သည်နေရာတွင် ချောင်းကလေး တစ်ခု ရှိခဲ့ဖူးကြောင်း ယခုမှ ရွာကို ရောက်ဖူးသူ ဆိုလျှင် ကျွန်မတို့ ပြောပြဖို့ လိုအပ်ပါမည်။
သူစိမ်းများ အဖို့ တွေ့မြင်ရမည့် ပစ္စုပ္ပန်မြင်ကွင်းမှာ စိမ်းလန်းသော မြက်ခင်းများ၊ သစ်ပင်ပျိုများ၊ ခြေတံရှည် အိမ်များ။ ချောင်းတစ်ခု ရှိခဲ့သော အမှတ်အသား ဘာမှ တွေ့ရလိမ့်မည် မဟုတ်ပါ။ ပြောပြမည် ဆိုလျှင်ပင် ယုံတမ်း ပုံပြင်လို့ ထင်ကောင်း ထင်ဦးမည်။ သို့သော် သည်နေရာတွင် ချောင်းကလေး တကယ် ရှိခဲ့ဖူးပါသည်။
အတိတ် တစ်ချိန်တုန်းကတော့ သည်နေရာ၌ ချောင်းကလေး တစ်ခု တသွင်သွင် တငြိမ့်ငြိမ့် စီးဆင်းနေခဲ့သည်။ ချောင်း၏ ရေဦးရေဖျား စတင်ရာသည် ကျွန်မတို့ရွာနှင့် တော်တော်ဝေးသေးသော နေရာ ဌာနများမှာ ဖြစ်သည်။ ရွာကို လွန်သွားလျှင်တော့ ရွာခုနစ်ရွာလောက်ကို ဖြတ်သွားသေးသည်။ ချောင်းကလေး၏ ဦးတည်ရာမှာ တာပိန်မြစ်၊ တာပိန်မြစ် စီးဝင်ရာကတော့ ဧရာဝတီ။ မြန်မာနိုင်ငံ၏ အလှဆုံးသော မြစ်တစ်စင်းထဲသို့ စီးဝင်သွားမည့် ရေတို့ကို သယ်ဆောင်သွားသည့် မထင်မရှား ချောင်းကလေး တစ်စင်း၏ ကမ်းနံဘေးမှာ ကျွန်မတို့ အိမ် ရှိခဲ့ပါသည်။ အိမ်သည် များစွာသော ကမ်းနံဘေးတို့တွင် တွေ့မြင်ရမည့် အိမ်များ၏ ပုံစံအတိုင်း ခြေတံရှည် အိမ်တစ်လုံး သာ ဖြစ်သည်။ ထရံကာ သက်ငယ်မိုးနှင့် ဘာ အဆောင်အယောင်မှလည်း ရှိသည် မဟုတ်သော အိမ်။ သို့သော် ထိုအိမ်တွင် ကျွန်မတို့အလွန်ပျော် ရွှင်စွာ နေထိုင်ခဲ့ကြဖူးသည်ကို အခုနေ ပြန်တွေး လျှင်ပင် တစိမ့်စိမ့်သတိရနိုင်ဆဲဖြစ်သည်။ သတိ ရတတ်သည့် အကြောင်းတရားများစွာထဲမှာ ချောင်းကလေးလည်း ပါပါသည်။
ကျွန်မတို့သည် မနက်ခင်းတိုင်းမှာ ချောင်း ထဲဖြတ်သွားတတ်ကြသည့် စက်လှေသံတို့နှင့် နိုးထရတတ်ပါသည်။ စက်လှေသံ တထုတ်ထုတ် ကို ကြားရခြင်း၊ စက်လှေဦး၌ ရေကို လှပစွာ ထိုးခွဲသွားခြင်း၊ ရေမှုန်တဖွားဖွား လွင့်စဉ်သော မြင်ကွင်းနှင့်အတူ ကမ်းနံဘေးသို့တိုင် လှိုင်းကြက် ခွပ်လေးများ ရိုက်ခတ်လာခြင်းတို့ကို မနက်ခင်း များနှင့်အတူ မှတ်မိနေပါသည်။
မနက်ဆိုလျှင် ကျွန်မတို့ စားရမြဲ ဖြစ်သည့် မနက်စာမှာ အမေ ကြော်ပေးသည့် ထမင်းကြော်နှင့် ကော်ဖီ။ စားစရာ၊ သောက်စရာ ပန်းကန်များကို ကိုယ်စီသယ်ကာ ကျွန်မတို့ မောင်နှမတစ်တွေ ၀ရန်တာမှာ စားတတ်ကြသည်။ သည်အခါများ မှာ စက်လှေတို့ ဖြတ်သွားသည်နှင့်ကြုံလျှင် မောင်နှစ်ယောက်က ၀မ်းသာအားရ လက်ပြတတ်ပေသည်။ စက်လှေပေါ်မှာ အဖေ့ အသိအကျွမ်းများ ပါမည် ဆိုလျှင်တော့ ရေဒီယို တစ်လုံးနှင့် ပက်လက် ကုလားထိုင်မှာ ရှိနေတတ်သော အဖေ့ကို သူတို့က အော်ဟစ် နှုတ်ဆက် သွားတတ်သည်။ အဲသည် မြင်ကွင်းများ၊ အသံများသည် နောင်နှစ်များစွာ ကြာသည့်တိုင် ကျွန်မ အာရုံမှာ စွဲထင်နေဆဲ။ နောင်တွင် ဘယ်လောက်ကောင်းသော မနက်စာကို စားရသည် ဖြစ်စေ ချောင်းရေပြင်ကို ငေးရင်း စားခဲ့ရသော မနက်စာများလောက် ကောင်းသည် မထင်တော့ပါ။
ကျွန်မတို့ချစ်သော ချောင်းကလေး၏ ရေမှာ ကြည်လည်းကြည်သည်။ အချို့နေရာများမှာ ရေက တိမ်သော်လည်း အချို့နေရာများမှာ နက် သည်။ ချောင်းသည် အချို့ နေရာများမှာ တငြိမ့်ငြိမ့်၊ အချို့နေရာများမှာ ရေစီးသံ ကြမ်းချင်ချင် ရှိကာ အကွေ့အ၀ိုက်များနှင့် စီးသွားတတ်ပေသည်။
ချောင်းကို ဖြတ်ထိုးထားသော တံတားမှာ ကျွန်မတို့ အိမ်နှင့် မျက်စောင်းထိုးလောက်တွင် ရှိပါသည်။ တံတားမှာ သစ်လုံးကြီးများ အခိုင် အခံ့နှင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည်။ ချောင်းရိုးတစ်လျှောက် ဘယ်ရွာနှင့်မဆို ယှဉ်ပြိုင် ရဲအောင်လည်း လှပါပေသည်။ တံတား အလယ်ပိုင်းမှာ ကြိုးတံတား ဆန်သည်ဖြစ်၍ လူအဖြတ် များသည့်အခါ တံတား လှုပ်ယမ်းတတ်သည်ကို ကျွန်မ ငယ်စဉ်တုန်းက ကြောက်ရွံ့တတ်ခဲ့သည်။
ကလေးဘ၀ တစ်လျှောက်တော့ ရွာမှာ ပွဲလမ်းကလည်း များလှသည်။ သီတင်းကျွတ် ဆိုလျှင် ရွာက စုစည်းလို့ ကတတ်သော ဇာတ်ပွဲများ ကြည့်ရတတ်သည်။ ပြဇာတ်များ၊ တေးသီချင်းများ၊ အငြိမ့်များ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် တကယ့် ဇာတ်ကြီးများ ကြည့်ရသည့်သဖွယ် ကြည့်ရတတ်သော ထိုပွဲများကို ကျွန်မ နှစ်ခြိုက်ခဲ့ ပါသည်။ ချောင်းတစ်ဖက်ကမ်းမှာ ကသည့် ဇာတ်ပွဲဆိုလျှင် အဘွားက ကျွန်မကို ကျောပိုးခေါ်တတ် သည်။ တံတားက အိပဲ့ အိပဲ့၊ ချောင်းရေက လရောင်မှာ တလဲ့လဲ့နှင့် အဘွား ကျောပေါ်က ကျွန်မကလည်း ဇာတ်ထဲမှာ ရခဲ့သော သီချင်းများကို တစ်ပိုင်းတစ်စ ဆိုလို့ပင်။
ချောင်း၏ သည်ဘက်ကမ်းမှာ နေကြသူများ အားလုံးသည်လည်း တစ်ဖက်ကမ်းက ပွဲခင်းဆီကို တံတားကို ဖြတ်ကာ သွားကြသည်။ အားလုံးသည်လည်း တေးသီချင်း တကြော် ကြော်။ ချောင်းကလေး တစ်ဝိုက်မှာလည်း အပျော်၊ ဂီတတို့ လွင့်ပျံ့ခဲ့သော ကာလများဟုပဲ ဆိုပါစို့။
နေ့ခင်းဘက်များမှာတော့ တံတားပေါ်ဖြတ်သူ နည်းလှသည်။ ချောင်းကလေးကတော့ တိတ် တိတ်ဆိတ်ဆိတ် စီးနေမြဲ။
မောင်ကလေးများက ချောင်းထဲမှာ အဖေတို့၊ အမေတို့ လစ်သည်နှင့် ရေဆင်းကူးချင်တတ် ကြသော်လည်း ဆယ်ကျော်သက် ဖြစ်လာတော့ ကမ်းနှစ်ဖက်ကို အပြန်ပြန် အလှန်လှန် ကူးတတ် ကြတော့သည်။ ကျွန်မကတော့ သူတို့လောက် ကူးနိုင်သည်မဟုတ်။ ပြီးတော့ နည်းနည်း ကြောက်တတ်သေးသည်။ သို့သော် ချောင်းထဲမှာ ရေကူးရခြင်းကိုတော့ ကျွန်မ နှစ်သက်ပါသည်။
အဲသည် ချောင်းလေးထဲမှာ ကျွန်မ ရေနှစ်ခါမျှ နှစ်ဖူးခြင်းကိုလည်း မှတ်မိ နေသေးသည်။ တစ်ကြိမ်ကတော့ ငယ်လွန်းသေးသည့် အရွယ်မှာ ဖြစ်သည်။ ထိုစဉ်မှာ ကျွန်မ အသက်ငါးနှစ်ပင် မပြည့် သေးဘူး ထင်သည်။ အိမ်ရှေ့ကမ်းမှာ ဆိုက်ကပ် ထားသည့် စက်လှေများပေါ် တက်ဆော့နေခဲ့တာ မှတ်မိသည်။ အဲသည်နောက် ရေထဲ ကုန်းကြည့်လျှင် ကြည်လင်လှသော ရေမှာ ကြံတစ်ပိုင်းကျ နေသည်ကို မြင်ရသည်။ ကြံသည် စားကောင်းမည့် အသွင်နှင့် အညိုရောင် စိုလျက်ရှိသည်။ ကျွန်မ စိတ်ထဲတွင် ရေကကြည်နေသည့် အတွက် သိပ်ပြီး နက်မည်မထင်ခဲ့။ နည်းနည်းလေး အားစိုက်လို့ ကုန်းလိုက်လျှင်ပင် မီမှာပါ။
“အဲဒီတုန်းက ဟင်းချက်ရင်းနဲ့ အိမ်ရှေ့ ထွက်လိုက်မိလို့။ နို့မို့ဆို သမီးကတော့ ရေမွန်း ပြီး သေမယ် ထင်တာပဲ။ အမေတွေ့တော့ ရေထဲမှာ ရုန်းကန်နေပြီ။ အော်လည်း မအော်ဘူး။ အနား မှာလည်း ဘယ်သူမှမရှိဘူး။ အပြေးအလွှား သွားဆင်း ဆယ်ရတယ်။ သမီးအဖေ ဆိုတာ အမေ့ကို ဆူလိုက်တာ”ဟု အမေက သတိတရ ရှိတိုင်း ပြောပြတတ်ပါသည်။
ငယ်တုန်းကတော့ ရေထဲ ဆင်းရမှာ နည်းနည်း ကြောက်လိုက်သေးသော်လည်း ရေမြင်လျှင် ပင် ပျော်တတ် လာကာ ချောင်းထဲ ရေဆင်း ချိုးရသည့် ညနေခင်းများကို သဘော ကျတတ်လာသည်။ အိမ်နှင့် မလှမ်းမကမ်းမှာ ရှိသော ရေချိုး ဆိပ်တွင် အမေနှင့် အတူ ချိုးသည့်အခါ ချိုးသည်။ တစ်ယောက်တည်း ချိုးသည့်အခါ ချိုးသည်။
ဆယ်ကျော်သက်ဘ၀တွင်တော့ ကျွန်မ ရေကောင်းကောင်း ကူးတတ်နေပြီ။ သည်အထဲက ဘာလို့မှန်း မသိဘဲ ရေတစ်ကြိမ် နစ်ရသေးသည်။ မှတ်မိသေးသမျှတော့ နေ့လယ်ခင်း တစ်ခုတွင် ရေချိုးချင်သည်နှင့် ချောင်းကလေး နံဘေးသို့ လာခဲ့သည်။ ရေကူးလို့ ကောင်းလိုက်သည်မှာ ပြောစရာ မရှိ။ ကူးရင်းနဲ့ လွန်လာခဲ့ရာ တော်တော်နက်သော ဘက်သို့ ရောက်လာသည်ကို မှတ်မိသည်။ သည်မှာပင် ကျွန်မက ကြမ်းပြင်ကို ခြေနှင့် ထိမိဖို့ ကြိုးစားလိုက်သည် ထင်ပါရဲ့။
နောက်တော့ တစ်ကိုယ်လုံး ရေအောက်ရောက်ပြီး ပြန်ပင် ရုန်းမတက် နိုင်တော့သည်ကို သတိပြုမိသည်။ သေတော့မှာပဲဟု အလန့်တကြား တွေးမိလာသည်။ အို သေလို့ ဘယ်ဖြစ်ဦးမလဲ။ အမေတို့က ငါသေသွားရင် ၀မ်းနည်းကြမှာပေါ့။ ပြီးတော့ အခုအချိန် အထိ မိဘကို ဘာမှပြန်မလုပ် ပေးနိုင်သေးဘူး။ ငါ လုပ်ချင်တာတွေလည်း အများကြီး။ ဟင့်အင်း မသေစေရဘူး။ နောက်တော့ ဘယ်ကဘယ်လို အားတင်းကြိုး ပမ်းမိသည် မသိဘဲ ခြေနှင့်မီသော နေရာသို့ ပြန်ရောက်လာသည်ကို တွေ့ရသည်။ မိဘကို သတိတရှိ မိသော ကျေးဇူးကြောင့်ပါပဲလို့ နောင်တွင် ပြန်ပြောင်း သတိရ တိုင်း ကျွန်မ တွေးမိရပါသည်။
အိမ်ကတော့ ချောင်းထဲတွင် ရေနစ်သည့် အကြောင်း ဘယ်သူမှ မသိ ကြပေ။ ပြောပြလိုက်လျှင် ရေထဲ မဆင်းရတော့မှာကို စိုးထိတ်ခဲ့သည်။ တစ်ခဏ ကြောက်စိတ် ၀င်သည်က လွဲ၍ နောက်ရက်များမှာ ချောင်းထဲ ဆင်းမြဲ။ မွေးချင်းဖော်လို ခင်တွယ်မြဲ။
နွေရာသီ၊ ဆောင်းရာသီများမှာ ခပ်အေးအေးသာ စီးဆင်းလေ့ရှိသော ချောင်းကလေးသည် မိုးရာသီ များမှာတော့ ရေပြည့်လာကာ ဒေါသတကြီး ကြမ်းတမ်း ချင်လာလေ့ ရှိလေသည်။ ချောင်းကမ်း တစ်ခုလုံး ပြည့်လျှံရုံမျှ မက ကမ်းနံဘေးရှိ အိမ်များ တစ်လျှောက်ပါ နစ်မြုပ်တော့သည်။ ကျွန်မတို့မှာ ကျောင်းနေစဉ်ကတည်းက မြို့မှာ ကျောင်းသွားတက် ရသည်ဖြစ်၍ မိုးရာသီ ကျောင်းဖွင့်ရက်များ၌ ဖြစ်တတ်သော ရေတက် ချိန်များကို သိပ်မကြုံဖူးပါ။ ရံဖန်ရံခါတော့ ကျောင်းပိတ်ရက် အတွင်း အိမ်ပြန်လာလျှင် ကြုံဖူးကြသည်။ အဲသည် ရေတက်ချိန် များသည်လည်း အနေရ အထိုင်ရ ခက်တာကို မေ့ထား တတ်မည်ဆိုလျှင် အမှတ်တရ များစွာထဲမှာ အပါအ၀င်ဖြစ်လာပါသည်။
လှေကားထစ်များ တစ်ထစ်ပြီး တစ်ထစ် ရေတက်လာလျှင် လူကြီးများ ကတော့ စိတ်ရှုပ်ကြမည်လား မသိ၊ ကျွန်မတို့မှာ လှေကားထစ်များပေါ် ထိုင်ရင်း ရေတဖွေးဖွေး၊ မိုးတအေးအေးကြားက ကိုင်ဇာရဲ့ သီချင်းကို မိုးရွာရင် မိုးရေ ချိုးမယ်က စလို့ အော်ဟစ် သီဆိုကြရသည်။ လှေကားအောက် ရေစပ်မှာ လက်နှင့် တတောက်တောက် အသံထွက်အောင် လုပ်ပြီး မျှော့ခေါ် တတ်ကြသည်။ အသံကြားသည်နှင့် မျှော့များ တတန်းတန်း ရောက်လာလျှင် လက်ပြန် ရုပ်ကာ ရယ်မောရသည်မှာလည်း အရသာ တစ်မျိုးပင်တည်း။
ကျွန်မတို့သည် ရေတက်တာနည်းသေးလျှင်တော့ အနီးအနားဝန်းကျင် ကို ရေများကြားက ဖြတ်ပြီးသွားနိုင်သေးသည်။ တိုင်များကိုပင် နစ်မြုပ်လာပြီ၊ လှေကားထစ် သုံး၊ လေးထစ်မျှသာ ကျန်မည် ဆိုလျှင်တော့ လှေနှင့်သာ သွားရတော့သည်။ ကျွန်မက လှေလှော် ကျွမ်းကျင်သူ မဟုတ်။ မောင်လေးက လှေလှော်လျှင်တော့ ၀မ်းသာအားရ လိုက်စီးတတ်လေသည်။
ရေပြန် ကျသွားချိန်များတွင် ချောင်းကလေးသည် အိမ်တိုင်များ နစ်မြုပ်သည် အထိ ရေတက်ခဲ့သည်မှာ သူ မဟုတ်သလို ဣနြေ္ဒ ရနေတတ်ပြန်သည်။ ရေပြင်မှာ တငြိမ့်ငြိမ့် ဖြစ်လာပြန်သည်။ ကမ်းစပ်က မြက်ပင်များ ပုပ်ကျန် ခဲ့သော အနံ့အသက်မှာ အိမ်အနီး တစ်ဝိုက်တွင် ပျံ့နေတော့သည်။ တခြားသူ များက နံသည် ပြောတတ်ကြသော သည်အနံ့ကို ကျွန်မက ဘာကြောင့်မှန်း မသိ သဘော ကျခဲ့ဖူးပါသည်။ နောင်နှစ်များစွာ ကြာသည့်တိုင် ရေမှော်များက ရသော ရနံ့စိမ်းရွှေရွှေကို ရှူမိလေတိုင်း ချောင်းကမ်းက ရေကျချိန်ရနံ့ကို ကျွန်မ ပြန်လွမ်းရသည်။
ချောင်းကလေးသည် ကျွန်မတို့ ကျောင်းစ တက်ရကတည်းက မြို့သို့ ပို့ရာမှာ ဇာတ်ကောင် တစ်ကောင်လည်း ဖြစ်လာပါသည်။ ရွာက ထွက်သော စက်လှေများနှင့် ကျွန်မတို့ လိုက်ကြရသည်။ စက်လှေများရေကို ခွဲ၍ အရှိန်နှင့် သွားခိုက် ကမ်းနံဘေး မြင်ကွင်းအား ငေးမော လိုက်ပါရခြင်းကို ကျွန်မ နှစ်ခြိုက်ပါသည်။
ထမင်းဆာမည် ဆိုလျှင်လည်း အမေ ထည့်ပေးလိုက်သည့် ထမင်းထုပ်များ ဖြေစားနိုင်သေးသည်။ မြို့ရောက်ခါနီး ခရီးသည် အားလုံး နီးပါး ထမင်း စားချိန်မျိုးနှင့် တိုက်ဆိုင်လျှင် သူ့ဟင်းကိုယ့်ဟင်း မျှစားနိုင်သေးသည်။ ဖက်နံ့သင်းသော ထမင်းဟင်းများကလည်း မြိန်လှသည်။ စားပြီးလျှင်တော့ သောက်ရေသည် ချောင်းရေသာ။ ချောင်းရေက အေးကာချိုမြဲ။ ရေသန့်ဆိုတာ ယောင်လို့မျှ မကြားခဲ့ဖူးသော အချိန်ပါပေ။ ဘာပဲဖြစ်ဖြစ် ချောင်းရေကြည် ကြည်ကတော့ ကျွန်မတို့ဝမ်းထဲ နှစ်များစွာ ၀င်ရောက်ခဲ့သည်မှာ တစ်ကြိမ်မှတော့ သူ့ကြောင့် မကျန်းမမာ မဖြစ်ခဲ့ဟု ထင်ပါသည်။
ချောင်းကလေးက ခွဲထွက်လို့ တာပိန်မြစ်၊ ထိုမှတစ်ဆင့် ဧရာဝတီထဲသို့ စက်လှေ ရောက်ရှိသည့် အခါ အပြောကျယ်ကျယ် လှပသော မြစ်ပြင်က ကျွန်မတို့ကို ဖမ်းစားတတ်သည်။ ဧရာဝတီ မြစ်ရေသည်လည်း ချိုကြည် လှတာကို ကျွန်မ စွဲလမ်းစွာ မှတ်မိပါသည်။
မြို့အသွားအပြန် ဧရာဝတီ၊ တာပိန်တို့နှင့် ချောင်းကလေးပေါ် ဖြတ်သွားရသည့် ရေလမ်းခရီးမှာ ကျွန်မတို့ မောင်နှမ တစ်တွေသည် အချင်းချင်း စနောက် ရယ်မောလျက်၊ ရံဖန်ရံခါလည်း တေးသီချင်း တကြော်ကြော်ဆိုလျက် လိုက်ပါ တတ်ကြသည်။ အခြားသူများ အိပ်ငိုက်ချိန်မျိုးတွင်ပင် မငိုက် မျဉ်းတတ်။ ရွှင်လန်းမြူးပျခဲ့သော အပူအပင် ကင်းသည့် အရွယ်များ။ အရာ ရာသည် ပြန်တွေးလျှင် လွမ်းဖွယ်သာတည်း။
သည်လိုနှင့် ကျွန်မတို့ချစ်သော ချောင်းကလေးနှင့် ခွဲခွာရဖို့ အချိန်သည် မမျှော်လင့်ဘဲ ဆိုက်ရောက်လာခဲ့ပါသည်။ အဲသည်နှစ်က ရေကြီးတာ အခါတိုင်းနှစ်ထက် ပိုသည်ကို မှတ်မိသည်။ သို့သော် အချိန်တန်လျှင် ပြန်ကျ သွားဦးမည်လို့သာ မှတ်ယူခဲ့ကြသည်။ ကျောင်းဖွင့် နေချိန်ဖြစ်သည့် အတွက် ချောင်းရေပြင်ကို ကိုယ်တိုင်မြင်ရသည်မရှိဘဲ တစ်ဆင့်စကားများနှင့်သာ ကြားကြရသည်။ ချောင်းက ရေပြင်အပြောကျယ်ကျယ် ဖြစ်နေသတဲ့။ ရေလည်း ကျမယ့်ပုံ မမြင်ဘူး။ မိုးကလည်း စွေနေတော့ ရေကို အားပေးနေပြီလို့ ဆိုကြသည်။ အရင်က ရေနစ် မြုပ်နေကျ အိမ်တွေအပြင် ရွာအတွင်းဘက် ကိုပါ ရေရောက်ချင်ပြီဆိုလား။
ကျွန်မတို့က ရွာပြန်ချင်ကြသော်လည်း မိဘများကလည်း ဘယ်လိုမှ ခွင့်မပြုပေ။ နောက်တော့ မြို့ကိုပင် မိဘများ လိုက်လာကြသေးသည်။
“ရေလမ်းကြောင်း ဖောက်ပြန်သွားတာ ထင်တာပဲ။ အခုက မိုးလည်း နည်းသွားပြီ။ ပုံမှန်က ရေကျရတော့မှာ မကျဘူး။ ဒီအတိုင်း ကြာနေပြီ။ ဒီကြားထဲတော့ ဘယ်လိုမှ ပြန်မလာနဲ့ဦး ကြားလား။ သီတင်းကျွတ် ကျောင်း ပိတ်ရက်လောက်မှသာ ပြန်လာတော့”ဟု အဖေက ပြောလေသည်။
စက်တင်ဘာလလောက်မှာလည်း ရေတစ်ကြိမ် ခပ်ကြမ်းကြမ်း တက်သေးသတဲ့။ သည်တစ်ကြိမ်ကတော့ ထိတ်လန့်ဖွယ် အခြင်းအရာများ ဖြစ်ခဲ့သော်လည်း ကျွန်မတို့ သိခွင့် မရခဲ့ကြ။ သီတင်းကျွတ် ကျောင်းပိတ်ရက်ရောက်လို့ အိမ်ပြန်ကြတော့မှသာ သိကြရသည်။ ထိုစဉ်မှာတော့ ချောင်းက ခြံစပ်နား အထိ ရေပြင်ကျယ် ဖြစ်နေသည်။ ချောင်းရေသည် ပုံမှန် စီးဆင်းနေသည့် ကျွန်မတို့ သိခဲ့ သော ချောင်းကလေးနှင့် မတူဟုလည်း ခံစားရသည်။
“အဲဒီ ရက်တွေတုန်းက အလောင်းတွေတောင် မျောလာတာပဲ။ ဘယ်သင်္ချိုင်းတွေကို တိုက်စားလာတယ် မပြောတတ်ပါဘူးကွယ်။ အိမ်နားမှာတောင် တစ်လောင်း လာကပ်နေလို့ လှော်တက်နဲ့ တွန်းထုတ်လိုက်ရတယ်” ဟု အမေ ပြန်ပြောပြသည့် အခါ အသည်း တအေးအေးနှင့် နားထောင်ကြရသည်။
ချောင်းကလေးသည် အခုတော့ အမြွှာ အစိတ်များ အခွဲ ခံထားရသည်ဟု ကျွန်မ စိတ်မှာ ခံစားရပါသည်။ အထက်ပိုင်းက စီးဆင်းလာသော ရေလမ်းကြောင်းသည် ကျွန်မတို့ရွာတစ် ၀ိုက်တွင် ပင်မ ချောင်းလမ်းကြောင်းက တစ်ခု၊ ရွာ့အပြင်ဘက် လယ်ပြင်တောဘက်မှာ တစ်ခု ဖွာထွက်ကာ နှစ်ဖက်ခွဲပြီး စီး၍နေသည်။ ရွာကို လွန်မှ ပြန်ပေါင်းဆုံတော့သည်။ ရေသည်လည်း အရင်လို သိပ်မကြည်တော့ဘူးဟု ထင်ရပါသည်။ ချောင်းကလေးသည် ကျွန်မတို့ကို မြင်လျှင် အသက် ရှိသူတစ်ယောက်လို ၀မ်းပန်းတနည်းတိုင် တန်းသည်ဟုပင် စိတ်ကူး ယဉ်ဆန်ဆန် တွေးခဲ့ဖူး ပါသည်။
ဘယ်လိုပင် ချောင်းကမ်း အနီးမှာ ပျော်မွေ့ခဲ့သည် ဖြစ်သော်လည်း ပြောင်းရွှေ့ရဖို့ ဖြစ်လာသည်။ ရေလမ်းကြောင်း အပြောင်းမှာ နောက်တစ်ကြိမ် ထပ်ပြီး သည်လိုကာလရှည်ကြာ ရေ တက်တာမျိုး ဖြစ်လာမှာကို မိဘများက တွေးပူကြသည်။ အိမ်သစ်၊ နေရာသစ်ပြောင်းဖို့ စီစဉ် တာကို ကြုံရလေသည်။ အဲသည် တစ်နှစ်အတွင်း မှာပင် အိမ်သစ်ကို ရွာအတွင်းဘက် စာသင် ကျောင်းအနီးမှာ ဆောက်ရသည်။ အိမ်သစ်တက် ပြီး များမကြာမီမှာ မောင်ကလေး တစ်ယောက် မမျှော်လင့်ဘဲ သေဆုံးသည်။ သည်အကြောင်း တော့ အကျယ်ချဲ့ မပြောလိုပြီ။ နာကျင်ဖွယ်များနှင့် နစ်မြုပ်ခဲ့ရသော ကာလများဟုသာ ဆိုချင်ပါ သည်။ ငယ်စဉ်ကတည်းက ကျင်လည်ခဲ့သော ချောင်းကလေး နံဘေးက အိမ်ကို ခွဲခွာရခြင်း၊ ချစ်သော မောင်ထွေးလေးကို ခွဲခွာရခြင်းကို ဒဏ်ရာများသဖွယ် အချိန် အတော်ကြာအောင် ကုစား ရသေးသည်။
သည့်နောက်တွင်တော့ ကျွန်မသည် မန္တလေး တက္ကသိုလ်သို့ ပညာဆက်လက် သင်ယူရန် ရွာကို နှုတ်ဆက်၊ မိသားစုကို နှုတ်ဆက်ရသည်။ ရေစီးသံ မသွက်လက်တော့ပြီဖြစ်သော ချောင်းကလေးကို နှုတ်ဆက်ရပါသည်။ ကျောင်း၌ ခိုကပ်ပျော်မွေ့ နေသည်ရယ်လို့ မဟုတ်သော်လည်း အိမ်ပြန်ချင်စိတ် နည်းပါးလှ သည်နှင့် အိမ်မပြန်ဖြစ်တာ နှစ်နှစ်ကျော်ပင်။ အိမ်နှင့် စာအဆက်အသွယ်သာ လုပ်ဖြစ်သည်။
တစ်နှစ်တွင်တော့ ပထမဆုံး အကြိမ် အိမ်ပြန် ဖြစ်ပါသည်။ ရွာပြန်မည့် စက်လှေ မရှိဘူး ဆို၍ ကျွန်မ အံ့သြရဆဲ ကားများ ပြေးဆွဲနေပြီ ဆိုသည်ကို သိရသည်။ ကားပေါ် လိုက်ပါလာမှပင် ချောင်းကလေး၌ စက်လှေများ ပြေးဆွဲရန် ခက်ခဲအောင် ရေနည်းနေပြီဟု သိရသည်။ မိုးတွင်းတစ်တွင်း သာ စက်လှေပြေး နိုင်တော့သည်တဲ့။
“ပြီးတော့ ချောင်းက လယ်ပြင်တောဘက် ကိုပဲ ရေများသွားပြီလေ”
ဟု အသိတစ်ယောက်က ပြောပြလေသည်။ ကျွန်မစိတ်ထဲ အံ့သြ နာကျင်လိုက်သည်မှာ နောက် ထပ်ပင် သည်လောက် မနာကျင်နိုင်တော့ဘူးထင် ပါသည်။ နှစ်များစွာ မြင်လာခဲ့ရသော ရွာ့အလယ်ကို ဖြတ်စီးနေသည့် ချောင်းကလေး လမ်းကြောင်း ပြောင်းသွားပြီ၊ ကောတော့မည်ဆိုသည်မှာ ကျွန်မ အဖို့တော့ ပုံပြင်တစ်ပုဒ်ကို နားထောင် ရသလိုသာတည်း။
ရွာကို ပြန်ရောက်ချိန်တွင်တော့ ကျွန်မသည် အိမ်အသစ်၌ ပစ္စည်းများ ချပြီးသည်နှင့် အိမ် အဟောင်းနေရာသို့ ထွက်လာခဲ့ပါသည်။ ချောင်းကလေး၏ နေရာသည် စိမ်းမြသော မြေပြင်နီးပါး သာဖြစ်နေပြီ။ သစ်ပင်များပင် ပေါက်နေပြီ။ အလယ်လောက်တွင်သာ မြောင်းလို ရေစီးကြောင်းလေး တွေ့ရတော့သည်။
ကျွန်မတို့ အိမ်ပြောင်းစဉ်က ကျန်ရစ်ခဲ့သည့် သစ်ပင်များ ကြီးထွား စိမ်းမြနေသည်ကို မြင်ရ သည်။ ကျွန်မနှင့် တစ်ချိန်တည်းလိုလို မွေးဖွားသည်ဟု ဆိုနိုင်သော ပျဉ်းမပင်သည်လည်း အခက်အလက်ဝေဆာ စိမ်းဆိုဆဲ။ သည်တုန်းကတော့ အိမ်များ မဆောက်ရသေး။ ချောင်းကလည်း လုံးဝကွယ် ပျောက်သည် မဟုတ်သေး။ သို့သော် သေခါနီး လူနာတစ်ယောက်ကို နှုတ်ဆက်ရသလိုပါ။တွေ့လိုက်ရသည့် မြင်ကွင်းကို စိတ်နာနာကျင်ကျင်နှင့် ငေးမောနေသည်မှာ မည်မျှ ကြာသွားသည်လဲ မသိ။ အိမ်ကလွှတ်၍ မောင်လေး လိုက်လာမှပင် ပြန်ဖြစ်တော့သည်။
တကယ်တော့ အတိတ်သည် အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ ပစ္စုပ္ပန်ကလည်း ပျော်စရာပေဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် နေရာသစ်သည် အသစ်သာဖြစ်သည်။ အဟောင်းကဲ့သို့ နွေးထွေးသော စိတ်ခံစားမှုများကို ပေးစွမ်းသည်မဟုတ်။ ပျော်အောင်နေကြရသည်သာ ပြောစရာရှိပါသည်။
“၁၉၈၀ ကနေ ၁၉၉၉ အထိ နေလာတာ နှစ် ၂၀ နီးပါးပေါ့။ တစ်ခါ တလေတော့ အိမ်ဟောင်းလေးကို လွမ်းလိုက်တာ”
ဟု အမေက လွမ်းလွမ်းဆွေးဆွေး ပြောတတ်သည်။ ကျွန်မကတော့ အဖေ့မိတ်ဆွေ တစ်ယောက် ရိုက်ကူး ပေးထားသည့် အိမ်အဟောင်း၏ ပန်းချီ ဆန်ဆန် ဓာတ်ပုံလေးကိုပဲ သတိရတိုင်း ကြည့်မိရပါသည်။
နောက်တော့လည်း ရွာကို နှုတ်ဆက်ထွက်ခွာ လာရပြန်သည်။ အလုပ် ၀င်ပြီးမှပင် ပြန်ရောက်တော့သည်။ သည်အချိန်မှာတော့ ချောင်းရှိခဲ့သော နေရာမှာ အိမ်များပင် အခိုင်အမာဆောက် ပြီးကြပြီ။ မြေသား ပကတိဖြစ်နေပြီ။ ရေဆို၍ အိုင်သေးသေးလေးပင် မရှိတော့ပါ။ ပျဉ်းမပင်ကြီးကိုတော့ ခပ်ငူငူ အသွင်ဖြင့် မြင်ရသည်။ သူ ကျွန်မကို စကားများ ပြောချင်လေသလား။
တံတားမှာလည်း ကုန်းခေါင်ခေါင်တွင် ထီးထီးသာ ရှိတော့သည်။ အသုံး မ၀င်တော့သည်ဖြစ်၍ မည်သူကမှ မမွမ်းမံတော့ရာ ဟောင်းအိုသော အသွင်ကိုသာ တွေ့ရလေသည်။ လူသား တစ်ယောက်လိုသာ ခံစားတတ် မည်ဆိုလျှင် တစ်ချိန်တုန်းက သူ့ကျောပေါ် နင်းဖြတ်သွားခဲ့ဖူးသည့် ခြေလှမ်း များစွာကို လွမ်းနေမည်ဟု ထင်ရပါသည်။ ရွာအလွန်မှာ စီးဆင်းသွားသည့် ချောင်းလမ်းကြောင်းကိုလည်း နွေရာသီမှာ ကောနေသည့် မြင်ကွင်း တစ်ခုလို မြင်ရပါသည်။ ရေက နည်းလှသည်။ အရင်လိုလည်း စက်လှေသံ တထုတ်ထုတ်ကို မကြားရတော့။ မြို့သွားလိုလျှင် လူငယ် လူလတ်ပိုင်းများက ဆိုင်ကယ်နှင့် သွားကြသည်။ လူကြီးများကတော့ ကားနှင့် သွားကြသည်။ ခေတ်ပြောင်းခဲ့ပြီ။
စက်လှေလည်း မစီးနိုင်တော့သည်ဖြစ်၍ တာပိန်မြစ်မှာ ရေဘယ်လိုရှိ လေသည်လဲ မသိရပေ။ သောင်များ ခပ်ကျယ်ကျယ် ထွန်းနေလေပြီလား မသိ။ မြို့ကို ရစ်ခွေစီးဆင်းနေသော ဧရာဝတီမြစ်ကိုတော့ သောင်များ ခြံရံလျက် တွေ့ခဲ့ရသည်။ မြို့၏ ကမ်းနှင့်နီးကပ်လာသော တစ်ဖက်ကမ်းက သောင်ခုံပေါ်မှာတော့ တဲအိမ်ငယ်တချို့ ဆောက်ထားတာ မြင်ရလေသည်။
သည်နေရာမှာ ချောင်းကလေး တစ်ခု ရှိခဲ့ဖူးကြောင်း မိတ်ဆွေများကို ကျွန်မတို့ ပြောပြဖြစ်တတ်ကြသည်။ သို့သော် သည်နေရာမှာ မြစ်တစ်စင်း ရှိခဲ့သည်ဟု ပြောခွင့် မကြုံသေး သည့်အတွက်တော့ လောကကို ကြံဖန် ကျေးဇူးတင်ရပါသည်။

စံပယ်ဖြူနု
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
3 comments:
ဒီချောင်းကလေးကို ဖတ်ချင်နေတာ အမြည်းနဲ့တင်း)
ချောင်းကလေးကို လွမ်းရာကရေးဖြစ်တဲ့စာ..:)
မြစ်တစ်စင်းရှိခဲ့ပါသည်ဟု ပြောခွင့်မကြုံချင်ပါ.....
Post a Comment