အကြိုတော်

photo: knlp-bur.blogspot.com
သူ့ကို မူလတန်း ကျောင်းကလေးအနီးက သစ်ပင်ရိပ်အောက်တွင် ကျွန်မ စတွေ့ခြင်းဖြစ်ပါ သည်။ သည်တုန်းက မိုး ရာသီ ကျောင်းဖွင့်စ။ ကျောင်းဆင်းချိန်တိုင်း တူ မလေးကို အစ်မကိုယ်စား ကျောင်းကြိုရလေရာ ကျောင်းရှေ့သို့ ကျောင်း ဆင်းချိန်မတိုင်မီ ၁၅ မိ နစ်ခန့် ကြိုရောက်မြဲ။ မိ ခင်များ၏ စကားဝိုင်းသို့ လည်း မ၀င်တတ်လေရာ ဟိုငေးသည်ငေးလုပ်နေရ သော ကျွန်မ၏ မြင်ကွင်း ထဲ သူ ရောက်လာခဲ့တာ ဖြစ်ပါသည်။
သူသည် ကျောင်းရှေ့ မလှမ်းမကမ်းက သစ်ပင် ရိပ်မှာ တစ်ယောက် တည်းထိုင်နေတတ်သည်။ မျက်လုံးများကတော့ ကျောင်းတံခါးဝကိုသာ စူးစိုက်ငေးနေတတ်မြဲ။ ကျောင်းဆင်းချိန်ရောက် ၍ ကလေးများ စုပြုံထွက် လာပြီဆိုလျှင်တော့ သူ သည် ကျောင်းတံခါးရှေ့ သို့ အပြေးကလေး ရောက်လာတတ်သည်။ ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် ကလေးမလေးကို လက်ဆွဲကာ သူပြန်လျှင် တော့ ဒါသည် တစ်ည နေခင်း၏ ကျောင်းကြို ချိန်နိဂုံးပင်။
ကျွန်မသည်လည်း တူမလေးလက်ကို ဆွဲကာ ကျောပိုးအိတ်ကို လွယ် ကာနှင့် အိမ်ပြန်ရပါ သည်။ ကျောင်းသည် ကျွန်မတို့ နေထိုင်ရာ လမ်းနှင့် မလှမ်းမကမ်း မှာပင် ရှိသည်မို့ တူဝရီး နှစ်ယောက်မှာ လမ်းသိပ် လျှောက်ရသည်မရှိပါ။ တူမလေးကို နံနက်ခင်း များ၌ မမက ကျောင်းပို့ တတ်ပြီး ညနေဆိုလျှင် တော့ သင်တန်းချိန်များမှ အားလပ်နေသူ ကျွန်မက ကျောင်းကြိုရတာ ဖြစ်ပါ သည်။
နေ့စဉ်ရက်ဆက်လို ကျောင်းကြိုထောက်နေရ တော့ ကျွန်မမှာ တွေ့မြင် နေကျမျက်နှာများကို ပြုံး ပြနှုတ်ဆက်လာရသည်။ သည်အထဲမှာ သူလည်း ပါပေသည်။ သူထိုင်နေ ရာ သစ်ပင်ရိပ်မှာပင် ကျွန်မလည်း စောင့်စား ဖြစ်သည်။ အစ်မနောက် ကျတယ်နော်ဟု သူ ကြို ရောက်နေလျှင်ပြောတတ် သည်။ များသောအား ဖြင့်တော့ သူက ကြို ရောက်တတ်သူ။ သည် လိုနှုတ်ဆက်ရုံအပြင် စ ကားစမြည်ပြောသည့်အ ဆင့်အထိ မရင်းနှီးသေး။
သူသည် အ၀တ်အ စားလေး ခပ်နွမ်းနွမ်း မျက်နှာလေးငယ်ငယ်နှင့် ရှိတတ်သူ၊ လာကြိုရ သော ကလေးမလေးနှင့် ကလည်း အသွေးအမွေး ကွာနေသူမို့ အိမ်များတွင် ကူဖော်လောင်ဖက်ရဖို့ ခေါ်ထားတတ်သော မိန်း ကလေးမျိုးဟု ကျွန်မ တိတ်တဆိတ်မှတ်ယူထား သည်။ ၀င့်ဝင့်စားစားမရှိ သော သူ့ဟန်ပန်များ၊ က လေးမလေး၏ သူ့အပေါ် အနိုင်အထက် ပြုတတ်ပုံ များကလည်း သည်အ ထင်ကို မမေးမြန်းပါဘဲ အတည်ပြုစေပါသည်။
သည်ကြားထဲ ကျွန်မ စိတ်ထဲ ထူးထူးခြားခြား စိတ်ဝင်စားရသည်ကတော့ ကျောင်းဝင်းကို ငေးနေ တတ်သော သူ့မျက်လုံး များကိုသာတည်း။ ဘယ် လိုမျက်လုံးအရိပ်လို့ ဆိုရ ပါ့။ ငေးရီသော၊ မှိုင်းမှုန် သောမျက်လုံးများ။ တစ် ခါတလေတော့လည်း စာ အံသံများ ပျံ့လွင့်လာ လျှင် လိုက်ဆိုတော့မလို နှုတ်ခမ်းများက လှုပ် လှုပ်ရွရွရှိလာ၏။ နားက လေးများပင် စွင့်ကား လာသည်လို့ထင်ရသည်။ ဒါသည်ပင် ကျွန်မကို စိတ်ဝင်စားအကဲခတ်စေ အောင်ဆွဲဆောင်ခဲ့တာ ပါ။
တစ်ရက်မှာတော့ ည နေခင်း ကျောင်းရှေ့မ ရောက်မီပင် မိုးက ရွာချ လာပါသည်။ ဆိုင်းမဆင့် ဗုံမဆင့်သောမိုးပါပေ။ ပါ လာသော ထီးကို ကပျာ ကယာ ထုတ်ဆောင်းရ သည်။ ကျောင်းရှေ့ ရောက်တော့ ထီးကိုယ်စီ နှင့် သစ်ပင်ရိပ်များ၊ ၀င်း တံခါးရှေ့တို့၌ စောင့်စား နေကြသော အမျိုးသမီး တို့ကို ကျော်ကာ ကျွန်မ မျက်လုံးများက မလှမ်းမ ကမ်းက ဗံဒါပင်ရိပ်ဆီ ရောက်သွားပါသည်။
အို..။ ကလေးမလေး သည် မိုးရေတစက်စက် ကျနေသော သစ်ပင်ရိပ် တွင် ကုပ်ကုပ်ကလေး ထိုင်လျက်ရှိသည်။ ဆံပင် ကလေးများပင် စိုကပ် လျက်။ လက်ကလေးနှစ် ဖက်ကို ဆုပ်ကာ ပုခုံးကို ကျုံ့ထားသည်။ ကျွန်မ လျှောက်လာသည်ကို မြင် လျှင် ပြုံးပြနှုတ်ဆက်ရှာ သည်။
''ညီမလေး အစ်မထီး အောက်လာ''
''ရတယ် အစ်မရဲ့''
သူက ငြင်းဆန်ဆဲမှာ ပင် လက်ဆွဲကာ ထီးရိပ် အောက် ခေါ်ယူလိုက်ရ ပါသည်။ သူ့အပြုံးက လေးမှာ နှုတ်ခမ်းတုန် တုန်ထက်တွင် မသဲမကွဲ ထင်ဟပ်လာသည်။ သူ ချမ်းနေရှာပြီ။ အင်္ကျီ လေးကလည်း စိုကပ်နေ ပြီ။ ထီးက မိန်းမဆောင်း လေးမို့ လူနှစ်ဦးကိုတော့ လုံခြုံစေမည်မဟုတ်။ သို့ သော် နောက်ထပ်ကျ ရောက်မည့် မိုးစက်များ ကိုတော့ အနည်းနှင့်အ များ ကာကွယ်ပေးနိုင်မှာ ပါ။
''ထီးမယူလာမိဘူး အစ်မရယ်။ ရွာမယ်လည်း မထင်ဘူးလေ။ တော်ပါ သေးရဲ့ မီးမီးမှာ ထီးပါ ပေလို့။ ကျွန်မက အရေး မကြီးဘူး။ မီးမီးကိုပဲစိတ် ပူတာ။ အစ်မရေ ကျေး ဇူးပါပဲနော့''
အနည်းငယ် ၀ဲချင် သော စကားသံလေးမှာ ဘာကြောင့်မှန်းမသိ ကျွန် မကို ကြင်နာစိတ်ဝင်စေ ပါသည်။ အရပ်က ကျွန် မ ပုခုံးမျှပင် မရှိသည်မို့ ငုံ့ကြည့်နားထောင်ရသည့် အခိုက် ညီမငယ်လေးလို့ သာ ထင်ချင်နေသည်။ ဖြူစင်သောမျက်လုံးလေး များတွင် အပြုံးရိပ်က ထင်ဟပ်လျက်။
ဗံဒါရွက်များကြား က ကျရောက်လာသော မိုး စက်များက ကျွန်မတို့နှစ် ဦး၏ ပုခုံးစွန်းများကို တော့ စိုရွှဲလာစေသည်။ သို့သော် နေပါစေ။ သည့် ထက် မိုးသည်းမလာ သည်ကိုပင် ကျေးဇူးတင် ရပါသည်။ ကျွန်မတို့ သည် နောက်ထပ်စကား မဆိုဖြစ်ဘဲ ကျောင်းတံ ခါးဝကိုသာ ငေးနေခဲ့ကြ သည်။
ကျောင်းတံခါးဝတွင် တော့ ကျွန်မတို့လိုပင် က လေးငယ်စောင့်စားသူများ သည် မိုးရေစက်များအ ကြား မျှော်လင့်စိတ်စော စွာ ရပ်လျက်။ မြို့ပြတွင် တွေ့မြင်ရတတ်သော မြင်ကွင်းများထဲက တစ်ခု သည် ကျွန်မတို့ရှေ့တွင် အသက်ဝင်လျက်။
သည်အခိုက်မှာပင် ကျောင်းဆင်းခေါင်းလောင်း သံကို ကြားကြရသည်။
''သွားပြီအစ်မရယ် နော်''
သူသည် ကျောင်းဝင်း ထဲက ထွက်လာသော က လေးမလေးကို အပြေး ကြိုပါသည်။ ကလေးမ လေး၏ မျက်နှာက ထုံးစံ အတိုင်း ဆူအောင့်အောင့် သာ။ ကျောပိုးအိတ်ကို သူ့လက်ထဲ ဆောင့်ထည့် ပေးသည်။ လက်တွဲသည် ကို အတွဲမခံ။ ထီးကလေး ကို ခပ်ငိုက်ငိုက်ဆောင်း ကာ လျှောက်သွားသော ကလေးမလေး၏ ဘေး၌ ကျောပိုးအိတ်လေး လွယ်လျက်သား ခပ်ကုပ် ကုပ်လိုက်ပါသွားသည်ကို တွေ့ရပါသည်။ မိုးစက် များက သူ့အပေါ် မညှာ မတာသွန်းလောင်းလျက်။
ကျွန်မသည် မြင်ကွင်း ကို ဘာကြောင့်မှန်းမသိ သည်နေ့မှ လိုက်လံငေး မောကာ သက်ပြင်းပင် ရှိုက်လိုက်မိသည်။
''တီလေးကလည်း မီး လာတာ မမြင်ဘူး ကြည့် ဦး''ဟု တူမလေးက အနီး ရောက်လာကာ ဆိုမှပင် အသိပြန်ဝင်သလိုဖြစ်ရ သည်။
အဲသည် မိုးတစ်ရက် ကစလို့ နောက်ရက်များ တွင်တော့ ကျွန်မနှင့်သူ သည် တဖြည်းဖြည်း နီး ကပ်ရင်းနှီးလာခဲ့ပါသည်။ သူသည် ကျွန်မကို တွေ့ လျှင် ဆွေမျိုးသားချင်းကို တွေ့ရသည့်ပမာ မျက် နှာကလေး ၀င်းပလာ သည်ကိုမြင်ရတတ်သည်။ စကားနည်းသော၊ ငေးရီ နေတတ်သော အသွင်မှ ကျွန်မနှင့်စကားစမြည်ဆို တတ်လာသည်။
သူသည် တကယ့်တ ကယ်တော့ အသက်အ ရွယ်မှာ ၁၁ နှစ်၊ ၁၂ နှစ် လောက်သာ ရှိပါဦးမည်။ မျက်နှာမူရာက ကလေး ဟန်ပင် မပျောက်ချင် သေး။ သို့သော် မျက် လုံးများကတော့ လောက ကိုသိမြင်ခဲ့ပြီထင်ရသည်။ ကျွန်မသည် သူ့မျက်လုံး များထဲကတစ်ဆင့် သူ့ဘ ၀ကို မြင်ရသည်။ သူ့စ ကားများကတစ်ဆင့် သူ့ လောကကို မြင်လာရပါ သည်။
ဗံဒါရွက်ကလေး တစ်ရွက်၊ နှစ်ရွက် ဆွတ် ကာ ဆော့ကစားချင်ဟန် ကိုမြင်လျှင် ဘာကိုမှန်းမ သိ စိတ်မကောင်းဖြစ်ခဲ့ဖူး သည်။
သူ့မှာ ကလေးဘ၀ ၌ပင် မိသားစုကို စွန့်ခွာ ရသည်မဟုတ်လား။ စာ သင်ကျောင်းသည် အ သက်ငယ်ငယ်နှင့် နှုတ် ဆက်ရသော နေရာတစ် ခုသာဖြစ်ခဲ့သည်။ သမီး က စာသိပ်တော်တာဟု သူကပြောပြတတ်သည်။
သည်ဘ၀အတွက် တော့ သူ့မှာ အပြစ်တင် စရာလူလည်း မရှိပါပေ။ ဖခင်သည် အငယ်ဆုံး ညီမလေး သုံးနှစ် သမီး အရွယ်ကပင် ကွယ်လွန် ခဲ့သည်။ သူကတော့ မောင်နှမငါးယောက်ရှိရာ မှာ နို့ညှာပင်။ ကျန်ရစ် ခဲ့သော သားသမီးများအ တွက် အမေ့မှာ တတ်စွမ်း သမျှ အလုပ်လုပ်သေး သည်။ လက်လုပ်လက် စားဘ၀နှင့် ပင်ပန်းသော် လည်း အပြုံးမပျက်ခဲ့။ သားသမီးများကို ကျောင်းထားသေးသည်။ သို့သော် ကာလရှည် ကြာမတတ်နိုင်ပြီ။ သို့ နှင့်ပင် သားသမီးတို့ သည် စာသင်ကျောင်းကို တစ်ယောက်ပြီးတစ် ယောက်နှုတ်ဆက်ရ၏။
တစ်ယောက်ပြီးတစ် ယောက်ပင် အလုပ်ခွင် များထဲ ရောက်ခဲ့ကြ သည်။ အငယ်ဆုံးညီမ လေးနှင့် နှစ်ယောက် အတူ ကျောင်းတက်ခဲ့ရ သေးသည်။ အမေက သူတို့ နှစ်ယောက်ကို တော့ ပညာသင်ပေးပါ မည်အားခဲဆဲ။ သည်မှာ ပင် တစ်သက်လုံး နေပူ မရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ခဲ့သမျှသည် ဒဏ်သဖွယ် ပြန်ခံစား လာရပြီ။
လယ်ထဲယာထဲ အ လုပ်မလုပ်နိုင်တော့ ဈေး လည်ရောင်းသေးသည်။ နောက်ပိုင်းတော့ မဟန် ပြီ။ ဒါနှင့်ပင် သူ့ကို ကျောင်းနုတ်ရသည်။ မြို့တက်ကာ အိမ်အကူအ လုပ်ကို လုပ်ဖို့ ထည့်ရ တော့ အမေ မျက်နှာမ ကောင်းသည်ကို သူက ယခုတိုင် သတိတရရှိဆဲ။ သို့သော် အမေ့ကိုပင် အဲ သည်ကတည်းက ပြန်မ တွေ့ရပါပြီ။
''ကျွန်မ ရွာကို ပြန်မ ရောက်တာ ကြာပြီအစ်မ ရဲ့။ သုံးနှစ်လောက်ရှိပြီ။ ရွာကနေရန်ကုန်ကို တက် ပြီး အလုပ်လာလုပ်ကြတဲ့ အစ်မတွေ ရွာက အပြန် မှာ လိုက်လာတာပဲ''
''အဲဒီအိမ်မှာရော အ ဆင်ပြေရဲ့လားဟင်''
''ပြေပါတယ် အစ်မ ရယ်။ ကလေးပဲ ထိန်းရ တာလေ။ မီးဖိုချောင်မှာ တော့ နည်းနည်းပဲကူရ တာ။ အိမ်ရှင်အစ်မက မဆိုးပါဘူး။ သူ့သမီး လေးကသာ အိမ်မှာ အားလုံးက ၀ိုင်းချစ်တော့ ဆိုးတယ်။ မီးမီးတစ်ခုခု ဂျစ်ကန်ကန်လုပ်ရင်၊ ငိုရင် ကျွန်မလည်း ဘာမှ မလုပ်ဘဲနဲ့ ဘွားဘွားက ခေါင်းခေါက်ရော။ အဲဒါ နဲ့ ကျွန်မမှာ မီးမီးကိုပဲ ကြောက်နေရတာ။ ဘွား ဘွားကို တစ်အိမ်လုံးက ကြောက်ရတာမဟုတ် လားအစ်မရဲ့''ဟု ရယ် ရယ်မောမော ပြောပြ တတ်သေးသည်။
''ရွာကို သတိရမှာ ပေါ့ မိုးမိုးရယ်နော်''
''ရတာပေါ့ အစ်မရာ။ ဘာပြောကောင်းမလဲ။ ဒီ လိုမိုးတွင်းများဆို သိပ် ပျော်တာပဲ။ ကျောင်း တက်ရတော့မှာကိုး။ ရွာ မှာက မူလတန်းကျောင်း ရှိတယ်လေ။ အဲဒီ ကျောင်းမှာပဲ ကျွန်မနေခဲ့ တာ။ ကျောင်းမှာသိပ် ပျော်တာပဲအစ်မရယ်။ ကျွန်မက ဆရာမတောင် လုပ်ချင်တာ။ အတန်းပိုင် ဆရာမလေးလို ပန်းက လေးပန်၊ ကျောင်းဝတ်စုံ လေးနဲ့ နော့အစ်မရယ်''
အင်း..ဘာပြန်ပြော ရပါ့။ ကျွန်မမှာ နှုတ်ဆွံ့ ကာ စိတ်မသက်မသာနှင့် ပြုံးနေခဲ့ရပါသည်။
''ဒါပေမယ့်လည်း အ ခုအလုပ်လုပ်ရတာလည်း ပျော်ပါတယ်လေ။ အမေ့ ကို ပိုက်ဆံပို့နိုင်တယ်အစ် မရဲ့။ အမေလည်း ခုတ လောနေမကောင်းဘူးသိ လား။ ဖုန်းမပြောရတာ လည်း ကြာပြီ။ အခု ဘယ်လိုနေသလဲတောင် မသိဘူး''ဟု ပြောသည် ကို ကြားရလျှင်လည်း စာ နာစိတ်နှင့်ငေးမောနေရ ပါသည်။
ကျွန်မသည်လည်း သူ့လိုပင် မိဘနှင့်အဝေး မှာ ရှင်သန်ရသည်မဟုတ် လား။ သို့သော် ကျွန်မက တော့ အစ်မရင်း၏အရိပ် မှာ ခိုနားနိုင်သေးသည်။ မိဘနှင့်အချိန်မရွေးစကား ပြောနိုင်သည်။ မိဘကို များစွာ ပူပင်နေရန်မလို သော ဘ၀တွင် ကိုယ့်အ နာဂတ်ကိုယ်သာ ကြိုး စားထုဆစ်နေရသူပင်။ သူ့မှာတော့ မိသား စုအတွက် အသက်အ ရွယ်နှင့်မမျှ ရှင်သန်ရပ် တည်နေသူ။ ပြီးတော့ ကျွန်မထက် များစွာငယ် ရွယ်ပါသေးသည်။
ကျွန်မသည် ယခုတိုင် အစ်မကို မှီခိုနွဲ့နိုင်ဆဲ။ မိ ဘများကို အားကိုးရဆဲ။ အလုပ်ဝင်ပါမည်ဟု သင် တန်းတက်မဆုံးသေး။ အ လုပ်ခွင် တကယ်တမ်းဝင် မည်ဆိုတော့လည်း ကျွန် မတို့ ရခဲ့သည့် သာမန်ဘွဲ့ က မလုံလောက်သေးဘူး မဟုတ်လား။ သင်တန်း ပေါင်းစုံတက်ဆဲ၊ မိဘထံ မှအယူသာရှိဆဲ ကျွန်မအ တွက်တော့ သူသည် စာ နာဖွယ်တည်း။
အိမ်မှာပင် သူ့အ ကြောင်း မမကို တခုတ် တရ ပြောပြဖြစ်သေး သည်။ တူမလေးကို ကျောင်းဆင်းချိန့်လျှင် ပြဖြစ်သေးသည်။
''တီလေး သူငယ်ချင်း ကငယ်ငယ်လေး''ဟု တူမ လေးက ပြောသည်ကိုပင် ရယ်မောရသည်။
တစ်ရက်မှာတော့ ကျွန်မ ကျောင်းရှေ့ ရောက်ချိန်၌ သူ့ကို မ တွေ့ရပါပေ။ အမြဲတစေ တော့သူကချည်း အရင် ရောက်နှင့်နေတာပါ။ ပြီး ခဲ့သည့်သုံး၊ လေးလအ တွင်း သူဘယ်တုန်းကမှ နောက်မကျခဲ့ပါဘဲ။ ဘာ လို့များပါလိမ့်ဟု တွေး တောဆဲမှာပင် ကျောင်း ဆင်းခေါင်းလောင်းသံ ကြားရပါသည်။
ကျောင်းဝင်းထဲက ထွက်လာသော ကလေး များအကြားတွင် သူကြို နေကျ ကလေးမလေးကို ရှာမိသည်။ ကလေးမ လေးများ ကျောင်းမ တက်လို့လားမသိ။
''တီလေးရေ''ဟု တူမ လေးက လက်လာဆွဲ သည်ကိုပင် စကားမပြန် နိုင်ဘဲ လည်တဆန့်ဆန့် မျှော်ကြည့်မိသေးသည်။ ကလေးမလေးကို တွေ့ တော့တွေ့ပါရဲ့။ သို့ သော် မိခင်ဖြစ်ဟန်တူသူ က လက်ဆွဲလို့ပါလား။
ကျွန်မသည် စိတ်ထဲ ရုတ်ချည်း အံ့အားသင့် သွားပါသည်။ အလုပ် များထွက်သွားခဲ့ပြီလား။ သို့သော် သည်လိုသာဆို ကျွန်မကို သူပြောခဲ့မည် ထင်ပါသည်။ မနေ့ည နေက တွေ့သည်အထိ သူ့အမူအရာက ထူးထူး ခြားခြားမရှိပါ။ သူ့မိခင် ယခုတလော ကျန်းမာ ရေး နည်းနည်းကောင်း လာသည့်အကြောင်း မျက်နှာလေး ပြုံးမြမြနှင့် ပြောပြနေခဲ့သေးသည်။ခုတော့ ဘယ်လိုပါလိမ့်။
အိမ်အပြန်လမ်းတစ် လျှောက် အတွေးများ တ လည်လည်ဖြစ်ရသော ကျွန်မသည် အိမ်ရောက် သည်နှင့် မမကို သည်အ ကြောင်းများ ပြောပြမိ ပါသည်။
''နေမကောင်းတာ များလားမသိဘဲ''
''ကောင်းပါတယ် မမ ရဲ့၊ မနေ့ကအထိ အ ကောင်းချည်းပါ။ ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာ ဖြစ်တာလဲမသိ''
''နင့်မလဲ ဒီကောင်မ လေးကို တော်တော်သံ ယောဇဉ်ဖြစ်နေတာကိုး'' ဟု မမက ဆိုပါသည်။
သည်အကြောင်း နောက်ထပ်မပြောဖြစ် သော်လည်း ကျွန်မစိတ် ထဲတွင်တော့ လိပ်ခဲတည်း လည်းသာတည်း။ ဘာ ဖြစ်လို့များပါလိမ့်ဟု အ ဖြေမရသော်လည်း ကိုယ့် ဘာသာပင် အခါခါ မေး နေမိပါသည်။
နောက်တစ်ရက် ည နေခင်းတွင်တော့ ကျောင်းကို လှမ်းမြင်ရ သည်နှင့် ဗံဒါပင်ရိပ်သို့ မျှော်လင့်စိတ်စောစွာ ကြည့်မိပါသည်။ သူ့ကို တွေ့နေကျနေရာလေးမှာ တွေ့လိုက်ရတော့မှ ကျွန် မပြုံးမိသည်။ သူ့အပြုံး မှာ ခပ်နွမ်းနွမ်းပါတ ကား။
''မနေ့က ဘာဖြစ်လို့ မလာတာတုန်း။ နေမ ကောင်းလို့လား''
''မဟုတ်..အဲ..ဟုတ် တယ်အစ်မ''
သူ့မျက်နှာသည် အိုး တိုးအမ်းတမ်းဖြစ်လျက်ရှိ ပါသည်။ ကျွန်မကို ရင် ဆိုင်မကြည့်ဘဲ ကျောင်း ၀င်းကိုသာ ငေးနေသည် ကိုတွေ့ရလျှင် စိတ်ထဲ၌ ထူးဆန်းသည်ထင်ကာ ထိုမျက်နှာကိုပင် အသေ အချာ စိုက်ကြည့်မိပါ သည်။ ဘုရား..ဘုရား.. မျက်နှာမှာ မသိမသာ အ ညိုအမဲစွဲလို့ပါလား။ အ သေအချာကြည့်လျှင် ညာဘက်ပါးပြင်မှာ ညို ရိပ်သန်းနေသည်။ ယောင်နေသလိုလည်းရှိ သည်။
''မိုးမိုး ဘာဖြစ်တာလဲ အစ်မကိုပြောဦး''
''ဘာလဲဟင် အစ်မ''
''မျက်နှာက ဘာဖြစ် တာတုန်း''
''ပြောလို့မရဘူး အစ် မရဲ့။ ကျွန်မ ကြောက် တယ်''
ကျွန်မသည် ဘာမှန်း မသိရသေးပါဘဲ ရင်ထဲ နင့်ကနဲဖြစ်ကာ သူ့ပုခုံး လေးကို ဖက်လိုက်ပါ သည်။ သည်တော့မှပင် သူ့မှာ မျက်ရည်ဝဲလာ၏။ ငိုချတော့မည်ထင်သော် လည်း မငို။ ကျွန်မကို မော့ကြည့်နေရှာသည်။
''ပြောလေ မိုးမိုး။ အ ရိုက်ခံရသလားဟင်''
''ကျွန်မ အပြင်မှာ လိုက်ပြောရင် အလုပ် ထွက်ရမှာ အစ်မရဲ့။ ကျွန် မ တခြားလည်း မသွား ချင်ဘူး။ မမက ကျွန်မအ ပေါ်ကောင်းတယ်''
''ဒါဖြင့် ဘယ်သူ့ကို ကြောက်နေရတာလဲ။ ဟို ဘွားဘွားဆိုတာကိုလား''
''ဟုတ်''
သြော်..။ ဘာဖြစ်ရ ရှာသည်မသိ။ ကလေးမ လေးနှင့်တော့ တစ်နည်း နည်းပတ်သက်နေမည်ဟု သာ ကျွန်မ ယူဆပါ သည်။ မပြောလိုသူကို မ မေးတော့ပါဘူးဟု ဆုံး ဖြတ်ဆဲ သူက စကား ဆက်ရှာသည်။
''ဟိုတစ်နေ့ညက မီး မီးက ကျွန်မ သူ့ကို ရိုက် တယ်လို့ ဘွားဘွားကို တိုင်တယ်အစ်မရယ်။ မမ ကတော့ မဟုတ်မှန်းသိ တာပဲ။ ဒါပေမယ့် ဘွား ဘွားက ကျွန်မကို ရိုက် တယ်။ မနေ့ကတော့ မမ က အပြင်မထွက်ခိုင်း ဘူး။ မျက်နှာက ယောင် နေတာကိုး အစ်မရဲ့။ ဒီ နေ့တော့ မမလည်းမကြို နိုင်တော့ ကျွန်မလာရ တာပဲ။ ဘွားဘွားက ကျွန်မလျှောက်ပြောမှာစိုး လို့ ထပ်ဆူလိုက်သေး တယ်။ အေးလေ..အစ်မ ကိုပဲ ပြောပြတာပါ''
''အေးပါ မိုးမိုးရယ်။ အစ်မ စိတ်မကောင်း လိုက်တာ''
သည်ခဏမှာပင် ကျောင်းဆင်းပြီမို့ ကျွန်မ တို့ လမ်းခွဲရပါသည်။ အိမ်ရောက်သည်နှင့် မမ ကိုပြောပြမိပြန်ပါသည်။ မမပင် မမြင်ဖူးပါဘဲနှင့် စုတ်တသပ်သပ် ဖြစ်နေ သည်။ ကလေးသာသာ နုနယ်သော မျက်နှာ ကလေးကို မြင်ရလျှင် ကျွန်မထက်ပင် သနားငဲ့ ညှာမိဦးမလားမသိ။
သို့သော် ကျွန်မတို့မှာ ဘာမျှ တတ်နိုင်စွမ်းသည့် ခွန်အားမရှိပါပေ။ သာ မန်လူတန်းစားမျှသာမို့ ကူညီချင်လျှင်ပင် အဝေး က ငေးမောနေကြရသူ များဖြစ်ပါသေးသည်။
ယခုလည်း သူ့မျက် နှာလေးကို တရေးရေး မြင်ယောင်မိသည့်အခိုက် သနားကြင်နာခြင်းသည် စိတ်နှလုံး၌ အခါခါနိုးထ မြဲ။ သို့သော် စိတ်အား ဖြင့် ခွန်အားပေးနိုင်သည် ကလွဲ၍ ကျွန်မဘာမျှ မ တတ်နိုင်ခဲ့ပါ။ သူကိုယ် တိုင် ရွေးချယ်ခွင့်မရှိခဲ့ သောဘ၀ကို ကျွန်မက ဘာများ ထပ်မံရွေးချယ် ပေးနိုင်ပါ့မလဲ။
ကျွန်မတို့သည် ဗံဒါ ပင်ရိပ်မှာတော့ ကျောင်း ဆင်းချိန်တိုင်း ဆုံဖြစ်ကြ မြဲ။ စကားစမြည်ဆိုဖြစ် ကြမြဲ။ သူ့မျက်နှာပေါ်၌ အပြုံးကလေးများ ပုံမှန် လို မြင်တွေ့လာရလျှင် ကျွန်မမှာ လောကကို သူ့ကိုယ်စားကျေးဇူးတင် ရပါသည်။
''မိုးမိုး ဘ၀မှာ အဖြစ် ချင်ဆုံးက ဘာလဲဟင်'' ဟု တစ်ကြိမ်မှာ ကျွန်မ သူ့ကို မှတ်မှတ်ရရ မေးမိ ပါသေးသည်။
သူက သည်မေးခွန်း ကို ကြားတော့ မျက်လုံး လေး လက်အောင်ပင် ရယ်ရှာသည်။
''ကျွန်မက ကျောင်းပဲ တက်ချင်တာ အစ်မရဲ့။ အခုတော့ အသက်ကြီးပြီ ပေါ့လေ။ ကျွန်မကျောင်း ထွက်ရတုန်းက သုံးတန်း ကိုး။ အခုအသက်ဆို ကျွန်မက ငါးတန်း၊ ခြောက်တန်းလောက် ရောက်ရမှာ။ တစ်နှစ် တစ်တန်းအောင်ရင်.. အဲ..ကျွန်မက အောင်မှာပဲ အစ်မရဲ့။ စာတော်တာပဲ ဟာနော့''
''အေးလေ ဟုတ် ပါပြီ။ အဲဒါ မဖြစ်နိုင် တော့ဘူးဆို တခြား ဘာ ဖြစ်ချင်သေးလဲ''
စပ်စုသည်ထင်ရ သော မေးခွန်းကို အဲ သည်တုန်းက ကျွန်မ ဘာကြောင့်များ ထပ်တ လဲလဲမေးခဲ့မိသည်လဲမသိ။ သူ့အဖြေကို ကြားရတော့ ရင်ထဲ ကြင်နာရ၊ နာကျင် ရသည်ကိုလည်း နောင် ပြန်တွေးတိုင်း မမေ့ ဖျောက်နိုင်ပါ။ အဲသည် တုန်းက သူဖြေခဲ့သည်။ ခပ်ရိုးရိုးလေးသာ ဖြေခဲ့ လေသည်။
''ကျွန်မဖြစ်ချင်တာ ဘာမှမရှိတော့ပါဘူး အစ် မရယ်။ ကျောင်းမှမတက် နိုင်တော့ဘဲ။ အင်း..အ မေ့ကို ဒီလို ငွေပို့နိုင်တာ ကပဲ ကျွန်မ ဖြစ်ချင်တာ လားမသိဘူး..နောက်ပြီး''
သူက စကားကို မ ဆက်သေးဘဲ ခေတ္တနား ပါသည်။ ကျွန်မသည် မျက်နှာနုနုကလေးကို ငေးနေမိပါသည်။ တစ် ခါတလေတော့လည်း စိတ်ထဲရှိရာပြောပါစေ။ သူပြောလိုသမျှကိုလည်း တွေ့ရသည့်အချိန်ခဏ လေးတွင် နားထောင်ပေး လိုခဲ့သည်။
''ကျွန်မ အပျော်ဆုံး အချိန်က ဒီကျောင်း ရှေ့ရောက်တဲ့အချိန်ပဲ။ အဖြူအစိမ်း မြင်ရရင် ပျော်တာကိုးအစ်မရဲ့။ နောက်ပြီး ကျောပိုးအိတ် လေးလွယ်ရတာလည်း ကျွန်မပျော်တာပဲ။ ကျွန်မ ကျောပိုးအိတ်မဟုတ်လည်း ဟုတ်တယ်လို့ စိတ်ထဲမှာ ထားပြီး ပျော်နေတာပဲ သိ လား''
သြော်..။ ကျောင်း တက်ခွင့်မရှိတော့သူက ကျောင်းသူတစ်ယောက်ရဲ့ ကျောပိုးအိတ်လွယ်ရတာ ကို ပျော်သည်တဲ့။ ကျွန်မ သည် ပြောစရာ စကားစ ရှာမတွေ့သူလို အဲသည် တုန်းက မိနစ်ပိုင်းမျှ ငေး ငိုင်နေခဲ့ရပါသည်။
----
ခုတော့လည်း ကျွန်မ သည် ကျောင်းကလေး ရှေ့သို့ ရောက်ရန် မရှိ တော့ပါပြီ။ အလုပ်ရပြီ ဖြစ်၍ မမကသာ ကလေး ကျောင်းကြို ကျောင်းပို့၌ အချိန်လု၍ တာဝန်ယူရ တော့သည်။
ကျွန်မသည် ကျောင်း ကြိုတာဝန်က အနားရစ ကတော့ သူ့ကို အောက် မေ့နေခဲ့ပါသေးသည်။ နောင်တော့လည်း အလုပ် ခွင်မှာ အစိမ်းသက်သက် ၀န်ထမ်းသစ်အနေနှင့် ကြိုးစားနေရသည့်အခိုက် တခြားသော အကြောင်း အရာများကို မေ့မေ့ လျော့လျော့ရှိလာလျှင် အဲ သည်အထဲ သူလည်း ပါ ၀င်ခဲ့သည်။ သို့သော် ရံ ဖန်ရံခါတော့ အကြောင်း တိုက်ဆိုင်လျှင် သတိတ ရရှိမြဲ။ သူ့ကိုတွေ့ခဲ့သည့် အကြောင်း မမများ မှတ် မှတ်ရရပြန်ပြောလျှင် ကျွန်မမှာ သတိရစရာဖြစ် ရပြန်သည်။ ခုတော့ မမ နှင့်သူသည်လည်း ခင်မင် နေကြပြီ။
သူက ကျွန်မကို မေး တတ်သည်တဲ့။ သတိတ ရရှိသည်တဲ့။ သည်စကား များကို ကြားရလျှင် ကျွန် မမှာ ဘာကိုဝမ်းနည်းမှန်း မသိ ၀မ်းနည်းလျက်က တစ်ဖက်ကလည်း ၀မ်း သာခြင်းဖြစ်လိုက်ပါသေး သည်။
အဲသည်လို ခံစားရ သည့်တစ်ခဏတွင် ကျွန် မ၏ စိတ်မျက်လွှာ၌ ပြန် လည်မြင်ယောင်ရသည် မှာတော့ ကျောပိုးအိတ် ကို လွယ်လျက်လျှောက် လှမ်းသွားတတ်သည့် သူ့ပုံရိပ်လေးကိုသာဖြစ် ပါသည်။ ။

စံပယ်ဖြူနု
(သြဂုတ်လ၊ ၂၀၁၂၊ ရနံ့သစ်မဂ္ဂဇင်း)

1 comments:

ဝမ်းနည်းလိုက်တာ.......

အဲလိုကလေးတွေဘာ့ကြောင့်များ များနေတာပါလိမ့်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More