ချောင်းကလေး ပုံပြင်

သည်နေရာတွင် ချောင်းကလေး တစ်ခု ရှိခဲ့ဖူးကြောင်း ယခုမှ ရွာကို ရောက်ဖူးသူ ဆိုလျှင် ကျွန်မတို့ ပြောပြဖို့ လိုအပ်ပါမည်။ သူစိမ်းများ အဖို့ တွေ့မြင်ရမည့် ပစ္စုပ္ပန်မြင်ကွင်းမှာ စိမ်းလန်းသော မြက်ခင်းများ၊ သစ်ပင်ပျိုများ၊ ခြေတံရှည် အိမ်များ။

မြို့ကလေး နေမကောင်းပါ

ခုတစ်လော မြို့ကလေး နေမကောင်းပါ။ မြို့ကလေး သည်လို နေမကောင်းသည့် အကြောင်းကိုလည်း ကျွန်မ ကိုယ်တိုင်မြင်၍ သိရသည် မဟုတ်။

ထမင်းဆိုင်

တံခါးများစေ့ ပိတ်၍ ငြိမ်ချက်သား ကောင်းနေသော ထမင်းဆိုင်လေးကို စပြီး သတိထား မိသည့် ပထမတစ်ရက်၊ နှစ်ရက်မှာတော့ ကျွန်မ စိတ်ထဲ ထူးထူးခြားခြား မရှိလှပါပေ။.

အရိပ်ပျောက် ရှာသူ

အိမ်ကို လွမ်းတတ်သူချင်း ဆုံမိကြပြီဆိုလျှင် မိခင် ဘွဲ့လွမ်းချင်း၊ အိမ်လွမ်းချင်းများစွာ ကြားဖူးလှပြီ ဖြစ်သော်လည်း သူတစ်ယောက် ကတော့ဖြင့် ထူးကို ထူးလှသည်ဟု ကျွန်မ မြင်ပါသည်။

အိပ်မက်မက်သူ

ရိုး မလိုနှင့် ချစ်စဖွယ် ဖြစ်သော စုနှင်းဆီ ဆိုသည့် အမည်ပိုင်ရှင် မိန်းကလေးကို စတင် သိကျွမ်းရစဉ် အစဦး ရက်များ ကတည်းက သည် မိန်းကလေးမှာ သိုဝှက်သော စိတ်နှလုံး ရှိမည်ဟု ကျွန်မ အလိုလို တွေးထင်ခဲ့ဖူး ပါသည်။

Showing posts with label Short Story. Show all posts
Showing posts with label Short Story. Show all posts

ရေစီးထဲ စုန်ဆန်မျောပါ


လိပ်စာအရတော့ သည်တိုက် ပါပေ။
စာရွက်လေးပေါ် ချရေးလာ သောလိပ်စာကို သေချာအောင် ကျွန်မ နောက်တစ်ကြိမ် ဖတ်လိုက် ပါသည်။ တိုက်အမှတ်လည်း မှန်နေ ပြီ။ ညွှန်းထားသော စတိုးဆိုင်လေး သည်လည်း မြေညီထပ်မှာ။ ဒါဆို ခုနစ်လွှာအထိ တက်သွားရုံပေါ့။
ကျဉ်းမြောင်းသော လှေကား ထစ်လေးများပေါ် ခြေချနင်းတက် ရင်း ကျွန်မရင်ထဲ တငြိမ့်ငြိမ့်လှုပ်ခုန်စ ပြုလာပါသည်။ ကာလအချို့ကြာ အောင် ဝေးကွာခဲ့သော၊ တစ်ချိန် က စိတ်နှလုံးချင်း ရင်းနှီးနီးကပ်ခဲ့သော မိတ်ဆွေကို တွေ့ရတော့မည်မဟုတ် လား။ သူရှိသည့်လိပ်စာကို ပြီးခဲ့သည့် တစ်ရက်ကမှ အမှတ်မထင် ရခဲ့ပါ သည်။ လိပ်စာကို အမှတ်မထင် ရခဲ့သလို သူနှင့်ပတ်သက်သည့် ဝမ်းနည်းစဖွယ် သတင်းတစ်ခုကို လည်း မျှော်လင့်မထားသော ပုံစံမျိုး နှင့် ကြားနာခဲ့ရသည်။
ထိုခဏ၌ ကျွန်မစိတ်ထဲ နောင် တရမဆုံးသည်မှာ ဘာကြောင့်များ ကာလရှည်ကြာ သူနှင့် အဆက် အသွယ် မလုပ်မိပါလိမ့်။ သူက စဆက်သွယ်မလို ကိုယ်က စဆက် သွယ်မလိုနှင့် သူ့ဘဝ ကိုယ့်ဘဝများ ထဲ ကျင်လည်ရင်းက တဖြည်းဖြည်း ဝေးကွာမြဲဖြစ်သည့် မြို့ပြလူမှု ဝန်းကျင်သည် ကျွန်မတို့နှင့် အသား ကျခဲ့သည်လား မသိ။
ခုတော့ ကျွန်မ၏ စိတ်နှလုံး သည် မိတ်ဆွေကို သတိတရနိုးထခဲ့ ပြီ။ သည်အားလပ်ရက်၌ မတွေ့လျှင် လည်း နောင်တစ်ကြိမ် မတွေ့တွေ့ အောင်ရှာရန် စိတ်ပိုင်းဖြတ် ထားခဲ့ ပြီ။လှေကားထစ်လေးများပေါ် ကျွန်မ ဆက်၍ဆက်၍ နင်းတက်လာ ခဲ့ပါသည်။
***
ကျွန်မတို့သည် လွန်ခဲ့သော ငါးနှစ်ကျော်က လှည်းတန်းက အဆောင်တစ်ခု၌ စတင်ဆုံဆည်းခဲ့ ကြလေသည်။ မိန်းကလေးဆောင် သည် အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ် ကို အဆောင်ပြုလုပ်ထားသော ဈေးနှုန်းအလယ်အလတ်ရှိသည့် အဆောင်မျိုးပင်။ မိန်းကလေး အယောက်နှစ်ဆယ်မျှ နေထိုင်သော ထိုအဆောင်သို့ အဆောင်သူအသစ် အဖြစ် ထိုစဉ်က ကျွန်မရောက်ခဲ့ရ ၏။
သူနှင့်ပတ်သက်သမျှ ပြန်တွေး တိုင်း မှတ်မှတ်ရရ ဖြစ်ရသည်မှာ တော့ ကျွန်မသည် တွေ့စနေ့ရက်များ က သူ့ကိုထက် သူ့အခန်းကိုသာ စိတ်ဝင်စားခဲ့သည်ဆိုတာပင်။ သည် အကြောင်း သူ့ကိုပြောပြရန်လည်း ဘယ်တော့မှ ဝန်မလေးခဲ့။ကျွန်မ၏အဖြစ်မှာ အခန်းကို လိုချင်တပ်မက်ရင်းက အခန်းရှင် အပေါ် ရင်းနှီးလာရသော အဖြစ် သာ တည်း။ထိုအခန်းလေးသည် ကျွန်မ နေရသောအခန်းနှင့် နှစ်ခန်းကျော် မျှဝေးပါသည်။ တစ်ယောက်ခန်း ဖြစ်သော အဲသည်အခန်းကို ရောက် စကတည်းက စိတ်ဝင်တ စားဖြစ်ရ သည်။ ကျွန်မက တစ်ယောက်ခန်း မရသည့်အတွက် နှစ်ယောက်ခန်းသို့ ရောက်လာရသူ မဟုတ်လား။ အဆောင်တွင် တစ်ယောက်ခန်းမှာ ရှားရှားပါးပါး တစ်ခ န်းသာရှိလေ သည်။
ပြီးတော့ အခန်းကလည်း နှစ်ယောက်ခန်းနီးပါးကျယ်ကာ လေဝင်လေထွက်လည်း ကောင်း သေးသည်။ မြင်ရုံနှင့်ပင် နေချင် စဖွယ်။ အေးအေးလူလူ စာရေးလို့ ကောင်း မယ့် အခန်းမျိုးပဲ။သည်ကြားထဲ အဆောင်ရှင်က လည်း အားပေးလိုက်သေးသည်။ လောလောဆယ်နေတဲ့သူ ပြောင်း ရင် သမီးကို ထားပါမယ်တဲ့။ သည် တော့ ကျွန်မမှာ အဲသည်အခန်းရှေ့ ကဖြတ်တိုင်း အခန်းကို လှမ်းအကဲ ခတ်မိတတ်သည်။ အခန်းရှင်ရှိသည့် အရိပ်အယောင်မြင်လျှင်တော့ မျက် နှာခပ်လွှဲလွှဲပဲ။ သို့သော် စိတ်ထဲက သိလို သည်မှာ သူ ဘယ်တော့ပြောင်း မှာပါလိမ့်။
နောင်တစ်ချိန် ပြန်တွေးလျှင် တော့ ကျွန်မသည် မနာလိုစိတ်သက် သက်နှင့် သူ့ကို စိတ်ဝင်တစားရှိခဲ့ တာ ဖြစ်ပါသည်။ ငါနေချင်တဲ့အခန်း မှာ နေရတဲ့သူဟု သူ့ကိုတွေ့ လျှင် စိတ်ပေါက်ပေါက်နှင့် တွေးမိတတ် သည်။ ရေချိုးကန်မှာ တစ်ကြိမ်၊ နှစ်ကြိမ်တွေ့တော့ သူပြုံးပြသည်ကို အားနာပါးနာသာ ပြုံးပြလိုက်ရ၏။ စိတ်ထဲက ပါသည်မဟု တ်။ မျက်နှာ ကလည်း တင်းသယောင်ယောင်များ ဖြစ်နေမလားမသိ။
သူကတော့ အဆောင်သူသစ် က တစ်မျိုးပဲဟု ထင်ကောင်းထင် မည်။ သို့သော် ကျွန်မမှာတော့ ကိုယ့်အကြောင်းနှင့် ကိုယ်။သူသည် အသက်ဘယ်မျှရှိပြီဟု အတိအကျမ မှန်း သာ။ အရပ်ပုပျပ် ပျပ်၊ အသားညိုညို။ မျက်နှာသွင်ပြင် သည် ကြည့်ကောင်းသော အမျိုး အစားထဲမှာလည်း မပါသလို တစ်ခု ခုမှတ်ချက်ချချင်စရာ အသွင်လည်း မဟုတ်ပါ။ ခြုံပြောရလျှင်တော့ သာမန် မိန်းမတစ်ယောက်ဟုသာ ဆိုပါစို့။
သူ့ကို တစ်ဆောင်လုံးက မမ ဟု ခေါ်ကြသည်ကိုတော့ နှစ်ပတ် ကျော်မျှကြာလျှင် အကြားနှင့်သိလာ ရပါသည်။ သူ့နာမည်အရင်းကို တောင် အားလုံးက ဝေဝေဝါးဝါးပဲ ဆိုလား။ ဘယ်သူက စခေါ်မှန်းမသိ ဘဲ မမဟူသော အခေါ်သည်ပင် တွင်နေသည်တဲ့။”မမက အဆောင်မှာ အသက် အကြီးဆုံးပဲလေ။ ၄ဝ ပတ်ဝန်းကျင် ရှိပြီထင်တာပဲ” ဟု အခန်းဖော်က ပြောပြတော့ ကျွန်မ အံ့သြရသည်။ မိန်းကလေးဆောင်မှာ သည်အသက် အရွယ်အထိ ဘာကြောင့်များ ရှိနေ သည်လဲ။ အဆောင်သည် မဖြစ်၍ သာေ နရသော ကျွန်မအတွက်တော့ နေပျော်ရာအရပ် မဟုတ်ပါပေ။
တိတ်တိတ်ဆိတ်ဆိတ်သာ နေချင်သူ ကျွန်မသည် အဆောင်၌ သူတကာ စကားသံဆူညံနေလည်း မပြောသာ။ သီချင်း မနားတမ်းဖွင့်သူ ကိုလည်း အသံနည်းနည်းတိုးပါ လား ဟု ည ၁ဝ နာရီကျော်မှ သွားပြောရဲ သည်။ ညဥ့်နက်မှ စာဖတ်စာရေးလုပ် ကာ အိပ်ရာဝင်နောက်ကျသော ကျွန်မမှာ မိုးအလင်းအိပ်တတ်သည် နှင့်အမျှ နံနက်စောေ စာထထတ် သော၊ နိုးလာသည်နှင့် စကားသံညံ တတ်သော အဆောင်သူအချို့နှင့် သဟဇာတမဖြစ်လှပါပေ။အပြင်ပန်းကသာ ရန်မများလို ၍ ပြုံးနေရမည်။ သည်လို ကိုယ်နှင့် စရိုက်မတူသူများ ကြုံရသည့်အခါ စိတ်ပျက်လှတာ ဝန်ခံရပေမည်။ သူ့လိုတော့ အဆောင်တွင် အသက် ၄ဝ နီးပါးအရွယ်၌ နေနိုင်မည် မဟုတ်။
”သူ ဘယ်တော့ပြောင်းမယ် ကြားသလဲဟင်”
တစ်ရက်တွင် အခန်းဖော်ကို ကျွန်မ စပ်စပ်စုစု မေးမိပါသည်။
”ဘယ်ကလာ၊ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်း သွားမယ်။ မမက မပြောင်းဘူးရယ်၊ သူ့အဆောင်သက် ဘယ်လောက်ရှိပြီ မှတ်လို့တုံး၊ ဒီအဆောင်မှာ။ ခုနစ် နှစ်နော် ခုနစ်နှစ်”
ခုနစ်နှစ် …။ အင်း … နည်းနည်းနောနော အဆောင်သက် မဟုတ်ပါလား။
ဒါကြောင့်သာ အဆောင်ရှင် အန်တီက သူ့ကို ရင်းနှီးလှတာဖြစ် ပေမည်။ အဆောင်သက်ကြာသူ၏ အခန်းကိုမှ ကျွန်မကို မျှော်လင့်ချက် ပေးလိုက်သေးသော အဆောင်ရှ င် ကိုလည်း အံ့သြမနေချင်တော့ပြီ။ အခန်းကိုလည်း မျှော်မနေချင်တော့ ပြီ။ကျွန်မနေရသော နှစ်ယောက် ခန်းသည်လည်း သူ့အတိုင်းအတာ နှင့်သူတော့ အဆင်ပြေ သည်မဟုတ် လား။ အခန်းဖော်ကလည်း စာကျက် ရန်သာ အာရုံရှိတတ်သော ခပ်အေး အေးမိန်းကလေးမျိုးပါ။ ဘေးအခန်း က မိန်းကလေးများ၏ ဆူညံတတ် သော အသံတို့ကို မေ့ထားနိုင်လျှင် တော့ ကျွန်မ အခန်းလေးကလည်း နေပျော်စဖွယ်။
သည်လိုနှင့် အခန်းကိစ္စကို တဖြည်းဖြည်းမေ့လျော့စ ပြုလာပါ သည်။ သူနှင့် ပြုံးပြနှုတ်ဆက်နိုင်ပြီ။ နှုတ်ဆက်စကားတစ်ခွန်း နှစ်ခွန်းမျှ ပြောကြသည့် အဆင့်ရှိခဲ့ပြီ။ သည့် ထက်တော့ ပို၍အကျွမ်းတဝင် ဖြစ် လာမည်မထင်ခဲ့တာ ဝန်ခံရမည်ပင်။ သူသည် တွေ့လိုက်တိုင်း ရယ်မော ပျော်ရွှင်နေတတ်သည်မို့ အလိုလိုနေ ရင်း ရယ်စရာရှာနေသူ ဟု ကျွန်မ စိတ်ထဲ ဆန်းနေ၏။ ခင်မင်လိုစိတ် လည်း မဝင်။ သည်အတိုင်းသာ ခပ်ကင်းကင်းနေခဲ့ပါသည်။သို့သော် တစ်ရက်တွင်တော့ သူနှင့် ရင်းနှီးကျွမ်းဝင်ရဖို့ ကံက ဖန်လာခဲ့သည်။ ထိုနေ့သည် ရုံးအား လပ်ရက် တနင်္ဂနွေနေ့ဖြစ်သည်ဆို တာ ကျွန်မ မှတ်မိ၏။
ထိုနေ့နံနက်ခင်းက ကျွန်မ သည် အိမ်နှင့်ဖုန်းပြောရသည်။ အိမ်အပေါ်ထပ်က အန်တီ့အခန်း မှာ ဖုန်းပြောပြီး အခန်းထဲပြန်ရောက် တော့ ကျွန်မ၌ အင်အားမဲ့နေသည် သို့ ခံစားချက်က စီးဝင်လာပါသည်။ အမေ နေမကောင်းဘူးတဲ့။ သည် စကားသံကိုသာ တသသကြား ယောင်နေသည်။ အမေသည် ကျွန်မ ထံ ဖုန်းပင်လာမပြောနို င်။ နှစ် ခြံ ကျော်မှာရှိသော အိမ်သို့ အဖေက ဖုန်းလာကိုင်ရှာသည်။စိတ်မပူနဲ့ဆိုသော အဖေ့စကား သံကို ယုံကြည်သော်လည်း ကျွန်မ ဝမ်းနည်းမဆုံး။ အမေ နေမကောင်း ချိန်၌ သမီးကို မည်မျှလွမ်းဆွတ်နေ မည်လဲ။ ဘယ်သူပဲ ပြုစုသည်ဆိုဆို သမီးလုပ်သူကိုတော့ အမေ လွမ်း နေမှာပဲ။
ကျွန်မသည် ခုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ခွေခေါက်လဲနေ မိ၏။ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်ကို မတားလိုတော့ပြီ။ ရှိုက်သံများ ထွက်လာလျှင် လက် ဝါး  နှင့် အုပ်ကာရသည်။ အခန်းဖော် မရှိသည့်အတွက် အောက်ထပ်တွင် လူရှင်းနေသည့်အတွက် တစ်ချက် တစ်ချက် ထွက်ကျလာသေးသော ရှိုက်သံများကိုတော့ တား မနေတော့ ပါပေ။
သည်မှာပင် တံခါးခေါက်သံ သဲ့သဲ့ထွက်ပေါ်လာပါသည်။ အခန်း ဖော်များ ပြန်လာလေသလား။ မျက် ရည်များကိုတို့သုတ်ကာ ကျွန်မ တံခါးဖွင့်ပေးရသည်။ သို့သော် အခ န်းဖော် မိန်းကလေးမဟုတ်။ တံခါးဝ၌ ရပ်နေသူမှာ မမပါ တကား။
”အားတော့ နာတယ် တံခါး လာခေါက်ရတာ။ ကိုယ် ဘာကူညီ ရမလဲဟင်။ ဟိုလေ မင်းအခန်းရှေ့က ကိုယ်ဖြတ်နေတာ နှစ်ခါရှိပြီ။ တံခါး ခေါက်ရမလား၊ မခေါက်ရဘူး လား စဉ်းစားနေတာနဲ့”ကျွန်မသည် မျက်ရည်များ စိုနေမည့် မျက်နှာနှင့်ပင် ယောင် ကန်းကန်း ပြုံးပြလိုက်ပါသည်။”ရပါတယ် မမရယ်။ ဘာမှ မဟုတ်ပါဘူး။ အမေ နေမေ ကာင်း ဘူးဆိုလို့။ စိတ်တော့ မပူရဘူး ပြော တာပဲ။ ဒါပေမဲ့ ကျွန်မက အဝေးမှာ မို့လား”သူကလည်း အခန်းထဲ မဝင်။ ကျွန်မကလည်း ဝင်ဖို့ပြောရန်မေ့နေ ပါသည်။
‘သြော် … စိတ်မကောင်း မဖြစ်ပါနဲ့ ညီမရယ်။ ဒီမှာလည်း သူလိုကိုယ်လိုပဲ အိမ်နဲ့ဝေးနေတဲ့ သူတွေ အများကြီးပဲ။ ငါတစ်ယောက် တည်း မဟုတ်ဘူးလို့သာတွေးပါ ကွယ်” ဟုဆိုကာ ကျွန်မပခုံးကို တစ်ချက်မျှ ဖျစ်ညှစ်လိုက်၏။
သူ့နှုတ်ခမ်းတွင်ကား နှစ်သိမ့် သော၊ စာနာသော အပြုံး။ သူ့မျက် နှာတွင်လည်း မေတ္တာနှင့် နူးညံ့သိမ် မွေ့နေသည်ကို ကျွန်မ မြင်ရပါ သည်။
”မင်းဝမ်းနည်းတိုင်း ငါ တစ်ယောက်တည်း ဒီလိုကြုံရတာ မဟုတ်ဘူးလို့သာတွေး၊ ငါ့ထက် ဝမ်းနည်းစရာဘဝတွေတောင် ရှိနိုင် တယ်လို့တွေး သိလား”
သူကပဲ နှစ်သိမ့်တတ်တာလား၊ ကျွန်မကပဲ အမှန်ကို မြင်သွားသည် လားမသိ။ သူ နှုတ်ဆက်၍ ထွက် သွားသည့်နောက် မျက်ရည်မကျဖြစ် တော့။ အမေ့ကို ရည်မှန်းမေ တ္တာပို့ ရင်း လူကလည်းပဲ နည်းနည်းတော့ စိတ်လက်ပေါ့ပါးလာပါသည်။ ညနေပိုင်းတော့ အခန်းဖော် ပြန်ရောက်လာလျှင် ကျွန်မသည် နံနက်ပိုင်းက အဖြစ်လေးကို ဘာ ရယ်မဟုတ် ပြန်ပြောပြမိပါသည်။ မမအပေါ် ကျွန်မ ခင်မင်စိတ်ဝင် လာသည့်အကြောင်းဖြစ်၍ ပြောပြ ခဲ့မိတာပင်။
”ငါ့ထက် ဝမ်းနည်းစရာဘဝ တွေတောင် ရှိတယ်လို့တွေးလို့ အား ပေးမှာပေါ့ကွယ်၊ သူက မိဘလည်း  မရှိတော့ဘူးလေ။ အစ်မ တစ်ယောက် တည်း ရှိတာ။ အဲဒီ အစ်မနဲ့က လည်း သိပ်အနေမနီးဘူးဆိုလား။ သူက တကယ်ကို တစ်ယောက်တည်း သမားကိုး”အခန်းဖော်၏စကားကို ကြား ရချိန်မှာတော့ ကျွန်မတွင် ပြောစရာ စကားများ ပင် ပျောက်ဆုံးသလို ဖြစ် လာပါသည်။ သူ့ကို တစ်ပြန်တစ် လှည့် စာနာစိတ်ဝင်လာ၏။ ကျွန်မ ကို အားပေးစဉ်ကပြောခဲ့သောစကား များသည် စင်စစ်တော့ သူ့နှလုံးအိမ် ထဲက ထွက်ကျလာတယ် ထင်ပါ သည်။
ငါ့ထက် ဝမ်းနည်းစရာဘဝ တွေတောင် ရှိနိုင်တယ်လို့တွေး..။ ကျွန်မသည် သူ့စကားသံကို ပြန် ကြားယောင်လာ၏။ ကျွန်မကို နှစ်သိမ့်နေသော ခဏ၌ မေတ္တာနှင့် နူးညံ့ေ နသော မျက်နှာကိုလည်း ပြန်မြင်ယောင်လာပါသည်။ ဟို ယခင်ကတော့ သူ့မျက်နှာကိုစေ့စေ့ ကြည့်ဖူးသည်မဟုတ်။ အဆောင်သူ များက ဝိုင်းဝန်းခင်မင်နေကြသည်ကို ပင် အံ့သြသည်ကလွဲ၍ စိတ်ဝင် တစား စကားဆိုလိုခဲ့သည်မဟုတ်။ ခုတော့ ကျွန်မ၏ စိတ်နှလုံးသည် သူနှင့်ရင်းနှီးလာသလို ခံစားလာရ ပြီ။
နောက်ရက်များတွင်တော့ ထိုစိတ်နှလုံး၏ ယုံကြည်ရာက တွန်း ပို့သည်ဖြစ်၍ သူနှင့်လျင်မြန်စွာ နီးကပ်လာခဲ့ပါသည်။ ကျွန်မတို့သည် အလုပ်သွားရန် ကားမှတ်တိုင်သို့ သွားချိန်တွင် အဆောင်မှအတူထွက် ကြသည်။ လမ်းထဲက လက်ဖက်ရည် ဆိုင်မှာ နံနက်စာအတူစားတတ်ကြ သည်။ လက်ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းက ထမင်းဆိုင် မှာ ထမင်းဘူးထဲ နေ့လယ်စာအတွက် ထမင်းနှင့်ဟင်း ဝယ်ဖြည့်ကြသည်။ ဒါသည် ကျွန်မတို့၏ နံနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ ဖြစ်လာပါ သည်။
ညနေပိုင်းများတွင်တော့ ပြန် ရောက်ချိန်က မတူသည်မို့ ကိုယ့် အစီအစဉ်နှင့်ကိုယ်သာ။ သူနှင့် အနီးကပ်နေမိသည်နှင့်အမျှ သူ့စိတ် ထဲသို့ ကျွန်မ မှန်းမြင်တတ်လာပါ သည်။  လောကတွင် စိတ်နာကျင် ဖွယ်တို့ကို လက်ခံခဲ့ရသမျှ အဖြစ် အပျက်အားလုံးကို ရယ်စရာအသွင် ဖြင့်သာ ကျော်ဖြတ်တတ်တော့သည် ကိုလည်း နားလည်လာ ခဲ့သည်။ ယခင်က ပျော်ပျော်နေတတ်လွန်းသူ ဟု အဆိုးမြင် မြင်မိတော့မတတ် ဖြစ်ခဲ့ဖူးသည်ကိုပင် အားနာလာခဲ့ရ ပါသည်။
ကျွန်မ မက်မောခဲ့ဖူးသော အခန်းလေးထဲသို့ ရောက်စနေ့မှာပင် တစ်ချိန်က သူ့အပေါ် မြင်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်းပင် ပြောမိသည်။ သူကတော့ ထုံးစံအတိုင်း ရယ်မော လျက်သာ။ အခန်းလေးအပေါ် ကျွန်မ လိုချင်တပ်မက်ပုံကို ကြားရ တော့လည်း ရယ်မောမဆုံး။
”ကိုယ်က အဆောင်ဆွေးကြီး မှန်းသိတော့ အခန်းမရတော့ပါဘူး ဆိုပြီး စိတ်ပျက်မသွားဘူးလား”
”ဟာ ဘယ်နေမလဲ စိတ်ပျက် တာပေါ့” ဟု ဆိုလျှင် သူ့ရယ်သံမှာ အခန်းပြင်ပင် လျှံထွက်နေတော့ သည်။
”အခုကော ဆိုစမ်းပါဦး။ ကိုယ့် အခန်းရချင်သေးလား”
”မလိုတော့ပါဘူးလေ။ အခု ကျွန်မ နှစ်ခန်းစလုံး စိတ်ကြိုက်နေ နိုင်တာပဲဟာ။ မမအခန်းလည်း တံခါးမရှိ ဝင်နိုင်တာပဲ တော်ပြီ”
ကျွန်မသည် ထိုအခန်းလေးသို့ ညချမ်းတိုင်း ခဏတော့ဖြစ်ဖြစ် ရောက်တတ်သည်။ သူ့အခန်းလေး မှာ ခုတော့ ကျွန်မနှင့် ရင်းနှီးနေပါ ပြီ။ အခန်းမှာ အမြဲလိုရှင်းလင်းသပ် ရပ်နေသည်။ အိပ်ရာကအစ အဝတ် အစားလေးများ ချိတ်ထားပုံအဆုံး သပ်သပ်ရပ်ရပ်ပင်။ စာအုပ်ကလေး များကို အစီအရီထားပုံမှာလည်း ကျွန်မနှင့် ကွာလှပါပေသည်။ ပြီး တော့ ဘုရားစင်ကို အခန်းထဲ၌ တရို တသေထားသူ၊ သစ်သီး၊ ပန်း အစဉ် ဆက်ကပ်သူ။ သူ့အခန်းထဲရောက် လျှင် ကျွန်မစိတ်မှာ အေးချမ်းနေရ တတ်ပါသည်။
ကျွန်မတို့သည် အသက်အရွယ် ချင်းကွာသော်လည်း စိတ်နှလုံးတူ၊ အမြင်တူသည်မို့ စကားဆိုရာတွင် အဆင်ချောလှ၏။ စာအကြောင်း လည်း ပြောကြသည်။ သူက ရသ စာပေကို စွဲလမ်းသူ။ စာအုပ်များကို လည်း စုဆောင်းတတ်သူ။ သည့် အပြင် ရုပ်ရှင်များကို ထူးထူးခြားခြား နှစ်သက်သူ။နေပြည်တော် ရုပ်ရှင်ရုံတွင် ဇာတ်ကားသစ်လဲ တိုင်း ကျွန်မက အဖော်လိုက်ပေးရသည်။ စာအုပ်ဆိုင် များတွင် အေးအေးလူလူ စာအုပ်ရှာ ချင်လျှင် အတူပါရသည်။ အတူသွား လာတိုင်း သဘောကျရမည်လား အံ့အား သင့်ရမည်လား မဆိုနိုင်သော သူ့အမူအကျင့်များကို ကြုံရတတ် ပါသည်။ သူသည် လိုင်းကားကြပ် လည်း ကျွန်မလို ညည်းညူတတ်သူ မဟုတ်။
ပိုက်ဆံအိတ်ထဲ ငွေနည်းနေ လျှင်လည်း အားငယ်နေတတ်သူ မဟုတ်။ အဝတ်အစားသစ် မဝတ်နိုင် လျှင်၊ ဖိနပ်အသစ်မလဲနိုင်လျှင် မျက်နှာငယ်တယ် ထင်တတ်သူ မဟု တ်။ သူ့တွင် ပိုက်ဆံတော်တော် နည်းနေပြီဆိုလျှင် ကျွန်မ ကျွေးသည် ကိုလည်း မစားတော့ပါ။ ကိုယ်မှ ပြန် မကျွေးနိုင်သေးဘဲတဲ့။ စားလျှင်လည်း သူ့ကိုယ်တာကို အတင်း ရှင်းတတ်ပါ သည်။ သို့ပေမယ့် လကုန်ရက် ငွေပြတ်တုန်း ရုပ်ရှင်ပြမည်ဆိုလျှင် တော့ လိုက်ကြည့်တတ်ပြန်သည်။
”ကိုယ်က မျိုသာမကျတာ။ မျက်လုံးနဲ့တော့ ရတယ်လေ” ဟုဆို တော့ ကျွန်မမှာ ရယ်မောရပါ သည်။တစ်ခါတစ်ရံတော့ သူ့ဘဝ ဇာတ်ကြောင်းများကို မမေးဘဲ မနေနိုင် တစ်ခွန်းစ နှစ်ခွန်းစမေးမိ တတ်ပါသည်။ သူသည် စိတ်လို လက်ရရှိလျှင်တော့ သည်အကြောင်း များကို သိုင်းဝိုင်းပြောပြတတ်ပြန် သည်။
”ကိုယ့်အစ်မက ရန်ကုန်မှာတင် နေတာပဲ။ ကိုယ်က သူ့ကိုချစ်တော့ ချစ်ပါတယ်လေ။ ဒါပေမဲ့ သိပ်မသွား ပါဘူး သိတယ်မို့လား။ သူကလည်း စီးပွားရေးသိပ်အဆင်မပြေ၊ သား သမီးတွေနဲ့ ပတ်ချာလည်နေတုန်း ကိုယ့်ကိုမြင်ရရင် မောမှာစိုးလို့။ ကိုယ့်ကို သူပြန်မကြည့်နိုင်ဘူးလို့ စိတ်မကောင်းမဖြစ်စေချင်တာ”
”မမကလည်း ကိုယ့်မှာ ဒီအစ်မ လေးတစ်ယောက်ပဲ ရှိတဲ့ဟာ။ အဆက်အသွယ်တော့ လုပ်ပေါ့”
”လုပ်ပါတယ် ဖြူဖြူရယ်၊ ကိုယ် ဖုန်းဆက်ပါတယ်”
သြော်ဟု ကျေနပ်စွာရေရွတ်ဆဲ နှစ်လလောက်နေရင် တစ်ကြိမ်ပေါ့ဟု ဆိုတော့ ကျွန်မမှာ ရယ်ပဲရယ်ရမလို ပင့်သက်ပဲရှိုက်ရမလို။
”သူက သိပ်စိတ်ပျော့တာ။ ကျန်းမာရေးကလည်း သိပ်ကောင်း တာ မဟုတ်ဘူး။ တစ်ခုခုဆို ကိုယ်က ဟန်ဆောင်နေရတယ်။ သူ့ရှေ့ဘာမှ မညည်းရဲဘူး။ ကိုယ်ကလည်း   နေတတ်ပါပြီလေ။ အမေဆုံးပြီဆို ကတည်းက စိတ်ကိုထားတတ်အောင် ထားပြီးနေလာတာပဲ။ ၁၅ နှစ်နီးပါး ရှိပြီ ကိုယ့်မှာ မိဘရယ်လို့ အားကိုး စရာမှ မရှိတော့တာ။ အခုထိ ကိုယ် ဘယ်သူ့မှတော့ အားမကိုးခဲ့ရဘူး။ အားလည်း မကိုးချင်ဘူး။ ကိုယ့် ကြောင့် ဘယ်သူမှ ဝန်မလေးစေချင် ဘူးလေ။ လောကမှာ တစ်ယောက် တည်းလည်း ကိုယ်ပျော်အောင် နေ တတ်ပါတယ်”
”အဆောင်မှာ ညီမတွေ အများ ကြီးပဲဟာ မမကလည်း” ဟုဆိုတော့ သူက ရယ်မောပြန်၏။
”ဟုတ်ပါတယ်ကွယ်၊ ကိုယ့်ကို ခင်ကြတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ခုကတည်းက ကြိုပြောထားရမယ်။ ဘယ်ကိစ္စကိုမဆို ကိုယ်မပြောလို့ မသိရင် စိတ်မဆိုးနဲ့။ ငါ့ကို မခင် ဘူး လို့တော့ မတွေးလေနဲ့။ ကိုယ်က စကားအကုန်ပြောမှာ မဟုတ်ဘူး။ အပူတွေကို ကိုယ်လည်း လက်မခံ ဘူး။ လက်ခံခဲ့ရင်တောင် မိတ်ဆွေ တွေကို ထပ်မပေးချင်ဘူး”
သူ့မျက်နှာက အပြုံးတစ်စကို ငေးကာ ကျွန်မ ခေါင်းညိတ်ခဲ့ရပါ သည်။
သည်လိုစကားများကို နာယူ ကာ ကျွန်မသည် သူအလုပ်အဆင်ပြေ လေသလား၊ လူမှုရေးအဆင်ပြေလေ သလားစသည်ဖြင့် မေးခွန်းထုတ်ခြင်း ကင်းခဲ့ပါသည်။ ကျွန်မ သည် မိတ် ဆွေစစ်သာ ဖြစ်လိုခဲ့၏။ အခန်းဖော် ကတော့ မှတ်ချက်ပေးသည်မှာ ညီအစ်မလိုပဲတဲ့။ ပြောခဲ့ဖူးသော စကားများ အတိုင်းပင် သူသည် ဘဝ၏အချိုး အကွေ့အ ချို့ကို နောက်ကျမှပင် ကျွန်မကို အသိပေးခဲ့ဖူးပါသည်။ ကျွန်မအတွက်တော့ ကြားရသည်မှာ ပင် စိတ်နာကျင်ဖွယ်။ သို့သော် သူ ဘယ်လိုများ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါ လိမ့်။ ဖွင့်ပြောစရာလူမရှိပါဘဲ ရင်ထဲ ဘယ်လို သိုဝှက်ခဲ့ပါလိမ့်။ နောက်ကျ မှ သိခွင့်ရရချည်ရယ်လို့ အပြစ်မဆို သာ။ ဒါသည် သူ့အမူအကျင့်ပေ ပဲ။တစ်ကြိမ်ကတော့ သူ စိတ်နှ လုံး တည်မီရာ၊ သို့သော် ချစ်သူဟုဆိုသင့် သည်လား မသေချာသော လူ တစ်ယောက်ကို လက်လွတ်ရချိန်ပင်။ ကျွန်မသည် သူနှင့်ခင်မင်ရင်းနှီးသည့် ကာလတိုအတွင်း အဲသည်တစ်ယောက် အကြောင်းကို သိပ်မကြားဖူးဘူး ထင်သည်။ သူပြောခဲ့ဖူးသလား ပြန် စဉ်းစားတော့ မရေရာ။ ညနေခင်းက အောင်နဲ့တွေ့နေလို့လေဟု တစ်ကြိမ်   တော့ ပြောဖူးသလိုပဲ။ သို့သော် မရေရာ။
ကျွန်မသိခွင့်ရတော့ သူတို့ဝေး ကွာသည်မှာ တစ်လကျော်ပြီ။
”သူက ကိုယ့်ထက် ခုနစ်နှစ် လောက် ငယ်တယ်သိလား။ ဒါပေမဲ့ ကိုယ့်ကို နားလည်တယ်။ မင်းလိုပဲ နားလည်ပေးနိုင်တယ်ဖြူဖြူရဲ့။ သူက ကိုယ့်ကို ချစ်တယ်လို့ ဘယ် တုန် ကမှ မပြောခဲ့ဘူး။ သူ မပြောတော့ ကိုယ် လည်း ပြောစရာမလိုခဲ့ဘူး။ ကိုယ်တို့ တကယ့် မိတ်ဆွေစစ်တွေလိုပဲ တစ် ယောက်လိုအပ်ချိန်မှာ တစ်ယောက် ရှိခဲ့တယ်။ ဒါပါပဲကွယ်၊ ခုတော့ သူက သူ့မြို့ကို ပြန်သွားခဲ့ပြီ။ မိဘ တွေက အိမ်ထောင်ချပေးသတဲ့ လေ”
ကျွန်မသည် သူ့နှုတ်ခမ်းပေါ်က အပြုံးကို ငေးနေခဲ့ပါသည်။ အပြုံး ကတော့ နူးညံ့လို့ပါပဲ။ မျက်နှာက လည်း ကြည်လင်လို့ပါပဲ။ နှလုံးသား ကိုတော့ မမြင်သာ။
”မတားဘူးလား မမရယ်”
”တားရအောင် ကိုယ့်မှာ ..”
အဲသည်နောက် သူ ဘာမှ ဆက်မပြောတော့ပါ။ ကျွန်မလည်း ဆက်မမေးတော့ပါ။ သူပြောလို သည့်အချိန် ဘယ်အချိန်မဆို စကား လုံးများစွာကို ကျွန်မနားထောင်ေ ပး နိုင်ပါသည်။ သို့သော် သူ ထုတ်ဖော် မပြောလျှင်တော့ ဘယ်သောအခါမှ မေးမြန်းခြင်းဖြင့် နာကျင်စေမည် မဟုတ်ပါ။ကျွန်မသည် နောက်ပိုင်းရက် များ၌ သူ့ကိုနှစ်သိမ့် လိုစိတ်နှင့် အရင်ထက် ဂရုတစိုက်ရှိရသည်။ သူ့မျက်နှာရိပ်မျက်နှာကဲကို အကဲ ခတ်ရသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးကိုသာ တွေ့ရမြဲ။
သည်လိုနှင့် စိတ်ချလက်ချရှိ လာဆဲ တစ်ရက်မှာတော့ သူ အဆောင်သို့ ပြန်ရောက်မလာသည် ကို ကြုံရပါသည်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ်။ တစ်ပတ် မျှကြာသည်။ ကျွန်မ သူနှင့် ရင်းနှီးသည့် ကာလတစ်လျှောက် သည်လို တစ်ကြိမ်မျှ မကြုံဖူးပါ။အဆောင်တွင် သူ့သတင်းကို ဘယ်သူမှ မသိပါပေ။ အဆောင်ရှင် ကိုတော့ ခရီးသွားနေကြောင်း ခွင့်လှမ်းတိုင်သည်ဟု တစ်ဆင့်စကား ကြားပါသည်။ သို့သော် ကျွန်မ အဲသည်စကားကို မယုံ။ တစ်ခုခုတော့ ထူးခြားနေမည်ဟုသိသည်။ တစ်ဖက် က သိလိုစိတ်နှင့် အခြားသော တစ်ဖက်က ပူပန်စိတ်တို့ အားပြိုင် ကာ အဲသည်ရက်များက ကျွန်မမှာ နေမရထိုင်မရဖြစ်ရသည်။
တစ်ပတ်မျှကြာချိန်တွင်တော့ ညနေခင်း၌ သူသည် အဆောင်ကို ပုံမှန်လိုပင် ပြန်ရောက်လာ ပါသည်။ ကျွန်မသည် သူရောက်သည်ကို သိသည်နှင့် သူ့အခန်းလေးသို့ချက် ချင်းလို ရောက်သွားခဲ့ ၏။ သူ့မျက်နှာမှာ သိသိသာသာပင် ချောင်ကျနေ သည်ကို တွေ့ရပါသည်။ မျက်လုံးများက ခါတိုင်းလို တောက် တောက်ပပတော့ မရှိဘူးထင်သည်။ ကျွန်မ စိတ်ထင်လို့ပဲလား။ သူ့မျက်နှာ တွင် တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးသော အားငယ်ရိပ်ကို တွေ့ရသလိုပါပဲ။ သို့သော် ထိုအရိပ်သည် သူ ဖျတ်ခနဲ အပြုံးမှာ လွင့်ပျောက် သွားပြန် သည်။
”ဘယ်ရောက်နေတာလဲ မမ ရယ်။ ကျွန်မမှာ စိတ်ပူလို့” ဟုဆိုလျှင် သူသည် ကျွန်မမျက်နှာကို တစ်ကြိမ်မှ မမြင်ဖူးသူလို တစ်ခဏငေးနေ၏။
”စိတ်မကောင်းဖြစ်မှာစိုးလို့ ကိုယ်မပြောတာ။ အန်တီတောင် မပြောရသေးဘူး။ ကိုယ့်အစ်မ ဆုံး သွားပြီဖြူဖြူရယ်”
အို…။ ကျွန်မ သူ့လက်များကို ဆုပ်ကိုင်လိုက်ပါသည်။ သူသည် ပင့်သက်တစ်ချက်ရှိုက်ကာ ကျွန်မ လက်များကို ပြန်လှန်ဆုပ်ထားသည်။ အဲသည်ခဏ၌ သူငိုတော့မလား ဟု ကျွန်မ ထင်နေခဲ့သည်။ သို့သော် သူ မငိုပါ။ အပြုံးများကတော့ လျော့ရဲရဲ ဟု ထင်ရပါသည်။
”ကလေးနှစ်ယောက်က လက် လွတ်ရတဲ့အရွယ်မို့ တော်သေးတာ ပေါ့လေ။ သူတို့အဖေဘက်က ဆွေမျိုးများတော့ သူတို့အတွက် ပူစရာတော့လည်း မရှိပါဘူး။ ကိုယ့် ကိုေ တာ့ သူတို့က လာနေစေချင် တယ်။ အဆောင်မှာမနေဘဲ လာနေ ဖို့တဲ့။ ဒါပေမဲ့ ဘယ်သင့်တော်ပါ့ မလဲကွယ်။ အစ်မ ရှိတုန်းကတောင် ကိုယ်ကတစ်ယောက်တည်း နေလာ တာပဲဟာ”
ခုတော့ တကယ့်ကိုတစ်ယောက် တည်း..။ အဲသည်ညနေခင်းက ကျွန်မသူ့ကိုငေးရင်း တွေးခဲ့ မိသည်။ သူ့ကို စိတ်ပိုင်းဆိုင်ရာအားပေးဖို့ လို မည်ဟုလည်း ကျွန်မထင်ခဲ့ပါ သည်။ သို့သော် သည်တစ်ကြိမ်တွင် လည်း ကျွန်မ အထင်မှားယွင်းခဲ့ပြန် သည်။ သူသည် ရက်အနည်းငယ်မျှ ကြာလျှင် ပေါ့ပေါ့ပါးပါး ရှိနေသည်သို့ မြင်လာရပါသည်။ သူ့မျက်လုံးများ လည်း မှုန်မှိုင်းမနေ။ အပြုံးများက လည်း တောက်တောက်ပပပါ။
ညနေခင်း သူမို့ အဆောင်ပြန် ရောက်လျှင် ရယ်သံကို ပုံမှန်လိုကြား ရမြဲ။ သူ့စာအုပ်စင်တွင် စာအုပ်များ တဖြည်းဖြည်းများလာကာ သူ့ကို လည်း အားလပ်သည်နှင့် စာအုပ် တစ်အုပ် လက်ထဲကိုင်ထားသည်ကို သာ တွေ့ရမြဲ။ သူ့အခန်းသည် သပ်ရပ်သန့်စင်ကာ ဆီမီးရေချမ်းကပ် သော ဘုရားစင်နှင့် အေးချမ်းမြဲ။ သူ့ မျက်နှာသည်လည်း ဘယ်သောအခါ ကမျှ သောကကို မကြုံးဖူးသူလို ကြည်လင်မြဲ။
ကျွန်မတို့သည် အရာရာပုံမှန် လည်ပတ်ကြဆဲ တစ်ရက်တွင်တော့ အားလုံးခွဲခွာကြရဖို့ ဖန်လာပါသည်။ အန်တီက အဆောင်ကို ကန်ထရိုက် ပေးကာ တိုက်ခန်းပြောင်းေ ဆာက် မည်တဲ့။ လှည်းတန်းသည် ထိုကာလ ၌ လုံးချင်းအိမ်ငယ်လေးများစွာ တိုက်ခန်းအဖြစ် ပြောင်းကြလျှင် ကျွန်မတို့ အဆောင်သည်လည်း အပါအဝင်ဖြစ်လာ ပါသည်။
ပြောင်းကြရမည်ဆိုတော့လည်း တစ်ယောက် တစ်နေရာစီ။ သူက လှည်းတန်းတွင်ပင် အဆောင်ရ အောင် ရှာဦးမည်ဆို၏။ ကျွန်မက တော့ မန္တလေးက သူငယ်ချင်းများ ရန်ကုန်ကို ရောက်လာကြသည်ဖြစ် ရာ သူတို့နှင့်အတူနေကြဖို့ တာမွေ သို့ ပြောင်းခဲ့ရပါသည်။ပထမတော့ မကြာမကြာဆုံကြ ပါမည်ဟု ကျွန်မတို့ ကတိထားခဲ့ကြ သည်။ တကယ်လည်း နှစ်ကြိမ်၊ သုံးကြိမ်မျှ ဆုံဖြစ်ကြသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ သိပ်မတွေ့ ဖြစ်တော့ပါ။ အကြိမ်ရေ ကျဲပါးရာက တဖြည်းဖြည်း ဝေးခဲ့ကြ ပါသည်။
***
လှေကားထစ်လေးများပေါ် ခြေချနင်းတက်ရင်းက ကျွန်မသည် သူ့မျက်နှာကိုသာ ပြေး၍ မြင်ယောင် နေမိပါသည်။ သူ့ကို ကျွန်မ ဘယ်သို့ မြင်တွေ့ရမည်နည်း။ပြီးခဲ့ သည့်တစ်ရက်ကမှ သူနှင့် ပတ်သက်သော သတင်းစကားကို ကျွန်မရပေသည်။ အဲသည် နေ့က ညနေခင်းရုံးအဆင်းတွင် လှည်းတန်း သို့ ရောက်ပါသည်။ လအနည်း ငယ်မျှ ဝေးကွာသည်အတွင်း ကျွန်မချစ် သောအရပ်သည် ယခင်လိုပင် စည် ကားမြဲ။ လူငယ်တို့၏ တက်ြ<ွကသော မျက်နှာများ၊ အပြုံးများကို တွေ့ရ မြဲ။ဘယ်ကိုသွား မည်ဟု ရည်ရွယ် ချက်လည်းမရှိသည်မို့ ဟိုငေး သည် ငေးသာ လျှောက်လာခဲ့မိပါသည်။ တစ်နေရာတွင်တော့ ကျွန်မ၏နာမည်ကို လှမ်းခေါ်လိုက်သံကြောင့် ခြေစုံရပ်ကာ လှည့် ကြည့်ရသည်။
မုန့်ဟင်းခါးစားနေပုံရသော မိန်းကလေးသည် ဆိုင်လေးထဲက အပြေးထွက်လာသည်ကို မြင်ရ၏။ မြင်လျှင်မြင်ချင်းပင် တစ်ဆောင် တည်း အတူနေခဲ့ဖူးသူဟု ကျွန်မ မှတ် မိလိုက်ပါသည်။နေကောင်းလားမှ အစပြုကာ မေးခွန်းများ မေးသည်ကို ဖြေရသည်။ ကျွန်မတို့သည် လမ်းဘေးတွင်ပင် တိုးကပ်ရပ်ကာ စကားစမြည်ပြော ကြသည်။ မိန်းကလေးကပင် မေးရင်း ပြောရင်းနှင့် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရဟန်ရှိလာပါသည်။
”ဟယ် မေ့လို့ကြည့်စမ်း။ မမ အကြောင်း သိတယ်မို့လားဟင် အစ်မ။ ကြားတယ်မဟုတ် လား”
”ဘာမှတော့မကြားဘူး ညီမ လေးရဲ့။ အစ်မလည်း မတွေ့တာ ဘယ်နှလရှိပြီမှန်းတောင် မသိဘူး”
”အစ်မရယ်။ မမလေ သနားပါ တယ်။ သူ့အဆောင်မီးလောင်လို့ တဲ့”
အို…။ မိန်းကလေးကို ပါးစပ်အဟောင်းသားနှင့် ကျွန်မငေး နေမိပါသည်။ ဘာမှပင် ဆက်မမေး နိုင်။ ရုတ်ချည်းဆိုသလို ပေါ်လာ သော ပူပန်စိတ်ကလည်း ရင်ထဲ လှုပ် ခတ်နေသည်။
”ရုံးချိန်ဖြစ်တာ အစ်မရဲ့။ ဘာမှတောင် ပြန်မရလိုက်ဘူးလေ။ မမအခန်းလေးက အကုန်ပါတယ် ဆိုလား။ ညီမတို့တောင် ချက်ချင်း မသိကြဘူး။ ခရီးကပြန်ရောက်တော့ မှ ကြားတာ”
ကျွန်မသည် ရုတ်တရက် ငိုချ ချင်သလို ဝမ်းပန်းတနည်းဖြစ်စပြု လာပါသည်။ သူ့ကို ဘာကြောင့်များ သည်လောက် ကာလရှည်ကြာ အဆက်အသွယ် မလုပ်မိပါသနည်း။ သူကတော့ ဆက်သွယ်မည့်သူ မဟုတ်။ အခက်အခဲကြုံချိန်မှာ ဘယ်သောအခါမျှ ဆက်သွယ်မည် မဟုတ်။
”အခု သူဘယ်မှာနေသလဲ သိလားဟင်”
”ညီမတော့ မသိဘူးအစ်မရဲ့။ သိတဲ့ တစ်ယောက်ရဲ့ ဖုန်းနံပါတ် တော့ အစ်မကိုပေးလိုက်မယ်။ ညီမ ဘေးအခန်းက မြောင်းမြသူသိတယ် မို့လားအစ်မ။
သူ့ကို မေးကြည့်လိုက် နော်။
ခုတော့ အဆင့်ဆင့်ရခဲ့သော လိပ်စာအတိုင်း သူ့ဆီအရောက်လာခဲ့ ပေပြီ။
မလာခင်တော့ သူ့ကို ဖုန်းကြို ဆက်ရန်မကြိုးစားခဲ့ပါ။ ရုံးဖုန်းကို သိထားသော်လည်း ကြိုပြော မနေ ချင်။ သူရှိနေမည်ဟု မျှော်လင့်ရသော တနင်္ဂနွေနေ့ ကို ရွေးကာေ ရာက်လာ ခဲ့ပြီ။ သူ့ကို ဘယ်သို့ တွေ့ရမည်နည်း ဟု စိတ်စောကာ ရောက်လာခဲ့ပြီ။အခန်းလေး မီးလောင်စဉ်က ဘာပစ္စည်းမျှ ပြန်မရလိုက်သောအခါ သူသည် လုပ်ဖော် ကိုင်ဖက်များ၏ အကူအညီကိုပင် လက်မခံချင်ဘဲ လက်ခံခဲ့ရသည်တဲ့။ အဲသည်စကား ကို တစ်ဆင့်ကြားရတုန်းက ကျွန်မ သည် သူ့စိတ်ရင်းကို နားလည်သူမို့ ဝမ်းနည်ြး ခင်းဖြစ်ရပါသေးသည်။ ခုတော့လည်း နှစ်လကျော်မျှ ရှိခဲ့ပြီ ပေါ့။ သည်တစ်ခါ အချိုးအကွေ့ကို သူဘယ်သို့များ ရင်ဆိုင်ခဲ့ပါသ နည်း။အတွေးစ တလည်လည်ကြား၌ ခြေ လှမ်းများကို ခရီးဆက်ရင်း ခုနစ် လွှာက အဆောင်ဖွဲ့ထားရာ အခန်း ဆီ ရောက်လာပါသည်။ အခန်းရှေ့ တွင် လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပြီး ခေတ္တမျှစောင့်ရသည်။ မိန်းကလေးငယ်တစ်ဦး ထွက်လာ လျှင် ကျွန်မ သူ့နာမည်ကိုမေးရသည်။ အခန်းညွှန်ပေးသည်ဖြစ်၍ ကျွန်မ ထိုအခန်းဆီ လျှောက်လာခဲ့၏။ မမရေ ဧည့်သည်ဟု သူ့ကိုအ သံပေး သည်ကို ကြုံလျှင်တော့ ပြုံးမိရပါ သည်။ နေရာပြောင်းခဲ့သော်လည်း သည်နာမည်က တွင်ဆဲပါတကား။အခန်းလေးရှေ့တွင်ရပ်ကာ တံခါးခေါက်ရန် လက်ရွယ်ဆဲ တံခါး က ရုတ်ချည်းဆိုသလို ပွင့်လာပါ သည်။ထိုခဏ၌ သူ့မျက်နှာတွင် အံ့အားသင့်သော အပြုံးသည် လက်ခနဲပေါ်လာ၏။ သူရယ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောပါ သည်။ ရယ်ဟန်မှာ ဟိုယခင်က အတိုင်း။ မျက်လုံးများကလည်း လိုက်ပါပြုံးရယ်နေသည်။ သူ့မူပိုင် အပြုံးသည် လှိုင်းတို့၏ အရိုက်ကိုပင် ကျော်လွန်ခဲ့ပေပြီ။
”အတော်ပဲ ကြည့်စမ်း ကိုယ် ရုပ်ရှင်ကြည့်ချင်နေတာနဲ့။ နေပြည် တော်ရုံမှာ ကားသစ်လဲတာ တစ်ပတ် ကျော်လို့မှ မကြည့်ရသေးဘူးဆိုရင် ကိုယ့်ရာဇဝင်ရိုင်းမယ်မို့လား”။
စံပယ်ဖြူနု
(ရတီမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၃)

ပုန်းကျင်းတွေ

စိမ်းမြရိပ်ညိုသော ၀ါးပင်စု ပေါ်တွင် ညနေခင်း၏ နေရောင်ခြည် ထိုးဖြာကျလျက်ရှိသည်ကို လှမ်းမြင်ရ၏။
အစိမ်း ညို့ညို့နှင့် ဆည်းဆာတို့ရောသော အလှ။ ၀ါရွှေသော အရောင် အဆင်း လင်းပရာ ထိုနေရာသို့ ကျွန်မ လျှောက်လာ ခဲ့ပါသည်။ မြေနေရာ ကျယ်ဝန်းသည်နှင့်အမျှ သစ်ပင်ဝါးပင် စုံလင်သော ခြံသည် ခရီးဝေးကရောက်လာသူ ကျွန်မအတွက် အမောပြေသည်ဟု ခံစားရအောင်ပင် စိမ်းစိုအေးမြနေ သည်။ နှစ်များစွာကလို စိမ်းစိုအေးမြဆဲဟုလည်း ဆိုနိုင်သည်။ အစိမ်းရောင် ကြီးစိုးသော ခြံ၏ အနောက်ပိုင်းတွင်တော့ သည်ဝါးပင်စုလေး ရှိနေ၏။ ကျယ်ပြောသော မြေပြင် ရှိနေ၏။ ခြံစည်းရိုးကို လွန်သော် လယ်ပြင်တော ရှိနေ၏။ တစ်နည်းအားဖြင့်တော့ သည်နေရာ တစ်ဝိုက်သည် ကျွန်မ၏ ကလေးဘ၀ ပုံရိပ်များကို သိမ်းဆည်းထားသည့် နေရာ။
ခြံနောက်ဘက်သည် ယခင်လိုပင် တိတ်ဆိတ် အေးချမ်းဆဲ။ သစ်ရွက် ကြွေများပေါ် ကျွန်မ နင်းလျှောက်လာ သည့် ခြေသံကိုပင် တချွတ်ချွတ်နှင့် စည်းချက်ညီညီ ကြားနေရ၏။ အတိတ်ကိုပင် ပြန်ရှာတွေ့တော့မလို ဆည်းဆာရောင်ခြည် အောက်၌ ၀ိုးတ၀ါး ထင်လာရလေသည်။ တကယ့်တကယ်တော့ ဇာတိမြေ ကချင်ပြည်နယ်ကို ပြန်ဖြစ်သည်ဆိုတိုင်း ငယ်စဉ်က ကျောင်းတက်စဉ် နေထိုင်ခဲ့ဖူးရာ အဘွားအိမ်သို့ ရောက်ဖြစ်သည် မရှိပါ။ အဘွားကလည်း သက်ရှိထင်ရှား မရှိတော့သည်မို့ မိဘများ နေထိုင်ရာ ရွာသို့သာ တန်းတန်း မတ်မတ် ပြန်တတ်ခဲ့ပါသည်။

သည်နှစ်တွင်တော့ အဖေကလည်း သည်အိမ်ကို ၀င်စေလို သည်မို့ ရွာမပြန်မီ ကျွန်မ ရောက်ခဲ့ရသည်။ အဆွေအမျိုးတို့နှင့် စကားပြောဆိုပြီးသည်ဆိုလျှင်ပဲ ခြံနောက်ပိုင်းသို့ ကျွန်မ ထွက်လာခဲ့ပါသည်။ ကျွန်မ ပြန်လည်ရှာဖွေလိုသော ကလေးဘ၀ အရိပ်များကို သည်ခြံနောက်ပိုင်းမှာသာ လွမ်းစဖွယ် တွေ့နိုင်မည် မဟုတ်လား။

ကျွန်မ ရှေ့က စိမ်းမြမြ ၀ါးပင်စုသည် ခုတော့ အရင်ကလောက် အပင်ရေ မများတော့ပြီထင်သည်။ အရင်ကတော့ သည့်ထက် အုပ်ဆိုင်းစိမ်းညို့ခဲ့သည်။ မှတ်မှတ်ရရ ပြောရလျှင်တော့ ကျွန်မတို့ ငယ်ရွယ်သေးသည့် ကာလ များ။

မြို့စွန် ရပ်ကွက်ငယ် လေးမှာ ရှိသော အဘွား၏ အိမ်တွင် နေကာ ကျောင်း တက်ရန် မိဘများက ပို့လွှတ် ၍ ကျွန်မ ရောက်ရသည်။ ကာလ ရှည်ကြာ နေထိုင်ရ သည်။
ကျွန်မတို့ ၀မ်းကွဲမောင် နှမ တစ်သိုက်၊ အိမ်နီးချင်း ကလေး တစ်သိုက်တို့သည် ကျောင်းချိန် ပြင်ပ အားလပ် ချိန်တိုင်း နေရာကျယ်ပြောသော၊ သစ်ပင်ပေါများသော (အဘွား၏ ပန်းပင်များနှင့်လည်း လွတ်ကင်း သော)သည် ခြံနောက်ပိုင်းမှာသာ အချိန်ကုန်ဆုံးတတ်ခဲ့ကြသည်။ ကစားနည်းမျိုးစုံကို မမော တတ်သလို ကစားခဲ့ကြသည်။

တောမှာ ကြီးပြင်းခဲ့သူမို့ တောရိပ်တောင်ရိပ်ကို ချစ်ခင်တတ်သော ကျွန်မအဖို့ ခြံနောက်ပိုင်းသည် ပျော်မွေ့ ဖွယ်အကောင်းဆုံး နေရာလည်း ဖြစ်လာခဲ့ပါသည်။
ဝါးပင်ရိပ် နောက်ရှိ ရှည်လျားနက်စောက်သော၊ မြေသားကို လှေကားထစ် သဏ္ဌာန် ပြုလုပ်ထားသည်မှ တစ်ဆင့် ဆင်းသက်နိုင်သော ကျင်းကိုတော့ တွေ့စက ကျွန်မနားမလည်။ ဆော့ ကစားရင်း ခြံနောက်ဘက် မောင်နှမများနှင့် ရောက်လျှင် သည်နေရာကိုကား ကျွန်မတို့ ခြေချခွင့် မရှိပါပေ။

“အဲဒီထဲ ဆင်းမကစားရဘူးတဲ့” ဟု အတူနေသူ ၀မ်းကွဲ အစ်မက ပြောပြတတ်ပါသည်။
ကျွန်မတို့ ဦးလေးသည် ညနေခင်းများ၌ အားလပ်သည်နှင့် ကျင်းထဲ ဆင်းကာ ရှင်းလင်းနေတတ်သည်ကို အခါများစွာ တွေ့ရပါသည်။ ၀ါးရွက် ကြွေများကို လှည်းကျင်းမည်။ မြေသားလှေကားထစ်ကို ညီညာအောင် ညှိ မည်။ မြေနံရံ ကို ညှိလျှင် ညှိ နေမည်။ မိုးရေစီးများနှင့် ပါလာသော မြေဆီများကို ဖယ်ထုတ်နေမည်။ ကျွန်မတို့ အနားကပ် လာလျှင် သူက အော်ငေါက်တတ်ပေသည်။
“ဒီကလေးတွေဟာ ဝေးဝေးသွား မဆော့နိုင်ဘူးလား”

ကျွန်မက ဦးလေးနှင့် စိမ်းသေးသည်မို့ ပြန်လှန် မမေးရဲ။ အစ်မကိုသာ တီး တိုးကပ်မေး ရပါသည်။
“အဲဒါ ဘာကျင်း မို့လို့ လဲ”
“ပုန်းကျင်းလေ”
“ဘာ ပုန်းကျင်း”
မကြားစဖူး ဝေါဟာရ အသစ်ကြောင့် ကျွန်မ၏ ဦးနှောက်ကလေးမှာ ချာချာလည်နေပါသည်။ အစ်မကတော့ ဆယ်နှစ်ကျော်ပြီမို့ အရာရာကို ကျွန်မထက် နားလည်သိတတ်ပုံပင်။ ကျွန်မ နားမလည်သည်ကိုလည်း ခပ်ပြုံးပြုံး လုပ်နေပါသည်။
“နင်တို့ ရွာက အိမ်မှာ မရှိဘူးလား”
ချောင်းကလေး နံဘေးတွင် ရှိသော အိမ်ကို ကျွန်မ ပြန်လည် မြင်ယောင်လာပါ သည်။

“ဟေ့အေး မရှိဘူး ကော”
“အေး ဒီမှာတော့ အိမ်တိုင်းရှိတယ်။ ပုန်းကျင်းခေါ်တယ် သိလား”
“ဘာ ပုန်းရမှာလဲ။ သမီးတို့က ဘယ်သူ့ကို ပုန်းရမှာလဲ”
အစ်မက ဘေးဘီမှ တစ်ယောက်ယောက် ကြားမည်ကို စိုးသည့်အလား ကျွန်မ၏ နားရွက်များပေါ် လက်ဝါးလေး အုပ်လိုက်ပါသည်။
“တိုက်ပွဲဖြစ်ရင် ပုန်းရမှာပေါ့။ ကျည်ဆန်တွေ ဘာတွေဆို ဒီဝါးပင်တွေကို ဘယ်ထိနိုင်မလဲတဲ့။ ဟိုဘက် ခြံတွေမှာဆို ဒီထက်နက်တဲ့ ကြီးတဲ့ ပုန်းကျင်းတွေရှိတယ် သိလား။ ခြံနောက်တိုင်းမှာ ရှိတယ်”

“ကျည်ဆန်ထိရင် ဘာဖြစ်မှာလဲဟင်”
မေးခွန်းများလွန်းသော ကျွန်မကို အစ်မက စိတ်မရှည်တော့ ဘူးထင်ပါသည်။ သေမှာပေါ့ဟဲ့ဟု ကုန်းအော် ပါသည်။
သို့သော်လည်း သူပြောသည့် သေသည်ဆိုတာကို ကျွန်မက ကောင်းစွာ မသိသေး။ သို့သော် အစ်မ စိတ် တိုတောင်းတော့မည်မို့ ဆက် မမေးရဲပါ။ ဒါနှင့်ပဲ ကလေးတို့ သဘာဝ ဆော့ကစားကြ လျှင် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်ပါသည်။

ကျွန်မ တို့သည် သစ်ပင်များကြားမှ ပြေးတမ်းလိုက်တမ်းကစားကြသည်။ တူတူပုန်းတမ်း ကစားကြသည်။ အစ်ကိုများ ပါလာလျှင်တော့ တိုက်ပွဲတိုက်တမ်း ကစားကြသည်။
တိုက်ပွဲတိုက်တမ်းသည် တကယ်တော့ ခုနေပြန်တွေးလျှင် ပြုံးချင်စဖွယ်တည်း။ ကြားဖူးနားဝ များနှင့် ဖြစ်လာသော ကစားနည်းမျှသာဖြစ်မည် ဟုထင်ပါသည်။
ထိုကစားနည်းတွင် တော့ ကျွန်မက အမြဲလို သေသူသာဖြစ်ရသည်။ တစ် နေရာယူ၊ နှစ် အဆင်သင့် ပြင်၊ သုံး ပစ်နိုင်ပြီဟု ခေါင်းဆောင် နှစ်ယောက်က အချက်ပေးလိုက်လျှင် ကျွန်မတို့သည် ကိုယ်နေရာ ယူထားသော သစ်ပင်များ၊ ချုံပုတ်များနောက်မှာ ကုပ်ကုပ် ကလေးဝပ် နေကြရပါသည်။ တစ်ဖက်က ရန်သူကို မျက်စိ ရှင်ရှင်ထားကာ ကိုယ့်လည်း မမြင်အောင် ပုန်းရင်း ကွယ်ရင်း ရှာဖွေရသည်။ တွေ့လျှင် ဒိုင်းဟု တစ်ချက် အော်ရသည်။ အပစ်ခံရသူက  သေလူဖြစ်ပြီး ပွဲက ထွက်ရသည်။ ကျန်သူများက ဆက်တိုက် ကြပေသည်။

မျက်စိ မရှင်သော၊ မပါးနပ်သော ကျွန်မက ပါးစပ် သေနတ်နှင့် အခါခါ သေရပါ သည်။
“အေးလေ သစ်ပင်က မှ မလုံဘဲ။ ပုန်းကျင်းထဲ ၀င်ပုန်းရင်တော့ ငါ့ကို ဘယ်သူမှ ပစ်နိုင်မှာ မဟုတ်ဘူး” ဟု ကိုယ့်ဘာသာ တီးတိုးပြောမိတတ်သည်။ ကျွန်မတို့ ဆော့ကစားရာတွင် ရှောင်ကွင်းရမြဲ ပုန်းကျင်းကို မျက်စောင်းထိုးရသည်။

တကယ်တမ်း ပုန်းကျင်းထဲ စဆင်းရတုန်းကတော့ ကစားစဉ်ကလို ပျော်စရာ မကောင်းတော့ဘဲ ထိတ် လန့်စရာများ အပြည့်ဖြစ် သည်ကို ယခုတိုင် မှတ်မိနေ မြဲပင်။ ထိုစဉ်တုန်းက ညဥ့် နက်ပြီ။
“ထကြ၊ ထကြတော့”

ဟု ဦးလေးက တစ်အိမ်လုံးကို နှိုးသည်နှင့် ထိတ်ထိတ်ပျာပျာ လူးလဲ ထကြရသည်။ ဘာဖြစ်သည် မသိ သေး။ အိပ်မှုန်စုံမွှားနှင့် ကျွန်မက အိပ်ရာထက်မှာပင် ဆက်ထိုင်နေသေးသည်။ အစ်မကတော့ အခန်းပြင် ထွက်သွားပြီး တစ်ကျော့ပြန်  ၀င်လာပါသည်။

“အခုထိ မထသေးဘူးလား။ အကုန်လုံး အောက် ရောက်နေပြီ”ဟု ဆိုကာ ကျွန်မကို ဆွဲထူပါသည်။
ဒေါ်လေးကလည်း အစ်မ နောက်က ပါလာသည်။ ကလေးတွေ လာကြ ဟုဆိုသည်နှင့် ဘာမှန်း ညာ မှန်းမသိသေးဘဲ ကုပ်ကုပ်ကလေး လိုက်လာရသည်။ မျက်လုံးကို မနည်းပင် ဖွင့်ယူရသည်။
“ဘာဖြစ်တာလဲ ဟင်” ဟု ထုံးစံအတိုင်း မေးခွန်းများတတ်သော ကျွန်မက အစ်မကို တီးတိုး ကပ်မေးပါ သည်။

“တိုက်ပွဲဖြစ်နေပြီတဲ့။ အခု ငါတို့ ပုန်းကျင်းထဲ ဆင်းရမှာ”
အစ်မက အရေးကြီးဟန်နှင့် တီးတိုး ဖြေလေသည်။
ခဏချင်းမှာပင် ပတ်ဝန်းကျင်၌ ဟိုမှသည်မှ တီးတိုးသံများနှင့် အသက် ၀င်စပြုလာသည်ကို တွေ့ရပါသည်။ ကျွန်မတို့သည် ခြံနောက်ဘက်သို့ ထွက်လာကြ၏။ ကျွန်မကို ဒေါ်လေး လက်ဆွဲခေါ်လာသည်။ အဘွားကိုတော့ ဦးလေးက တွဲလာသည်။ အစ်မကတော့ အရှေ့က ခပ်သွက်သွက်ပင် လျှောက်နေပါသည်။ လရောင်လင်း နေသည်မို့ ဓာတ်မီးပင် မသုံးကြ ရပါ။
တစ်ခြံတည်းတွင်ပင် အိမ်ငယ်လေး ဆောက်ကာ နေသော ကြီးကြီးတို့ မိသားစုလည်း ခြံနောက်ဘက်သို့ အပြေး လာကြသည်ကို တွေ့ရပါသည်။

ခြံနောက်ဘက် ပုန်းကျင်းထဲ ရောက်သည်ဆိုလျှင်ပဲ ထူးဆန်းသော အသံများကို  ခပ်စိပ်စိပ် ကြားလာရပါ သည်။ ခုချိန်မှာတော့ ပေါက်ကွဲသံများဟု ကျွန်မ ခေါင်းစဉ်တပ်နိုင်ပြီ။ ထိုစဉ်ကတော့ ဘာသံမှန်း မသိ။ ကြောက်စရာ ကောင်းသည်လို့သာ နားလည်ပါသည်။ ကျွန်မ တစ်ကြိမ်မျှ မကြုံဖူးသေးသော ထိုအသံများသည် တဖြည်းဖြည်း ထိတ်လန့်ဖွယ်ကောင်းလာ၏။ ကောင်းကင်မှာ နီရဲနေပြီဟု ဦးလေးက မျှော်ကြည့်ကာ ဆိုသည်။

“ဘယ်နေရာတွေ မီးလောင်နေပြီလဲ မဆိုနိုင်ဘူးဟေ့။ မြို့ထဲ ရောက်နေပြီ ထင်တာပဲ”ဟု ပြောသည်ကို ကြားရ၏။
ဝါးပင်များကို ဖြတ်လာသော လေသည် အသံတစ်မျိုးနှင့် စိုးထိတ်စရာကောင်းသည်ဟု ကျွန်မ မှတ် မိနေသည်။ အစ်မ ပြောတတ်သော ကျည်ဆန်များသည် ၀ါးပင်ကို ကျော်ကာ ရောက်လာလေမလား။ ကျည်ဆန်က ကျင်းထဲ ဆင်းလာနိုင်သလား။ ကြောက်စိတ်နှင့် ဒေါ်လေးကို တိုးဖက်ထားလျက်ကပင် တဆတ်ဆတ် တုန်နေခဲ့သည်ကိုလည်း နောင်ပြန်တွေးတိုင်း သတိတရရှိနေပါသည်။
ပုန်းကျင်းသည် အတန်အသင့် ကျယ်ဝန်းသော်လည်း လူရှစ်ယောက်မှာ ပူးကပ်မတတ် ထိုင်နေကြသည်။ လရောင်သည် ၀ါးအကိုင်းအခက်များအကြားမှ တစ်စွန်းတစ်စ ထိုးဖြာကျနေသည်။ တစ်ဦးနှင့် တစ်ဦး မပီဝိုးတ ၀ါးမြင် နေရသည် ကိုလည်း ကျွန်မ မှတ်မိနေသည်။

အတန်ကြာလျှင် အသံများ စဲသွား၍ ဦးလေးက ကျင်းအပြင်ဘက် ထွက် ကြည့်သည်။
“အေးပြီ ထင်တယ်ဟေ့။ သူများတွေလည်း ပြန်တက်ကြပြီ”ဟု ပြောသည်နှင့် ကျွန်မတို့ အိမ်ဘက်သို့ ပြန်ရ ပါသည်။
အဲသည်ညက လူကြီးများက တလူးလူး တလိမ့်လိမ့်နှင့် တော်တော်နှင့် အိပ်မပျော်ကြဘူး ဟု ဒေါ်လေးက ပြန်ပြောပြ၏။ ကျွန်မတို့ ညီအစ်မမှာတော့ ကလေးများပီပီ နှစ်နှစ်ခြိုက်ခြိုက် အိပ် နိုင်ကြ ပေသည်။
နောက်တစ်ရက် မိုး လင်းလျှင်တော့ ညက ဖြစ်ရပ်သည် ကလေးများအတွက် ရယ်စရာသဖွယ် ဖြစ်ခဲ့ပေပြီ။ ကျွန်မတို့သည် ကျောင်းအားရက်လည်း ဖြစ်သည်မို့ ခြံနောက်ဘက်မှာ လူစုကာ ကစားကြ၏။ ပြီးခဲ့သည့် ညက သူ့အတွေ့ အကြုံ၊ ကိုယ့်အတွေ့အကြုံကို ဇာတ်ကြောင်း ပြန်ကြသည်။

အိမ်ရှေ့အိမ်က ကူးကာ လာကစားတတ်သော အစ်မ မခင်ခင်ကတော့ ရယ်စရာ၊ ပြုံးစရာ ဖြစ်ရပ်များကို သယ်လာသေးသည်။
“တို့ အဘွားကြီးရယ် ဖျားလို့ လဲနေတာ သိတယ်မို့လား။ အေး လူတွဲနဲ့ ထရတဲ့ သူက မနေ့က သူ့ဘာသာ အိမ်ပေါ်က ဆင်းပြေးတယ်ကော။ တို့အဘွားလေးကတော့ သူ့သေတ္တာ တစ်လုံးဟာ မသယ်ပါနဲ့ဆိုတာ ဘယ်လို သယ်ဆင်းခဲ့မှန်း မသိဘူး”ဟု သူ့ဘာသာ တဟားဟား ရယ်မောနေပါသည်။

“မမကလည်း အပြန်ကျတော့ လူတွဲပြီး တက်ရတာလည်း ပြောလိုက်ဦး။ အဘွားလေးဆို သေတ္တာသယ်ဖို့ မပြောနဲ့ လူတောင် ပြန်မတက်နိုင်ဘူးပဲ” ဟု မခင်ခင်၏ မောင်လေးက ၀င်ပြောပေသည်။
“ဘကြီးအောင်တို့ ခြံနောက်က ချိုင့်(လျှို)ထဲမှာတော့ လာပုန်းကြတဲ့ သူတွေ အများကြီးပဲတဲ့ သိလား။ ကလေး ပိစိလေးတွေဆို ငိုလို့ တဲ့”
မခင်ခင်က ထပ်ပြောသေးသည်ကို ကျွန်မတို့မှာ မျက်လုံးလေး အပြူးသားနှင့် နားစိုက်ထောင်နေကြရပါ သည်။ တကယ်တော့ ကျွန်မတို့တစ်တွေသည် သည့်ထက် ပို၍ နားလည်ကြသူများ မဟုတ်ပါပေ။ အားလုံးက ကလေး အရွယ်မျှသာ ရှိသေးသည်မဟုတ်လား။ လူကြီး မိဘများက တိုးတိုး ကျိတ်ကျိတ် ရှိလည်း စိတ်ဝင်စား စရာ မဟုတ်။ အချိန်တန်လျှင် လူစုပြီး ဆော့ကစားရသည်သာ နှစ်သက်ဖွယ်ရာပင်။
သည်ကြားထဲတော့ ကလေးများက စစ်တိုက်တမ်း ကစားလျှင် လူကြီးများက ငြူစူချင်သည်။

“တခြားနည်း ကစားကြပါလား ဒီကလေးတွေဟာ။ နိမိတ်မရှိ နမာမရှိ” ဟု အဘွားက ပြောတတ်သည်။
သည်စကား ကိုတော့ ကျွန်မက တိတ်တဆိတ် ထောက်ခံလိုပေသည်။ နိမိတ် ရှိခြင်း၊ မရှိခြင်းကို နားလည် လှလို့တော့ မဟုတ်။ စစ်တိုက်တမ်းသည် ပြေးတမ်းလိုက်တမ်းလို၊ ထုပ်ဆီးတိုးတမ်းလို ကျွန်မ ကျွမ်းဝင် သော ကစားနည်း မဟုတ်လို့သာပင်။ ပြီးတော့ ပါးစပ် သေနတ်နှင့် သေရတတ်သူ မဟုတ်လား။

နောက်တော့လည်း ကျွန်မသည် လူကြီးများ အလိုကျ ငြိမ်ဆိတ်နေရသော ကစားနည်းများကို ကိုယ့် ဘာသာ ကစားတတ်လာသည်။ ကိုယ်နှင့် သဘောတူသော သူငယ်ချင်းမလေးများ နှင့် အရုပ်တမ်း ကစားကြသည်။ အ၀တ်ရုပ်လေးများကို အစမျိုးမျိုးဆင်ကာ အချင်းချင်း စကားပြောရင်း အရုပ်လေးများက စကား ပြောသည့် သဖွယ် ဇာတ်လမ်းလုပ်ကြသည်။ သည်ဘက်မှာ တော့ ကျွန်မက ကျွမ်းဝင်ပေသည်။
သို့ပေမဲ့ ကျွန်မတို့ အရုပ်တမ်းတွင်လည်း လတ်တလော အတွေ့အကြုံများက ၀င်ပါဖြစ်အောင် ပါတတ်သေး၏။

“ဟေ့ နင်တို့အိမ်က ပုန်းကျင်းမှာ ငါတို့ ဒီည လာလို့ ရမလား”ဟု အရုပ်ကလေးတွေ မေးသည့်ဟန်ဖြင့် သူငယ်ချင်းက မေးလျှင် ကျွန်မကလည်း အရုပ်ချင်း မျက်နှာချင်း ဆိုင်ကာ ပြန်ဖြေရပါသည်။
“အေး လာလို့ရတယ် ကော။ တို့အိမ်က ပုန်းကျင်းက သိပ်မကျယ်ဘူးနော့။ နင်တို့ ရရဲ့လား”
“ဒါဆိုလည်း ဟိုဘက် ခြံနောက်က အောက်ချိုင့်မှာ သွားပုန်းကြမယ်နော့။ အဲဒီမှာဆို အများကြီး ပုန်းလို့ရ တယ်တဲ့။ နင်လည်း လိုက်ခဲ့ပါလားဟယ်”
“အေး အေး လိုက်မယ်။ ငါ့ကို လာခေါ်ဦးနော့”
အဘွားက မျက်စောင်းတခဲခဲ ရှိသည့်ကြားကပင် ၀ရန်တာမှာ ကျွန်မတို့တစ်တွေ အရုပ်တမ်း ကစား တတ်ကြသည်။ နိမိတ်မရှိ နမာမရှိဟု သူပြော နေကျ စကားနှင့် အဘွား ဆူပြီဆိုလျှင်တော့ ကျွန်မတို့မှာ ကုပ် ကုပ်ကလေးနှင့်ပင် ကစားနည်းကို သိမ်းရပါသည်။

“ကစားတာတောင် ပုန်းကျင်း ထည့်ကစားနေတယ်။ သူဖြင့် ဟိုတစ်ညက တုန်နေတာ နတ်ပူးတာ ကျနေတာပဲ” ဟု အဘွားက ငေါက်ငမ်းတတ်သေးသည်။
ကျွန်မသည် အဘွားကို နှုတ်လှန် မထိုးရဲသော်လည်း စိတ်ထဲကတော့ ပြန်ပြောချင်လှသည်မှာ ရိုးတိုး ရွတဖြစ် နေပါသည်။ ကြည့်နေ နောက်တစ်ခါဆို သမီး ကြောက်မှာ မဟုတ်ဘူး။

တကယ့်တကယ် နောက်တစ်ခါ ဆိုသည်များကို ကြုံလာရချိန်၌ ကျွန်မသည် တကယ်ပင် သိပ် မကြောက်တတ်တော့ပြီ။ အနည်းငယ် တုန်ယင်ချင်သော်လည်း ပထမတစ်ကြိမ်ကလောက် မတုန် ခိုက်တော့ ပြီ။ ကလေးမျှပင် ဖြစ်သော်လည်း အတွေ့ အကြုံသည် ကျွန်မကို သင်ကြားခဲ့လေသလားမသိ။

ပုန်းကျင်းများနှင့် ဘယ်သို့ပင် ရင်းနှီးကျွမ်းဝင်လာရသည် ဖြစ်သော်လည်း ကျွန်မတို့တစ်တွေ သည် ကျောင်းကိုလည်း ကောင်းစွာ တက်နိုင်ကြသေး၏။ စာမေးပွဲများလည်း ဖြေလိုက်ကြသေး၏။ စာသင်နှစ် စချိန်တိုင်း မိဘများနှင့် ခွဲနေရသည်ဆိုသော်လည်း ကောင်းစွာ ဆော့ကစားရ၍ လွမ်းစဖွယ် ဟုပင် မမြင်တတ်သေး။

သည်လိုနှင့် တဖြည်းဖြည်း ရက်များစွာ ဖြတ်သန်းခဲ့သည်။ ကျွန်မတို့ အရွယ် ရောက်လာကြ၏။ သည် ကြားထဲ အဖြစ်အပျက်များကိုတော့ အသေးစိတ် ပြောမပြလိုတော့ပြီ။
အတိတ်ပုံရိပ်တွင် မှတ်မှတ်ရရ ဖြစ်ရသည်မှာတော့ ကျွန်မတို့ ဆယ်ကျော်သက်ရွယ်တွင် ပုန်းကျင်းများ မလို အပ်တော့ခြင်းပင်တည်း။ ဦးလေးက ပုန်းကျင်းကို မျက်နှာလွှဲခဲ့ပြီ။ ညများ၌ ကောင်းစွာ အိပ်စက်နိုင်ကြ ပြီ။

ပုန်းကျင်းသည် ကျွန်မတို့ ကစားရာ ကျင်းတစ်ခု ဖြစ်လာခဲ့သည်။ မိကျောင်းဖမ်းတမ်း ကစားကြသည်။ အလှည့်ကျသူ တစ်ယောက်က ကျင်းထဲဆင်းကာ မိကျောင်းလုပ်ရသည်။ ကျန်သူများက ကျင်းနှုတ်ခမ်းတွင် ပတ်ပြေးနေကြရသည်။ မိကျောင်းလက်နှင့် အပုတ်မခံရအောင် ရှောင်ရင်းက စကာ နောက်ကာ ရှေ့တိုးကာ နောက်ဆုတ်ကာ နေရသည်။ အပုတ်ခံရလျှင်တော့ ကိုယ့်အလှည့်ပေါ့။ သည်ကစားနည်းတွင်လည်း ပုန်းကျင်းထဲ အကြိမ်ကြိမ်ဆင်း၍ မိကျောင်း လုပ်ရတတ်သည်ကို ကျွန်မ အမှတ်ရနေပါသည်။

အတူဆော့ ကစားခဲ့ကြသော ကလေးတစ်သိုက်သည် ရှေ့ဆင့် နောက်ဆင့်လိုပင် အရွယ်ရောက်လာ ကြ၏။ ပြေးလွှား ဆော့ကစားရသည်ထက် စာဖတ်ရခြင်းကို နှစ်ခြိုက်လာကြ၏။ တချို့က အပျို လူပျိုစိတ် ၀င် ပြီ။ ကျွန်မသည် ထိုစဉ်ကတည်းက စာများ၊ ကဗျာများ ရေးရန် အတွေးပုံရိပ်များ စိတ်နှလုံးတွင် ခိုကပ် စပြုပြီဖြစ်ရာ ဘယ်သူမှ မရှိလည်း ခြံနောက်ဘက်တွင် တစ်ယောက်တည်း နေတတ်ခဲ့သည်။ လယ်ပြင်တောမှာ ထိုင်ငေးနေတတ်သည်။ သတိတရ ရှိ၍ ငဲ့ကြည့်မည်ဆိုလျှင်တော့ ပုန်းကျင်းကို မြေသား အတိအသွင်နှင့် သာတွေ့ရတော့သည်ကိုလည်း ပြန်တွေးတိုင်း မှတ်မှတ်ရရ ရှိဆဲ။
ပုန်းကျင်းသည် မိုးရေစီးနှင့်အတူ ပါလာတတ်သော မြေဆီများ၊ အမှိုက်များ၊ သစ်ရွက်၊ ၀ါရွက်ကြွေများနှင့် ပိတ်ဖုံးခဲ့ပြီ။ ကျင်းတစ်ခုလည်း မဟုတ်တော့သည်ကို ပူပင်ရန် ကာလသည်လည်း အဝေးတွင် ကျန်ရစ်ခဲ့လေပြီ။
--------
စိမ်းမြသော ၀ါးပင်ရိပ်နှင့် ကျွန်မ နီးကပ်လာသည်။ အစိမ်းနှင့် ရွှေအိုရောင်တို့ လှပစွာ ရောစပ်သည်ကို ထင်ထင် ရှားရှား မြင်လာရသည်။
သည်နှစ် နွေဦး၌ အိမ်ပြန်မည် စီစဉ်ကတည်းက သည်နေရာသို့ ရောက်ဖြစ်အောင် သွားပါမည် စိတ်ကူးထား ခဲ့သည်။ ခုတော့ ကျွန်မ၏ စိတ်နှလုံးထဲ သည်နှစ်ပိုင်းအတွင်း ပြန်လည် နိုးထခဲ့ရသော ထိုနေရာသည် ရှေ့တွင် ရှိနေလေပြီ။
ဝါးရုံကလေးကို ကွေ့ဝိုက်ကာ ကျွန်မ လျှောက်လာခဲ့သည်။ ဟော ဟိုမှာ။ကျွန်မ မြင်လိုက်ရသော မြင် ကွင်းသည် ကြိုတင် စိတ်ကူးပြီးသား မြင်ကွင်းပင်ဖြစ် သော်ငြား ခြေလှမ်းများ ဗြုန်းခနဲ ရပ်တန့်မိအောင်ပင် လူက ယိုင်လုလု ဖြစ်သွားရသည်။ လွန်ခဲ့သော နှစ်များစွာက ရင်းနှီးခဲ့သော မြင်ကွင်း။ အလျားရှည်သော နက်စောက်သော ပုန်းကျင်းပါတကား။
ကျွန်မသည် မိနစ်ပိုင်းမျှကြာအောင်ပင် ပုန်းကျင်းကို ငေးနေခဲ့သည်။ ကျင်းထဲတွင် ၀ါးရွက်ကြွေများ ပုံလျက်ရှိ သည်။ ကျင်းနံရံတွင် မြက်ပင်ကလေးများ ကပ်ပေါက်လျက်။ မြေလှေကားထစ်လေးများသည် ဆင်းလာ လတံ္တသော ခြေထောက်များကို မျှော်လင့်နေသည့်နှယ်။

“သြော် နုနုက ဒီ ရောက်နေတာကိုး။ ထင်သားပဲ”ဟု ဦးလေး၏ စကားသံကို ကြားရတော့ ကျွန်မ လှည့်ကြည့် လိုက်ပါသည်။
ထိုခဏတွင် ကျွန်မသည် ရယ်ရမည်လား၊ ငိုရမည်လား မသေချာသော ခံစားချက်နှင့် ဦးလေးကို အငေးသား ကြည့်နေမိ၏။ ဦးလေးသည် ကျွန်မတို့ ငယ်စဉ်က တွေ့မြင်နေကျလိုပင် ပုန်းကျင်းရှင်းလင်းရန် ကိရိယာ အပြည့်အစုံနှင့်ပါပေ။ ဦးလေး၏ ဆံပင်များ ဖြူလာခြင်း၊ ဇရာ၏ အရေးအကြောင်းများ ထင်လာခြင်းက လွဲ၍ အတိတ်သည် ကျွန်မရှေ့တွင် တစ်ကျော့ပြန် ကိုယ်ထင်ပြသည်သို့ပင်။
“ပုန်းကျင်းတွေက သုံးနေရပြီ မို့လို့လား လေးကျော် ရဲ့”

“သုံးရတယ်တော့ မဟုတ်ဘူးဟေ့။ ဒါပေမဲ့လို့ လိုရမည်ရပေါ့ကွယ်။ ပြင်ထားတာ မမှားဘဲကောနော့” ဟု ဦးလေးက ရယ်ရယ်မောမော ဆိုပါသည်။
လိုက်ပါ ရယ်မောရန် ကျွန်မ နှုတ်ဆွံ့နေစဉ်မှာပင် ဦးလေးက ပုန်းကျင်းထဲ ၀င်ကာ ရှင်းလင်းစပြုသည်။ ကျွန်မသည် ဦးလေး၏ နောက်ကျောပြင်ကိုပင် စိတ်မှတ်မဲ့ ငေးနေမိဆဲ။ တွေးနေမိဆဲ။
ကျွန်မ၏ ၀မ်းကွဲ အစ်ကိုများ၊ အစ်မများ၊ သူငယ်ချင်းများ၏ ရင်သွေးငယ်တို့သည် ဟောသည်လို ပုန်းကျင်း များထဲ ကျွန်မတို့လိုပင် ဆင်းသက်ရဦးမည်လား။ များမကြာမီဟု မျှော်လင့်ရသော တစ်ချိန်၌ ပုန်းကျင်းသည် သုံးရန်မလို တော့၍ ကလေး တို့၏ ကစားကျင်း ဖြစ်သွားလေမည်လား။

ထိုအခိုက် ဟေးခနဲ အော်သံကြားလျှင် ကျွန်မသည် ကလေးတစ်သိုက် ခြံနောက်ဘက်သို့ ရောက်လာ ကြပြီဟု သိလိုက်ပါသည်။ နောက်ကျောဘက်သို့ လှည့်ကြည့်လျှင် ကလေးတို့သည် အပြစ်ကင်းစွာ၊ အပူအပင်ကင်းစွာ ရယ်ရယ် မောမော ပြေးလာကြသည်ကို မြင်ရသည်။

သူတို့သည် ကျွန်မ ငေး နေစဉ် မှာပင် လူခွဲကြ၏။ ခေါင်းဆောင် နှစ်ယောက် ရွေးဟန်ကို မြင်ရသည်။ သစ်ပင် များ၏ နောက်ကွယ်မှာ နေရာယူလိုက်ကြသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် ချောင်းမြောင်း နေချိန်တွင် တော့ ကျွန်မသည် ၀ါးပင်စု ကို ကျောခိုင်း ခဲ့ပေပြီ။


စံပယ်ဖြူနု
(ရွှေအမြုတေ မဂ္ဂဇင်း မတ်လ ၂၀၁၃)

မြောက်ဖျားက ဆောင်းရာသီ

တစ်နေ့တာလုံး နေရောင်ခြည် ကောင်းစွာရရှိလေ သောအခန်းလေးတွင် ကျွန်မနေပါသည်။ အခန်းသည် အစဉ်လိုပင် နွေးထွေးနေတတ်၏။ နွေအခါတွင် ပူပြင်း ကာ ဆောင်းတွင်တော့ ပြင်ပက အေးမြခြင်းကိုပင် မသိတတ်နိုင်အောင် ခပ်နွေးနွေးပင်ရှိသည်။

ညနေခင်း ရုံးက ပြန်ရောက်ချိန်၌ဖြစ်စေ၊ ညဥ့်နက်လျှင်ဖြစ်စေ၊ သို့တည်းမဟုတ် နံနက်ခင်း အိပ်ရာက နိုးထလျှင်ဖြစ်စေ ကျွန်မသည် ဆောင်း၏ အငွေ့အသက်ကို နည်းနည်းမျှပင် မခံစားရပါ။ အေးမြလှသော ဒေသတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သလို ဆောင်းသိပ်မပီပြင် သည့်မြို့၏ အတွင်းပိုင်းလိုနေရာတွင် နေရတာကြောင့်လားမသိ။ ရန်ကုန်ဆောင်းသည် သည်နှစ် သူတကာ စာဖွဲ့တတ်ကြသလိုဖြင့် ကျွန်မကို မပြုစားနိုင်ချေ။

သိပ်အေးတာပဲဟု ပြောတတ်သော မိတ်ဆွေများကို ရယ်ပွဲဖွဲ့လျှင် သူတို့၏ မျက်စောင်းများနှင့် ရင်ဆိုင်ရလေ့ ရှိပါသည်။
“အေးလေ နင်ကတော့ ဘယ်အေးပါ့မလဲ”ဟု အနွေးထည်အလှကို ရာသီဥတု နည်းနည်းအေးသည်နှင့် ထုတ်ဝတ်ချင်သော သူငယ်ချင်းက ပြောတတ်သည်။


သည်လိုဆိုလျှင်တော့ “ငါတို့ဆီမှာလေ”ဟု အစချီကာ မြောက်ဖျားက ဆောင်းရာသီ အေးမြပုံအကြောင်း ကျွန်မ စိတ်လိုလက်ရ ပြောပြချင်လာပါသည်။ ပြောပြချင်နေ သည့်အချိန်နှင့် တိုက်ဆိုင်လာလျှင်တော့ စကားစလာသူ မှာ ကျွန်မ ပြောသမျှ နားထောင်ပေတော့။

“တို့ဆီမှာ အေးတာက မီးတောင် လှုံရတာကိုး။ ညည ဆို ခြံထဲမှာ မီးဖိုကြီးမှ အကြီးကြီးပဲ ဖိုတာ။ ထင်းတုံးတွေ ဆိုင်ပြီး ညမိုးချုပ်ရင် မီးဖိုတော့တာပဲ။ မီးလှုံရင်း ခေါပုတ်လေး ကင်စားရတဲ့အရသာများ ဘာနဲ့မှ မလဲနိုင်ဘူး”

သူတစ်ပါးကို အားကျစေလိုစိတ်နှင့် ပြောမိသော ကျွန်မမှာ နောက်ဆုံးတော့လည်း ကိုယ်တိုင်ပင် ပြန်လွမ်း ရပါတော့သည်။ သူငယ်ချင်းက တစ်ခဏမျှသာ သည်အ ကြောင်းများ စိတ်ဝင်စားဖော်ရပြီး တစ်ဖန် အာရုံပြောင်းချိန်တွင်တော့ ကျွန်မတစ်ယောက်သာ အလွမ်းများ တစ်ပွေ့တစ်ပိုက်နှင့် ကျန်ရတတ်သည်။

ဇာတိမြေ ကချင်ပြည်နယ်က ဆောင်းရာသီကို လွမ်း တသော ကျွန်မသည် တကယ့်တကယ်တော့ ထိုမြေက ဆောင်းနှင့် ဝေးခဲ့သည်မှာ နှစ်များစွာကြာခဲ့ပါပြီ။ အလုပ်ခွင်ဝင်ပါပြီဆိုကတည်းက သင်္ကြန်ပိတ်ရက်သာ အိမ်ပြန်ဖြစ်လေရာ ဆောင်းကိုမကြုံရပြီ။ သင်္ကြန်ကာလတွင် နံနက်ခင်းအစောပိုင်းများ၌ အေးမြမြအထိအတွေ့ကို ခံစားရသေးသည်။ ကျေနပ်ရပါသေးသည်။ သို့သော် ကျွန်မ လွမ်းတသော ဆောင်းကိုတော့ မမီပြီ။

“အေးနေပြီလားဟင်”ဟု အိမ်နှင့် ဖုန်းပြောရတိုင်း ကျွန်မ သတိတရမေးတတ်ကာ စိတ်ကူး၌လည်း အိမ်သို့ အပြေးပြန်တတ်ပါသည်။ စိတ်ကူးနှင့်ပင် ဆောင်းကိုမြင်သည်။ မီးဖိုမှာ မီးလှုံရသည်။ ခေါပုတ်ကင်နံ့ပင် တသင်းသင်းရသည် ထင်မှတ်လာ၏။ စိတ်နှင့်လူ တစ်ဖန်ကပ်သော် ရန်ကုန်မြေ၌ ခြေမြဲမြံလျက်။ အာရုံတိမ်းပွေ ချိန်တိုင်းတော့ စိတ်က တိမ်စိုင်လို မျောလွင့်မြဲ။

ကျွန်မတို့ ငယ်ရွယ်စဉ်ကတော့ ဆောင်းကို ကျောင်းတက်ရက် နံနက်ခင်းများနှင့် တွဲလျက် မှတ်မိစရာဖြစ်ရပါသည်။ ထိုစဉ်က ကျွန်မသည် မြို့တွင်ကျောင်းတက်စဉ် အဘွားအိမ်၌ နေထိုင်ရသည်။ အဘွားသည် အခြားသော အချိန်များ၌ ချစ်ဖွယ်ကောင်းတတ်သော်လည်း နံနက်ခင်း အလင်းရောက်သည်နှင့် အိပ်ရာက အတင်းနှိုးတတ်တာ တစ်ခုကိုတော့ ကျွန်မ မကြိုက်ခဲ့ပါပေ။

ဆောင်းက အေးလှသည်မို့ ဂွမ်းစောင်ပုံထဲက ထွက်ဖို့ဆိုသည်မှာ စိန်ခေါ်မှုသဖွယ်တည်း။ ဂွမ်းစောင် ထူအိအိကြီးများထဲ ပုစွန်ထုပ်များလို ကွေးကွေးလေး အိပ်စက်ရသည်မှာ ဘယ်လောက် ဇိမ်ရှိပါသနည်း။ သည်လိုသာ မထတမ်းအိပ်ချင်သည်ဟု ငယ်စဉ်က အကြိမ်ကြိမ်တွေးဖူးသည်။ ကျောင်းမတက်ရလည်း ကောင်းသားပဲ။ သို့သော်လည်း အချိန်တန်လျှင်တော့ အဘွားသည် စောင်များကို ဆွဲခွာကာ အိပ်ရာက နှိုးတတ်သည်။

“ထတော့ ဒီကလေးဟာ နေမြင့်တဲ့အထိ အိပ်ချင် တယ်။ ကျောင်းသွားရမယ့်ဟာ စာလေးဘာလေးလည်း ကျက်ဦး၊ ထ၊ ထ”
အဘွားသည် သည်မျှသာ ဆော်သြနိုင်ကာ ဈေးသို့ ဆွဲခြင်းကလေးဆွဲပြီးထွက်သည်။ အသက်ကြီးသော်ငြား နံနက်တိုင်းဈေးသွားမြဲ။ ဟင်းလျာစီမံမြဲ။

ခြံဝင်းထဲမှ အဘွားထွက်သွားသည်ကို သေချာအောင် ချောင်းကြည့်ပြီးသော် စောင်ပုံထဲ တစ်ကျော့ပြန် ခွေပါသည်။ အပြင်တွင် အေးလှသည်မဟုတ်လား။ ကြမ်းပြင်ကလည်း အေးစက်နေသည်။ လေကလည်း အေးစက်နေသည်။ သည့်ထက် ရေအေးအေးနှင့် မျက်နှာ သစ်ရမည်ဆိုသည်ကို အထိတ်လန့်ဆုံးတည်း။ ရေချိုး ဖို့ဆိုသည်မှာတော့ အိပ်မက်ပင် မက်ကောင်းသည်မဟုတ်။

အိပ်ရာနွေးနွေးကို ဘယ်သို့ပင် ခင်တွယ်သော်လည်း အဘွားပြန်မလာမီတော့ အပြေးထရသည်။ မျက်နှာသစ်၊ သနပ်ခါးလိမ်းကာ အ၀တ်အစားလဲထားရသည်။ ပြန်လာလို့မှ အိပ်ရာထဲတွေ့သေးလျှင်တော့ အဘွား၏ ပါးစပ်ကို ကြောက်ရမည်မဟုတ်လား။

သို့နှင့် အချိန်တန်လျှင် နံနက်စာစား လွယ်အိတ်က လေးလွယ်ကာ ပတ်ဝန်းကျင်မှ အိမ်နီးနားချင်း အစ်ကို အစ်မတစ်သိုက်နှင့် ကျောင်းသွားပါတော့သည်။ ကျောင်းမှာ ဆယ့်ငါးမိနစ်မျှလျှောက်လျှင် ရောက်သည်။ ကျောင်းသို့ သွားရာလမ်းကတော့ ဆောင်းနံနက်ခင်းများ၌ အထူးလှသည်။ အထူးလှသည်ဟုသာ ကျွန်မ ထင်ပါသည်။

လမ်းသည် ကွေ့ကောက်ကာ ကျောင်းဘက်သို့ ဦးတည်သွားသည်။ သည်လမ်းပေါ်၌ ကျွန်မတို့လိုပင် ကလေးသိုက်တို့သည် ဟိုတစ်စု သည်တစ်စုဖြင့် ခြေလျင်သွားနေကြသည်။ နှင်းမကွဲသေး။ အဖြူအစိမ်းတူညီဝတ် စုံတို့သည် နှင်းမကွဲသေးသော မြူဆိုင်းသည့် ငွေဖြူ၊ ၀န်းကျင်က သစ်ပင်တို့၏ အစိမ်းတို့ရောသော သဘာဝအလှနှင့် အတော်ပင် လိုက်ဖက်သည်ကို သတိရသည်။

ကျွန်မတို့သည် ဆောင်းနံနက်ခင်းစောစောများတွင် ကိုယ့်ရှေ့ဝန်းကျင် မလှမ်းမကမ်းမျှသာ မြင်ကြရပါသည်။ အဝေးကို လှမ်းကြည့်သော် မသဲကွဲ။ မြူနှင်းများဆိုင်းဆဲ။ လေမှာ အေးစိမ့်၍နေသည်။ အနွေးဦးထုပ်ဆောင်း ထား၍ခေါင်းမစို။ မျက်နှာကတော့ ရေငွေ့ရိုက်စပြုကာ အေးစက်နေတတ်သည်။ မျက်တောင်ဖျား၌ နှင်းငွေ့များ ခိုတွဲနေတတ်သည်ကိုတော့ ကျွန်မ အလွန်သဘောကျပါသည်။ မျက်တောင်ကိုပင် ခဏခဏခတ်တတ်သေးသည်။ ရေစက်ပေါက်ကလေးများ မျက်နှာပေါ်ကျသည်ကိုလည်း နှစ်သက်တတ်သေးသည်။

စာသင်ခန်းထဲရောက်စ၌ လက်ချောင်းကလေးများ ကျင်ခဲနေသလို စာရေးရန် ခက်လှသည်။ ဘောလ်ပင်၊ ခဲတံတို့ကို မကိုင်တွယ်နိုင်။ လက်ချောင်းများ အချင်းချင်း ဆုပ်နှယ်လိုက်၊ ပါးစပ်က လေနှင့်နွေးထွေးစေလိုက်ပြုကာ စာရေးဖို့ကြိုးစားရသည်။ အတန်ကြာလျှင်တော့ အသားကျပေပြီ။ သည်သို့သာကျောင်းသူဘ၀၏ ဆောင်း နံနက်ခင်းများစွာကို အစီအစဉ်တကျ ဖြတ်ကျော်ခဲ့ရ သည်။

ငယ်စဉ်က ကျွန်မတွင် အနွေးအင်္ကျီအလှများမရှိပါ။ ကတီ်္တပါပြောင် နီညိုရောင်တစ်ထည်၊ ဆွယ်တာ မီးခိုးရောင်တစ်ထည်ပဲ ရှိခဲ့သည်လားမသိ။ သို့သော် မြို့စွန်၌ တည်ရှိသော ကျွန်မတို့ကျောင်းတွင် မျက်နှာငယ်စရာ စိုးစဉ်းမျှ ရှာမတွေ့။ ဘ၀တူတွေ ရှိသားပဲ။ တတ်နိုင်သည့် သူက အနွေးအင်္ကျီအလှများ ၀တ်ထားသော် အားကျငေး မောမည်။ သို့သော် မိဘကို ပူဆာရန်ကား တစ်ကြိမ်မှ စိတ်ကူးမရှိခဲ့စဖူး။ မပြည့်စုံလှသော ငယ်ဘ၀တွင် ကျွန်မ သည် ဆောင်းရာသီကိုတော့ မုန်းစိတ်မ၀င်။

နံနက်ခင်းစောစော၌ ချမ်းရအေးရသည့်ကြားထဲ ကျောင်းသွားရန် ထရခြင်းတစ်ခုကိုတော့ ကျွန်မ ငြူစူချင်သည်။ ကျွန်မက အအိပ်မက်သူ။ အိပ်ရာစောစော ထရသည့် ဆောင်းနံနက်ခင်းများကို မကြိုက်လှသော်လည်း ဆောင်းနေ၀င်ပြီးနောက် လေအေးများ ကြီးစိုးလာသည့် နေစောင်းချိန်များကိုတော့ ကျွန်မ အလွန်နှစ်သက်ပါသည်။

ဦးလေးသည် မှောင်စပျိုးသည်နှင့် ခြံထဲမှာ မီးဖိုပါတော့သည်။ မီးဖိုနေကျနေရာမှာပင် လောင်ကျွမ်းပြီးသား ထင်းတုံးဟောင်းကို မီးပြန်မွေးသည်။ သစ်ကိုင်းခြောက် နည်းနည်းထပ်ထည့်သည်။ မီးညွန့်ကလေး တက်လာလျှင် လှုံနိုင်ပေပြီ။

ခြံချင်းနီးသော ၀မ်းကွဲအစ်မနှင့် ကျွန်မသည် အဘွား အိမ်ပေါ်တွင် အိမ်စာအတူလုပ်ပြီးသော် မီးဖိုနားသို့ အပြေးကပ်ကြတော့သည်။ အိမ်သည် ထရံကာမို့ လေက တိုးဝင်လျက်ရှိရာ အေးလှသည်မဟုတ်လား။

ကျွန်မတို့သည် မီးဖိုအနီး ၀ိုင်းထိုင်နေကြသည့် လူကြီးများအကြား တိုးဝှေ့ထိုင်ကြသည်။ ခြေ၊ လက်တို့ကို ပူနွေးအောင် မီးလှုံကြသည်။ မီးဖိုဘေးတွင် ခေါပုတ် သို့မဟုတ် ပေါင်းတင်းကျည် (ကောက်ညှင်းကျည်တောက်) စသည်ဖြင့် လူကြီးများက တစ်ခုခု ကင်နေ၊ နွေးနေသည်ကို ငေးမျှော်ကာ စောင့်ကာ စားကြသည်။ အဘွားပြောပြတတ်သည့် ရှေးစကားများကို မျက်လုံးကလေး အ၀ိုင်းသားနှင့် နားထောင်တတ်ကြသည်။ အိပ်ချိန်တန်လျှင်တော့ ဂွမ်းစောင်ပုံများကြားထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်းကို ဘယ်တော့မှမမေ့။

ဆောင်းရာသီ၌ပင် ကြုံရသော ကျောင်းပိတ်ရက် ရှည်များတွင်တော့ ရွာသို့ပြန်လျှင် ကျွန်မ နှစ်သက်သော ဟင်းလျာများအတွက် အသီးအရွက် အညွန့်အဖူးတို့ စုံလင်ပေပြီ။ မုန်ညင်းဖူးနုနုများရမည်။ ပဲရွက်နုများ ရမည်။ ပဲသီးနုများရမည်။ အားလုံးသည် စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်။ အချို့ကတော့ ခြံထဲတွင်ပင် ရနိုင်သည်။ အမေကိုယ်တိုင် စိုက်ပျိုးထားပေသည်။

အမေသည် ကျွန်မ အလွန်နှစ်သက်သော မုန်ညင်းစော(မုန်ညင်းချဉ်ရည်ဟင်း)ကို ချက်ကျွေးတတ်သည်။ ဟင်းလှော်ပေါင်းလုပ်ကျွေးတတ်သည်။ မုန်ညင်းပေါင်း လုပ်ကျွေးတတ်သည်။ ငါးပေါင်းလုပ်ကျွေးတတ်သည်။

ရွာက အိမ်ကလေးသည် ချောင်းနံဘေးတွင် တည်ရှိလေရာ ဆောင်းရာသီနံနက်စောစောများ၌ ရေပြင်ကို မြူနှင်းများအကြား မသဲမကွဲမြင်ရသည့် မြင်ကွင်းကိုလည်း ကျွန်မသတိရနေသည်။ အမေ လုပ်ပေးတတ်သော နံနက်စာ ထမင်းကြော်၊ ကော်ဖီပူပူတို့ကိုလည်း ဆောင်းနံနက်ခင်းများနှင့် တွဲဖက်ကာ မှတ်မိနေဆဲပင်။ ရွာတွင်တော့ ကောက်နှံတို့လည်း ပေါ်ပြီဖြစ်ရာ ခေါပုတ် လှိုင်လှိုင်ထောင်းကြဆဲ။

တစ်အိမ်အိမ်က ခေါပုတ်ထောင်းလျှင် နီးစပ်ရာက အမျိုးသမီးများ ၀ိုင်းကူကြသည်။ မောင်းတံပေါ် ခြေသုံးဖက်၊ လေးဖက်မျှ အချက်ညီညီ နင်းကြသည်။ မောင်းဆုံနားတွင် နေသူက ကျည်ပွေ့တွင် ကပ်နေသည့် ထောင်းလက်စ ကောက်ညှင်းစေးပျစ်ပျစ်ကို ခွာလိုက် ဆုံထဲ တစ်ဖန်ထည့်လိုက် ကျင်လည်စွာ လုပ်ပေးရသည်။ ဘက် လှည့်ပေးရသည်။ သည်မြင်ကွင်းကို ပြန်တွေးတိုင်း ကျွန်မသည် မောင်းဆုံရှေ့စောင့်တတ်သည့် ကြီးကြီး၏ လက်ယဉ်ပုံ၊ ကျွမ်းကျင်ပုံကို မမေ့။

မောင်းထောင်းနေသည့် အနီးတစ်ဝိုက် ကျွန်မတို့ ကလေးတစ်သိုက်က ကျင်လည်သော် ကြီးကြီးသည် ထောင်းလက်စထဲက အဆုပ်အဆုပ်ခွဲကာ လှမ်းပေးတတ်သည်။ မီးဖိုအနီးသို့အပြေးသွားကာ သီတံထိပ်တပ်လျက် ကင်စားရသည့်အရသာမှာ အမေကင်ပေးတတ်သည့် ခေါပုတ်ထက်ပင် စားကောင်းသလို ထင်တတ်ခဲ့သည်။ ခေါပုတ်များကို ၀ိုင်းကူကြသူများကိုလည်း ပေးရသည်။ အိမ်နီးနားချင်းများထံ ပို့ရသည်။ ဆွေမျိုးများကိုလည်း ခွဲပေးသေးသည်။

မိမိအိမ်က တစ်ကြိမ်တစ်ခါ ထောင်းလျှင် အများကို ပေးဝေသလို ပတ်ဝန်းကျင်က ထောင်းလျှင်လည်း အိမ်ကို အပို့ရောက်သည်သာ။ သည်တော့ အိမ်တွင် ခေါပုတ်မပြတ်။ စားစရာလည်း မပြတ်။ ကျောင်းပိတ်ရက်လွန်၍ မြို့သို့ ပြန်သော် စားစရာများ သယ်ကာပြန်ရသည်။ မြို့ တွင်တော့ ကျွန်မ ကျောင်းတက်ခက်သည့် ချမ်းချမ်းစီးစီး နံနက်များက စောင့်ကြိုမြဲ။ သို့သော်လည်း မီးဖိုနံဘေး နွေးထွေးနေပျော်သော ညကာလများလည်း ရှိသေးသည်မို့ ဆောင်းကို ကြာရှည် စိတ်မကုန်ပြန်ချေ။

ငယ်ရွယ်စဉ်နှင့် ဆယ်ကျော်သက်ရွယ်တုန်းကပဲ ဘ၀ကို ပျော်စရာဟု ပိုမြင်တတ်ခဲ့လေသလားမသိ။ ပြန်စဉ်းစားလျှင် အရာရာသည် လွမ်းစဖွယ်တည်း။ တစ်နှစ်တော့ ဆောင်းရာသီပြန်ဖြစ်အောင် ပြန်ပါမည်ဟု ယခုတိုင် တွေးဆဲ။ ပြီးခဲ့သည့်တစ်ရက်က အမေနှင့် ဖုန်းပြောရသော် ဆောင်းရာသီတွင် ကျွန်မ တစ်ကြိမ်မှ မပြန်ဖြစ်တော့သည်ကို အမေက သတိတရ ပြောလိုပြန်သည်။

“တစ်ခါတော့ ဆောင်းတွင်း ပြန်လာဦးလေ။ စားစရာ ပေါတယ်ကော။ သမီး ပြန်လာတဲ့ နွေရာသီဟာ လုပ်ကျွေးချင်ရင်တောင် ဘာမှသိပ်မစုံတော့ဘူး။ ခေါပုတ်လည်း အဲဒီအချိန်လောက်ဆို ကုန်ပြီ”

အမေ့စကားသံသည် ဖုန်းချပြီးသော်လည်း နား၌ စွဲမြဲဆဲပင်။ သို့သော် အမေ့သမီးမှာတော့ ဆောင်းရာသီ အိမ်ပြန်ရေးဆိုသည်မှာ စေ့စေ့တွေးရန်မလိုဘဲ ထင်းထင်း ပေါ်မြဲအဖြေရှိပြီးသားပင်။ အသွားအပြန် လေးရက်မျှကြာသော ရွာကလေးသို့ ဘယ်မှာလျှင် ပိတ်ရက်ရှည်မရဘဲ ပြန်နိုင်ပါမည်နည်း။ ကြာတော့လည်း အလွမ်းနှင့် အသားကျကာ မလွမ်းရတော့ဘူးဆိုလျှင်ပင် မနေတတ်တော့ဘူး ထင်လာသည်။ လွမ်းရတာကိုပင် စည်းစိမ်တစ်မျိုးလို ထင်မှတ်ကာ လွမ်းတတ်လာသည်။

ခုတလောတော့ မြောက်ဖျားပိုင်းကို ပိုလွမ်းရသည်။ ရာသီဥတုအေးနေမည်ဆိုသည်ကို တွေးမိလျှင် တိုး၍ လွမ်းရသည်။ သည်တစ်ကြိမ်လွမ်းရသည်ကတော့ အစားအသောက်များကိုလည်း မဟုတ်။ ဆောင်းအလှကိုလည်း မဟုတ်။ မိသားစုကိုလည်း မဟုတ်။ နွေးထွေးလုံခြုံရာတွင် ရှိနေမည့် ကျွန်မ၏ မိသားစုကို စိတ်အေးရသော်လည်း မတတ်နိုင် လက်မှိုင်ချကာ အိမ်အပြန်လမ်း ငေးမျှော်နေရသူများကိုတော့ လွမ်းရပါပေသည်။

“အနွေးထည်လည်း မလောက်ဘူး။ တို့ဆီမှာ ဒီလောက် အေးတာ နင်သိတဲ့အတိုင်း၊ အိမ်ထဲမှာတောင် ဒီလောက် အေးတာ၊ တောထဲမှာ သူတို့ ဘယ်လောက် အေးမလဲ။ ငါလည်း ဘာလုပ်ပေးရမှန်း မသိတော့ဘူး”

တစ်နယ်တည်း၊ တစ်ခရိုင်တည်းကြီးပြင်းခဲ့ကြသော်လည်း ရန်ကုန်တွင်မှ ကြံကြံဖန်ဖန် တွေ့ကြုံခင်မင်ရသော အစ်မသည် တစ်ရက်၌ ခရီးမစမီ ကျွန်မကိုတိုင်တည်သည်။ မကြာခင် သူ ခရီးစမည်။ ကျွန်မတို့၏ ဇာတိ မြောက်ဖျားဆီ။ သူသည် အခါများစွာကလို အိမ်ကို အလည်ပြန်သည်မဟုတ်။ တောတွင်း၌ ရှိနေဆဲသူများထံ မြို့ပြမိတ်ဆွေများဆီက ရတတ်သမျှ အကူအညီများ သယ်ပိုးကာ သွားရန်ပြင်ခြင်း။

ကျွန်မက သူ့ကို တိတ်တဆိတ် ပူပင်ဆဲ။ သူကတော့ သူ့ကိုယ်သူထက် အိမ်မပြန်နိုင်သေးသည့် ကလေးများ၊ မိခင်များ၊ အဘိုးအဘွားများအတွက် ပူပင်နေသည်။ ကျွန်မတွင်တော့ အပူသည် ရံဖန်ရံခါတော့ များပြားသည့် ဘ၀ တာဝန်များကြား ပေါ်လိုက်ပျောက်လိုက်ပင်။

တစ်ခါတလေတော့ ရွာကို မိသားစုကို အလွန်အမင်း ပူပန်နေတတ်သည်။ အပြေးသွားချင်သည်။ မိတ်ဆွေများ ရှေ့ မျက်ရည်ကျမိသည့်အချိန်လည်း ရှိခဲ့သည်။ သို့သော်လည်း မိဘများအသံကို ဖုန်းထဲက ကြားရုံနှင့် သက်ပြင်းချကာ စိတ်အေးတတ်သည့် အချိန်မျိုးလည်းရှိပြန်သည်။

တကယ်တော့ သေနတ်သံ၊ ဗုံးသံများသည် ကျွန်မတို့နှင့် စိမ်းသည်မဟုတ်။ နှစ်အတော်ကြာ ကြားဖူးနားဝ ရှိခဲ့သည်။ ထို့နောက် တစ်ဖန် ငြိမ်းအေးသွားပြန်သည်။ ဆယ်စုနှစ်ကို ကျော်လွန်ငြိမ်းချမ်းဆဲ လွန်ခဲ့သော နှစ်နှစ် နီးပါးကတော့ မိုးစက်များနှင့်အတူ ကျွန်မတို့ မြေ၌ မငြိမ်းချမ်းခြင်းသည် တစ်ကျော့ပြန်နိုးထခဲ့ပြီ။

ဇွန်၊ ဇူလိုင်လတို့သည် ကျွန်မအတွက် ခက်ခဲစွာ ဖြတ်ကျော်ရသည့်ကာလများ။ အဲသည်အချိန်က မိသားစုကို ပူပင်စိတ်နှင့် တစ်ဖက်တွင် မြို့ပြကို စွန့်ခွာရန်ခက် ခဲနေဆဲအနေအထားများအကြား ကျွန်မ ပြိုလဲမတတ် ဖြစ်ခဲ့ရသည်။ သို့သော် ရွာကလေးသည် ကာလရှည်ကြာ ဘေးကင်းဆဲ။ သည်တော့ မိသားစုထံက ပူပင်စိတ်သည် အိမ်ကိုစွန့်ခွာ ပြေးလွှားရသူတို့ထံ ကူးပြောင်းပေသည်။

အဲသည်နှစ်ကလည်း အစ်မသည် နယ်ပြန်ခဲ့သေး သည်။ သူအပြန်တွင် ဓာတ်ပုံများစွာ ပါလာသည်။ ကျွန်မသည် ထိုဓာတ်ပုံများကို ကြည့်ကာ သူ့ရှေ့တွင်ပင် မျက်ရည်ကျရသည်။

အ၀တ်အထည်နွမ်းနွမ်းလေးများနှင့် ကလေးတို့သည် ကင်မရာကို အပြစ်ကင်းစင်သော မျက်လုံးကလေးများနှင့် ငေးနေတတ်ကြသည်။ ငိုနေသော ကလေးလေးကိုလည်း တွေ့ရသည်။ ပဲပြုတ်တစ်ခွက်နှင့် ထမင်းစားနေကြသော ကလေးတို့ကို မြင်သည်။ ဒုက္ခသည်စခန်းက ကြမ်းပြင်ပေါ် စာကုန်းရေးနေကြသည့် ကလေးတို့ကို ရင်နာစဖွယ် တွေ့ရသည်။ စခန်းတို့သည် အမိုးအကာလုံ လုံခြုံခြုံလည်းမဟုတ်။ ဓာတ်ပုံတို့ကို တွေ့ရသောအချိန်သည်လည်း ဆောင်းကာလသာဖြစ်သည်။ သူတို့ ဘယ်လောက်များ အေးနေကြမလဲ။ ကျွန်မ မျက်ရည်တွေတွေ ကျနေသည်ကို အစ်မက ငေးနေသည်။

“ငို၊ ငို၊ ငိုချင်သလောက်သာ ငိုပေတော့။ ငါ့မှာတော့ ငိုစရာ မျက်ရည်တောင် မရှိတော့ဘူးဟ။ ငိုလည်း မငိုနိုင် တော့ဘူး။ ငါမြင်ရတဲ့ မြင်ကွင်းတွေ နင် အပြင်မှာ မြင်ရရင် နင်လည်း ငါ့လိုပဲ မျက်ရည်ကျန်တော့မှာ မဟုတ်ဘူး”

သူ လှမ်းပေးသည့် စာအုပ်ကလေးတစ်အုပ်ကို ကိုင်ထားသော ကျွန်မ လက်များကလည်း တုန်ယင်ချင်နေသည်။ မညီမညာရေးထားသော လက်ရေးလေးများကို မျက်ရည်များအကြားက ၀ိုးတ၀ါးမြင်ရသည်။ “သမီး အိမ် ပြန်ချင်တယ်”၊ “စစ်ပြီးရင် သား ကျောင်းပြန်နေမယ်၊ စာ လည်းကြိုးစားမယ်”၊ “ကျွန်တော် အသားဟင်းစားချင်ပါ သည်”။

အဲသည်တစ်ညနေက အားရအောင် ငိုချလိုက်ပြီး နောက်ရက်များတွင်တော့ အကြိမ်ကြိမ် မျက်ရည်ဝဲရသေးသော်လည်း ထိုတစ်ညနေကလောက် ရှိုက်ကြီးတငင် မငိုတတ်တော့ပါပြီ။

ခုလို အေးမြသည့်ကာလရောက်တော့ ထိုညနေကို သတိရသည်။ တွေ့မြင်ဖူးသော ပုံကလေးများကို သတိရသည်။ သူတို့သည် ဆောင်းရာသီနှစ်နှစ်ဆက်တိုက် လုံခြုံ နွေးထွေးသော နေအိမ်များနှင့် အဝေးမှာ ရှင်သန်ခဲ့ကြသည်။ အခက်အခဲများကို ရင်ဆိုင်ဖို့ရန် စိတ်နှလုံး ခက်မာခြင်း၊ မျက်ရည်ကြားက ရယ်တတ်ပြုံးတတ်သော နှုတ်ခမ်းများ ရှိကြခြင်းအတွက်တော့ လောကကို ကျေးဇူးတင်ပါသည်။

“ဒီနှစ် နွေ ကျွန်မပြန်ရင် စခန်းမှာ သွားနေဦးမယ်” ဟု ရန်ကုန်တွင် နှုတ်ဆက်ရသည့်ညနေက အစ်မကို ပြောခဲ့မိသည်။

“နင်ကလည်း အဲဒီလိုမပြောစမ်းပါနဲ့ဟယ်။ တော်ပြီ၊ နွေမရောက်ဘူး၊ စစ်ပြီးပြီလို့ပြော၊ အားလုံး အိမ်ပြန်ပြီလို့ပြော။ ဒီဆောင်းတွင်းတစ်ခုပဲ တော်ပြီ”

စကားပြောပြတ်တောက်သော၊ သို့သော် စိတ်နှလုံး ရိုးစင်းနူးညံ့ကာ ကြင်နာတတ်သော အစ်မကို ခုတလော သတိရနေသည်။ သူသည် မြောက်ဖျားမှာ။ အလွန်အေး သော ကျွန်မတို့ ဇာတိမြောက်ဖျားမှာ။ သူပြန်မလာသေးသည့်အတွက် ကျွန်မသည် သတင်းစကားများ အထူးတလည် သိရသည်မရှိပါ။

သည်ကြားထဲ သံလွင်ခက်နှင့် ချိုးဖြူတစ်ကောင် လက်တစ်ကမ်းကိုပင် ရောက်လာတော့မလိုလို သတင်းများ ထွက်ပေါ်လာလျှင်တော့ ၀မ်းသာစပြုလာပြန်သည်။ ဒါနှင့်ပင် မျှော်လင့်ချက်ထားလိုသည်။ အလင်းတစ်စ မြင်ရသလို ဆုပ်ကိုင်ချင်သည်။ ထိုအလင်း မကွယ်ပျောက်ပါစေနှင့်။ မကြာမကြာ ပေါ်လိုက် ပျောက်လိုက်ဖြစ်ရသလို ထပ်၍ မကွယ်ပျောက်ပါစေနှင့်။

ပြီးခဲ့သည့်တစ်ရက်ကတော့ ကျွန်မသည် အမေနှင့် ဖုန်းပြောစဉ် “အခု အေးနေပြီမဟုတ်လား” ဟု အဆန်းလုပ် မေးဖြစ်ပါသည်။

“အေးတာပ၊ ညဘက်တော့ တော်တော်အေးတာ”ဟု အမေက ဖြေရိုးဖြေစဉ်ဖြေသည်။

ကျွန်မ၏စိတ်အလျဉ်ကတော့ မြောက်ဖျားပိုင်းဆီ အ ပြေးရောက်သွားသည်။ တောင်တန်းများကို ဖြတ်သည်။ တောအုပ်များကို ကျော်သည်။ သစ်ပင်ငယ်အစုစုကို ဖြတ်သည်။ အကာအရံမလုံ့တလုံ တဲများအနီးတွင် ရပ်သည်။ ဖြူစင်သော မျက်လုံးလေးများစွာကို မြင်သည်။ သည်အခိုက် လေကြမ်းက စိတ်ကူး၌ပင် သုတ်ခနဲ နှင်လာသည်။

သူတို့ အေးနေရှာရော့မည်။

စံပယ်ဖြူနု
(ဇန်န၀ါရီလ၊ ၂၀၁၃၊ မျက်ရှု သုတ၊ ရသမဂ္ဂဇင်း)

မွေးနေ့ပွဲ



အခုတစ်လော ကလေးရဲ့ပါးစပ်ဖျားမှာ ရေပန်း အစားဆုံးကတော့ ကိတ်မုန့်နဲ့ မွေးနေ့ပွဲပါပဲ။ ကိတ်မုန့်...မွေးနေ့။ မွေးနေ့...ကိတ်မုန့်။
ဒီစကားလုံးတွေကို ထပ်ခါတလဲလဲ ရေရွတ်လို့။

စားပွဲပေါ်မှာ ကိတ်မုန့် တင်ထားတဲ့ဟန်၊ လက်ဝါးပေါ်မှာ ကိတ်မုန့်လေး ထည့်လို့ ခွံ့ကျွေးတဲ့ ဟန်လည်း လုပ်ပြတတ်တယ်။ ဒီအခါမှာ ကလေး စိတ်ချမ်းသာစေဖို့ ပါးစပ်ကို အလိုက်သင့် ဟပေးပြီး ၀ါးစားတဲ့ ဟန်မျိုး လုပ်ပြရတာပဲ။ ကလေးကတော့ ဒါကိုပဲ လက်ခုပ်လေး တီးပြီး သဘော ကျနေတော့တာ။

တကယ်တော့ မွေးနေ့ပွဲဆိုတာကို ကလေးစိတ်ဝင်စား လာတာ သိပ်တော့မကြာ လှသေးပါဘူး။ အလွန်ဆုံး ရှိမှ သုံး၊ လေးရက်ပေါ့။ အရင်ကတော့ မွေးနေ့ရယ်လို့ ပွဲတွေ၊ ဘာတွေ လုပ်နေမဲ့ အစား ကိုယ့်မိသားစု ၀ိုင်းဖွဲ့စားတာလောက်ပဲ လုပ်ဖြစ်ကြတော့ ကလေးရဲ့စိတ်ထဲမှာလည်း မွေးနေ့ပွဲရယ်လို့ မှတ်မှတ်ရရ မရှိခဲ့ဘူး။ ဒီလိုနဲ့ပဲ သုံးနှစ်ပြည့် မွေးနေ့ကို ကျော်လွန်လာ ခဲ့ပြီ။ ဒီနှစ်တော့ ကလေးက လေးနှစ် ပြည့်တော့မှာမို့ မူကြို စထားရတယ်။ မူကြိုလည်းတက်ရရော သူရယ်၊ မမရယ်သာရှိတဲ့ အိမ်ကနေ ပြင်ပလောကကို စပြီး ထိတွေ့ရတော့တာပဲ။ ပြန်လာရင် အသစ်အဆန်းတွေ အမြဲကြားရတတ်တယ်။ ကျောင်းမှာ ဆိုနေကျ သီချင်း၊ ကဗျာတွေဟာ အိမ်ရောက်တဲ့ အထိ မပြီးနိုင်ဘူး။ ကိုယ်အမူအရာ အပြည့်အစုံနဲ့ ဆိုပြတတ်တာများ သူနဲ့ မမမှာ ငေးယူ နေရတယ်။

သွက်လာလိုက်တာ။ ကလေးဟာ လောကကို တစ်စစသိလာတော့မယ်။ ဒါပေမဲ့ ကျောင်းပို့လိုက်တဲ့ အရွယ်ဟာ စောများနေမလား လို့တော့ တစ်ခါတစ်ခါ တွေးပူပါရဲ့။ တစ်ခုပဲ ကျေနပ်စရာက အဲဒီ ကျောင်းဟာ လေးနှစ်အောက် ကလေးတွေကို သီချင်း၊ ကဗျာသင်တာ၊ လွတ်လွတ် လပ်လပ် တွေးနိုင်စွမ်းကို ဖွင့် ပေးတာကလွဲရင် စာရေး မသင်သေးတာပါပဲ။

သမီးလေးကို စာရေး စာဖတ် တတ်စေချင်ပြီ ဖြစ်တဲ့ မမကတော့ စာမသင်သေး တာကိုပဲ သိပ်မကြိုက်လှဘူး။ သူ့မှာတော့ ကိုယ့်တူမလေး စာတွေနဲ့ လုံးထွေး မနေရဘဲ ဒီလို ကလေးပီပီ သီချင်း ကဗျာဆိုရင်း ပျော်ရွှင်နေနိုင် သေးတာကိုပဲ ကြံဖန်ကျေနပ် နေရပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းကအပြန် ကြားနေကျ ထက်ပိုတဲ့ ကလေးရဲ့စိတ်ဝင် တစား စကားသံတွေကို သူ ရယ်၊ မမရယ် တအံ့တသြ နားထောင်ရတော့တာပါ။
“ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်း လိုက်တာ။ ကလေးတို့က ဟက်ပီးဘတ်ဒေးကို ဆိုပြီး တာနဲ့ သူက ဖယောင်းတိုင်ကို မီးမှုတ်လိုက်ရော။ ပြီးတော့ ကလေးတို့ကို ကိတ်မုန့်တွေ ခွံ့ကျွေးတာ မေမေရဲ့”

ကလေးရဲ့မျက်နှာဟာ ပြုံးမြလို့။ မျက်လုံးလေးတွေ ဟာလည်း တောက်ပလို့။ မသိဖူးလေတဲ့ လောက အကြောင်း ဗြုန်းခနဲ သိလိုက် ရသူတစ်ယောက်လို စကား သံမှာ ပျော်ရွှင်မြူးတဲ့ ရိပ်ပုံ ကို ခံစားသိစေတယ်။
“အဲဒါ မွေးနေ့ပွဲတဲ့ မေမေရဲ့။ အင်ကြင်းက ပန်းရောင် ဂါဝန်လေးနဲ့၊ လက်မှာ ကြယ်တုတ်လေးကို ဒီလို ကိုင်ထားတာ”

ကြယ်တုတ်ကိုင်ထားတဲ့ ပုံစံလည်း လုပ်ပြပါသေး ရဲ့။ သီချင်းသံလေးတွေ တောင် ညံစီလို့။ ရယ်မောနေ ကြရတဲ့ အမေနဲ့ အဒေါ်လုပ် သူမှာ ကလေးရဲ့ အဆုံးသတ် စကားကိုလည်း ကြားရရော ဘာစကားမှ ဆက်မပြောနိုင် ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်း ဆုံနေမိ ကြတာ စက္ကန့်အတော်ကြာတဲ့ အထိပဲ။ ကလေးလည်း မွေးနေ့ပွဲလေး လုပ်ချင်လိုက် တာတဲ့။

“ကလေး မွေးနေ့ပွဲ လုပ်မယ်နော် မေမေ။ ကလေး မွေးနေ့မှာ ကလေးရယ်၊ မေမေရယ်၊ ဖေဖေရယ်၊ တီတီရယ်နော်။ ကိတ်မုန့်မှာ ဖယောင်းတိုင်တွေ ထွန်းမယ်နော်”

အေးပါကွယ်လို့ မမက တီးတိုးဆိုတယ်။ မမမျက်လုံးတွေက မှိုင်းညို့လို့ပဲ။ မမ ဘာတွေ တွေးနေမလဲ ဆိုတာ သူ အတပ် သိပါရဲ့။ ဒါပေမဲ့ စကား မစချင်ဘူး။ အစဖော် မပေးချင်ဘူး။ ငြိမ်ငြိမ်သက် သက်လေး တွေးနေတဲ့သူကို အနှောင့်အယှက် မဖြစ်စေချင် ဘူး။

ဒါနဲ့ပဲ မွေးနေ့ပွဲ အကြောင်း တတွတ်တွတ် ပြောမဆုံးသေးတဲ့ ကလေးကို သာ အာရုံလွှဲပြီး ကားချပ် လေးတွေ ဆက်ပြနေခဲ့ရ တယ်။ ကလေးရဲ့နှုတ်က မွေးနေ့သံ တိတ်မှပဲ မမမှာ ပြုံးနိုင်ရှာတယ်။ တကယ် တော့ ကလေးပြောတဲ့ မွေးနေ့မျိုးက ဖြစ်ဖို့ ခဲယဉ်းလှ တယ်ဆိုတာ သူနားလည်ပြီး သား။ ဘယ်မှာ လူစုံနိုင်ပါ့ မယ်။ ကလေးရဲ့ဖခင်ဟာ မိသားစုအတွက် အဝေးမှာ ရှင်သန်နေရတဲ့သူမဟုတ်လား။
ပြောင်းလဲလာတဲ့ ခေတ်ကာလထဲ ရေစီးကြောင်း တစ်ခုလို ဖြစ်လာတဲ့ နိုင်ငံရပ်ခြား ထွက်ခွာခြင်းမှာ ကလေး ရဲ့ဖခင်က လိုက်ပါ စီးမျောနေခဲ့ပြီ။ တစ်ပတ်တစ်ကြိမ် လောက် အချိန်ပေး ဖုန်းပြော တာဟာ မမတို့ မိသားစု အတွက်တော့ တစ်ခုတည်း သော အလွမ်းဖြေစရာပါ။ စနေနေ့ညနေပိုင်းတွေမှာ ဖုန်း သံကြားတိုင်း မမ မျက်လုံး လေးတွေ လက်ပတာကို အခါများစွာ မြင်ရတယ်။ အိမ်ထောင်ကျပြီး ကလေး လူ့ လောကထဲ ရောက်ပြီ ဆိုကတည်းက မမ အိမ်ဦးနတ်ဟာ မိသားစုကို စွန့်ခွာ၊ နိုင်ငံကို စွန့်ခွာ။ မတတ်သာတဲ့ စွန့်ခွာ ရခြင်းမှာ မမြင်သာတဲ့ မျက်ရည်တွေ ချောင်းလို စီးခဲ့ဖူးပြီ။

နေအိမ်မှာတော့ လူနေမှု အဆင် တန်ဆာတွေ တဖြည်းဖြည်း ပြည့်စုံလာပါရဲ့။ သမီး လေးရဲ့ရှေ့ရေး အတွက်၊ ပညသင် ခရီးအတွက် ငွေကြေးလည်း အထိုက်အလျောက် စုဆောင်းနိုင်ခဲ့ပါရဲ့။ ဒါပေမဲ့ စိတ်နှလုံးမှာတော့ ကွက်လပ်တွေ များလှတာကို သူက တွေ့နေရပြန်တယ်။

မမမှာ တိုးတိုးဖော် အဖြစ် သူရှိနေပေမဲ့ ခင်ပွန်း လုပ်သူ အနားမှာ ရှိနေတာမျိုး နဲ့တော့ မတူနိုင်ဘူး ထင်တာ ပါပဲ။ အရေးဆို ခင်ပွန်းကိုမှ တိုင်ပင်ချင်တဲ့၊ အားကိုးချင်တဲ့ အရေး ရှိကောင်းရှိမယ်။ တစ်ခါတစ်ရံ မိန်းမတို့ သဘာဝ ချွဲနွဲ့ချင်တာ ရှိကောင်းရှိမယ်။ တကယ့် တကယ်မှာတော့ အဲဒီအခွင့် အရေးတွေ ဘာတစ်ခုမှ မရ ရှာတဲ့သူပါ။ ဒါပေမဲ့ မမက တော့ နှစ်သိမ့်ပြောလေး ပြော တတ်ရှာတယ်။ ငါလိုလူတွေ ငါတို့နိုင်ငံမှာ အများကြီးပါ တဲ့။

ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ပတ်ဝန်းကျင်မှာ သားသမီးနဲ့ ခွဲရတဲ့မိဘတွေ၊ မိဘနဲ့ ခွဲရတဲ့ သားသမီးတွေ၊ ချစ်သူနဲ့ ခွဲရတဲ့သူတွေ၊ အိမ် ထောင်ဖက်နဲ့ ခွဲခွာနေရတဲ့ သူတွေ၊ မိတ်ဆွေ၊ သူငယ် ချင်းနဲ့ ခွဲခွာနေရတဲ့သူတွေ ရယ်လို့ အမျိုးမျိုးတွေ့ကြရ တယ်။ တစ်ကိုယ်စာလွတ် မြောက်မှုအတွက်မဟုတ်ဘဲ မိသားစုအတွက်၊ ချစ်ခင်ရသူ တွေအတွက် စိတ်နှလုံးကို စတေးရတဲ့သူတွေ များလွန်း လှတယ်။

သူကတော့ တစ်ခါ တုန်းက မြင်ကွင်းလေးကို ရံဖန်ရံခါ မြင်ယောင်နေမိ တတ်ပါတယ်။
အဲဒီတုန်းက ကလေးက အသက်နှစ်နှစ်ပြည့်ခဲ့ပြီ။ စကားလည်း တီတီတာတာ ပြောတတ်နေချိန်။ တတောက် တောက် လမ်းလျှောက်တတ် နေတဲ့အချိန်။ ချစ်စရာကောင်း လှတဲ့ သမီးလေးကို ထွေးပွေ့ ဖို့ ကြိုးစားတဲ့ အဖေရယ်၊ အဖေကို ဖုန်းနဲ့ စကားပြောဖူး ရုံ၊ ဓာတ်ပုံမြင်ဖူးရုံကလွဲလို့ ပြင်ပမှာ မတွေ့ဖူးလို့ သူစိမ်း အမှတ်နဲ့ အော်ဟစ် ငိုကြွေးတဲ့ သမီးလေးရယ်။ ဒီမြင်ကွင်း ကို အလွမ်းဇာတ်ဝင်ခန်း တစ်ခုလို သူ မြင်ခဲ့ဖူးပါ တယ်။

“သမီး အဲဒါဖေဖေလေ” လို့ မမက တဖွဖွ ပြောရင်း ကလေးကို နှစ်သိမ့်တယ်။ ကလေးကတော့ ဘယ်လို ပြောပြော ငိုလို့မဆုံးဘူး။ အစ်ကို့ကိုယ်ပေါ်ကနေ အော်ဟစ် ရုန်းကန်လို့နေတယ်။ နောက်ဆုံး မမက လက် ပြောင်းချီလိုက်တော့မှပဲ အငို တိတ်တော့တာ။

မမကိုယ်ပေါ်မှာ မှီ တွယ်ရင်း၊ ရှိုက်ရင်းကနေ လည်း သူစိမ်းဆန်လှတဲ့ မျက်လုံးတွေနဲ့အစ်ကို့ကို စူး စမ်းငေးကြည့်လို့။ ဓာတ်ပုံပြ ပြီး အဲဒါ သမီးဖေဖေလေလို့ မမက ပြောပြတိုင်းခေါင်း ညိတ်ပြုံးရယ်တတ်ပေမဲ့ တကယ့်ပြင်ပမှာတော့ ကလေးက သူစိမ်းတစ် ယောက်ကို တွေ့ရသလိုပဲ ဆက်ဆံခဲ့တာ။

ကလေးကို ကြည့်ပြီး မမရော အစ်ကိုပါ မျက်နှာ မကောင်းလှဘူး။ မမ မျက်လုံးမှာ မျက်ရည်စတွေ ရစ်ဝဲနေတယ်လို့ သူထင် တယ်။ အစ်ကိုကလည်း ဘာစကားမှ ဆက်မဆိုတော့ ဘဲ ငြိမ်သက်နေတာ တကယ့် ကို အကြာကြီးရယ်။ မိသားစု ပြန်လည်တွေ့ဆုံခန်းက ပျော် ရွှင်မှု ကင်းမဲ့သလို ဖြစ်ခဲ့ရတဲ့ အဲဒီမြင်ကွင်းကို သူဘယ် တော့မှ မမေ့ပါဘူး။

နောက်နှစ်ရက်၊ သုံးရက် အကြာမှာတော့ အနေနီး လာတာနဲ့ အမျှ မေတ္တာကို ခံစားမိလာတဲ့ ကလေးဟာ သွေးက စကား ပြောလေတော့ အဖေကို ခင်တွယ်ရ ကောင်းမှန်း၊ ကပ်ရကောင်းမှန်း သိ လာတယ်။ ဖေဖေလို့ ခေါ် တတ်လာတယ်။ တီတီတာ တာ လုပ်စပြုလာတယ်။

ဒီတော့လည်း သားအဖ တစ်တွေကို အိမ်ထဲရယ်သံတွေ စည်ဝေလို့ တွေ့ရပြန်တယ်။ မမကတော့ ပြုံးလို့၊ ပျော်လို့၊ ကျေနပ်လို့ပေါ့လေ။ အဒေါ်ဖြစ်တဲ့ သူတောင် ဘေးကနေကြည့်ပြီး ကြည်နူး ရသေးတာပါ။

ဒါပေမဲ့လည်း ဒီပျော်ရွှင်မှု၊ ကျေနပ်မှုဟာ ကြာ ကြာမခံပြန်ဘူး။ ညအိပ်ရာ ၀င်ရင်တောင် ဖအေသိပ်မှ အိပ်တတ်ပြီး မျက်စိအောက်က အပျောက်မခံနိုင်အောင် ကလေးက ခင်တွယ်လေမှ အိမ်ကို အစ်ကိုက နှုတ်ဆက် ရပြန်တယ်။

“ငါတို့ ဘ၀တွေများ တော့ကွာ၊ ရှေးဆုတောင်းပဲ မှားခဲ့သလား။ ဘယ်အကြွေး တွေပဲ ဆပ်နေရသလဲမဆိုနိုင် ဘူး” လို့ အစ်ကိုက ညည်း သေးတယ်။ ဘာမှ မသိရှာ သေးတဲ့ ကလေးကတော့ ဖခင်ရင်ခွင်မှာ ရယ်မောလို့။ မနက်ခင်း မိုးလင်းရင် ဖခင် ကို နှုတ်ဆက်ရဦးတော့မှာ မသိရှာသေးဘူး။ မမက တော့ ခင်ပွန်းနဲ့ သမီးလေးကို ငေးလို့ ပြုံးနေရှာတယ်။ ထုံးစံ အတိုင်း မျက်လုံးတွေကတော့ ရီဝေညို့မှိုင်းလို့။
အဲဒီနေ့ မနက်ခင်းက တော့ မမက ကလေးကို အိမ်မှာ သူနဲ့ထားခဲ့ပြီး အစ်ကို့ကို လေဆိပ်လိုက်ပို့တယ်။

လေဆိပ်သွားဖို့ အိမ်က ထွက်မယ်ပြင်ကြတော့ မနက် ၈ နာရီ။ ကလေးက အိပ်မော ကျလို့ကောင်းတုန်း။ အိပ်ရာထဲက ကလေးကို အစ်ကိုက ငုံ့နမ်းနှုတ်ဆက်တယ်။ ယောက်ျားသားမို့ မျက်ရည် ကျတော့ မရှိဘူး။ ဒါပေမဲ့ မျက်နှာကတော့ မှုန်မှိုင်းလို့ပါ ပဲ။ မမကတော့ အခန်းထောင့်မှာ ရပ်ရင်း မြင်ကွင်းကို ငေးနေရှာတယ်။ စက္ကန့်ပိုင်း လောက်ကြာတော့ “သွားကြ စို့” တဲ့။

ကလေးက အပူအပင် ကင်းကင်းနဲ့ အိပ်စက်နေတုန်း မိဘနှစ်ပါးကတော့ နှုတ်ဆက်ခရီးကို စကြတယ်။ ကလေးရဲ့အိပ်မက်ထဲမှာ ဘာ တွေတွေ့နေမလဲလို့ အိပ်ရာ ဘေးမှာ စောင့်ကျန်ရင်း သူ တွေးနေမိတယ်။ ဒီရက်ပိုင်း မှာမှ ခင်တွယ်ရလေတဲ့ အဖေ ရယ်၊ အိမ်က အမေရယ်နဲ့ အိမ်ကလေးထဲ ပျော်ရွှင်နေရ တဲ့ အိပ်မက်မျိုးလား။ အဖေ ရယ်၊ အမေရယ် ခြံရံပြီး လိပ်ပြာလေးတစ်ကောင်လို ဆော့ကစားကြည်နူးနေရတဲ့ အိပ်မက်မျိုးလား။ ဘာပဲဖြစ် ဖြစ် ကလေးပျော်ရွှင်ပါစေ။ ပြင်ပမှာ မရနိုင်တဲ့ တချို့ သော ဘ၀မျိုးတွေဟာ အိပ် မက်ထဲမှာတော့ အသက်ဝင် တတ်တယ်မဟုတ်လား။ ကလေး ပျော်ရွှင်ပါစေ။

သူ့ရဲ့ ဆုတောင်းဟာ အဲဒီနေ့ မနက်ခင်းတင်ပဲ ကလေးရဲ့ငိုသံတွေကြားမှာ ပျောက်ခြင်းမလှ ပျောက် သွားခဲ့ရပြန်တယ်။ အိပ်ရာက နိုးတော့ မရှိတော့တဲ့ အဖေကို လိုက်ရှာလို့။ တစ်အိမ်လုံး တတောက်တောက် လိုက်ရှာလို့ မတွေ့တော့တဲ့အဆုံး သူ့ကို ရန်လုပ်တော့တယ်။ မကြာခင်ပဲ ပြန်ရောက်လာတဲ့ မမကို ဖက်တွယ်လို့ ဖေဖေ၊ ဖေဖေနဲ့ အီတော့တာပဲ။

မမကတော့ ကလေးကို ပွေ့ဖက်နှစ်သိမ့်ရင်း မျက် ရည်ကျချင်ချင် မျက်လုံးကို ကြိုးစားလို့ အရောင်ပြောင်းရှာ တယ်။
“ဖေဖေ အလုပ်သွား တယ် ကလေးရဲ့။ ပြန်လာမှာ ပေါ့။ ပြန်လာမှာပေါ့ကွယ်” လို့ ဆိုတယ်။ သူကတော့ ၀မ်းနည်းစရာနောက်ထပ်မြင် ကွင်းတစ်ခုကို မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။ ၀မ်းပန်း တနည်း ငိုကြွေးတဲ့ သမီးလေး ရယ်၊ သမီးရှေ့မှာ မငိုကြွေး နိုင်တဲ့ အမေရယ်။

ဘယ်လောက်ပဲ လွမ်း ဆွတ်ရတယ်ဆိုဆို အချိန်ကြာ လာတာနဲ့အမျှ နေသားကျကြ ရတဲ့ လောကသဘာဝအရ နောက်ပိုင်းရက်တွေမှာတော့ ပုံမှန်လည်ပတ်စပြုလာပါတယ်။ ကလေးဟာ သူ့အဖေမရှိ တော့တာကို လက်ခံစပြုလာ တယ်။ အဝေးရောက်နေတာ ပဲလို့ သူ့ဘာသာ နားလည် လက်ခံသွားရှာတယ်။ ဘယ် သူ့ကိုမှ ဂျီတိုက်တာမျိုး မရှိ တော့ဘူး။ တကယ်တော့ လည်း အဲဒီလို ငြိမ်ငြိမ်သက် သက်လေး နားလည်သွား တာကိုက ကရုဏာသက်စရာ ဖြစ်ရပါတယ်။ ကလေးကို မိသားစု တစ်စုစည်းတည်း နေစေချင်စိတ်ကလည်း သူ့ ရင်ထဲ ဟိုးအတွင်းထောင့်တစ် နေရာမှာ ခိုတွယ်လို့ နေတယ်။ တစ်နေ့တော့ ဖြစ်ကောင်းပါ ရဲ့။ အဲဒီတစ်နေ့က ဝေး သလား၊ နီးသလားတော့ သူ မပြောတတ်ဘူးပေါ့။

မမကတော့ ဖြစ်သမျှ ကို ကံပဲလို့ ရေရွတ်ပြီး နေ ပျော်အောင်နေရင်း၊ သမီး လေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေတယ်။

သူ့မှာတော့ ခွဲခွာရခြင်း ရဲ့ နာကျင်မှုကိုမှ ငယ်ငယ် ရွယ်ရွယ်နဲ့ ကြုံရလေတဲ့ တူမလေးကိုသနားပြီး အဖော် လုပ်ရပြန်တယ်။ ကလေး ပျော်အောင် ကလေးလိုနေပေး ရပြန်တယ်။

သူရယ်၊ မမရယ် ကြီး ပြင်းခဲ့ရတဲ့ ကလေး ဘ၀တုန်း ကတော့ မိသားစုဆိုတာ တစ် အိမ်တည်းအတူနေတဲ့သူတွေကို ခေါ်တာလို့ သူ ထင်ခဲ့တာပါ။ မချမ်းသာပေမဲ့ အဖေ့ရဲ့လစာ နဲ့မိသားစုတွေ သိုက်သိုက်ဝန်း ၀န်း နေနိုင်ခဲ့ကြတယ် မဟုတ် လား။ ကလေးဘ၀ကို သူတို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ခဲ့ရတာလည်း ဒီနေ့အထိ မမေ့ နိုင်ဘူး။ မှတ်မိသမျှတော့ သူ ဟာ မိဘတွေရဲ့ရင်ခွင်မှာ ကလေးပီပီသသ ကြီးပြင်း လာတာပဲ။ ပတ်ဝန်းကျင်မှာလည်း မိသားစုတွေ တကွဲ တပြား နေထိုင်ရှင်သန်ကြ တာ ရှားခဲ့တယ်ထင်ပါတယ်။

သူ ဆယ်ကျော်သက် အရွယ်ရောက်တော့ လူတွေ တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းရှင်သန်နေကြရတာ ကို နားလည်စပြုလာတယ်။ အဲဒီအချိန်မှာတော့ ခေတ်က ပြောင်းလဲလာခဲ့ပြီ။ သူ့ရဲ့ ၀မ်း ကွဲအစ်ကိုတွေ အိမ်တွေကို စွန့် ခွာပြီး ကျောက်တူးသွားကြ တာကို ပထမဆုံး မှတ်မှတ် ထင်ထင် ရှိလာရတယ်။ သိပ် တော့ ရေရေရာရာ နား မလည်လှသေးပေမဲ့ ချမ်း သာဖို့ သွားရတာလို့ သူက တွေးတတ်ခဲ့တယ်။ အဲဒီတုန်း က အစ်ကိုတွေ သွားကြလေတဲ့ ဖားကန့်ဟာ အခုအချိန် လောက် မစည်ကားသေးပါ ဘူး။ ရွှေ့ပြောင်းမှု မျဉ်းပြိုင် အစပြုချိန်ပေါ့။ အဝေးရောက် သားတွေ အတွက် ကြီးတော် တွေ၊ ဦးလေးတွေ ပူပန်လွမ်း ဆွတ်ရတာကို သူက စနောက်ရယ်မောတတ်ခဲ့တယ်။

နောက်တော့လည်း အဲဒီ အလွမ်းတွေကို သူနားလည် ခံစားတတ်တော့တာပဲ။ သူတို့ အိမ်မှာ ပထမဆုံးခွဲခွာသူက မမဖြစ်လာတဲ့နောက် သူလွမ်း တတ်လာရတယ်။ အဖေ ရယ်၊ အမေရယ်ကတော့ ပညာရေးအတွက်၊ ဘ၀ရှေ့ ရေးအတွက် ခွဲခွာရတဲ့သမီး လုပ်သူကို အစစအရာရာ နားလည်အားပေးခဲ့ကြတယ်။ ပညာစုံတဲ့နောက် ရွာကလေး ကို ပြန်မလာနိုင်တော့တဲ့အခါ မှာလည်း သမီးကြီးကို နားလည်ပေးခဲ့ကြပါတယ်။

ဟော... နောက်တော့ လည်း သူကပါ မမရဲ့ နောက်လိုက်ဖြစ်လာရတယ်။ အိမ်ကို စွန့်ခွာရပြန်တယ်။
သမီး နှစ်ယောက်လုံး အိမ်အပြန်ခက်တဲ့ ဘ၀၊ မြို့ပြ မှာ ကျင်လည်ရတဲ့ဘ၀ကို ရွေးချယ်တုန်းက ဖြူတယ်၊ မည်းတယ် တစ်ခွန်း မပြောခဲ့ တဲ့ အမေဟာ မြေးကို သားမက်က ခွဲခွာသွားရမယ် လည်းဆိုရော ငယ်လှသေးတဲ့ ကလေးအတွက် စိတ် မကောင်းဖြစ်ရှာတယ်။

“ငါ့မြေးလေး ကံ မကောင်းလိုက်တာကွယ်။ မိဘနဲ့မှ အတူမနေရရှာဘူး။ မသွားလို့ရော မရဘူးလား” လို့ အစ်ကိုသွားခါနီး ရန်ကုန် ကို ဆင်းလာတုန်းက မမကို တီးတိုးမေးရှာတယ်။ မမက တော့ ထုံးစံအတိုင်း မျက်နှာ လေး ငြိမ်ငြိမ်နဲ့ ၀မ်းနည်းတာ ကိုလည်း အမေမသိအောင်၊ အခြေအနေကိုလည်း နား လည်အောင် ရှင်းပြပြောပြ တာပေါ့။ မမ စကားလုံးတွေ ကြားက ခေတ်ရဲ့ ရိပ်ပုံကို အမေ နားလည်သလား၊ နား မလည်လားတော့ သူအသေ အချာ မသိပေမဲ့ နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ ပတ် သက်လို့ မြို့ကလေးကို ပြန် ချိန်အထိ တစ်ခွန်းမဟတော့ ပါဘူး။

ခုတော့လည်း အမေ စိတ်မကောင်းဖြစ်ရတဲ့ မမတို့ မိသားစုရဲ့ ခွဲခွာခြင်းဟာ သုံး နှစ်ကျော်ခဲ့ပြီ။ ကလေးတစ် နှစ်မပြည့်ခင်ကတည်းက ထွက်သွားရတဲ့ ဖခင်ဟာ မွေးနေ့တိုင်း အိမ်မှာ မရှိနိုင် ခဲ့ဘူး။ အရင်နှစ်တွေကတော့ အိမ်မှာလည်း လူစုံတယ် မရှိတာနဲ့ အဲဒီ မွေးနေ့ရက်တွေကို သိပ်အလေးမထားဘဲ ကျော် ဖြတ်ခဲ့ကြတယ်။

ဒီနှစ်တော့ ကလေးက လေးနှစ်ပြည့်ပြီ။ လေးနှစ် ပြည့်တဲ့နှစ်မှာမှ ပြင်ပလောက ကို စပြီး ထိတွေ့လာရတဲ့ ကလေးက မွေးနေ့ပွဲလုပ်ချင် တယ်လို့ဆိုလာခဲ့ပြီ။ နှစ်နှစ် ကျော်အရွယ်တုန်းက တစ် ကြိမ်သာ တွေ့ဖူးတဲ့ဖခင်ကို လည်း ဒီမွေးနေ့မှာ ပါစေချင် ပြန်တယ်။ မေမေရယ်၊ ဖေဖေရယ်၊ ကလေးရယ်တဲ့။ မဖြစ် နိုင်မှန်းသိတဲ့ မမကတော့ စိတ်မကောင်းဖြစ်နေတယ် ထင်ပါရဲ့။ ဒီရက်ထဲ တစ်ချက်တစ်ချက် တွေခနဲ ဖြစ် တာကို သတိထားမိတယ်။ သူနဲ့လည်း အရင်လို ညီအစ်မ နောက်ဟယ် ပြောင်ဟယ်နေတာ နည်းလာတယ်။ ကလေးကို မြှူချိန်က လွဲလို့ သိပ်ပြီး ရွှင်ရွှင်လန်းလန်း မတွေ့ရသလိုပါပဲ။

တစ်ရက်မှာတော့ အစ်ကို့ဆီက ဖုန်းလာတာနဲ့ ကလေးရဲ့ မွေးနေ့အကြောင်း မမ ပြောပြနေတာ တစ်စွန်း တစ်စကြားရတယ်။ ကလေး ကလည်း ဖုန်းလက်ထဲရောက် တာနဲ့ ဖေဖေ ပြန်လာနော်လို့ ချွဲရှာတယ်။ ဟိုဘက်က ဘာ ပြန်ပြောတယ်တော့ မသိဘူး။ ဖုန်းကို မမလက်ထဲ ထိုးထည့်ပြီး တစ်ယောက်တည်းစိတ် လုပ်နေတာ အကြာကြီးရယ်။ မမရော သူပါ အဲဒီနေ့က တော်တော်ကို ချော့ယူရတယ်။

ဖေဖေ ပြန်မလာသေး ဘူးတဲ့ လို့ပြောလိုက်တဲ့ အသံ လေးဟာ သူ့နားထဲကတော် တော်နဲ့ မထွက်တော့ဘူး။ သောကဆိုတာ ဘာမှ မသိ တတ်သေးတဲ့ ကလေး တစ်ယောက်ရဲ့ ပကတိခံစားမှု ထက် ပိုပြီး ခံစားတတ်နေပြီ လား။ သူ့ရင်ထဲ ဗြုန်းဆို ပူပန် လာတယ်။

“ကလေးပျော်အောင် မွေးနေ့ပွဲလေး လုပ်ပေးကြရ အောင် မမရယ်” လို့ တစ် ရက်မှာ သူပြောမိတယ်။

“သူ့အဖေကလည်း လုပ်ပေးလိုက်ပါလို့ ပြော တယ်ခိုင်ရဲ့။ ကိတ်မုန့်လေးမှာ ပြီး အိမ်မှာ လုပ်ပေးကြတာ ပေါ့။ အပြင်လူတော့ မဖိတ် တော့ပါဘူးလေ။ တိုက်ခန်း လေးက ကျဉ်းကကျဉ်းနဲ့”

မွေးနေ့ နီးကပ်လာတဲ့ ရက်တွေမှာတော့ မမက ပြုံး ပြုံးရွှင်ရွှင်ဖြစ်လာပြန်တယ်။ သားအမိနှစ်ယောက်ရဲ့ တီတီ တာတာ စကားသံတွေက လည်း အိမ်မှာ ညံစီလို့။

ကလေးအတွက် အပြာ နုရောင်ဂါဝန်လေးကို မမ ကိုယ်တိုင် စိတ်ကြိုက်လိုက် ရှာတယ်။ ဇာနားစလေး တလွင့်လွင့်နဲ့ ၀တ်စုံလှလှ လေးကို မြင်တော့ ကလေးက ပျော်ရွှင်မြူးထူးလို့ မဆုံးဘူး။ လှတယ်နော်လို့ မိန်းကလေး ပီပီ သိတတ်နှစ်ခြိုက်မှုနဲ့ အကြိမ်ကြိမ်ရေရွတ်လို့။

ဒီလိုနဲ့ ကလေးရဲ့လေး နှစ်ပြည့်မွေးနေ့ကို ရောက်လာ ခဲ့ပါတယ်။ ရာသီဥတု ကြည် လင်သာယာတဲ့ နံနက်ခင်းမှာ ကလေးဟာ လန်းလန်းဆန်း ဆန်းပဲ အိပ်ရာက နိုးလာ တယ်။
“ဒီနေ့ မွေးနေ့ပွဲရှိတယ်နော်”

ညက လူကြီးတွေ အပြောကို မှတ်မိနေသလို နိုးနိုးချင်း သတိပေးလိုက်ပါ သေးရဲ့။ သူတို့နှစ်ယောက်က တော့ ကလေးကို ချစ်စနိုး ရယ်မောကြရတယ်။

ဝတ်စုံသစ်လေး ၀တ်လို့ အမေနဲ့အတူ မွေးနေ့ရှင် သမီး လေး ဘုရားရှိခိုးနေတုန်း သူ ကတော့ မှာထားတဲ့ ကိတ်မှာ ဖယောင်းတိုင်လေးတွေ စိုက် ရတယ်။ မွေးနေ့ကိတ်လေးက ကလေးအကြိုက် ချစ်စရာပုံစံ နဲ့၊ ကိတ်အ၀ိုင်းဘေးတစ် လျှောက်မှာ အတွန့်အလိပ် လေးတွေနဲ့။ မျက်နှာပြင်မှာ တော့ ချစ်စရာအရုပ်လေး၊ ပန်းပွင့်လေးတွေ။ ပြီးတော့ နာမည်စာတန်းလေး။

ကလေးက မွေးနေ့ ကိတ်လေးကို မြင်မြင်ချင်း အထူးအဆန်းလို သဘောကျ လို့။ ကိတ်ကို လက်နဲ့ထိကိုင် တော့မလို ခုန်ဆွဆွဖြစ်နေတာ များ မမရင်ခွင်ထဲရောက်မှ ငြိမ်တော့တာ။ ဖယောင်းတိုင် လေးတွေ မီးညှိဖို့ပြင်ရင်း ကလေးကို သူ ပြောပြရ တယ်။

“ကလေး တီတီနဲ့ မေမေ သီချင်းဆိုပြီးရင် ဖယောင်းတိုင်မီးမှုတ်ရမယ် နော်”

ကလေးက ခေါင်းလေး ညိတ်လို့ ဟုတ်ကဲ့တဲ့။ အဲဒီ နောက်တော့ တိုက်ခန်းလေး ထဲ မွေးနေ့ သီချင်းသံလေးက မတိုးမကျယ် ပျံ့လွင့်လို့။ မမ အသံလေးက တစ်ချက်တစ် ချက်မှာ တိမ်ဝင်သွားသလို သူထင်တယ်။ ငဲ့ကြည့်လိုက် တော့လည်း ပြုံးနေတာကို တွေ့ရပြန်ရော။

သီချင်းဆုံးတော့ ကလေးက ဖယောင်းတိုင်မီး မှုတ်တယ်။ တစ်ဆက်တည်း ပြောသေးတာက ကိတ်မုန့်ခွံ့ မယ်လေတဲ့။ ဒါနဲ့ပဲ သူ့မှာ ကလေးရှေ့က ပန်းကန်လေး ထဲ ကိတ်မုန့်အပိုင်းလေး လှီး ထည့်ပေးရတယ်။ ကလေး က သူ့သူငယ်ချင်းလို ကိတ် မုန့်ခွံ့ချင်တယ် ထင်ပါရဲ့။ ဘယ်သူ့ ခွံ့စရာရှိတာ မှတ် လို့။ သူရယ်၊ မမရယ်ပေါ့။ အိမ်မှာ ပွဲကြီးလမ်းကြီး မလုပ် ဖြစ်တော့လည်း ဧည့်ပရိသတ် က ဒီနှစ်ယောက်တည်း ရှိတာ မဟုတ်လား။

ကလေးက မမကို ကိတ်မုန့်လေး စခွံ့တယ်။ ကလေးကို ပျော်စေချင်သူပီပီ သူ့မှာ လက်ခုပ်လက်ဝါးတီး လို့ အားပေး ရတာပဲ။ မမကို ခွံ့ပြီးတာနဲ့ ကလေးက နောက် တစ်ဇွန်း ထပ်ပြင်တဲ့အခါ သူ ပါးစပ်ကို အလိုက်သင့် ဟပေး ဖို့ ဟန်ပြင်လိုက်တယ်။

အဲဒီနောက်မှာတော့ ဟဖို့ပြင်လိုက်တဲ့ ပါးစပ်ကို သူ့မှာ တော်တော်နဲ့ ပြန်မစေ့ နိုင်ဘူး။ စက္ကန့်ပိုင်းတော်တော် ကြာအောင် မြင်ကွင်းကိုငေးနေ မိတယ်။ ကလေးရယ်လေ။ သူ့ကိုကျော်ပြီး ရှေ့ကို တန်း တန်းမတ်မတ်သွားနေတယ်။ ဧည့်ခန်းထောင့် စာအုပ်စင် ရှေ့မှာ သွားရပ်တယ်။
“ဖေဖေ... ရော့... ကိတ်မုန့်စား”
ဇွန်းလေးကို ရှေ့ထုတ် ပြီး ခပ်တည်တည်ပဲ ဆိုနေတယ်။ ကလေးတွေ ကစား ကြလေတိုင်း လုပ်တတ်တဲ့ အမူအရာမျိုးနဲ့။ စာအုပ်စင် အထက်နားက နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံထဲမှာတော့ အစ်ကိုက ပြုံးမြလို့။ ချစ်ခင် ကြင်နာတဲ့ မျက်လုံးတွေက လည်း လင်းလက်လို့။ ကလေးက ဓာတ်ပုံရှေ့ကနေ တော်တော်နဲ့ မခွာဘဲ ဇွန်းကို လည်း လက်က မချစတမ်း မြှောက်ထားတယ်။

အဲဒီအချိန်လေးမှာပဲ သက်ပြင်းသံသဲ့သဲ့ကြားတော့ သူ ဘေးဘက်ကို ငဲ့ကြည့်မိ တယ်။
“မမ...”

သူ့အသံဟာ ဟိုးအဝေး ကြီးက လွင့်မျောလာသလိုပဲ တိုးတိုးတိမ်တိမ်ရယ်။ မြင် လိုက်ရတဲ့ မမမျက်နှာက သူ့ ရင်ကို ဆို့စေတယ်။ ပါးပြင် ပေါ်မှာ တလိမ့်လိမ့်စီးကျနေ တဲ့ မျက်ရည်စတွေ။ မမ ငိုတာကို ကလေးတုန်းကလွဲ လို့ ဒီနောက်ပိုင်း သူ ဘယ် တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ ခုတော့ မမ ငိုနေရှာပြီ။ နှုတ် က လွှတ်ခနဲ ခေါ်လိုက်ပေမဲ့ ဘာပြောရမှန်းမသိဘဲ သူ့မှာဆွံ့အလို့။ မမ ပခုံးကို ထွေးပွေ့ပြီး ဒီအတိုင်း ငြိမ် သက်နေမိတယ်။ မတားတော့ပါဘူး။ တစ်ခါလောက် ပဲဖြစ်ဖြစ် စိတ်ထဲရှိသလို မထိန်းမချုပ်ဘဲ ခံစားပါစေ တော့။

ဒါပေမဲ့ သူ အသေ အချာ ယုံကြည်တာ တစ်ခုကတော့ အခုနေများ ကျောပေးထားတဲ့ သမီးလေးသာ ဒီ ဘက်ပြန်လှည့်လာမယ် ဆိုရင် မမတစ်ယောက် မျက်ရည်စတွေ မသိမသာ သိမ်းပြီး တစ် ပြန်တစ်လှည့် ပြုံးပြုံးရွှင်ရွှင် နေပြဦးမယ်ဆိုတာပါပဲ။

စံပယ်ဖြူနု
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

တစ်ခန်းရပ်သို့ လည်ပြန်

သူ့ကို တွေ့လျှင် တွေ့ချင်း မြင်ဖူးလှချည်ရဲ့ဟု ကျွန်မ စိတ်မှာ အောက်မေ့မိလေသည်။
အဲသည် ညနေခင်းက သူသည် အဆောင်ဧည့်ခန်း ၌ ငယ်ငယ့်ကို လာတွေ့တာဖြစ်သည်။ အပေါ်ထပ်မှ ဆင်းလာလျှင် ဧည့်ခန်းက နှစ်ယောက်ထိုင်ဆက်တီမှာ သူတို့ကို တွေ့ရသည်။ မျက်နှာချင်းဆိုင်အနေအထား ဖြစ်၍ ငယ်ငယ်က ကျွန်မကို မြင်တော့ လှမ်းပြုံးပြသည်။ သည်မှာပင် ငယ်ငယ့်မျက်နှာပေါ် စိုက်နေသော သူ့မျက် ၀န်းအကြည့်များက ကျွန်မထံ ရွှေ့လာခဲ့တာဖြစ်ပါသည်။
ဝန်းပြည့်မလိုနှင့် သွယ်လျသော မျက်နှာ။ ပြီးတော့ မျက်ဝန်းညိုဖျော့ဖျော့များ။ ပထမတော့ မသိလိုက်မသိ ဘာသာပင် ကျော်ဖြတ်သွားဖို့ဖြစ်သော်လည်း ထိုမျက် နှာမှ အကြည့်ကို ရုတ်တရက် လွှဲဖယ်မရ။ အင်း...မြင် ဖူးလှချည်ရဲ့။ သို့သော် ဘယ်မှာ မြင်ဖူးတာပါလိမ့်။ အသေအချာမမှတ်မိပေ။ သူ့မျက်ဝန်းထဲမှာလည်း ကျွန်မ လိုပင် တွေဝေဟန်ကို အကဲခတ်မိသည်ဖြစ်၍ တစ်နေရာရာမှာတော့ ဆုံကိုဆုံဖူးမည်ဟု ယူဆရသည်။ အသေအချာဆက်ကြည့်ရမည်ကလည်း အားနာစရာဖြစ်သောကြောင့် ငယ်ငယ့်ကို ခေါင်းဆတ် နှုတ်ဆက်ကာ ဧည့်ခန်းထဲမှ ဖြတ်လာခဲ့ရသည်။
ရင်းနှီးသော ဟန်ပန်များကြောင့်ရော ငယ်ငယ့်မျက်နှာပေါ်မှာ တွေ့ရသည့် စိတ်နှလုံး ပူနွေးလှုပ်ရှားဟန် ကြောင့်ပါ သူတို့နှစ်ဦးမှာ ချစ်သူများဖြစ်မည်ဟု ကျွန်မထင်ပါသည်။ ငယ်ငယ့်ရယ်သံကလေး တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့လျှင် ကျွန်မ စိတ်ထဲ၌ ထိုဝေခွဲမရသော ပုစ္ဆာနှင့် ရင်းနှီးလှသော မျက်နှာကို မေ့လျော့ေ၀၀ါးခဲ့ပြီ။
သို့သော် မေ့လျော့မည်ပြင်ဆဲ အတိတ်ကို နှိုးဆွသတိတရရှိဖို့ ကြုံရပြန်လေသည်။
ညဘက်တွင် ငယ်ငယ်သည် ကျွန်မတို့ အခန်းဆီ သူ့ထုံးစံအတိုင်း ကူးလာသည်။ ကျွန်မ၏ အခန်းဖော် မိုးနှင့် အင်္ဂလိပ်စာသင်တန်းတစ်ခုကို အတူတက်နေကြ သည်ဖြစ်၍ သူတို့နှစ်ယောက်ကို စာဆွေးနွေးရင်း၊ ငြင်း ခုံရင်း ညများစွာ မြင်ရမြဲ။ ည ၉ နာရီလောက်မှသာ သူ့ အခန်းသူပြန်မြဲ။ ကလေးဆန်သော၊ ရိုးသားပွင့်လင်း သော ဟန်ပန်နှင့်ပင် နားငြီးနေမလားအစ်မရေဟု စာကျက်ရင်း မေးတတ်သေးရာ ကျွန်မမှာ ရယ်မောရမြဲဖြစ်ပါသည်။
သည်ညတော့ ငယ်ငယ့်ဟန်မှာ တစ်မူထူးနေသည်လို့ ကျွန်မ မြင်သည်။ သူတို့နှစ်ယောက်သည် တစ်ချက် တစ်ချက်တွင် တခစ်ခစ် ရယ်လိုက်ကြသေးသည်။ ကျွန် မမှာ စာအုပ်တစ်အုပ်နှင့် ကိုယ့်ကုတင်မှာသာ ငြိမ်နေမိ သည်။ ထိုခဏမှာပင် ကျွန်မထံ စကားလှမ်းစလိုက်တာ ဖြစ်သည်။
"မဖြူရေ ဒီမှာ ငယ်ငယ်ရယ် စာမကြည့်ဘူး၊ စကားပဲ များနေတယ်"
"အာ မဟုတ်ပါဘူး အစ်မရေ။ သိလား"
ပြောပြီး နှစ်ယောက်သား ရယ်နေကြပြန်သည်။ နှစ် ဆယ်ကျော်အရွယ် မိန်းကလေးများ၏ နုပျိုရွှင်လန်းမှုကို သူတို့မျက်နှာမှာ အတိုင်းသားမြင်ရပါသည်။
"အမှန်က စာထဲကို စိတ် မရောက်တာ မဖြူရဲ့။ သူ့ ချစ်ချစ်က ညနေက ရောက်လာသေးတာကိုး။ မိန်းမက ဒါပဲ စိတ်ကူးယဉ်နေတယ်"
ငယ်ငယ်က ရယ်၍ မိုး၏ ပုခုံးကို ဖျတ်ခနဲ လှမ်းရိုက်လိုက်သည်။
"ညနေက တစ်ယောက်လား"
"ဟုတ်ပါ့ မဖြူရေ။ မဖြူနဲ့တောင် ဆုံသေးတယ်ဆို။ မိတ်မဆက်ပေးဘူးလား"
"မိတ်ဆက်မပေးပါဘူး မိုးရယ်။ အစ်မလည်း မသိ ချင်ယောင်ဆောင်နေရတာပဲ"
ကျွန်မနှင့် မိုး အပြန်အလှန် စကားဆို၍ စနောက်လျှင် ငယ်ငယ့်မှာ ရယ်လို့ချည်းနေသည်။ ကလေးမက ပြုံးရယ်သည့်အခါ ပို၍ ချစ်စဖွယ်ကောင်းလှသည်။ စိတ်ရင်း ရိုးသားမှုက အပြုံးတွင် ခိုတွယ်လာသည်ကို မြင် သာလေသည်။ သူ့အသက်က နှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံးပဲ ရှိဦးမှာ။ ဘ၀မှာ အပူအပင်ကင်းဆဲ။ အရာရာကို အကောင်းမြင်တတ်ဆဲ။ ဖြူစင်မှုက အရိပ်လိုရှိသည်ဖြစ်သောမျက်နှာနုနုကို ကျွန်မ စိတ်မှာနှစ်လိုချစ်ခင်မိရသည်။
"နောက် ကြုံရင် မိတ်ဆက်ပေးမယ် အစ်မရဲ့ သိလား။ ဒါပေမယ့် ကိုကိုက မန္တလေးကပဲ ကျောင်းပြီး တာ အစ်မတောင် သိရင် သိနေမလား မပြောတတ်ဘူး။ အစ်မတို့ နိုင်ငံခြားဘာသာတက္ကသိုလ်ကပဲ။ အင်္ဂလိပ်စာ နဲ့ပြီးတာ။ ကိုကို့နာမည်က ကိုမင်းဟန်တဲ့"
"ဦးမင်းဟန်လို့ ပြော ငယ်ငယ်ရဲ့။ နင့်ထက် ငါးနှစ် လောက် ကြီးတယ်"
"မိုးစုတ် မိုးပဲ့"
သူတို့နှစ်ယောက်က ရယ်မော ငြင်းခုံ၍ ကောင်းဆဲ။ ကျွန်မမှာတော့ ပိတ်နေသော ကန့်လန့်ကာကို ဆွဲတင် လိုက်သလို အသိညဏ် ဖျတ်ခနဲ လင်းပွင့်ရသည်။ အင်္ဂလိပ်စာက မင်းဟန်။ တွေ့လျှင် တွေ့ချင်း မြင်ဖူးလှ ချည်ရဲ့ဟု ထင်နေမိသော မျက်နှာသည် အာရုံ၌ တရေး ရေးပေါ်လာသည်။ ဒါကြောင့်ပဲ ကမ္ဘာကြီးက ကျဉ်း တယ်ပြောကြတာဖြစ်မှာဟု တွေးရသည်။
ကျွန်မသည် သူ့ကို မြင်ဖူးရုံမျှမက မလှပသော အတိတ်ကိုပါ ကောင်းစွာ သိကျွမ်းခဲ့ဖူးလေသည်။
-----
ပြီးခဲ့သော အတိတ်တွင်တော့ သူသည် ကျွန်မနှင့် မန္တလေးတက္ကသိုလ်ဝင်းထဲမှာ တစ်ဆောင်တည်းနေခဲ့ရ သည့် သူငယ်ချင်း မြသီတာ၏ အလှတရားမှာ ပျော်ဝင်ကျဆုံးခဲ့သူများအနက် တစ်ယောက်သာဖြစ်ပါသည်။
မြသီတာထံ ရောက်လာတတ်သော အဆောင်အ ယောင်ပေါများသူ၊ ဟိတ်ဟန်များသူတွေနှင့် မတူဘဲ အ နေအထိုင် ရိုးစင်းဟန်ရှိသော သူ့ကို ကျွန်မတို့ အဆောင် သူများက ထူးထူးခြားခြား သတိထားခဲ့မိကြသည်။
ကျွန်မမှာ လေးယောက်ခန်းတွင် မြသီတာနှင့် ကုတင်ချင်း စားပွဲတစ်လုံးသာခြားပြီး နေရသူဖြစ်၍ အများ တကာထက် ပိုရင်းနှီးခဲ့ရသည်။ မြသီတာ၏ ပုံပြင်များကိုလည်း ညစဉ်ကြားနာခဲ့ရသည်။ ဒါနှင့်ပင် သူ့အပေါ် ထားသော မြသီတာ၏ သဘောထားကို သိရပြန်သည်။
မြသီတာသည် သူ့ကို ရှိတယ်လည်း မထင်။ အဆောင်ကို ရောက်လာလျှင်လည်း ထွက်တွေ့ချင်မှသာ တွေ့သည်။ ရံဖန်ရံခါ သီချင်းနားထောင်နေလျက်နှင့်ပင် အိပ်နေတယ်ဟု တစ်ယောက်ယောက်ကို အပြောခိုင်းတတ်သူဖြစ်သည်။
သူသည် အဆောင်ရှေ့က အုတ်ခုံမှာ ထိုင်စောင့် နေတတ်ပြီး မြသီတာက ထွက်မတွေ့လျှင်လည်း ခပ် အေးအေးသာ လှည့်ပြန်သွားတတ်တာ တွေ့ရသည်။
တစ်ခါကတော့ အဲသည်လို လှည့်ပြန်မည့် သူနှင့် အဆောင်တံခါးဝမှာ ဆုံမိကြလျှင် မျက်နှာကို တိတ် တဆိတ် အကဲခတ်ခဲ့မိသေးသည်။ အနေအေးဟန်ရှိသော သူ့အသွင်မှာ မပြောင်းမလဲ တည်ငြိမ်မြဲဖြစ်တာ မြင်ရသည်။ မျက်နှာမူရာက ညှိုးလျလို့ရှိသည်။ မာနက တော့ အနည်းနှင့်အများ ပွန်းပဲ့ရမှာပဲ။ သို့သော် ဘာ ကြောင့်များ မြသီတာအပေါ် စိတ်မကုန်နိုင်ရတယ်မသိ။ အချိန်တန်လျှင်တော့ သူ့ကို အဆောင်ရှေ့မှာ တွေ့ရ ပြန်လေသည်။
မြသီတာသည် ပတ်ဝန်းကျင်တွင် အစဉ်အလာမပျက်ကျော်ကြားမြဲ။ အလှတရားက တောက်ပထင်ပေါ် မြဲ။ ချစ်လိုသူတို့အပေါ်မှာတော့ သွေးအေးနိုင်မြဲဖြစ် သည်။ သူ့ကို မျက်နှာများတယ်ဟု ဆိုသူတို့က ဆိုကြသည်။ အဆောင်မှာ အချင်းချင်း စကားလုပ်ပြောစရာ ဖြစ်နေတတ်သော မြသီတာ၏ ပုံပြင်များပင်။
မြသီတာ၏ ပုံပြင်တို့တွင် မင်းဟန်သည် အဆောင်မှာတော့ အထင်ရှားဆုံးဖြစ်ကာနေသည်။ မြသီတာနှင့် တွေ့လိုကြောင်း အသင့်တွေ့ရသည့် တစ်ယောက် ယောက်ကိုပြောပြီးလျှင်  အဆောင်ရှေ့တွင် ငြိမ်သက်၍ စောင့်စားတတ်သောသူ့ကို အချိန်မှန်ရထားဟု အ ဆောင်သူတို့က အမည်ပေးထားကြသည်။ မြသီတာ ဘယ်လို ကစားဦးမယ်မသိဟုလည်း စိတ်ဝင်တစားရှိ ကြပြန်သည်။ သို့သော် မြသီတာကတော့ ဥပေက္ခာပြု နိုင်အားဆဲ။
ကျွန်မသည် မြသီတာကို ချစ်ခင်သော်လည်း သူ့ စိတ်နှလုံးကို တစ်ခါတစ်ရံ နားမလည်နိုင်ဖြစ်ရသည်။ စိတ်နောက်ကိုယ်ပါ လုပ်တတ်လှသူလို့ ဆိုရမလား။ သူ့ အလှတရားကို ကိုးကွယ်သည့် ချစ်လိုသူတို့ကို လိုက် လျောပြုံးရယ်သည့်အခါလည်းရှိ၍ လှည့်မကြည့်ဘဲ နေသည့်အခါ နေပြန်သည်။
သည်ကြားထဲ မင်းဟန်သည် မြသီတာကို စိတ်မပျက်ဘဲ မစွန့်မခွာရှိတာ မြင်ကြရသည်။ မြသီတာက လိုက်လိုက်လျောလျော စကားပြောသည်ဖြစ်စေ၊ နှင်သည်ဖြစ်စေ ရစ်ဝဲမြဲရှိတာ မြင်ကြရလေသည်။
မြသီတာရှိပါလျက်နှင့် မရှိဘူးဟု ထွက်ပြီး ညာပေးရသည်မှာ သုံး၊ လေးကြိမ်မကရှိပြီဖြစ်၍ သူနှင့်ပင် ကျွန်မ က မျက်မှန်းတန်းမိနေပြီ။ သူသည် မြသီတာတို့ မေဂျာကပင်ဖြစ်လျက် အတန်းမှာတော့ တစ်နှစ်ငယ်လေသည်။ ကျောင်းတွင်တော့ ရိုးသားကြိုးစားသူဟု လူသိများကြောင်း တစ်ဆင့်စကားဖြင့် ကြားရသည်။ ကဗျာရေးလည်း ကောင်းသားပဲဟု မြသီတာက စိတ်လိုလက်ရ  ရှိလျှင် ချီးကျူးတတ်သေးသည်။ မြသီတာထံ၌ သူပေးထားသော ကဗျာများစွာရှိသည်လို့ သိရပြန်သည်။
"မြ သူ့ကို သဘောမကျဘူးလားဟင်"
တစ်ခါကတော့ မြသီတာ မျက်နှာကြည်လင်နေချိန် ၌ ကျွန်မ စူးစမ်းရပါသည်။
"ဟင့်အင်း။ အေးတော့ အေးသားပဲ။ မြ တစ်ခုခု လို အပ်ရင်လည်း ကူညီပေးတာမှပျာလို့။ ဒါပေမယ့် မြ သူ့ကို မကြိုက်ဘူး"
မြသီတာက ရယ်မောလို့နေသည်။ ပြီးလျှင် အခါ များစွာကထက် တည်ငြိမ်သော မျက်နှာမူရာနှင့် စကား ဆက်ပြန်သည်။
"သူလည်း တခြားလူတွေလိုပဲ ရှိမှာပါ။ မြ လှတာကို ပဲ သူတို့လိုချင်ကြတာပဲ။ တကယ်တမ်းက ဘာအချစ် မှ မပါပါဘူး။ အခွံတွေပဲ။ မြကလည်း အခွံပဲ ပြန်ပေး တယ်။ မြမှာ အချစ်မရှိဘူး"
"မြ လူတွေကို မယုံတတ်တော့တာများလား"
"ဟုတ်မယ်ထင်ပါရဲ့။ ငယ်ကတည်းက သံသယနဲ့ ကြည့်တတ်လာတာပဲ ထင်တယ်။ ကြာတော့ တစ်ဖက် သားကို ယုံရကောင်းမှန်းမသိတော့ပါဘူး"
မြသီတာတွင် ကျွန်မ မသိသေးသော နောက်ခံအ ကြောင်းတရားများ ရှိဦးမည်ဟု ထင်ရပါသည်။ ကလေး ဘ၀ ပုံရိပ်များ၊ မိသားစုပုံရိပ်များ သူ့မှာ လွှမ်းမိုးနေသ လားမသိ။ သို့သော် သည့်ထက် ပို၍လည်း မစူးစမ်းလို ပြီ။ ကိုယ့်အယူအဆနှင့်ကိုယ်သာ လူတိုင်း လွတ်လပ်စွာ အသက်ရှင်လိုကြသည်မဟုတ်လား။
မင်းဟန်တစ်ယောက်လည်း တစ်နေ့တော့ မြသီတာကို လက်လျှော့စွန့်ခွာရဦးမှာပဲဟု အများက မျှော်လင့် ဆဲ စိတ်ထင်ရာ လုပ်တတ်လှသော မြသီတာက သူ့ကို အရေးပေးစပြုလာတာ မြင်ကြရသည်။
အဆောင်ကို ရောက်လာတတ်သည့် ညနေခင်းများတွင် သူတို့နှစ်ယောက်ကို စကားဆို ရယ်မောလျက်ရှိ တာတွေ့လာရသည်။ တချို့သောညနေခင်းများမှာတော့ ကျောင်းဝင်းထဲက တမာရိပ်မိုးသော လမ်းသွယ်များမှာ အေးအေးလူလူ လမ်းလျှောက်လို့ရှိကြပြန်သည်။ မင်း ဟန်အလှည့်ရောက်ပြီထင်ပါရဲ့ဟု မြသီတာပုံပြင်များကို စိတ်ဝင်စားသူတို့က ပြောစပြုပြီ။
တစ်ကြိမ်မှာတော့ ကျွန်မ အပြင်က ပြန်လာသည့်အခါ အဆောင်ဝင်းဝက အုတ်ခုံလေးတွင် သူတို့နှစ် ယောက်ကို တွေ့ရသည်။ ပြုံးရွှင်ရယ်မောလို့ပါပဲ။ နှုတ်ဆက်ရမှာ အားနာသည်ဖြစ်၍ စက်ဘီးတွန်းကာ ခြံထဲ ၀င်ဖို့ပြင်လျှင် မြသီတာက ပြန်လာပြီလားတဲ့။ ဒါနှင့်ပင် သူတို့ကို ပြုံးရယ်နှုတ်ဆက်ရသည်။
မင်းဟန်၏ မျက်နှာမှာ တွေ့မြင်နေကျ ညှိုးလျမှုကို မတွေ့ရ။ အဲသည်အစား ယုံကြည်သေချာမှုကို တွေ့ရ သည်ဟု ကျွန်မမြင်ပါသည်။ ပြီးတော့ သူ့မျက်ဝန်းတွင် ချစ်ခြင်းမေတ္တာကို အထင်အရှားတွေ့ရသည်ဟု ထင် သည်။ မြသီတာပြောသလိုဆို အခွံမဟုတ်ဘူးပေါ့။ သည်တစ်ခါတော့ မြသီတာ အချစ်ကိုတွေ့ပြီထင်ပါရဲ့ ဟု အဲသည်ညနေခင်းက တွေးခဲ့မိတာ အမှတ်ရသည်။
သို့သော် တစ်ရက်မှာ သူ့အကြောင်း စကားစပ်မိ လျှင် ထိုအမြင် မှားယွင်းလျက်ရှိတာ သိရပြန်သည်။
"သူက တခြားလူတွေလို မဟုတ်တာတော့ အမှန်ပါ ပဲ။ မြကို တော်တော်ချစ်တယ်၊ ရိုးသားတယ်။ ဒါပေမယ့် မြ သူ့ကို မချစ်ပါဘူး"
မြသီတာ၏ မျက်ဝန်းများက တောက်ပလက်ဖြာ အောင် ပြုံးရယ်ဆဲ။
"ဒါဖြင့် သူ့ကို ဘာလို့ တွဲသလဲမြရယ်"
မြသီတာသည် စူးစမ်းရန်ကောဟု သဘောပါ ကောင်းပါမည့်မျက်လုံးများနှင့် ကျွန်မကို လှမ်းကြည့်သည်။ သူ စိတ်ဆိုးသွားပြီလားဟု ကျွန်မ စိတ်ထဲ ထင့် ကနဲဖြစ်သွားပါသည်။ တကယ်ဆို သူတစ်ပါးအရေးသာ မဟုတ်လား။ ဘာလို့များ မနေနိုင်ဘဲ ၀င်ပြီး စွက်ဖွက်မိပါလိမ့်။ ကျွန်မသည် တွေဝေငြိမ်သက်နေဆဲမှာပင် မြသီတာကပဲ ရယ်ရယ်မောမော စကားစပြန်သည်။
"သူ့ကို တွဲရတာ မြအတွက် အန္တရာယ်ကင်းတယ်လေ။ ခုဆို မင်းဟန်နဲ့လို့ ထင်တဲ့သူက ထင်ကြတော့ မြမှာ တော်တော်နားအေးရတယ်။ မြကို ချစ်တယ်ဆိုတဲ့ စကားတွေကို မုန်းလှပြီ။ အင်းလေ...သူကတော့ မြကို ဘာဒုက္ခမှ ပေးမှာမဟုတ်ဘူး၊ မြသိတယ်"
မြသီတာ၏ မျက်နှာတွင် ပိုင်နိုင်သေချာမှုကို ကျွန်မ မြင်ရသည်။ ပြီးတော့ မျက်ဝန်းတွင် ထီမထင်သော အ ရိပ်များကို တွေ့ရသည်ဟု ထင်ပါသည်။
"မြက သူ့ကို ချစ်ပါ့မယ်လို့ ကတိပေးထားတာမှမ ဟုတ်ဘဲ၊ ဒီအတိုင်းပဲ တွဲဖြစ်ကြတာပဲ၊ ဒါကိုမှ မြကို အပြစ်ပြောရင်လည်း မတတ်နိုင်တော့ဘူးကွယ်။ မြမှာ အချစ်မှ မရှိဘဲဟာ"
မင်းဟန်၏ မျှော်လင့်ချက်ကတော့ တစ်ရက်ထက် တစ်ရက် ရင့်သန်လာတာ အထင်အရှားပင်ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ မြသီတာက သေဆိုသေ၊ ရှင်ဆို ရှင် ဖြစ်နေလေသလားမသိ။ မြသီတာ၏ မျက်နှာကို အစဉ်အမြဲ အရိပ်တကြည့်ကြည့်ရှိလေသည်။
ကျွန်မနှင့်မြသီတာသည် မေဂျာ မတူသော်လည်း တစ်ကျောင်းတည်းပင်ဖြစ်၍ မေဂျာတူ သူငယ်ချင်းများ က မင်းဟန်နှင့် မြသီတာအကြောင်း စူးစမ်းလျှင် မသိပါဘူးဟုသာ ဖြေရသည်။ မကြာပါဘူး၊ ကွဲဦးမှာပဲဟု သူငယ်ချင်းတစ်ယောက်က ပြောသေးသည်။ ကျွန်မ ဘာမှတ်ချက်မှတော့ မပေးမိ။ သို့သော် တစ်နေ့နေ့တော့ မြသီတာထံပါးက လွင့်ရဦးမှာပဲ စိတ်ထဲ အလိုလို ထင်နေခဲ့သည်။
ဒုတိယနှစ်၏ ပထမနှစ်ဝက် စာမေးပွဲများ စတင်ခါ နီးလျှင် ကျွန်မသည် ကျောင်းစာများအကြား နစ်မြုပ်ရ ပြန်သည်ဖြစ်၍ ပတ်ဝန်းကျင်ကို မေ့မေ့လျော့လျော့ဖြစ်ရသည်။ အဆောင်မှာတော့ စာကျက်သံများ ညံစီလျက် ပင်။ တစ်ခန်းနှင့်တစ်ခန်း ကူးလူးစာကျက်ကြတာ မြင်ရသည်။ ကျွန်မမှာတော့ ဂျပန်ဘာသာစကား အဓိကယူ သူ မေဂျာတူ သူငယ်ချင်းမရှိ၍ ၃၈ လမ်းမှာ အဆောင်နေသည့် သူငယ်ချင်းထံ စာသွားကြည့်ဖြစ်ပြန်သည်။
စာမေးပွဲရက်များက တစ်ရက်ပြီးတစ်ရက် ကျော် ဖြတ်ဆဲ။ မန္တလေး၏ ကျော်ကြားသော မိုးရက်များက လည်း စွေနိုင်အားဆဲ။ မြသီတာကို စာကြည့်စားပွဲမှာ မြဲလျက်ရှိတာ တွေ့ရသည်။ စာမေးပွဲရက်များ၌ မင်း ဟန်သည်လည်း အဆောင်ဘက် ခြေဦးလှည့်လာတာ မတွေ့ရပေ။
စာမေးပွဲပြီး၍ ခွဲခွာကြရမည့်နေ့တွင် ကျွန်မသည် အတန်းထဲက သူငယ်ချင်းများနှင့် ရူဘီလက်ဖက်ရည် ဆိုင်တွင် ထိုင်ဖြစ်သေးသည်။ ကျောင်းပိတ်ရက် နှစ်လ တာ ဝေးကွာကြရမည်ဖြစ်၍ စကားလက်ဆုံ ပြောမကုန် ပြန်။
နှုတ်ဆက်ခွဲခွာကြ၍ အဆောင်ပြန်လာလျှင်တော့ အဆောင်ရှေ့ အုတ်ခုံလေးမှာ မြသီတာနှင့် သူ့ကို တွေ့ ရသည်။ သည်တစ်ခါတော့ နှစ်ယောက်သား မျက်နှာ သာယာဟန်မရှိတာနှင့် အဆောင်ထဲ တိတ်တဆိတ်သာ ၀င်ခဲ့ရသည်။ မြသီတာကတော့ မျက်နှာထား ခက်မာမြဲ။ မင်းဟန်၏မျက်နှာမှာ ညှိုးလျဟန်စွက်လျက်ရှိတာ အမှတ်ထင်ထင် သတိထားခဲ့မိလေသည်။
အဲသည် ညဘက်တွင် မိုးသည်းသည်း ရွာလျက်ရှိ တာလည်း ကျွန်မ ယခုတိုင် သတိရဆဲဖြစ်လေသည်။ အဆောင်မှာတော့ စာမေးပွဲကြောင့် ပင်ပန်း၍ အနားယူလိုသူတို့က စောစီးစွာ အိပ်ရာဝင်ကြပြီ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်စပြုပြီ။
ကျွန်မသည် တစ်ဖက်ခန်းက သူငယ်ချင်းက ဖိတ်ခေါ်၍ သူတို့အခန်းဆီ ရောက်နေခဲ့သည်။ လက်ဖက် သုပ်စားကြရင်း စကားဖောင်ဖွဲ့၍ ကောင်းနေဆဲ မိုးသံကို ထွင်းဖောက်လာသည့် အသံတစ်ခုကို အားလုံးကြား ကြရသည်။ မြ....သီ....တာ....တဲ့။
ခပ်ကျယ်ကျယ်အော်သည်ဖြစ်၍ ကျွန်မတို့အားလုံး အထိတ်တလန့်ဖြစ်သွားခဲ့ကြသည်။ ခြေသံများ တ၀ုန်း ၀ုန်းနှင့် ပြတင်းနား တိုးကပ်ကာ ၀င်းအပြင်ဘက် လှမ်း ကြည့်လျှင် အဆောင်ရှေ့လမ်းပေါ်၌ လူတစ်ယောက် ရပ်လျက်ရှိတာ တွေ့ရသည်။ ကျွန်မတို့ ငေးကြောင် ကြည့်နေဆဲ အသံက ထပ်ပေါ်လာပြန်သည်။ မြသီတာ ဟု အော်ရင်း ခန္ဓာကိုယ် တစ်ချက်ယိုင်တာ တွေ့ရသေးသည်။ အရက်များ သောက်လာလေသလား။
လမ်းမီးရောင် ကျနေသည့်ဘက်ခြမ်းဆီ သူ့မျက်နှာ နည်းနည်းလှည့်သွားလျှင် သူ ဘယ်သူဖြစ်သည်ဆိုတာ ကျွန်မ ချက်ချင်း မှတ်မိသွားပါသည်။
"မင်းဟန်ပါလား၊ ဘယ်လိုဖြစ်တာပါလိမ့်"
သူသည် တစ်ကိုယ်လုံး မိုးရေများ ရွှဲစိုလျက်ရှိလေ သည်။ သူ့မှာ စက်ဘီးပင်မပါ။ တစ်ယောက်တည်း ဘယ်လိုများ ရောက်လာတာပါလိမ့်။ ပြီးတော့ ဘယ်လို အတွေးမျိုးနှင့်များ သည်လို လုပ်ရတာပါလိမ့်။
"ကြည့်ရတာ ဖြုတ်ချခံရပြီနဲ့တူပါရဲ့"
သူငယ်ချင်းတစ်ယောက်က တီးတိုးပြောသည်။ ကျွန်မသည် အခန်းဆီ ရုတ်တရက် မပြန်လို။ မြသီတာ ကို ဘာကြောင့်မှန်းမသိ အားနာကာနေသည်။ သည်လို နာမည်နှင့်လာ၍အော်ဟစ်သည့်အတွက် ရှက်နေမှာပဲ ဟု တွေးမိသည်။ အခန်းတံခါးဖွင့်သံပင်မကြားရ၍ မြသီတာ ငြိမ်သက်နေမည်ဟု ထင်ပါသည်။ 
နောက်နှစ်ခွန်း၊ သုံးခွန်းမျှ ဆက်အော်ပြီးလျှင်တော့ သူသည် မိုးရေထဲမှာ ခေါင်းငိုက်စိုက်နှင့် လှည့်ပြန်သွား တာ တွေ့ရသည်။ သည်တော့မှပင် အားလုံး ပင့်သက်ချမိကြသည်။ အထူး စကားစရှာစရာမလိုဘဲ အဲသည် ညက အဆောင်တွင် ပြောစမှတ်ဖြစ်ရသည့်ခေါင်းစဉ်သည် မြသီတာနှင့် မင်းဟန်သာဖြစ်သည်။
နောက်ရက်တွင်တော့ မြသီတာသည် အိမ်က လာကြိုသည်နှင့် ဘယ်သူ့ကိုမှ နှုတ်ဆက်မနေဘဲ ပြန်လိုက် သွားခဲ့တာ တွေ့ကြရသည်။
ကျောင်းပိတ်ရက် နှစ်လတာ ကုန်ဆုံး၍ အဆောင် ပြန်ရောက်သည့်အခါ သူငယ်ချင်းများနှင့် အတူတကွ ပြန်ဆုံခိုက် စကားများစွာ ပြောစရာ ကြုံလျှင် ပြီးခဲ့သည့် ဖြစ်ရပ်တို့ကို အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်စပြုပြီ။
မြသီတာကိုလည်း ပြုံးရွှင်မူရာနှင့် မြင်ရပြန်သည်။ သူ့အပါးမှာတော့ ချစ်လိုသူတို့ ရှိမြဲ။ အလှဂုဏ်ကလည်း ထင်ရှားမြဲပင်။
သည်ကြားထဲ ကျောင်းတစ်ဝိုက်မှာ မင်းဟန်နှင့် ဆုံ လျှင် အမှတ်မဲ့ အကဲခတ်မိသေးသည်။ သူသည် တည် ငြိမ်စတော့ ပြုပြီထင်သည်။ ကျောင်းပြီးသည်အထိ မြသီတာကို ဒုက္ခပေးသည်ဟု မကြားရ။ အဆောင်တစ် ၀ိုက်မှာလည်း အရိပ်လို မမြင်ကြရတော့ပေ။
------
ခုတော့ ဘ၀တစ်ကွေ့မှာ သူ့ကို အမှတ်မထင် ပြန် ဆုံရပြီ။ သည်လို ဆုံရဖို့ ကျွန်မ ဘယ်တုန်းကမှ မတွေး ခဲ့ဖူးပါ။ ပြောဖူးသော စကားကို ထပ်ပြောရလျှင်တော့ ကမ္ဘာဟာ ကျဉ်းလှပါရဲ့။ ခုလောက်ဆို သူသည်လည်း ကျွန်မကို ဆက်စပ်မှတ်မိနေလောက်ပြီ။ သူ ဘယ် လောက်များ စိတ်ရှုပ်ထွေးနေမှာပါလိမ့်။ မလှပခဲ့သော အတိတ်ကို ကျွန်မ အစဖော်လိုက်မှာတော့ စိုးရိမ်လှမည် ထင်သည်။ သို့သော် ကျွန်မမှာ သူတစ်ပါး၏ မလှပသော ဘ၀အကြောင်းအရာတို့ကို စကားစပ်၍ ပြောလိုသော ၀ါသနာ မရှိပေ။
နောက်ပိုင်းရက်များမှာတော့ မိတ်ဆက်ပေးဦးမယ် ဟု ငယ်ငယ်က ဆိုတိုင်း နေပါစေဟုသာ ပြောမိမြဲ။ ဧည့် ခန်းမှာ သူတို့ကို မြင်လျှင် တိတ်တဆိတ်သာ ကျော်ဖြတ် မြဲ။ မျက်နှာချင်းဆိုင် မဆုံမိအောင် ရှောင်ရှားမြဲဖြစ်လေ သည်။ တေ့တေ့ဆိုင်ဆိုင် ဆုံရလျှင်တော့ ဘယ်တုန်းက မှ မမြင်မတွေ့ဖူးသူတွေလို သရုပ်ဆောင်နိုင်စွမ်း ကျွန်မ မှာ မရှိဘူးထင်သည်။ ပြီးတော့ သူလည်းများစွာ အနေ ရခက်မည်ဟု တွေးရလေသည်။
ငယ်ငယ့်ကိုတော့ အခါများစွာကထက် သက်ဝင်ရွှင် လန်းလျက်ရှိတာ သည်ရက်ပိုင်းမှာ မြင်ကြရသည်။ အ ပြုံးက ပို၍ နုသစ်လတ်ဆတ်လာသလို။ မျက်ဝန်းများက ပို၍ ရီလဲ့နူးညံ့လာသလို။ တစ်ခါတစ်ရံ စိတ်လိုလက်ရ နှင့် တေးသီချင်း သီလျက်ရှိတာ ကြားကြရသည်။
"လူတွေဟာ အချစ်နဲ့ တွေ့ရင် ပြောင်းလဲသွားကြ တယ်ထင်ပါရဲ့"ဟု မိုးက မှတ်ချက်ချသေးသည်။
တစ်ခါကတော့ ညဘက်မှာ စကားစမြည်ဆိုကြရင်း ငယ်ငယ့်ကို စူးစမ်းရလေသည်။
"သူက ငယ်ငယ့်အချစ်ဦးလားဟင်"
"ဟုတ်တယ် အစ်မရဲ့။ ကိုကိုက ငယ့်အချစ်ဦး၊ ကိုကို့ အတွက်တော့ ငယ်က အချစ်ဦးဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမယ့် ငယ်က အချစ်ဆုံးတဲ့"
"ဘယ်သူက ပြောတာတုံး"
မိုးက ၀င်၍ စနောက်လျှင်တော့ ငယ်ငယ်က ရယ် မောလေသည်။ ကိုကိုပဲ ပြောတာပေါ့တဲ့။ ကျွန်မသည် နုနယ်ရွှင်ကြည်သော မျက်နှာလေးကို ငေးမောကာ မင်း ဟန်တစ်ယောက် ကံကောင်းပါတယ်ဟု တွေး၍နေသည်။ တစ်ချိန်က အချစ်မှာ ရှုံးနိမ့်ခဲ့သူ။ ခုတော့ ဖြူစင် စွာချစ်တတ်သော မိန်းကလေးကို ပိုင်ဆိုင်နေပြီမဟုတ် လား။
"သူ ရန်ကုန်ရောက်တာကြာပြီလား"
"ကိုကို ဒီမှာ အလုပ်ဝင်နေတာ နှစ်နှစ်လောက်တော့ ရှိပြီတဲ့ အစ်မရဲ့။ ငယ်နဲ့ တွေ့တာတော့ တစ်နှစ်လောက် ပဲ ရှိပါသေးတယ်"
သြော်...။ သူသည် ကျွန်မတို့ထက် တစ်တန်းငယ် သည်ဖြစ်၍ ကျောင်းပြီးတာ သုံးနှစ်ကျော် လေးနှစ်အ တွင်း ရှိခဲ့ပြီပေါ့။ ပထမနှစ်လောက်က အရူးအမူးချစ်ရသော အချစ်ဦးနှင့် ဆေးရောင်မစုံခဲ့သော ဘ၀ရုပ်ပုံလွှာကို မေ့လျော့အနည်ထိုင်စေခဲ့ပြီထင်သည်။ သူ့အသွင်မှာ ပို၍ တည်ငြိမ်ဟန်ရှိလာတာ တွေ့ရသည်။ ငယ်ငယ့်ကိုလည်း ဂရုတစိုက်ရှိသည်ဟု ကျွန်မ မြင်ပါသည်။
တစ်ခါတစ်ရံတော့ ကျွန်မ သိခဲ့သော အတိတ်ကို မသိလေဟန် ငယ်ငယ့်ရှေ့၌ ဟန်ဆောင်ပြောဆိုရသည် ကို လိပ်ပြာမလုံသလို ခံစားရသည်။ ဖြူစင်ရိုးသားသူအပေါ် ကျွန်မတို့ လိမ်ညာသလို ဖြစ်နေခဲ့ပြီလား။
သူသည်လည်း ငယ်ငယ့်ကို ဖွင့်ပြောပြဟန်မတူ။ သူက ဘယ်သို့သော အတွေးနှင့် ထိမ်ဝှက်သလဲ မသိ။ ကျွန်မ၏ စိတ်အတွေးမှာတော့ ငယ်ငယ် စိတ်ပျော်ရွှင်နေတာပဲ မြင်လိုခြင်း သက်သက်ပင်။ တချို့သော အ ကြောင်းအရာတို့သည် မသိစဉ်မှာသာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်မဟုတ်လား။ သည်အတိုင်းလေးပဲ ရှိနေပါ စေတော့။
ကျွန်မသည် ဘ၀ကို ပုံသေကားကျသာ တွက်တတ်သူပီပီ ငယ်ငယ်တို့ အချစ်ဇာတ်လမ်းကို ရိုးရိုးစင်းစင်း သာရှိနေဦးမည်ဟု တွေးထင်မြဲ။ တစ်နေ့မှာ ပေါင်းကြလေသတည်းဟု ၀တ္ထု၊ ရုပ်ရှင်များစွာကလို နိဂုံးရောက် မည်ဟု ယုံကြည်မြဲ။ တကယ့်အဖြစ်များမှာတော့ ကံကြမ္မာက မမြင်သာသည်ဖြစ်၍ အံ့သြဖွယ် လှည့်ကွက် များလည်း ကျန်ရှိသေးသည်ကို အချိန်တန်လျှင်တော့ သိမှတ်ရလေသည်။
နွေဦးရက်များ စတင်ပြီးနောက် ဧပြီလအတင်း ရောက်လျှင် ကျွန်မသည် ခွင့်ရက်ရှည်ရ၍ ဇာတိမြို့လေးဆီ ပြန်ရသည်။ အမေ့အိမ်မှာ နွေးထွေးစွာ ခိုနားရသည်။ သည်ခဏမှာတော့ မြို့ပြကို မေ့လျော့ရလေသည်။
သို့ပေမယ့် ခွင့်ရက်များ ကုန်ဆုံးတော့လည်း အမေ့အိမ်ကို ကျောခိုင်းနှုတ်ဆက်ရပြန်သည်။ ရန်ကုန်သည် ပူပြင်းစပြုလျက်ရှိတာ တွေ့ရသည်။ အဆောင်မှာတော့ အရာရာ မပြောင်းမလဲ လည်ပတ်မြဲ။
မပြောင်းမလဲဟု ထင်မြင်မိသော်လည်း ညနေခင်း မိုးပြန်ရောက်၍ ဆုံကြမှပင် ငယ်ငယ့်ပြောင်းလဲခြင်းကို သိခွင့်ကြုံလေသည်။
"ငယ်ငယ့်ကိုကိုရယ် ဘာဖြစ်တယ်မသိပါဘူး မဖြူ ရယ်။ ဒီကြားထဲ သိပ်မလာပြန်ဘူး။ လာတော့လည်း ၀တ္တရားကျေပုံစံနဲ့လို့ မိုး ထင်တာပဲ။ ငယ်ငယ်က ဒီရက်တွေမှာ မျက်နှာမကောင်းရှာဘူး။ မဖြူ မေးတော့မမေး နဲ့နော်။ မသိသလိုသာနေ"
"အေးပါ မိုးရယ်၊ ဒီတစ်ယောက် ဘယ်လိုများဖြစ် ရပြန်တာလဲ"
ညဘက်တွင် ငယ်ငယ်နှင့်ဆုံလျှင် မျက်နှာညှိုးလျဟန်ရှိတာ သတိထားမိသည်။ ပြန်ရောက်ပြီလားဟု နှုတ်ဆက်တော့ ကျွန်မ အလိုက်သင့်သာ ပြန်ပြောရသည်။ မိုးပြောသလိုဆို မသိသလိုသာပေါ့။ စိတ်အတွင်းမှာတာ့ မျက်နှာနုငယ်ငယ်မှာ သောကရိပ်ထင်စပြုတာ စာနာခဲ့ရသည်။
သည်လိုနှင့် ရက်များက သစ်ရွက်တဖြုတ်ဖြုတ် ကြွေသလို အလွယ်တကူကုန်ဆုံးဆဲ။ မမျှော်လင့်သည့် တစ်ရက်တွင် ကျွန်မသည် အတိတ်ကို တစ်ကျော့ပြန် မြင်ခွင့်ကြုံလေသည်။
အဲသည်နေ့က ဆူးလေ မီးပွိုင့်တွင် ကားလမ်းကူး ရန် မီးအစိမ်း စောင့်၍နေစဉ် ထင်မှတ်မထားသူတို့ကို တစ်ဖက်လမ်း၏ ပလက်ဖောင်းပေါ်၌ တွေ့ရသည်။ မင်းဟန်နှင့် မြသီတာ။
ကျွန်မသည် စက္ကန့်ပေါင်းများစွာ ငေးမောငြိမ်သက် ၍ နေမိသည်။ မင်းဟန်သည် မြသီတာ၏ လက်ကို ဆုပ်ကိုင်ကာ လူအများကြားထဲ တိုး၍ သွားနေသည်။ မျက်နှာများတွင် အပြုံးကို အထင်အရှားတွေ့ရသည်။ မြသီတာမှာ လှပမြဲပင်။
ကျွန်မမှာ နှစ်နှင့်ချီ၍ ကွဲကွာခဲ့သော အခန်းဖော် မြသီတာကို ဗြုန်းကနဲ တွေ့ရသော်လည်း ၀မ်းသာဖို့ကိုပင် မေ့လျော့ကာနေသည်။ စိတ်အတွင်း၌ အံ့အားသင့်မှုနှင့် ဒေါသတရားသည် တစ်လှည့်စီ ကူးလူး၍နေလေသည်။
တစ်ဖက်ကားလမ်းကို အလျင်အမြန်ကူးလိုလှသော်လည်း မီးကနီနေဆဲ။ ကားများ မီးနီကြောင့် တုံ့ကနဲရပ် ၍ တစ်ဖက်က မီးစိမ်းပြမှပင် လမ်းကို မပြေးရုံတမည် ကူးရသည်။ သူတို့သွားမည်ထင်သည့်ဘက်ကို တိုး၍ လျှောက်မိသည်။ သို့သော် သူတို့နှစ်ယောက်ကို အရိပ်ပင် မမြင်ရတော့ပေ။ နေပါဦး...တွေ့တော့ရော ကျွန်မ တတ်နိုင်တာ ဘာများ ရှိလို့ပါလိမ့်။ မတရားခံရသည် ထင်သောဘက်က ရပ်ချင်သည့်စိတ်သည် တစ်ခါတစ် ခါတော့ အတော်ပင် ခက်လှသည်။
နောက်ဆုံးတော့လည်း တစ်ယောက်တည်း ယောင်ချာချာ ကျန်ရစ်ရင်းက ငယ်ငယ့်ကို ပြင်းစွာ သတိရမိ လေသည်။ သည်အဖြစ်ကို ဘယ်လို ပြောပြရပါ့မယ်။ ပြောမထွက်၊ ပြောလည်းမပြောရက်ပေ။ သို့ပေမယ့် မသိသလို ကြည့်နေရမည့် ဒုက္ခကလည်း ပင်ပန်းလှပါရဲ့။
တစ်ခန်းရပ်ပြီဟု ကျွန်မ ထင်မြင်ယုံကြည်ခဲ့သော ဇာတ်လမ်းသည် ခုတော့ တစ်ကျော့ပြန် အစပြုနေပြီ ထင်သည်။ အချစ်ဦးကို မေ့ရန်ခက်ခဲလှတာ နားလည်သော်လည်း ဘာကြောင့်များ သတိရဖို့မကောင်းသည့် အချစ်ဦးဆီ မင်းဟန် လည်ပြန်လှည့်ကြည့်တာပါလိမ့်။ တစ်ကြိမ်နှင့်ပင် မနာကျင်နိုင်သေးဘူးလား။ ရိုးစင်းသူလေးကို သတိတရမရှိတော့ဘူးလား။
လောကသည် အပြောကျယ်သည်နှင့်အမျှ ကျွန်မ မသိနိုင်သေးသော ပုစ္ဆာများစွာ ရှိဦးမည်ဟုသာ တွေးရ ပါသည်။
မိန်းကလေးဆောင်၏ တချို့သော ညနေခင်းများတွင်တော့ ငယ်ငယ်သည် တစ်စုံတစ်ယောက်ကို စောင့် စားမျှော်လင့်ဟန်အား မပိမရိ ဖုံးကွယ်လျက် ဧည့်ခန်းထဲ စာအုပ်တစ်အုပ်နှင့် ငြိမ်သက်နေတတ်တာ တွေ့ရမြဲဖြစ်လေသည်။
စံပယ်ဖြူနု
(မေလ၊ ၂၀၀၉၊ အပျိုစင်မဂ္ဂဇင်း) 

အကြိုတော်

photo: knlp-bur.blogspot.com
သူ့ကို မူလတန်း ကျောင်းကလေးအနီးက သစ်ပင်ရိပ်အောက်တွင် ကျွန်မ စတွေ့ခြင်းဖြစ်ပါ သည်။ သည်တုန်းက မိုး ရာသီ ကျောင်းဖွင့်စ။ ကျောင်းဆင်းချိန်တိုင်း တူ မလေးကို အစ်မကိုယ်စား ကျောင်းကြိုရလေရာ ကျောင်းရှေ့သို့ ကျောင်း ဆင်းချိန်မတိုင်မီ ၁၅ မိ နစ်ခန့် ကြိုရောက်မြဲ။ မိ ခင်များ၏ စကားဝိုင်းသို့ လည်း မ၀င်တတ်လေရာ ဟိုငေးသည်ငေးလုပ်နေရ သော ကျွန်မ၏ မြင်ကွင်း ထဲ သူ ရောက်လာခဲ့တာ ဖြစ်ပါသည်။
သူသည် ကျောင်းရှေ့ မလှမ်းမကမ်းက သစ်ပင် ရိပ်မှာ တစ်ယောက် တည်းထိုင်နေတတ်သည်။ မျက်လုံးများကတော့ ကျောင်းတံခါးဝကိုသာ စူးစိုက်ငေးနေတတ်မြဲ။ ကျောင်းဆင်းချိန်ရောက် ၍ ကလေးများ စုပြုံထွက် လာပြီဆိုလျှင်တော့ သူ သည် ကျောင်းတံခါးရှေ့ သို့ အပြေးကလေး ရောက်လာတတ်သည်။ ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် ကလေးမလေးကို လက်ဆွဲကာ သူပြန်လျှင် တော့ ဒါသည် တစ်ည နေခင်း၏ ကျောင်းကြို ချိန်နိဂုံးပင်။
ကျွန်မသည်လည်း တူမလေးလက်ကို ဆွဲကာ ကျောပိုးအိတ်ကို လွယ် ကာနှင့် အိမ်ပြန်ရပါ သည်။ ကျောင်းသည် ကျွန်မတို့ နေထိုင်ရာ လမ်းနှင့် မလှမ်းမကမ်း မှာပင် ရှိသည်မို့ တူဝရီး နှစ်ယောက်မှာ လမ်းသိပ် လျှောက်ရသည်မရှိပါ။ တူမလေးကို နံနက်ခင်း များ၌ မမက ကျောင်းပို့ တတ်ပြီး ညနေဆိုလျှင် တော့ သင်တန်းချိန်များမှ အားလပ်နေသူ ကျွန်မက ကျောင်းကြိုရတာ ဖြစ်ပါ သည်။
နေ့စဉ်ရက်ဆက်လို ကျောင်းကြိုထောက်နေရ တော့ ကျွန်မမှာ တွေ့မြင် နေကျမျက်နှာများကို ပြုံး ပြနှုတ်ဆက်လာရသည်။ သည်အထဲမှာ သူလည်း ပါပေသည်။ သူထိုင်နေ ရာ သစ်ပင်ရိပ်မှာပင် ကျွန်မလည်း စောင့်စား ဖြစ်သည်။ အစ်မနောက် ကျတယ်နော်ဟု သူ ကြို ရောက်နေလျှင်ပြောတတ် သည်။ များသောအား ဖြင့်တော့ သူက ကြို ရောက်တတ်သူ။ သည် လိုနှုတ်ဆက်ရုံအပြင် စ ကားစမြည်ပြောသည့်အ ဆင့်အထိ မရင်းနှီးသေး။
သူသည် အ၀တ်အ စားလေး ခပ်နွမ်းနွမ်း မျက်နှာလေးငယ်ငယ်နှင့် ရှိတတ်သူ၊ လာကြိုရ သော ကလေးမလေးနှင့် ကလည်း အသွေးအမွေး ကွာနေသူမို့ အိမ်များတွင် ကူဖော်လောင်ဖက်ရဖို့ ခေါ်ထားတတ်သော မိန်း ကလေးမျိုးဟု ကျွန်မ တိတ်တဆိတ်မှတ်ယူထား သည်။ ၀င့်ဝင့်စားစားမရှိ သော သူ့ဟန်ပန်များ၊ က လေးမလေး၏ သူ့အပေါ် အနိုင်အထက် ပြုတတ်ပုံ များကလည်း သည်အ ထင်ကို မမေးမြန်းပါဘဲ အတည်ပြုစေပါသည်။
သည်ကြားထဲ ကျွန်မ စိတ်ထဲ ထူးထူးခြားခြား စိတ်ဝင်စားရသည်ကတော့ ကျောင်းဝင်းကို ငေးနေ တတ်သော သူ့မျက်လုံး များကိုသာတည်း။ ဘယ် လိုမျက်လုံးအရိပ်လို့ ဆိုရ ပါ့။ ငေးရီသော၊ မှိုင်းမှုန် သောမျက်လုံးများ။ တစ် ခါတလေတော့လည်း စာ အံသံများ ပျံ့လွင့်လာ လျှင် လိုက်ဆိုတော့မလို နှုတ်ခမ်းများက လှုပ် လှုပ်ရွရွရှိလာ၏။ နားက လေးများပင် စွင့်ကား လာသည်လို့ထင်ရသည်။ ဒါသည်ပင် ကျွန်မကို စိတ်ဝင်စားအကဲခတ်စေ အောင်ဆွဲဆောင်ခဲ့တာ ပါ။
တစ်ရက်မှာတော့ ည နေခင်း ကျောင်းရှေ့မ ရောက်မီပင် မိုးက ရွာချ လာပါသည်။ ဆိုင်းမဆင့် ဗုံမဆင့်သောမိုးပါပေ။ ပါ လာသော ထီးကို ကပျာ ကယာ ထုတ်ဆောင်းရ သည်။ ကျောင်းရှေ့ ရောက်တော့ ထီးကိုယ်စီ နှင့် သစ်ပင်ရိပ်များ၊ ၀င်း တံခါးရှေ့တို့၌ စောင့်စား နေကြသော အမျိုးသမီး တို့ကို ကျော်ကာ ကျွန်မ မျက်လုံးများက မလှမ်းမ ကမ်းက ဗံဒါပင်ရိပ်ဆီ ရောက်သွားပါသည်။
အို..။ ကလေးမလေး သည် မိုးရေတစက်စက် ကျနေသော သစ်ပင်ရိပ် တွင် ကုပ်ကုပ်ကလေး ထိုင်လျက်ရှိသည်။ ဆံပင် ကလေးများပင် စိုကပ် လျက်။ လက်ကလေးနှစ် ဖက်ကို ဆုပ်ကာ ပုခုံးကို ကျုံ့ထားသည်။ ကျွန်မ လျှောက်လာသည်ကို မြင် လျှင် ပြုံးပြနှုတ်ဆက်ရှာ သည်။
''ညီမလေး အစ်မထီး အောက်လာ''
''ရတယ် အစ်မရဲ့''
သူက ငြင်းဆန်ဆဲမှာ ပင် လက်ဆွဲကာ ထီးရိပ် အောက် ခေါ်ယူလိုက်ရ ပါသည်။ သူ့အပြုံးက လေးမှာ နှုတ်ခမ်းတုန် တုန်ထက်တွင် မသဲမကွဲ ထင်ဟပ်လာသည်။ သူ ချမ်းနေရှာပြီ။ အင်္ကျီ လေးကလည်း စိုကပ်နေ ပြီ။ ထီးက မိန်းမဆောင်း လေးမို့ လူနှစ်ဦးကိုတော့ လုံခြုံစေမည်မဟုတ်။ သို့ သော် နောက်ထပ်ကျ ရောက်မည့် မိုးစက်များ ကိုတော့ အနည်းနှင့်အ များ ကာကွယ်ပေးနိုင်မှာ ပါ။
''ထီးမယူလာမိဘူး အစ်မရယ်။ ရွာမယ်လည်း မထင်ဘူးလေ။ တော်ပါ သေးရဲ့ မီးမီးမှာ ထီးပါ ပေလို့။ ကျွန်မက အရေး မကြီးဘူး။ မီးမီးကိုပဲစိတ် ပူတာ။ အစ်မရေ ကျေး ဇူးပါပဲနော့''
အနည်းငယ် ၀ဲချင် သော စကားသံလေးမှာ ဘာကြောင့်မှန်းမသိ ကျွန် မကို ကြင်နာစိတ်ဝင်စေ ပါသည်။ အရပ်က ကျွန် မ ပုခုံးမျှပင် မရှိသည်မို့ ငုံ့ကြည့်နားထောင်ရသည့် အခိုက် ညီမငယ်လေးလို့ သာ ထင်ချင်နေသည်။ ဖြူစင်သောမျက်လုံးလေး များတွင် အပြုံးရိပ်က ထင်ဟပ်လျက်။
ဗံဒါရွက်များကြား က ကျရောက်လာသော မိုး စက်များက ကျွန်မတို့နှစ် ဦး၏ ပုခုံးစွန်းများကို တော့ စိုရွှဲလာစေသည်။ သို့သော် နေပါစေ။ သည့် ထက် မိုးသည်းမလာ သည်ကိုပင် ကျေးဇူးတင် ရပါသည်။ ကျွန်မတို့ သည် နောက်ထပ်စကား မဆိုဖြစ်ဘဲ ကျောင်းတံ ခါးဝကိုသာ ငေးနေခဲ့ကြ သည်။
ကျောင်းတံခါးဝတွင် တော့ ကျွန်မတို့လိုပင် က လေးငယ်စောင့်စားသူများ သည် မိုးရေစက်များအ ကြား မျှော်လင့်စိတ်စော စွာ ရပ်လျက်။ မြို့ပြတွင် တွေ့မြင်ရတတ်သော မြင်ကွင်းများထဲက တစ်ခု သည် ကျွန်မတို့ရှေ့တွင် အသက်ဝင်လျက်။
သည်အခိုက်မှာပင် ကျောင်းဆင်းခေါင်းလောင်း သံကို ကြားကြရသည်။
''သွားပြီအစ်မရယ် နော်''
သူသည် ကျောင်းဝင်း ထဲက ထွက်လာသော က လေးမလေးကို အပြေး ကြိုပါသည်။ ကလေးမ လေး၏ မျက်နှာက ထုံးစံ အတိုင်း ဆူအောင့်အောင့် သာ။ ကျောပိုးအိတ်ကို သူ့လက်ထဲ ဆောင့်ထည့် ပေးသည်။ လက်တွဲသည် ကို အတွဲမခံ။ ထီးကလေး ကို ခပ်ငိုက်ငိုက်ဆောင်း ကာ လျှောက်သွားသော ကလေးမလေး၏ ဘေး၌ ကျောပိုးအိတ်လေး လွယ်လျက်သား ခပ်ကုပ် ကုပ်လိုက်ပါသွားသည်ကို တွေ့ရပါသည်။ မိုးစက် များက သူ့အပေါ် မညှာ မတာသွန်းလောင်းလျက်။
ကျွန်မသည် မြင်ကွင်း ကို ဘာကြောင့်မှန်းမသိ သည်နေ့မှ လိုက်လံငေး မောကာ သက်ပြင်းပင် ရှိုက်လိုက်မိသည်။
''တီလေးကလည်း မီး လာတာ မမြင်ဘူး ကြည့် ဦး''ဟု တူမလေးက အနီး ရောက်လာကာ ဆိုမှပင် အသိပြန်ဝင်သလိုဖြစ်ရ သည်။
အဲသည် မိုးတစ်ရက် ကစလို့ နောက်ရက်များ တွင်တော့ ကျွန်မနှင့်သူ သည် တဖြည်းဖြည်း နီး ကပ်ရင်းနှီးလာခဲ့ပါသည်။ သူသည် ကျွန်မကို တွေ့ လျှင် ဆွေမျိုးသားချင်းကို တွေ့ရသည့်ပမာ မျက် နှာကလေး ၀င်းပလာ သည်ကိုမြင်ရတတ်သည်။ စကားနည်းသော၊ ငေးရီ နေတတ်သော အသွင်မှ ကျွန်မနှင့်စကားစမြည်ဆို တတ်လာသည်။
သူသည် တကယ့်တ ကယ်တော့ အသက်အ ရွယ်မှာ ၁၁ နှစ်၊ ၁၂ နှစ် လောက်သာ ရှိပါဦးမည်။ မျက်နှာမူရာက ကလေး ဟန်ပင် မပျောက်ချင် သေး။ သို့သော် မျက် လုံးများကတော့ လောက ကိုသိမြင်ခဲ့ပြီထင်ရသည်။ ကျွန်မသည် သူ့မျက်လုံး များထဲကတစ်ဆင့် သူ့ဘ ၀ကို မြင်ရသည်။ သူ့စ ကားများကတစ်ဆင့် သူ့ လောကကို မြင်လာရပါ သည်။
ဗံဒါရွက်ကလေး တစ်ရွက်၊ နှစ်ရွက် ဆွတ် ကာ ဆော့ကစားချင်ဟန် ကိုမြင်လျှင် ဘာကိုမှန်းမ သိ စိတ်မကောင်းဖြစ်ခဲ့ဖူး သည်။
သူ့မှာ ကလေးဘ၀ ၌ပင် မိသားစုကို စွန့်ခွာ ရသည်မဟုတ်လား။ စာ သင်ကျောင်းသည် အ သက်ငယ်ငယ်နှင့် နှုတ် ဆက်ရသော နေရာတစ် ခုသာဖြစ်ခဲ့သည်။ သမီး က စာသိပ်တော်တာဟု သူကပြောပြတတ်သည်။
သည်ဘ၀အတွက် တော့ သူ့မှာ အပြစ်တင် စရာလူလည်း မရှိပါပေ။ ဖခင်သည် အငယ်ဆုံး ညီမလေး သုံးနှစ် သမီး အရွယ်ကပင် ကွယ်လွန် ခဲ့သည်။ သူကတော့ မောင်နှမငါးယောက်ရှိရာ မှာ နို့ညှာပင်။ ကျန်ရစ် ခဲ့သော သားသမီးများအ တွက် အမေ့မှာ တတ်စွမ်း သမျှ အလုပ်လုပ်သေး သည်။ လက်လုပ်လက် စားဘ၀နှင့် ပင်ပန်းသော် လည်း အပြုံးမပျက်ခဲ့။ သားသမီးများကို ကျောင်းထားသေးသည်။ သို့သော် ကာလရှည် ကြာမတတ်နိုင်ပြီ။ သို့ နှင့်ပင် သားသမီးတို့ သည် စာသင်ကျောင်းကို တစ်ယောက်ပြီးတစ် ယောက်နှုတ်ဆက်ရ၏။
တစ်ယောက်ပြီးတစ် ယောက်ပင် အလုပ်ခွင် များထဲ ရောက်ခဲ့ကြ သည်။ အငယ်ဆုံးညီမ လေးနှင့် နှစ်ယောက် အတူ ကျောင်းတက်ခဲ့ရ သေးသည်။ အမေက သူတို့ နှစ်ယောက်ကို တော့ ပညာသင်ပေးပါ မည်အားခဲဆဲ။ သည်မှာ ပင် တစ်သက်လုံး နေပူ မရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ခဲ့သမျှသည် ဒဏ်သဖွယ် ပြန်ခံစား လာရပြီ။
လယ်ထဲယာထဲ အ လုပ်မလုပ်နိုင်တော့ ဈေး လည်ရောင်းသေးသည်။ နောက်ပိုင်းတော့ မဟန် ပြီ။ ဒါနှင့်ပင် သူ့ကို ကျောင်းနုတ်ရသည်။ မြို့တက်ကာ အိမ်အကူအ လုပ်ကို လုပ်ဖို့ ထည့်ရ တော့ အမေ မျက်နှာမ ကောင်းသည်ကို သူက ယခုတိုင် သတိတရရှိဆဲ။ သို့သော် အမေ့ကိုပင် အဲ သည်ကတည်းက ပြန်မ တွေ့ရပါပြီ။
''ကျွန်မ ရွာကို ပြန်မ ရောက်တာ ကြာပြီအစ်မ ရဲ့။ သုံးနှစ်လောက်ရှိပြီ။ ရွာကနေရန်ကုန်ကို တက် ပြီး အလုပ်လာလုပ်ကြတဲ့ အစ်မတွေ ရွာက အပြန် မှာ လိုက်လာတာပဲ''
''အဲဒီအိမ်မှာရော အ ဆင်ပြေရဲ့လားဟင်''
''ပြေပါတယ် အစ်မ ရယ်။ ကလေးပဲ ထိန်းရ တာလေ။ မီးဖိုချောင်မှာ တော့ နည်းနည်းပဲကူရ တာ။ အိမ်ရှင်အစ်မက မဆိုးပါဘူး။ သူ့သမီး လေးကသာ အိမ်မှာ အားလုံးက ၀ိုင်းချစ်တော့ ဆိုးတယ်။ မီးမီးတစ်ခုခု ဂျစ်ကန်ကန်လုပ်ရင်၊ ငိုရင် ကျွန်မလည်း ဘာမှ မလုပ်ဘဲနဲ့ ဘွားဘွားက ခေါင်းခေါက်ရော။ အဲဒါ နဲ့ ကျွန်မမှာ မီးမီးကိုပဲ ကြောက်နေရတာ။ ဘွား ဘွားကို တစ်အိမ်လုံးက ကြောက်ရတာမဟုတ် လားအစ်မရဲ့''ဟု ရယ် ရယ်မောမော ပြောပြ တတ်သေးသည်။
''ရွာကို သတိရမှာ ပေါ့ မိုးမိုးရယ်နော်''
''ရတာပေါ့ အစ်မရာ။ ဘာပြောကောင်းမလဲ။ ဒီ လိုမိုးတွင်းများဆို သိပ် ပျော်တာပဲ။ ကျောင်း တက်ရတော့မှာကိုး။ ရွာ မှာက မူလတန်းကျောင်း ရှိတယ်လေ။ အဲဒီ ကျောင်းမှာပဲ ကျွန်မနေခဲ့ တာ။ ကျောင်းမှာသိပ် ပျော်တာပဲအစ်မရယ်။ ကျွန်မက ဆရာမတောင် လုပ်ချင်တာ။ အတန်းပိုင် ဆရာမလေးလို ပန်းက လေးပန်၊ ကျောင်းဝတ်စုံ လေးနဲ့ နော့အစ်မရယ်''
အင်း..ဘာပြန်ပြော ရပါ့။ ကျွန်မမှာ နှုတ်ဆွံ့ ကာ စိတ်မသက်မသာနှင့် ပြုံးနေခဲ့ရပါသည်။
''ဒါပေမယ့်လည်း အ ခုအလုပ်လုပ်ရတာလည်း ပျော်ပါတယ်လေ။ အမေ့ ကို ပိုက်ဆံပို့နိုင်တယ်အစ် မရဲ့။ အမေလည်း ခုတ လောနေမကောင်းဘူးသိ လား။ ဖုန်းမပြောရတာ လည်း ကြာပြီ။ အခု ဘယ်လိုနေသလဲတောင် မသိဘူး''ဟု ပြောသည် ကို ကြားရလျှင်လည်း စာ နာစိတ်နှင့်ငေးမောနေရ ပါသည်။
ကျွန်မသည်လည်း သူ့လိုပင် မိဘနှင့်အဝေး မှာ ရှင်သန်ရသည်မဟုတ် လား။ သို့သော် ကျွန်မက တော့ အစ်မရင်း၏အရိပ် မှာ ခိုနားနိုင်သေးသည်။ မိဘနှင့်အချိန်မရွေးစကား ပြောနိုင်သည်။ မိဘကို များစွာ ပူပင်နေရန်မလို သော ဘ၀တွင် ကိုယ့်အ နာဂတ်ကိုယ်သာ ကြိုး စားထုဆစ်နေရသူပင်။ သူ့မှာတော့ မိသား စုအတွက် အသက်အ ရွယ်နှင့်မမျှ ရှင်သန်ရပ် တည်နေသူ။ ပြီးတော့ ကျွန်မထက် များစွာငယ် ရွယ်ပါသေးသည်။
ကျွန်မသည် ယခုတိုင် အစ်မကို မှီခိုနွဲ့နိုင်ဆဲ။ မိ ဘများကို အားကိုးရဆဲ။ အလုပ်ဝင်ပါမည်ဟု သင် တန်းတက်မဆုံးသေး။ အ လုပ်ခွင် တကယ်တမ်းဝင် မည်ဆိုတော့လည်း ကျွန် မတို့ ရခဲ့သည့် သာမန်ဘွဲ့ က မလုံလောက်သေးဘူး မဟုတ်လား။ သင်တန်း ပေါင်းစုံတက်ဆဲ၊ မိဘထံ မှအယူသာရှိဆဲ ကျွန်မအ တွက်တော့ သူသည် စာ နာဖွယ်တည်း။
အိမ်မှာပင် သူ့အ ကြောင်း မမကို တခုတ် တရ ပြောပြဖြစ်သေး သည်။ တူမလေးကို ကျောင်းဆင်းချိန့်လျှင် ပြဖြစ်သေးသည်။
''တီလေး သူငယ်ချင်း ကငယ်ငယ်လေး''ဟု တူမ လေးက ပြောသည်ကိုပင် ရယ်မောရသည်။
တစ်ရက်မှာတော့ ကျွန်မ ကျောင်းရှေ့ ရောက်ချိန်၌ သူ့ကို မ တွေ့ရပါပေ။ အမြဲတစေ တော့သူကချည်း အရင် ရောက်နှင့်နေတာပါ။ ပြီး ခဲ့သည့်သုံး၊ လေးလအ တွင်း သူဘယ်တုန်းကမှ နောက်မကျခဲ့ပါဘဲ။ ဘာ လို့များပါလိမ့်ဟု တွေး တောဆဲမှာပင် ကျောင်း ဆင်းခေါင်းလောင်းသံ ကြားရပါသည်။
ကျောင်းဝင်းထဲက ထွက်လာသော ကလေး များအကြားတွင် သူကြို နေကျ ကလေးမလေးကို ရှာမိသည်။ ကလေးမ လေးများ ကျောင်းမ တက်လို့လားမသိ။
''တီလေးရေ''ဟု တူမ လေးက လက်လာဆွဲ သည်ကိုပင် စကားမပြန် နိုင်ဘဲ လည်တဆန့်ဆန့် မျှော်ကြည့်မိသေးသည်။ ကလေးမလေးကို တွေ့ တော့တွေ့ပါရဲ့။ သို့ သော် မိခင်ဖြစ်ဟန်တူသူ က လက်ဆွဲလို့ပါလား။
ကျွန်မသည် စိတ်ထဲ ရုတ်ချည်း အံ့အားသင့် သွားပါသည်။ အလုပ် များထွက်သွားခဲ့ပြီလား။ သို့သော် သည်လိုသာဆို ကျွန်မကို သူပြောခဲ့မည် ထင်ပါသည်။ မနေ့ည နေက တွေ့သည်အထိ သူ့အမူအရာက ထူးထူး ခြားခြားမရှိပါ။ သူ့မိခင် ယခုတလော ကျန်းမာ ရေး နည်းနည်းကောင်း လာသည့်အကြောင်း မျက်နှာလေး ပြုံးမြမြနှင့် ပြောပြနေခဲ့သေးသည်။ခုတော့ ဘယ်လိုပါလိမ့်။
အိမ်အပြန်လမ်းတစ် လျှောက် အတွေးများ တ လည်လည်ဖြစ်ရသော ကျွန်မသည် အိမ်ရောက် သည်နှင့် မမကို သည်အ ကြောင်းများ ပြောပြမိ ပါသည်။
''နေမကောင်းတာ များလားမသိဘဲ''
''ကောင်းပါတယ် မမ ရဲ့၊ မနေ့ကအထိ အ ကောင်းချည်းပါ။ ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာ ဖြစ်တာလဲမသိ''
''နင့်မလဲ ဒီကောင်မ လေးကို တော်တော်သံ ယောဇဉ်ဖြစ်နေတာကိုး'' ဟု မမက ဆိုပါသည်။
သည်အကြောင်း နောက်ထပ်မပြောဖြစ် သော်လည်း ကျွန်မစိတ် ထဲတွင်တော့ လိပ်ခဲတည်း လည်းသာတည်း။ ဘာ ဖြစ်လို့များပါလိမ့်ဟု အ ဖြေမရသော်လည်း ကိုယ့် ဘာသာပင် အခါခါ မေး နေမိပါသည်။
နောက်တစ်ရက် ည နေခင်းတွင်တော့ ကျောင်းကို လှမ်းမြင်ရ သည်နှင့် ဗံဒါပင်ရိပ်သို့ မျှော်လင့်စိတ်စောစွာ ကြည့်မိပါသည်။ သူ့ကို တွေ့နေကျနေရာလေးမှာ တွေ့လိုက်ရတော့မှ ကျွန် မပြုံးမိသည်။ သူ့အပြုံး မှာ ခပ်နွမ်းနွမ်းပါတ ကား။
''မနေ့က ဘာဖြစ်လို့ မလာတာတုန်း။ နေမ ကောင်းလို့လား''
''မဟုတ်..အဲ..ဟုတ် တယ်အစ်မ''
သူ့မျက်နှာသည် အိုး တိုးအမ်းတမ်းဖြစ်လျက်ရှိ ပါသည်။ ကျွန်မကို ရင် ဆိုင်မကြည့်ဘဲ ကျောင်း ၀င်းကိုသာ ငေးနေသည် ကိုတွေ့ရလျှင် စိတ်ထဲ၌ ထူးဆန်းသည်ထင်ကာ ထိုမျက်နှာကိုပင် အသေ အချာ စိုက်ကြည့်မိပါ သည်။ ဘုရား..ဘုရား.. မျက်နှာမှာ မသိမသာ အ ညိုအမဲစွဲလို့ပါလား။ အ သေအချာကြည့်လျှင် ညာဘက်ပါးပြင်မှာ ညို ရိပ်သန်းနေသည်။ ယောင်နေသလိုလည်းရှိ သည်။
''မိုးမိုး ဘာဖြစ်တာလဲ အစ်မကိုပြောဦး''
''ဘာလဲဟင် အစ်မ''
''မျက်နှာက ဘာဖြစ် တာတုန်း''
''ပြောလို့မရဘူး အစ် မရဲ့။ ကျွန်မ ကြောက် တယ်''
ကျွန်မသည် ဘာမှန်း မသိရသေးပါဘဲ ရင်ထဲ နင့်ကနဲဖြစ်ကာ သူ့ပုခုံး လေးကို ဖက်လိုက်ပါ သည်။ သည်တော့မှပင် သူ့မှာ မျက်ရည်ဝဲလာ၏။ ငိုချတော့မည်ထင်သော် လည်း မငို။ ကျွန်မကို မော့ကြည့်နေရှာသည်။
''ပြောလေ မိုးမိုး။ အ ရိုက်ခံရသလားဟင်''
''ကျွန်မ အပြင်မှာ လိုက်ပြောရင် အလုပ် ထွက်ရမှာ အစ်မရဲ့။ ကျွန် မ တခြားလည်း မသွား ချင်ဘူး။ မမက ကျွန်မအ ပေါ်ကောင်းတယ်''
''ဒါဖြင့် ဘယ်သူ့ကို ကြောက်နေရတာလဲ။ ဟို ဘွားဘွားဆိုတာကိုလား''
''ဟုတ်''
သြော်..။ ဘာဖြစ်ရ ရှာသည်မသိ။ ကလေးမ လေးနှင့်တော့ တစ်နည်း နည်းပတ်သက်နေမည်ဟု သာ ကျွန်မ ယူဆပါ သည်။ မပြောလိုသူကို မ မေးတော့ပါဘူးဟု ဆုံး ဖြတ်ဆဲ သူက စကား ဆက်ရှာသည်။
''ဟိုတစ်နေ့ညက မီး မီးက ကျွန်မ သူ့ကို ရိုက် တယ်လို့ ဘွားဘွားကို တိုင်တယ်အစ်မရယ်။ မမ ကတော့ မဟုတ်မှန်းသိ တာပဲ။ ဒါပေမယ့် ဘွား ဘွားက ကျွန်မကို ရိုက် တယ်။ မနေ့ကတော့ မမ က အပြင်မထွက်ခိုင်း ဘူး။ မျက်နှာက ယောင် နေတာကိုး အစ်မရဲ့။ ဒီ နေ့တော့ မမလည်းမကြို နိုင်တော့ ကျွန်မလာရ တာပဲ။ ဘွားဘွားက ကျွန်မလျှောက်ပြောမှာစိုး လို့ ထပ်ဆူလိုက်သေး တယ်။ အေးလေ..အစ်မ ကိုပဲ ပြောပြတာပါ''
''အေးပါ မိုးမိုးရယ်။ အစ်မ စိတ်မကောင်း လိုက်တာ''
သည်ခဏမှာပင် ကျောင်းဆင်းပြီမို့ ကျွန်မ တို့ လမ်းခွဲရပါသည်။ အိမ်ရောက်သည်နှင့် မမ ကိုပြောပြမိပြန်ပါသည်။ မမပင် မမြင်ဖူးပါဘဲနှင့် စုတ်တသပ်သပ် ဖြစ်နေ သည်။ ကလေးသာသာ နုနယ်သော မျက်နှာ ကလေးကို မြင်ရလျှင် ကျွန်မထက်ပင် သနားငဲ့ ညှာမိဦးမလားမသိ။
သို့သော် ကျွန်မတို့မှာ ဘာမျှ တတ်နိုင်စွမ်းသည့် ခွန်အားမရှိပါပေ။ သာ မန်လူတန်းစားမျှသာမို့ ကူညီချင်လျှင်ပင် အဝေး က ငေးမောနေကြရသူ များဖြစ်ပါသေးသည်။
ယခုလည်း သူ့မျက် နှာလေးကို တရေးရေး မြင်ယောင်မိသည့်အခိုက် သနားကြင်နာခြင်းသည် စိတ်နှလုံး၌ အခါခါနိုးထ မြဲ။ သို့သော် စိတ်အား ဖြင့် ခွန်အားပေးနိုင်သည် ကလွဲ၍ ကျွန်မဘာမျှ မ တတ်နိုင်ခဲ့ပါ။ သူကိုယ် တိုင် ရွေးချယ်ခွင့်မရှိခဲ့ သောဘ၀ကို ကျွန်မက ဘာများ ထပ်မံရွေးချယ် ပေးနိုင်ပါ့မလဲ။
ကျွန်မတို့သည် ဗံဒါ ပင်ရိပ်မှာတော့ ကျောင်း ဆင်းချိန်တိုင်း ဆုံဖြစ်ကြ မြဲ။ စကားစမြည်ဆိုဖြစ် ကြမြဲ။ သူ့မျက်နှာပေါ်၌ အပြုံးကလေးများ ပုံမှန် လို မြင်တွေ့လာရလျှင် ကျွန်မမှာ လောကကို သူ့ကိုယ်စားကျေးဇူးတင် ရပါသည်။
''မိုးမိုး ဘ၀မှာ အဖြစ် ချင်ဆုံးက ဘာလဲဟင်'' ဟု တစ်ကြိမ်မှာ ကျွန်မ သူ့ကို မှတ်မှတ်ရရ မေးမိ ပါသေးသည်။
သူက သည်မေးခွန်း ကို ကြားတော့ မျက်လုံး လေး လက်အောင်ပင် ရယ်ရှာသည်။
''ကျွန်မက ကျောင်းပဲ တက်ချင်တာ အစ်မရဲ့။ အခုတော့ အသက်ကြီးပြီ ပေါ့လေ။ ကျွန်မကျောင်း ထွက်ရတုန်းက သုံးတန်း ကိုး။ အခုအသက်ဆို ကျွန်မက ငါးတန်း၊ ခြောက်တန်းလောက် ရောက်ရမှာ။ တစ်နှစ် တစ်တန်းအောင်ရင်.. အဲ..ကျွန်မက အောင်မှာပဲ အစ်မရဲ့။ စာတော်တာပဲ ဟာနော့''
''အေးလေ ဟုတ် ပါပြီ။ အဲဒါ မဖြစ်နိုင် တော့ဘူးဆို တခြား ဘာ ဖြစ်ချင်သေးလဲ''
စပ်စုသည်ထင်ရ သော မေးခွန်းကို အဲ သည်တုန်းက ကျွန်မ ဘာကြောင့်များ ထပ်တ လဲလဲမေးခဲ့မိသည်လဲမသိ။ သူ့အဖြေကို ကြားရတော့ ရင်ထဲ ကြင်နာရ၊ နာကျင် ရသည်ကိုလည်း နောင် ပြန်တွေးတိုင်း မမေ့ ဖျောက်နိုင်ပါ။ အဲသည် တုန်းက သူဖြေခဲ့သည်။ ခပ်ရိုးရိုးလေးသာ ဖြေခဲ့ လေသည်။
''ကျွန်မဖြစ်ချင်တာ ဘာမှမရှိတော့ပါဘူး အစ် မရယ်။ ကျောင်းမှမတက် နိုင်တော့ဘဲ။ အင်း..အ မေ့ကို ဒီလို ငွေပို့နိုင်တာ ကပဲ ကျွန်မ ဖြစ်ချင်တာ လားမသိဘူး..နောက်ပြီး''
သူက စကားကို မ ဆက်သေးဘဲ ခေတ္တနား ပါသည်။ ကျွန်မသည် မျက်နှာနုနုကလေးကို ငေးနေမိပါသည်။ တစ် ခါတလေတော့လည်း စိတ်ထဲရှိရာပြောပါစေ။ သူပြောလိုသမျှကိုလည်း တွေ့ရသည့်အချိန်ခဏ လေးတွင် နားထောင်ပေး လိုခဲ့သည်။
''ကျွန်မ အပျော်ဆုံး အချိန်က ဒီကျောင်း ရှေ့ရောက်တဲ့အချိန်ပဲ။ အဖြူအစိမ်း မြင်ရရင် ပျော်တာကိုးအစ်မရဲ့။ နောက်ပြီး ကျောပိုးအိတ် လေးလွယ်ရတာလည်း ကျွန်မပျော်တာပဲ။ ကျွန်မ ကျောပိုးအိတ်မဟုတ်လည်း ဟုတ်တယ်လို့ စိတ်ထဲမှာ ထားပြီး ပျော်နေတာပဲ သိ လား''
သြော်..။ ကျောင်း တက်ခွင့်မရှိတော့သူက ကျောင်းသူတစ်ယောက်ရဲ့ ကျောပိုးအိတ်လွယ်ရတာ ကို ပျော်သည်တဲ့။ ကျွန်မ သည် ပြောစရာ စကားစ ရှာမတွေ့သူလို အဲသည် တုန်းက မိနစ်ပိုင်းမျှ ငေး ငိုင်နေခဲ့ရပါသည်။
----
ခုတော့လည်း ကျွန်မ သည် ကျောင်းကလေး ရှေ့သို့ ရောက်ရန် မရှိ တော့ပါပြီ။ အလုပ်ရပြီ ဖြစ်၍ မမကသာ ကလေး ကျောင်းကြို ကျောင်းပို့၌ အချိန်လု၍ တာဝန်ယူရ တော့သည်။
ကျွန်မသည် ကျောင်း ကြိုတာဝန်က အနားရစ ကတော့ သူ့ကို အောက် မေ့နေခဲ့ပါသေးသည်။ နောင်တော့လည်း အလုပ် ခွင်မှာ အစိမ်းသက်သက် ၀န်ထမ်းသစ်အနေနှင့် ကြိုးစားနေရသည့်အခိုက် တခြားသော အကြောင်း အရာများကို မေ့မေ့ လျော့လျော့ရှိလာလျှင် အဲ သည်အထဲ သူလည်း ပါ ၀င်ခဲ့သည်။ သို့သော် ရံ ဖန်ရံခါတော့ အကြောင်း တိုက်ဆိုင်လျှင် သတိတ ရရှိမြဲ။ သူ့ကိုတွေ့ခဲ့သည့် အကြောင်း မမများ မှတ် မှတ်ရရပြန်ပြောလျှင် ကျွန်မမှာ သတိရစရာဖြစ် ရပြန်သည်။ ခုတော့ မမ နှင့်သူသည်လည်း ခင်မင် နေကြပြီ။
သူက ကျွန်မကို မေး တတ်သည်တဲ့။ သတိတ ရရှိသည်တဲ့။ သည်စကား များကို ကြားရလျှင် ကျွန် မမှာ ဘာကိုဝမ်းနည်းမှန်း မသိ ၀မ်းနည်းလျက်က တစ်ဖက်ကလည်း ၀မ်း သာခြင်းဖြစ်လိုက်ပါသေး သည်။
အဲသည်လို ခံစားရ သည့်တစ်ခဏတွင် ကျွန် မ၏ စိတ်မျက်လွှာ၌ ပြန် လည်မြင်ယောင်ရသည် မှာတော့ ကျောပိုးအိတ် ကို လွယ်လျက်လျှောက် လှမ်းသွားတတ်သည့် သူ့ပုံရိပ်လေးကိုသာဖြစ် ပါသည်။ ။

စံပယ်ဖြူနု
(သြဂုတ်လ၊ ၂၀၁၂၊ ရနံ့သစ်မဂ္ဂဇင်း)

Twitter Delicious Facebook Digg Stumbleupon Favorites More