယောင်များ မြင်သာစပြုသည့် တစ်ခုသောရက်တွင် မွေးရပ်မြေသို့ သမီး ပြန်ရောက်လာလေသည်။

နေထိုင်ကျင်လည်ရာ မြို့ပြအား ခေတ္တခဏ နှုတ်ဆက် ရခြင်း၊ နေပျော်ခင်တွယ်ရာအရပ်သို့ ခြေချရခြင်းသည် အချိန်ကာလအားဖြင့် တိုတောင်းလှသည်။ သမီးရသော အခွင့်သည် ရက်အားဖြင့် နည်းလှ၏။ သို့ပေမယ့် တစ်နေ့ ပြန်လည်ခွဲခွာရမည့် အချိန်စက်ဝန်းတစ်ခု နောက်ကျော၌ ကပ်ပါမြဲဖြစ်သည်ကို မေ့လျော့ထားမည်ဆိုလျှင်တော့ စိတ် လက်ပေါ့ပါးရသည်မှာ အမှန်ပင်။

ခြံကလေးသည် အေးချမ်းသော မြင်ကွင်းဖြင့် သမီးကို ဆီးကြိုနှုတ်ဆက်နေ၏။ သမီးငယ်စဉ်မှစ၍ နေထိုင်ကြီးပြင်းခဲ့သော အိမ်ငယ်သည် အိုဟောင်းခဲ့ပြီ။ သည်နယ်တစ်ဝိုက်က ရွာများတွင် ဆောက်တတ်သော ခြေတံရှည်အိမ်။ ထရံများမှာ ရေနံသား ၀လျက်။ သွပ်မိုးသည်လည်း သံချေးရောင်လွှမ်းလျက်။ သမီးတို့အိမ်သည် အဝေးမှကြည့်လျှင် မှုန်ကုပ်ကုပ်ရပ်နေသောကလေးတစ်ယောက်အလား။ သည်အိမ်ကို မြင်လိုက်ရသည့်ခဏ စိတ်အတွင်း ငြိမ်းချမ်းရခြင်းကတော့ ဆိုဖွယ်မရှိပြီ။

အိမ်ပြန်ရောက်ပြီ။ အိမ်ပြန်ရောက်ပြီဆိုသော အသိမှာ မိုင်ပေါင်းရာချီဖြတ်သန်းလာရသော အဖြစ်ကိုလည်း မေ့လျော့စေခဲ့ပြီတည်း။
သမီးတို့ ခြံထဲတွင်ကား ပန်းပင်များ မရှိသလောက် နည်းခဲ့ပြီ။  တစ်ချိန်ကတော့ နှင်းဆီ၊ စံပယ်၊ ဒေစီ စသည်ဖြင့် ပန်းပင်တို့သည် အိမ်ရှေ့တွင် နေရာယူမြဲ။ ထိုပန်းပင်များသည် အမေ့အသက်။ အမေ့စိတ်တို့ တည်ရာ။ ခုတော့ အမေ မရှိတော့သည့်နောက် ပန်းပင်ဟူ၍ ဂရုတစိုက်ပြုစရာ မလိုသော ငွေပန်းပင်များသာ ရေဘုံဘိုင်အနီး၌ ငေါင်စင်းစင်း ကျန်ရစ်နေတော့သည်။

သြော်...ပျဉ်းမပင်လည်း ကျန်ပါသေးသည်။ အိမ်ခေါင်းရင်းတွင် စိုက်ပျိုးထားသော ပျဉ်းမသည် သမီး နှစ်သက်သော ခရမ်းရောင်ပန်းပွင့်တို့ ဝေေ၀ဆာဆာ ပွင့်တတ်သည်မို့ ပန်းပင်များ၌ ထည့်သွင်းရေတွက်ရလေမည်လား။ ခြံထဲတွင် အထင်အရှား နေရာယူထားသည်ကတော့ အဖေ့ စားပင်သီး ပင်များသာတည်း။ သရက်၊ တညင်းတို့နှင့်အပြိုင် လဲမှို့ပင်များကိုပင် တွေ့နိုင်သေးသည်။
အိမ်ပြန်ရောက်သည့်နေ့တွင်ပင် ခြံ၏ အိုဟောင်းခြင်းကို သမီး မြင်လာရသည်။ ခြံစည်းရိုးသည် ယိုင်နဲ့လျက်။ နွေဦးမို့ သစ်ရွက်များသည် ခြံအနှံ့ ကြွေသက်နေ၏။ တစ်လမ်းလုံး ပင်ပန်းခဲ့သည်မို့ အိမ်ရောက်လျှင် နားပါမည်ဟု  တွေးခဲ့သော်လည်း ထိုင်မနေနိုင်ပြီ။ ရေမချိုးမီ တံမြက်စည်း တစ်ချောင်းဆွဲကာ သစ်ရွက်ကြွေများကို တရွှမ်းရွှမ်းလှဲခတ်တော့ အဖေက မနေနိုင်။

"နားနားနေနေနေတာ မဟုတ်ဘူးကော။ ဒီအရွက်တွေဟာ ကနေ့ညဘက် လေတိုက်ရင် ကြွေဦးမှာပဲ။ မနက်ကျ တော့ အဖေ လှဲမှာပေါ့"ဟု ဆိုသည်ကို ရယ်မောငြင်းဆန်ကာ ခြံကိုတော့ တစ်ညနေခင်းအတွင်းမှာပင် လှည်းကျင်းသန့်စင်လိုက်သည်။ ခြံကလည်း ကျယ်ဝန်းလှသည်မှ မဟုတ်ဘဲ။
လှဲကျင်းရသမျှသစ်ရွက်ကြွေများကို ခြံထောင့်၌စုပုံကာ နံနက်စောစောမှ မီးရှို့ရန် စိတ်ကူးရသည်။
ရေချိုးရန်ပြင်တော့ အုတ်ကန်ငယ်တွင် ရေအပြည့်။ အသက်ခြောက်ဆယ်ကျော် အဖေသည် အိုမင်းမစွမ်းဆိုသော စကားလုံးကို တော်လှန်လိုသူမို့ ဘုံဘိုင်က ရေကို ကိုယ်တိုင် နှိပ်၍ သုံးတတ်သူ။ ခုလည်း သမီးအတွက်ပင် ချိုးရေလောက်ငှအောင် ချန်ခဲ့သေးသည်။ ရေအေးမြမြကို တစ်ခွက်ချင်း လောင်းချိုးနေစဉ်တွင်တော့ သမီးသည် မြို့ပြ၌ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရသမျှ မြူမှုန်တစ်စ မကျန်တော့သလို မေတ္တာဓာတ်ဖြင့် အေးမြလန်းဆန်းလာခဲ့ပါသည်။
-----

ညဦးသည် ရာသီအေးမြခြင်းအကြွင်းအကျန်ကို ဆောင်ကာ ဆိုက်ရောက်လာခဲ့ပြီ။
သမီးတို့ရွာသည် လျှပ်စစ်မီး မရောက်လေသော ရွာကလေးပင်မို့ ရပ်ရွာကိုယ်ထူကိုယ်ထ မီးအလင်းသာ အိမ်၌ လင်းလျက်ရှိစဉ် သားအဖနှစ်ဦး ညစာလက်ဆုံစားကြသည်။ ပြန်လာမည့်ရက်ကို ကြိုတင်အကြောင်းကြားခဲ့၍ အဖေသည် သမီးအတွက် ညစာကို ဖွယ်ဖွယ်ရာရာဟု ဆိုရအောင် စီစဉ် ထားရှာ၏။ အဖေချက်သော ထမင်းဟင်းကိုတော့ သမီး ခုမှ စားခွင့်ကြုံရသည်ပင်။
ထမင်းသည် အနည်းငယ် ပျော့၍နေ၏။ ကြက်သားဟင်းကား မဆိုစလောက်ငန်လျက်။ ဟင်းရည်မှာမူ ဘာအရသာဟု ပြောမပြနိုင်။

သမီးသည် ထမင်းလုတ်ကို ခပ်ဖြည်းဖြည်းဝါးရင်း တစ်ဝက် တစ်ပျက်မြင်ရသည့် မီးဖိုခန်းမြင်ကွင်းကို ငေးနေမိသည်။
မီးဖိုခန်းကျဉ်းကျဉ်းလေးကား မီးရောင်မှိန်မှိန်အောက်မှာပင် ဖရိုဖရဲဟန်အပြည့်။ ပြာမှုန့်များသည် မီးဖိုပတ်လည်၌ ပွယောင်းလျက်။ လက်နှီးကား မီးဖိုနှင့် မလှမ်းမကမ်းတွင် ပုံကျနေ၏။ ငရုတ်ဆုံတွင် ငရုတ်ကျည်ပွေ့ကို တပ်လျက်သား။ စဉ်းနှီးတုံးပေါ်တွင်ကား ဓားမတိုကို ခရမ်းချဉ်သီးတစ်ခြမ်းနှင့်အတူ တွေ့ရ၏။ ရေအင်တုံကတော့ စဉ်းနှီးတုံးဘေးမှာ။
အရင့်အရင်ကတော့ အမေမို့ ထမင်းဟင်းချက်ပြုတ်ပြီးပြီဆိုလျှင် လက်စလက်န မကျန်ရလေအောင် သေသပ်မြဲ။ သမီးမြင်နေကျ အမေ့မီးဖိုခန်းနှင့် လောလောဆယ်မြင်တွေ့နေရသည်ကတော့ ဆန့်ကျင်ဘက် တစ်မျိုးတစ်ဘာသာ။ အဖေတစ်ယောက်သာ အိမ်၌ အနေမြဲရသည်ကို မြင်သာစေသောရိပ်ပုံမျှပင်။

ဧည့်ခန်းကြမ်းပြင်ပေါ်သို့ ခြေချစဉ်မှာပင် ခံစားသိလိုက်သော သဲတရှပ်ရှပ် အထိအတွေ့သည် မီးဖိုခန်းတွင်လည်း နေရာယူဆဲ။ သက်ပြင်းကို ကျိတ်၍ ရှိုက်မိစဉ်မှာတော့  မကျက်တကျက်အနာတစ်ခုကို အရေခွံဆွဲလှန်ရသလို ရင်၌ နာကျင်လာသည်။
အဖေကား စကားတပြောပြောနှင့်ပင် သမီးပန်းကန်သို့ ဟင်းတစ်ဇွန်းပြီး တစ်ဇွန်း ခပ်ထည့်ပေးလျက်။ မီးရောင်အောက်၌ အဖေ့ မျက်နှာပေါ်က အရေးအကြောင်းတို့မှာ ပို၍ပင် မြင်သာနေသလို။ အဖေသည် ထမင်းကို တစ်လုပ်ချင်းဝါးလျက်။ သူ့ဟင်းလျာကို အရသာ ခွဲခြား မသိဟန်။ အရသာလည်း မခံစားတတ်တော့ဟန်။ မျက်နှာမူရာကမူ ပြုံးမြလျက်။
ထမင်းပန်းကန်တွင်း ဇွန်းနှင့်တစ်ချက် နှစ်ချက် မွှေနေရင်း အဖေ့ကို သမီး တိတ်တဆိတ်အကဲခတ်နေသည်။

အဖေကား အမေ့လက်ရာကို မြိန်ရည်ရှက်ရည်ရှိလှသူ။ စားကောင်းသောက်ဖွယ်ကိုမှ ခုံမင်တတ်သူ။ အစစအရာရာ ပြုစုလုပ်ကိုင်ပေးခဲ့သူ ဇနီးကလည်း တစ်သက်တာ ခွဲခွာချန်ထားချိန်၊ တစ်ဦးတည်းသော ရင်သွေးငယ် သမီးကလည်း အဝေးမှာရှိချိန်အတွင်း အစိမ်းသက်သက်နေ့ရက်များကို မည်သို့ ရှင်သန်ကျော်ဖြတ်ခဲ့ပါသနည်း။    
ဖုန်းပြောချိန်တိုင်းတော့ သမီးမေးမြန်းသမျှကို အဆင်ပြေပါတယ်ဟု ဖြေတတ်မြဲ။ ထမင်းတွေ၊ ဟင်းတွေတောင် တော်တော် အဆင်ပြေပြေ ချက်တတ်နေပြီဟု တစ်ခါတုန်းက ပြောခဲ့ဖူးသေးသည်။ စားလို့ကောင်းလိုက်တာဆိုပဲ။ ပြီးတော့ ခပ်သဲ့သဲ့ရယ်မောလိုက်ပုံ။

"သမီး စားလေ၊ ဘာလဲ စားမကောင်းဘူးလား"
အဖေ့အသံအကြား၌ သမီး သတိပြန်ဝင်လာရသည်။ အိမ်ငယ်လေးက ညစာဝိုင်းသို့ စိတ်နှင့်ကိုယ်ကပ်လျက် ပြန်ရောက်လာသည်။
"ကောင်းပါတယ် အဖေရဲ့"
အဖေ ကျေနပ်အောင် ထမင်းတစ်လုတ်ကို ပါးစပ်ထဲ သွက်သွက်ထည့်ရသည်။ ကမန်းကတန်းဝါးရသော ထမင်းလုတ်မှာ လည်ချောင်းဝတွင်ပင် နင်၍နေသည်။ ဟင်းရည်တစ်ဇွန်းကို အပြေးအလွှားခပ်သောက်ရသော် ထမင်းနင်ခြင်းကြောင့် မဟုတ်ဘဲ သမီး မျက်ရည်ဝဲလာခဲ့ပါသည်။   
------

နံနက်ခင်း၏ ထင်းလင်းသော အလင်းရောင်သည် အိမ်၏အတွင်းတွင် နေရာယူထိုးဖောက်လျက်။ ညက နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်မို့ နံနက်ခင်း၌ သမီး ရွှင်လန်းစွာ နိုးထလာခဲ့သည်။
လူက နိုးသော်လည်း စောင်ပုံထဲက ရုတ်တရက် မထွက်နိုင်သေး။ အရင့်အရင်တုန်းကတော့ သည်လိုနံနက်ခင်းမျိုးဆိုလျှင် မီးဖိုခန်းထဲက လှီးချွတ်ခုတ်စင်းသံများ၊ ကြော်လှော်ချက်ပြုတ်သံများ ကြားရမြဲ။ ဟင်းနံ့များသည် သမီးရှိရာ အိပ်ခန်းသို့တိုင် ပျံ့လွင့်လာမြဲ။

အမေက အိပ်ရာစောစော ထတတ်သူ။ နံနက် ၅ နာရီ ဆိုလျှင် မီးစမွှေးပြီ။ သမီး နိုးတတ်သော နံနက် ၇ နာရီတွင်ကား နံနက်စာသည် အဆင်သင့်ဖြစ်ပြီ။ သမီးအတွက် ကော်ဖီတစ်ခွက်သည်လည်း အသင့်ဖျော်ပြီးသား။ အဖေ့အတွက်လည်း နံနက် ၈ နာရီဆိုလျှင် ထမင်းဝိုင်းပြင်ပြီးသားပင်။
ငယ်စဉ်တုန်းကတော့ အမေချက်ပြုတ်လျှင် ဘေးမှ ကူပေးရတတ်သော်လည်း ရန်ကုန်တွင် အလုပ်ဝင်ချိန်၊ ရွာသို့ ခေတ္တခဏသာ ပြန်လာရချိန်တွင် အမေသည် သမီးကို ဘာတစ်ခုမှ လုပ်ခွင့်မပေးတော့ပေ။ နားရက်ရသည့်အခိုက် အပြည့်အ၀ နားစေချင်ရှာသည်။ အနီး၌ သမီး တွတ်တီးတွတ်တာ လုပ်ရုံမျှဖြင့် အမေက ကျေနပ်သူပင်။

ခုတော့လည်း အရာရာ ပြောင်းလဲခဲ့ပေပြီ။ အိမ်ပြန်ချိန်၌ အမေ့ကို မမြင်မတွေ့ရတော့ဘူးဆိုသည်မှာ အတွေးနှင့်ပင် ပြိုလဲစဖွယ်။ သည်တစ်နှစ် အိမ်မပြန်ချင်။ မပြန်ဘူးဟုပင် တွေးခဲ့သေးသည်။ သို့သော် အဖေတစ်ယောက်တည်းဆိုသော လွမ်းဆွတ်စာနာစိတ်က သမီးကို အိမ်ပြန်ပို့ခဲ့ပြီ။
စောင်ပုံထဲက ထထိုင်တော့မှပင် မီးဖိုခန်းမှ အသံချိုးချိုးချွတ်ချွတ်ကို ကြားတော့သည်။ ရေဒီယိုသံသည်လည်း မီးဖိုခန်းဘက်မှ မှန်မှန်ပေါ်ထွက်လျက်။ အဖေသည် အမေ့လိုပင် သမီးကို နံနက်စာ ပြင်ပေးတော့မည်လား။
မီးဖိုခန်းဘက်သို့ ရောက်လျှင်တော့ အဖေတစ်ယောက် တကယ်ပင် တကုပ်ကုပ် အလုပ်များနေရှာသည်ကို တွေ့ရလေသည်။

"အေး သမီးရေ နိုးပြီလား၊ ဒီမှာ ကော်ဖီ ဖျော်ထားပြီ။ အခု ထမင်းကြော်မလို့ပဲ၊ မျက်နှာသစ်ပြီးရင် စားကြတာပ"
"အဖေကလည်း ထားခဲ့ပါ၊ သမီးလုပ်မှာပေါ့"
အဖေသည် မီးဖိုဝင်ရန် ပြင်သောသမီးကို  လက်တကာကာနှင့် မျက်နှာသစ်ရန်သာ ဆိုနေသည်။ မီးဖိုရှေ့ကမူ မခွာ။
မီးခိုးများ တလူလူလွင့်နေသော မီးဖိုခန်းသည် မှုန်မှိုင်းလျက်။ မီးဖိုပေါ်က ဒယ်အိုး၌ ဆီသည် ပူလျက်ရှိပြီ။ ဆီပူသို့ အဖေ ကြက်သွန်ထည့်လိုက်ဟန်၊ ထမင်းကြမ်းထည့်ဟန်ကို သမီး ငေးနေမိပြီးမှ အိမ်အောက်သို့ ဆင်းလာခဲ့သည်။

ခြံသည် မနေ့ကထက်တော့ ရှင်းလင်း၍ နေသည်။ သို့သော်လည်း ညက လေအနည်းငယ်တိုက်ခဲ့သေးသည်မို့ သစ်ရွက်တို့ ဟိုဟိုသည်သည် ကြွေသက်လျက်။ တံမြက် စည်းကိုင်ကာ ခဏမျှ ရှင်းလင်းပြီးမှ မျက်နှာသစ်ရသည်။ ရေဘုံဘိုင်အနီးက ရေချိုးခုံပေါ်တွင် သမီးအတွက် ကိုယ်တိုက်ဆပ်ပြာအသစ်၊ သွားတိုက်ဆေးအသစ်များ။ အဖေကတော့ ခုထိ ကာဘော်လစ်ဆပ်ပြာသုံးဆဲ။
ဒုတိယမြောက် စားရသော အဖေ့လက်ရာသည် သမီး၏ စိတ်ကို လှုပ်ခတ်စေဆဲ။ ထမင်းကြော်သည် ဆား မဆိုစလောက်ငန်လျက်။ ကော်ဖီကမူ အခါးပေါ့ပေါ့။ သည်နံနက်ခင်းတော့ အဖေ့စားသောက်ဟန်ကို စိတ်မကောင်းသော မျက်နှာပေးနှင့် မငေး။ မငေးမိ။ မနေ့ညကထက်တော့ သမီး နေသားကျခဲ့ပြီ။

နံနက်စာ စားသောက်ပြီးပြီဆိုသည်နှင့် အဖေက ဟင်းချက်ရန် ပြင်တော့သည်။ သည်တစ်ကြိမ်တော့ သမီး မနေသာပြီ။ အတန်တန် ပြောမရသည့်အဆုံးတွင်မှ အဖေသည် မီးဖိုခန်းက ခွာ၏။ အိမ်ရှေ့ဝရန်တာက ပက်လက်ကုလားထိုင်တွင် ရေဒီယိုနှင့် ငြိမ့်နေတော့သည်။
ဒါကမှ အဖေ့ဟန်အစစ်။ အမေရှိစဉ်ကတော့ အဖေသည် အိမ်ပေါ်သို့ ရေ၊ ထင်း သယ်ယူပေးသည်မှအပ ချက်ရေး ပြုတ်ရေး၌ ၀င်ပါသည်မဟုတ်။ သည်အထဲ ဟိုဟင်းမစား၊ သည်ဟင်းမစားဟုပင် ကြေးများလိုက်သေးသည်။ အမေကတော့ အဖေ့အပေါ် အရာရာ အနွံတာခံသူ။ တစ်ယောက်တည်း နေထိုင်ရှင်သန်ရသည့်နေ့ရက်များကိုတော့ အဖေ ဘယ်သို့ ဘယ်ပုံ ဖြတ်ကျော်နေရှာပါလိမ့်။ တွေးမြဲဖြစ်သော အတွေးကပင် ထပ်၍ထပ်၍ ပေါ်လာပြန်သည်။

မီးဖိုချောင်သည် လွန်ခဲ့သော တစ်နှစ်ကျော်ကအထိ သူ့ကို အသုံးပြုခဲ့သည့် အိမ်ရှင်မကို လွမ်းဆဲရှိမည်လား။ ထင်းမီးတောက်များမှ လွင့်သော မီးခိုးမျှင်များနောက်သို့ သမီးစိတ်က လိုက်ပါရန်ပြင်သည်။
တစ်ချက်မျှ လွင့်လိုက်သေးသော စိတ်အာရုံတွင်တော့ လွန်ခဲ့သည့်နှစ် ဆောင်းရာသီက ပြန်ချိန်မတန်သေးဘဲ အမေ့ နောက်ဆုံးအချိန်မီရန် အိမ်သို့ ရောက်လာရသည့်ပုံရိပ်များ၊ ရက်ပိုင်းအတွင်းတွင်ပင် အမေ့ကို လက်လွတ်ခဲ့ရသည့်ပုံရိပ် များကို မြင်ယောင်လာသည်။

အမေ့ရက်လည်ပြီးလျှင်တော့ အဖေ့ကို ခွဲခွာရပြန်လေသည်။ မြို့ပြအလုပ်ခွင်သည် သမီးကို ကြိုနှင့်ပြီ။ ဘ၀သည် သမီးတို့လို လူအများအား လွမ်းဆွတ်နာကျင်ရန် အချိန်များစွာ ပေးသည်မဟုတ်။
နေအိမ်တွင် အဖေတစ်ယောက်တည်းပင် ကျန်ရစ်သော်ငြား ရွာ၌ အမျိုးအဆွေတို့လည်း ရှိသည်မို့ တစ်ဖက်တွင်တော့ စိတ်ချစဖွယ်။ သို့ပေမယ့် မတွေးဘဲမနေနိုင်သည်မှာတော့ အဖေ့ကို နေ့စဉ် ဘယ်သူ ချက်ပြုတ်ပြုစုပါမည်နည်း။ အဖေခုနေ ကျန်းမာပါသေးရဲ့၊ မကျန်းမာချိန်တွင် မည်သူ ဂရုတစိုက် ရှိပါမည်နည်း။  

အဖေအိုကို ထားခဲ့မလို့လားဟု မသိဆိုးရွားစွာ မေးတတ်သော မေးခွန်းများကတော့ သမီးရင်ကို မြားအစင်းများစွာ ထိုးခတ်သည့်နှယ်။
ရက်လည်ပြီးနောက် မြင်ရသော အဖေ့မျက်နှာသည် ရင်နာစဖွယ်။ လောကတွင် တွယ်ဆုပ်ရာ မရှိတော့သူအလား မျက်နှာသွင်ပြင်က မှုန်မှိုင်းလျက်။ မျက်ဝန်းများကတော့ အရောင်မှိန်ဖျော့သွားသည်မှာ ဆိုဖွယ်မရှိ။ သို့သော် သမီးရှေ့တွင်မူ မည်သို့မျှမဖြစ်လေဟန် နေတတ်ပြန်သည်။
သမီးသည် ရွာမှမထွက်ခွာမီ တစ်ရက်က အဖေ့ရှေ့ မျက်ရည်ကျမိမည်စိုးသည်နှင့် အဒေါ်အိမ်တွင် အချိန်ကြာကြာနေခဲ့မိသည်။ အဒေါ်လုပ်သူရှေ့တွင်ပင် မျက်ရည်ကျရသည်။

"ဒေါ်ညိုတို့လည်း ရှိတာပဲ မိခိုင်ရယ်။ ကိုသန်းဆွေက သူ့ရွာပြန်နေလည်း ရတာပဲ၊ ဟိုမှာ သူ့အမျိုးတွေရှိတာပဲကော။ သူမှမပြန်ချင်ဘဲ။ ဒီမှာ နေချင်တယ်ဆိုလည်း နေပစေ။ မမ မရှိတော့လည်း ဒေါ်ညိုတို့ မောင်နှမတွေ ရှိတာပ။ သမီးလည်း မသွားလို့ ရွာမှာ ဘာလုပ်မလဲ။ ဒီမှာ လယ်စိုက်တာကလွဲပြီး ဘာအလုပ်လည်းမရှိ"

"ရွာကိုအပြီး ပြန်လာလို့လည်းမဖြစ်၊ အဖေ့ကို ခေါ်ထားပါလားဆိုတော့လည်း အိမ်ကို ဒီလောက်ပြန်ပို့နိုင်တာတောင် တော်တော်ချွေတာနေရတာ။ ဒါကိုပဲ စိတ်မကောင်းဘူး ဒေါ်ညိုရဲ့"
ထိုညနေခင်းက နာနာကျင်ကျင် ငိုရှိုက်ခဲ့မိသည်ကို ပြန်တွေးတိုင်း သတိတရရှိဆဲ။ အမေ့အလောင်း မြေကျစဉ်က ငိုသည့်အလား။ သို့သော် အဖေ့ရှေ့ ပြန်ရောက်လျှင်ကား သမီးမျက်ဝန်းတွင် မျက်ရည်တစ်စ မရှိတော့ပေ။

သည်လိုနှင့် အချိန်တန်တော့လည်း အိမ်ကို ကျောခိုင်းရသည်။ အဖေ့ကို ကန်တော့ရသည်။ ကန်တော့စဉ် မျက်ရည်ကျချင်သည်ကို အတော်ပင် ထိန်းခဲ့ရသည်။ အိမ်နှင့် တစစ ဝေးကွာလျှင်ကား စက်လှေပေါ်၌ တိတ်တဆိတ် မျက်ရည် ကျမိပြန်သည်။

ရွာနှင့် တစ်မိုင်ချင်းဝေးကွာလျှင် မြို့ပြနှင့် တစ်မိုင်ချင်း နီးကပ်လာခဲ့သည်။ သမားရိုးကျနေ့ရက်များကို ဖြတ်သန်းရပြန်သည်။ ရက်များ တစ်ရက်ပြီးတစ်ရက်ကုန်လွန်ခဲ့သည်။ ခုတော့လည်း ရာသီစက်ဝန်းက တစ်ကျော့လည်ရန် ပြင်ပြီမို့ နွေဦးသည် သမီးကို အိမ်ပြန်ပို့ခဲ့ပြီ။  
အိမ်သို့ ရောက်သော် အရာရာ အသစ်ဖြစ်ရပြန်သည်။   

အမေ့ကို လွမ်းတစိတ်သည် ယခုပင် ရင်၌လှိုက်ခတ်ကာနေသည်။ ဟင်းအိုးကို မွှေနေရင်းက မီးခိုးကြောင့်ဟု တွေးမိမလို မျက်ရည်ကျချင်လာသည်။ သို့သော် အိမ်ရှေ့ဝရန်တာက ရေဒီယိုသံကို ကြားတော့ စိတ်ကအလိုလို တင်းနှင့်ပြန်သည်။ 

နေ့လယ်စာစားချိန်တွင်တော့ သမီးလက်ရာများ အဖေ့ကို ကျွေးမွေးနိုင်ပြီ။ အမေ့ထက် မပိုစေကာမူ တစ်နည်းတစ်ဖုံ စားမြိန်မည့်ဟင်းလျာများ။  ခေါင်းမဖော်စတမ်း စားသောက်သော
အဖေ့ဟန်ကို မြင်ရလျှင်တော့ ဒါသည် လများစွာအတွင်း ပထမဆုံးပေလားဟု မတွေးဘဲ မနေနိုင်။ ထိုအတွေးက သမီးကို နာကျင်စေပါသည်။
-----

သမီးသည် အိမ်ရှေ့ဝရံတာတွင်  ငေးငေးရီရီ ရပ်လျက် ရှိ၏။ ရှေ့တွင်တော့ နေ့အလင်းရောင် ကောင်းစွာပက်ဖြန်းဝင်ရောက်နေသော ဧည့်ခန်းမြင်ကွင်း။
လွန်ခဲ့သော တစ်နှစ်ဝန်းကျင်၏ အရှေ့ပိုင်းကာလများကတော့ သမီးတို့အိမ်သည် ကျေးလက်က အိမ်ငယ်လေးများတွင် ရှိတတ်သော
သာမန်အဆောင်အယောင်များသာ ဖြည့်ဆည်းထားစေကာမူ သေသပ်နေပျော်ဖွယ်။ အိမ်၏ ကြမ်းပြင်တွင် ဖုန်မရှိ။ အမေသည် အိမ်ရှင်မ ပီသလှသူ။ သမီးကတော့ အမေ့ခြေရာပင် မနင်းနိုင်။ မြို့ပြတွင် နှစ်အချို့ ကြာအောင် အဆောင်နေလာရလေရာ အိမ်မှုကိစ္စအတော်များများသည် သမီးနှင့် သူစိမ်းပြင်ပြင်။
အိမ်သို့ တစ်နှစ်တစ်ကြိမ် ပြန်ရောက်တိုင်းတော့ အမေ့ စီမံမှုအောက်၌ သပ်ရပ်အေးချမ်းနေသော အိမ်ငယ်သည်  သမီးကို ပြန်မသွားချင်လောက်အောင် ဆွဲဆောင်မြဲ။ အတိတ်က အိမ်။ ပစ္စုပ္ပန်တွင်တော့ မြင်ကွင်းသည် ပြောင်းလဲခဲ့ပြီ။

သမီးသည် အိမ်ပြန်ရောက်ပြီး နောက်ရက်တွင်ပင် အိမ်သန့်ရှင်းရေးကို အစပြုရသည်။ အဖေကား တားမြစ်လိုဟန်။ သို့သော် သမီးလက်သမီးခြေ လုပ်ကိုင်သမျှကိုတော့ ပီတိအပြုံးနှင့် ငေးလျက်။
အိမ်ကြမ်းပြင်တို့သည် နှစ်ရက်မျှ တိုက်ချွတ်ပြီးသော် အရောင်နည်းနည်း ထွက်လာပြီ။ အနည်းငယ်စုတ်နေပြီဖြစ်သော ဖျာကိုပင် ခင်း၍ အဖေက ဧည့်ခန်း၌ အိပ်တတ်လေရာ သည်ဖျာကို အသစ်လဲပေးရ၏။ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တို့ကိုလည်း လျှော်တန်တာလျှော်၊ လဲတန်တာ လဲရသည်။ အဖေ့အလိုဖြင့်တော့ သေတ္တာထဲတွင်သာ ပစ္စည်းအသစ်တို့ ခိုအောင်းနေရတော့မည်။ သိသိသာသာ ပြဲနေလျက်က အဖေ ၀တ်မြဲဖြစ်သော အင်္ကျီဟောင်းတို့ကိုလည်း အစ ဖျောက်ပစ်ရသည်။
ဧည့်ခန်းထောင့်က စားပွဲပေါ်တွင်ကား မည်သို့ ပွယောင်းနေသည်ဟုပင် ပြောပြတတ်မည်မဟုတ်။ စာအုပ်များ၊ ဖယောင်းတိုင်အတိုအစ၊ မီးခြစ်၊ ဆေးပေါ့လိပ်၊ ကွမ်းဘူး၊ သာရေးနာရေးဖိတ်စာအဟောင်းများ၊ မြန်မာဆေးအချို့ စသည် စသည်တို့သည် စားပွဲပေါ် သူတစ်လူ ငါတစ်မင်း ဖရိုဖရဲ နေရာယူလျက်။ စားပွဲကား ညစ်ထေးထေးအရောင်ပင် ပေါက်နေပြီ။

ကာလများစွာက မြင်နေကျလို စားပွဲကို ပစ္စည်းပစ္စယများ နေရာတကျနှင့် ရှင်းလင်းပြီးသော် အိမ်နံရံထက်က ဓာတ်ပုံဟောင်းများကို ဖုန်သုတ်ရသည်။ သမီးတို့ မိသားစု သုံးယောက်၏ ဓာတ်ပုံ၊ သမီး မန္တလေးတွင် ဘွဲ့ယူစဉ်က ဓာတ်ပုံများ။ မိသားစုဓာတ်ပုံရိုက်စဉ်ကတော့ သမီး ဆယ်တန်းအောင်ပြီးစ။ အဖေနှင့် အမေသည် ဓာတ်ပုံရိုက်ခဲလှသူများ။ သည်တစ်ပုံ ရိုက်ဖြစ်ကြဖို့ပင် အတော်စည်းရုံးယူခဲ့ရသည်ကို သတိရနေသည်။ သမီးသည် မိဘများ အလယ်တွင် ရပ်လျက်။ တောက်ပသော အပြုံးပန်း သုံးပွင့်။
နွေဦးလေပြေ ဝေ့၀ဲတိုက်ခတ်သလို သမီး  သက်ဝင်လှုပ်ရှားသော် အိမ်သည် တဖြည်းဖြည်း ရုပ်လုံးပီလာ၏။ ဘုရားစင်သည် ဆီမီး၊ ပန်း၊ ရေချမ်းနှင့်။ အိမ်၌ ပစ္စည်းအသေးအမွှားကအစ သူ့နေရာနှင့်သူ။ တောရွာကလေးက အိမ်ပေမယ့် ရိုးဂုဏ်နှင့် နေပျော်စဖွယ်။ အရင်ကလိုပေါ့။

"ဒါမျိုးနေရဖို့ သမီး ပြန်လာမှပဲဟေ့"ဟု အဖေက သူ့ မိတ်ဆွေများကို ပြောပြလျှင်တော့ သမီးသည် ၀မ်းနည်း သည့်ကြားက ပြုံးနေရသည်။
အိမ်အောက်တွင်ကား နေ့ခင်းဘက်ဆို အဖေ့မှာ အားလပ်သည်မရှိ။ ဖုန်းတစ်လုံးချကာ အ၀င်ဖုန်းမှန်သမျှ ခေါ်ပေးသည်။ ဖုန်းဆက်သူလာကလည်း ဆက်ပေတော့။ အဲ... ဖုန်းပြောပြီးလျှင်ကား သူတို့သည် အဖေနှင့်လည်း စကားပြတ်ကြသည်မဟုတ်။ ရပ်အကြောင်း ရွာအကြောင်းသည် အိမ်ပေါ်သို့ပင် ပျံ့လွင့်လာတတ်ပေသည်။

အမေရှိစဉ်ကလည်း အဖေက သည်သို့ပင်။ အစိုးရ၀န်ထမ်းဘ၀မှ အနားယူစဉ် အဖေ့တွင် အချိန်ပိုများစွာ။ စက်ဘီးတလွှားလွှားနှင့် ဖုန်းခေါ်ပေးသည်ကို သမီး မြင်စက မကြည်ဖြူပေ။ သမီးလုပ်သူက မြို့မှာ အလုပ်လုပ်နေရက်နဲ့ ရှက်စရာ။
"ဒါလေး လုပ်နေမှ သူ့ကိုယ်သူ အလုပ်လုပ်နေတယ်လို့ ပျော်တာ သမီး၊ နေပါစေ"ဟု ရပ်ရွာတွင် စပါးပေး၊ ပဲပေး အနည်းငယ်လုပ်တတ်၍ ငွေရွှင်သော အိမ်ရှင်မ အမေက ချစ် ခင်ခွင့်လွတ်ပြုံးနှင့် နှစ်သိမ့်တတ်သည်ကို ခုတော့ သတိရစရာဖြစ်လာသည်။

အမေ့ ရက်လည်ပြီးနောက် သမီးမြို့သို့ ပြန်ရောက်၍ နှစ်လ၊ သုံးလမျှရှိလျှင် အဖေက တစ်မျိုးဆန်းသစ်လာသည်မှာ နောက်နှစ် နွေပေါက်လျှင် အအေးရောင်းမတဲ့။ ဒါကိုတော့ သမီးက ကန့်ကွက်ရသည်။ ရွာမှာ ဘယ်သူက အအေးတွေ ဘာတွေ တခုတ်တရ လာသောက်မှာမို့လဲ။ အလကား သက်သက်ပင်ပန်းလို့။ သမီး ဒီထက်ပိုပြီး ငွေပို့နိုင်အောင် ကြိုးစားမှာပေါ့။

အဖေနှင့်သာ အတိုက်အခံလုပ်ပြောရသော်လည်း သည်ဆန္ဒမှာ ငွေ၌ အရင်းမခံသည်ကို နားလည်နေပြန်သည်။ အိမ်တွင် လူအ၀င်အထွက် မပြတ်မှသာ အထီးကျန်မှုက အဖေ့ကို အရိပ်ထိုးမည်မဟုတ်။ အဖေ့မှာ နောက်ကျောဘက် ငဲ့ကြည့်လျှင်ပင် အရိပ်တစ်စ မမြင်ရသည့်နေ့လည်းရှိရှာမည် မဟုတ်လား။

နောက်ပိုင်းတွင်တော့ အဖေသည် အအေးဆိုင် ဖွင့်ရေး၊ မဖွင့်ရေးကို သမီးထံ အရေးမဆိုတော့။ သမီးကလည်း အစမဖော်။ စိတ်ထဲက ကျိတ်၍တွေးမိလာသည်မှာတော့ စိတ်ချမ်းသာမယ်ထင်တာသာ လုပ်ပါစေ။
သို့သော်လည်း နွေဦးပေါက် သမီး အိမ်ပြန်လာချိန်တွင်တော့ အိမ်၌ အအေးဆိုင် မတွေ့ရ။ နှစ်နှစ်ဝန်းကျင် အခြေကျခဲ့သည့် အထိုင်ဖုန်းတစ်လုံးနှင့်သာ အဖေ အလုပ်ရှုပ်နေသည်ကို တွေ့ရတော့သည်။
-----

"မိခိုင်ရေ နင်ပြန်ရင် နင့်အဖေကတော့ လွမ်းနေမှာပဲဟေ့"

ရွာလယ်လမ်းကို ဖြတ်လာစဉ် သည်စကားသံတို့သည် သမီး၏ အရှေ့အနောက်တောင်မြောက်အရပ်တို့ဆီမှ ပျံ့လွင့်လာသလိုပင်ရှိတော့သည်။ သည်ညနေခင်း အဘွား အိမ်ရှိရာ ရွာမြောက်ပိုင်းသို့ သွားပြီးအပြန်၌ ရွာလယ်လမ်းကို ဖြတ်လာရသည်။ လမ်းတွင်တွေ့သမျှ အသိအကျွမ်းများကို နှုတ်ဆက်ရသည်။ အဆွေအမျိုး၊ ဆွေရိပ်မျိုးရိပ်မကင်းသော နေအိမ်တို့ဆိုလျှင် ခဏမျှ ရပ်လျက် စကားဆိုရသည်။ စကား ၁၀ ခွန်းပင် ဆိုဖြစ်သည်ရှိစေဦး၊ နောက်ဆုံးတစ်ခွန်းကတော့ သည်စကားသာဖြစ်ပါသည်။

ခွဲခွာဖို့ ရက်တဖြည်းဖြည်းနီးကပ်လာပြီ။ ပြန်ရတော့မည်။ ရွာမှပြန်ရတော့မည်။ သမီး မတွေးဘဲနေသော အတွေးကို သူတို့ အစဖော်ကြသည်။ သည်စကားကို အကြိမ်ကြိမ် ကြားရလျှင်တော့ ပြုံးရုံသာ တုံ့ပြန်ဖြစ်တော့သည်။ သမီး နှုတ်ဆွံ့ရလေပြီ။

သမီး ချစ်ခင်သော ဇာတိမြေကား နှစ်များစွာကလိုပင် သေ၀ပ်ငြိမ်းချမ်းမြဲပင်။ သမီးတို့ ကလေးသာသာအရွယ်၌ ငြိမ်းခဲ့သော စစ်မီးက တစ်ကျော့ပြန် တောက်လောင်ရသော်လည်း သည်အရပ်သို့မူ မီးစကလေးပင် မစင်ဘူးဆိုရမည်။ ခုချိန်အထိ အေးချမ်းနေမြဲ။
တောင်သူလယ်လုပ်သူတို့ အဓိကနေထိုင်သော ရွာကလေးပေမို့ အချိန်တန်လျှင် လယ်ထဲ ဆင်းကာ လယ်ထဲက တက်တော့လည်း အဆောင်အယောင် မရှိသော အိမ်ငယ်လေးများ၌ ရိုးရိုးကုပ်ကုပ် နေပျော်ကြမြဲ။ တစ်နှစ်တစ်နှစ် ကြွေးမတင်ရုံသာ လည်ပတ်နေကြရသော်လည်း လယ်ပြင်တောတစ်ခွင် စိမ်းမြမြရွှေရောင်သန်းသည်နှင့်ပင် ပြုံးရွှင်စရာ ဖြစ်ရသည်။ ရောင့်ရဲခြင်းသည် တောသူတောင်သားတို့၏ ဘ၀အဖော်တည်း။

ကလေးတို့သည် စာမေးပွဲများမှ အနားရပြီမို့ ရွာလယ်
လမ်းပေါ် ပြေးလွှားဆော့ကစားလျက်ရှိကြသည်။ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကလေးငယ်များ။ သည့်ထက် နည်းနည်းကြီးလျှင်တော့ မိဘများ လယ်ထဲယာထဲဆင်းလျှင် တတ်နိုင်သည့်ဘက်က ကူရပြီမို့ သည်လို ကလေးပီပီ ဆော့ကစားနေသည်ကို တွေ့ရမည်မဟုတ်ပေ။

ဖုန်အလိမ်းလိမ်းနှင့် ဆော့ကစားနေသည့် ကလေးတို့သည် သူတို့အနီးက ဖြတ်လျှောက်လေသော သမီးကို အထူးအဆန်းသဖွယ် ငေးနေကြသေးသည်။ ကျောင်းပြီး၍ ငါးနှစ်ကျော်ခဲ့သည့်ကာလအတွင်း တစ်နှစ်လျှင် လေး၊ ငါးရက်မျှ သာ နေရပ်ပြန်နိုင်သည့်သမီးကို သူတို့ သိကြမည်မဟုတ်ပေ။ အပြစ်ကင်းစင်လှသောမျက်နှာလေးများက စူးစမ်းရိပ်ကို သမီး အပြုံးနှင့် တုံ့ပြန်မိသည်။
သည်ကလေးတွေ ကလေးပီပီ ကြီးပြင်းကြပါစေ။ သမီးလို၊ သမီး၏ သူငယ်ချင်းများစွာလို မိဘနှင့်၊ ချစ်ခင်သူနှင့် ဝေးကွာလွန်းသောအရပ်၌ နေထိုင်ရှင်သန်ရခြင်းလည်း မရှိပါစေနှင့်။ ဇာတိရပ်ရွာ၌ သက်ကြီးရွယ်ကြီးအမိအဖတို့ကို နောက်ဆံတင်းလျက် ချန်ရစ်ရခြင်းသည် တမြည့်မြည့်နာကျင်ရသော ဒဏ်ရာတစ်မျိုးဖြစ်ကြောင်း သမီး ကောင်းစွာ သိခဲ့ပြီ။ သို့သော် ထိုဒဏ်ရာသည် လွဲရှောင်ရနိုင်သောဒဏ် ရာလည်းမဟုတ်။ တမြည့်မြည့်နာလျက်က တွယ်ဖက်ရသည့်ဒဏ်ရာ။

ခြံနှင့် တဖြည်းဖြည်းနီးလာ၍ မျှော်ကြည့်လျှင်တော့ ခြံစည်းရိုး အသစ်ကာရန်အတွက် ၀ါးခြမ်းပြားများ အချောသပ် ပြင်ဆင်နေသော အဖေ့ကို လှမ်းမြင်ရ၏။ ခြံစည်းရိုးအဟောင်းမှာကား ကျိုးတိုးကျဲတဲပင်မို့ ခြံဝိုင်းအတွင်းသို့ လမ်းပေါ်မှပင် မြင်သာနေသည်။
အဖေသည် သူ့အလုပ်ကိုသူ အာရုံထားလျက် ဘေးဘီကိုပင် အမှုမထားဟန်။ တစ်ချိန်က သမီးခိုစီးခဲ့ဖူးသော၊ ခုတော့ ပျော့ပျောင်းတွဲကျနေပြီဖြစ်သော အဖေ့ လက်မောင်းကြွက်သားများကလည်း စည်းချက်ညီညီလှုပ်ခတ်လျက်။ အနီးကပ် ကြည့်လျှင်တော့ အရေးအကြောင်းများ အပြိုင်းပြိုင်းထနေသည့် မျက်နှာ၌ ချွေးတို့ စိုလက်နေသည်ကို မြင်ရပေမည်။

"အဖေကလည်း ခြံကာတာပဲ လူငှားပြီး ကာလိုက်တာ မဟုတ်ဘူး"ဟု နံနက်တုန်းက ပြောမိတော့ အဖေက ရယ်၏။ လက်အစုံ တဖျတ်ဖျတ်လှုပ်ရှားလျက် လုပ်လက်စအလုပ်ကိုမူ မရပ်။
"ဒီဘက်မှာ အငယ်ပိုင်းက ဘယ်လောက်ရှားသွားပြီလဲ ဆိုတာ မသိဘူးလားအေး။ ခြံစည်းရိုးကာဖို့ နေနေသာသာ၊ သူများတွေ လယ်တစ်ခါ ထွန်ရေးစရင်တောင် သူရင်းငှား ရှာရတာ ဘယ်လောက် ခက်တယ်မှတ်လို့လဲ။ တို့ရွာဟာ အဘိုးကြီးအဘွားကြီးတွေ၊ ကလေးတွေ နေတဲ့ရွာပ"

သမီးသည် အဖေ့စကားကို တုံ့ပြန်ရန် စကားစရှာမရ။ ဘာပြန်ပြောရမည်မသိ၍ ပြုံးလိုက်ရသော အပြုံးကလည်း အသက်ကင်းမဲ့နေလေမလား။ သည်အပြုံးကိုတော့ အဖေက ခေါင်းငုံ့၍ အလုပ်များနေချိန်မို့ တွေ့မြင်ခဲ့မည်မဟုတ်ပါပေ။
-----

မီးရောင်အောက်တွင် ရွှေအဆင်းသည် ၀င်းပလျက်ရှိ၏။ ဆွဲကြိုးတစ်ကုံး။ တစ်နည်းအားဖြင့် ပွဲလမ်းရှိမှ အမေ ထုတ်ဆွဲတတ်သော ဆွဲကြိုး။
သမီးသည် လက်ထဲရောက်နေသော ဘူးကလေးကို တွေတွေဝေေ၀ငုံ့ကြည့်နေသည်။ အဖေ့ကို ရုတ်တရက် စကား ပြန်မဆိုနိုင်။ သည်ဆွဲကြိုး သမီးအတွက်ဆိုပဲ။

"သမီး ယူသွားတော့။ ဟိုမှာ ငွေလေးဘာလေးလိုတော့ ရောင်းရတာပ။ အဖေ့မှာ ပေးစရာလည်း ဘာမှမရှိ"
စကားစရှာမရသည်နှင့်အမျှ သမီး မျက်ရည်ဝဲလာသည်။ အမေရှိစဉ်ကလည်း သည်လိုပဲလေ။ သမီး မြို့ပြန်ချိန်တိုင်း သည်ဆွဲကြိုးကို ထည့်ပေးရန် မကြာခဏ ကြိုးစားရှာသည်။ သမီးက ခေါင်းတခါခါ လက်တခါခါ ငြင်းဆန်လျှင် အမေ့မှာ မျက်နှာမကောင်း။

"အမေ့ကြိုးကြီးကဖြင့် လှလည်းမလှဘဲနဲ့၊ ဒီလို ပုံစံမျိုး သမီးမကြိုက်ပါဘူး။ ပြီးတော့ ရန်ကုန်မှာ ရွှေက ခေတ်မစားဘူး၊ ပလက်တီနမ်တို့ဘာတို့မှ ခေတ်စားတာ"ဟု စကား အလိမ္မာသုံးလျှင်လည်း အမေက မလျှော့သေး။ ငွေလိုရင် ရောင်းသုံးပေါ့တဲ့။သမီး အတန်တန် ငြင်းဆန်မှ သေတ္တာထဲ က နဂိုနေရာ ပြန်ရောက်တော့သည်။

ခုလည်း အဖေက သမီးထံ သည်ဆွဲကြိုးလက်ကမ်းရန် ကြိုးစားနေပြီ။ ဆွဲကြိုးဘူးလေးကို အဖေ့ထံ ပြန်ပေးတော့ အဖေက လက်မခံ။ ခေါင်းခါမဆုံး။ သို့သော် သမီးက မလျှော့။ သည်တစ်ကြိမ်လည်း မလျှော့နိုင်။ ရုတ်တရက် ငွေလိုမည် ဆိုလျှင် တစ်အိမ်လုံး၌ သည်ပစ္စည်းတစ်ခုသာ ထုခွဲစရာရှိတာ သမီး မသိတာမှမဟုတ်ဘဲ။ 
အဖေပဲ လိုရမယ်ရသိမ်းထားပါဟု အထပ်ထပ်ဆိုတော့ သမီး၏ မျက်ဝန်းအရိပ် ခိုင်မာမှုကို နားလည်ဟန်ဖြင့် သက်ပြင်းချရှာသည်။ အဖေ့ မျက်ဝန်းမှာ စိုလက်နေ၏။

ညက တဖြည်းဖြည်း ရင့်ရော်လာလျှင်တော့ သားအဖ နှစ်ဦး စကားနည်းသထက် နည်းလာရသည်။ သည်တစ်ညသည် အိမ်၌ သမီးနောက်ဆုံးရှိမည့်ည။ မနက်ဖြန်မနက် ရွာက ထွက်ရမည်။ မြို့မှတစ်ဆင့် အဝေးပြေးကားဖြင့် ခရီးဆက်ရမည်။
ညဦးပိုင်းတုန်းကတော့ အဒေါ်မိသားစုက အိမ်သို့ ရောက်လာကြသေးသည်။ မနက်ပိုင်းတော့ လယ်တောသွားကြမည်မို့ ညကတည်းက အကြိုနှုတ်ဆက်ရန်။

အဒေါ်လုပ်သူ ရောက်လာစဉ် သမီးသည် မီးဖိုခန်းတွင် အလုပ်များ၍နေသည်။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက် သမီးပြန်ရောက်ချိန် အမေ လုပ်ပုံကိုင်ပုံအတိုင်း တစ်ညနေခင်းလုံး မီးဖိုခန်းတွင်သာ။ ဟင်းလျာများစွာ ကြော်လှော်ရသည်။ သည်နေ့တော့ မြို့ဈေးက အသားငါး လှမ်းမှာခဲ့သည်မို့ အဖေ့ကို ပို၍ပင် ဖွယ်ဖွယ်ရာရာချက်ကျွေးနိုင်ခဲ့သည်။ ညစာစားပြီးလျှင်လည်း မနားနိုင်သေး။ ကြော်လှော်ထားသမျှ ဟင်းလျာတို့ကို လက်စသတ်ပြင်ဆင်ဆဲ။

"ဟင်းတွေ ထည့်နေတာပဲအေး။ ဘာလဲ မိခိုင် ယူသွားဖို့ လား"ဟု ဒေါ်ညိုက မေးလျှင် သမီးက တစ်ချက်ရယ်မောမိသည်။
"မဟုတ်ဘူး ဒေါ်ညိုရေ။ ဒါ အဖေ့အတွက် ကြော်ပေးခဲ့တာ။ သမီး ဒီတစ်ခါ ဘာမှယူမသွားတော့ဘူး"
စကားပြောလက်စနှင့်ပင် မီးဖိုခန်းက စင်လေးပေါ်သို့ ဟင်းကြော်ဘူးများ အစီအရီ တင်ရသည်။ ပုစွန်ခြောက်ကြော်၊ ငါးမွကြော်၊ ငါးရံ့ခြောက်ထောင်းကြော် စသည်စသည်ဖြင့်။ ဒါကတော့ ကာလရှည်စားရန်။ သမီးပြန်စ ရက်ပိုင်းအတွင်း စားသောက်နိုင်မည့် ကြက်သားပြုတ်ကြော်၊ ၀က်သားကြော် တို့ကတော့ ချိုင့်ထဲမှာ။

"အိမ်မှာ လာစားလို့ပြောရအောင်ကလည်း ဒေါ်ညိုတို့က လယ်ထဲမှာ အနေများတယ်ကော။ တစ်ခါတလေ ဟင်းကောင်းလေး ချက်ရင်တော့ ကလေးတွေ လာပို့ခိုင်းတယ်။ ပြောသာပြောရတာ ဟင်းကလည်းအေး ဒေါ်ညိုတို့က ဟင်းလှော်ပေါင်းလေး ဘာလေးပဲ လုပ်စားတာများတော့ ကိုသန်းဆွေက ဒါမျိုးတွေ စားတတ်တာလည်းမဟုတ်နော့"ဟု ဒေါ်ညိုက ဆိုလျှင် ကိုယ့်အဖေ့အကြောင်း ကောင်းကောင်း သိသည့် သမီးမှာ ပြုံးနေရ၏။

အိမ်ရှေ့ဘက်သို့ ရောက်လျှင်တော့ အဖေနှင့် ဒေါ်ညို့ခင်ပွန်းတို့ စကားကောင်းနေကြသည်ကို မြင်ရ၏။ လေးနှစ်ကျော်မျှ ရှိသေးသော ညီမငယ်လေးသည် သူ့ဖခင်ကို မှီနွဲ့ ကာ သမီးထံ လှမ်း၍ ပြုံးရယ်ပြနေသည်။
"အိမ်လည်းရှင်းသွားတာပ။ အမှိုက်မရှိ၊ ဖုန်မရှိ၊ ဘာမရှိ။ ကြည့်စမ်း ဆေးတွေလည်း ၀ယ်ထားခဲ့ပေးတာလား"
စားပွဲပေါ်တွင် အစီအရီရှိနေသော မြန်မာဆေး၊ အင်္ဂလိပ်ဆေးများကို ဒေါ်ညိုက တစ်ဘူးချင်းကိုင်ကြည့်နေသည်။ အဖေက သွေးတိုးရှိသူ။ ရံဖန်ရံခါလည်း အစာအိမ်က နှောင့် တတ်ပြန်သည်။ အစာမကြေ ရင်ပြည့်ခြင်းကတော့ အဖေနှင့် အသားကျလျက်ရှိ၏။ 
"လူကြုံမရှိဘူးဆိုပြီး အဖေ ပေတေနေမှာစိုးလို့"
ဒေါ်ညိုကြားသာရုံ သမီး တိုးတိုးဆိုရသည်။

ဝရံတာဘက် အကြည့်ရွှေ့သော် အဖေသည် ညီမငယ်လေးနှင့် စနောက်ရယ်မောလျက်။ ရယ်သံက ခပ်လွင်လွင်။ အဖေ့အပြုံးမျက်နှာကို မနက်ဖြန်မနက် ဒီလိုမြင်ခွင့်ရပါ့မလား။
အရင့်အရင် အိမ်မှ ခွဲခွာရတုန်းကတော့ မိဘနှစ်ပါးကို ချန်ခဲ့ရစဉ် နောက်တစ်နှစ်ပြန်လာမှာပဲဟု ဖြေတွေးတွေးနိုင်ခဲ့သည်။ ခုတော့ သည်အတွေးကို သမီးကိုယ်တိုင်လည်း မတွေးနိုင်။ အစစအရာရာ နောက်ဆံတင်းလျက်။ အဖေ့မျက်နှာရိပ်ကို တစ်နေကုန်အကဲခတ်နေရသည်။ အဖေကား ၀မ်းနည်းဟန်ကိုပင် မပြပါတကား။  
အဒေါ်မိသားစု နှုတ်ဆက်ပြန်ကြလျှင်တော့ အိမ်၌သား အဖနှစ်ဦးသာ ကျန်ရသည်။ အဖေသည် ရေဒီယိုကို ဟိုလှည့်သည်လှည့်ဖြင့် ၀ရံတာက ခုံတွင် မြဲလျက်။ သမီးကို စကား မစ။ သမီးကလည်း အခန်းတွင်း၌ ခရီးဆောင်အိတ်ပြင်လျက်။ 

ခဏအကြာတွင်တော့ ၀ရံတာက ခွာသည့် အဖေ့ခြေသံကို ကြားရသည်။ ရေဒီယိုသံကမူ တိတ်ခဲ့ပြီ။ 
"သမီး ကော်ဖီလေး သောက်ဦးမလားဟေ့။ အဖေဖျော် လိုက်မယ်"
"သောက်တာပေါ့ဗျာ"ဟု ငယ်တုန်းကဖြေနေကျ လေသံနှင့်ဆိုတော့ အဖေ့ရယ်သံကို ကြားရ၏။
အဖေ့ ခြေသံတရှပ်ရှပ်သည် ဧည့်ခန်းကို ဖြတ်သွားသည်။ မီးဖိုခန်းတံခါးကို တွန်းဝင်သံ။ ငါ့နှယ်၊ ကော်ဖီလေး ကိုယ်တိုင်ဖျော်လိုက်ရမှာ။

ခရီးဆောင်အိတ်ကို အသာထားကာ မီးဖိုခန်းဆီသို့ သမီးလျှောက်လာသည်။ ကော်ဖီဘူး၊ သကြားဘူး စသည်တို့ ဖွင့်သံ၊ ကော်ဖီခွက်နှင့် ဇွန်းထိခတ်သံလည်း ပေါ်ထွက်မလာသေး။ အဖေ မမြင်မစမ်းများ ဖြစ်နေလေသလား။ မီးဖိုခန်းဝမှ အတွင်းသို့ သမီး ခေါင်းပြူကြည့်လိုက်သည်။
အဖေ...။

ခေါ်သံသည် ရင်ထဲမှသာ လှိုက်တက်လာသည်။ နှုတ်ဖျားသို့မူ ရောက်မလာ။ တစ်စုံတစ်ခုက ဆုပ်ဆွဲလိုက်သလို နှလုံးက ဆို့နင့်နာကျင်စပြုလာသည်။
အဖေသည် သမီးကို မတွေ့သေး။ ရှေ့သို့ ငေးလျက်။ သမီး အစီအရီတင်ထားခဲ့သည့်ဟင်းဘူးလေးများကို ထိတွေ့စမ်းသပ်လျက်။ အဖေ့လက်များကား တုန်ယင်စွာ။

စံပယ်ဖြူနု
ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၄

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More