မွေးနေ့ပွဲ



အခုတစ်လော ကလေးရဲ့ပါးစပ်ဖျားမှာ ရေပန်း အစားဆုံးကတော့ ကိတ်မုန့်နဲ့ မွေးနေ့ပွဲပါပဲ။ ကိတ်မုန့်...မွေးနေ့။ မွေးနေ့...ကိတ်မုန့်။
ဒီစကားလုံးတွေကို ထပ်ခါတလဲလဲ ရေရွတ်လို့။

စားပွဲပေါ်မှာ ကိတ်မုန့် တင်ထားတဲ့ဟန်၊ လက်ဝါးပေါ်မှာ ကိတ်မုန့်လေး ထည့်လို့ ခွံ့ကျွေးတဲ့ ဟန်လည်း လုပ်ပြတတ်တယ်။ ဒီအခါမှာ ကလေး စိတ်ချမ်းသာစေဖို့ ပါးစပ်ကို အလိုက်သင့် ဟပေးပြီး ၀ါးစားတဲ့ ဟန်မျိုး လုပ်ပြရတာပဲ။ ကလေးကတော့ ဒါကိုပဲ လက်ခုပ်လေး တီးပြီး သဘော ကျနေတော့တာ။

တကယ်တော့ မွေးနေ့ပွဲဆိုတာကို ကလေးစိတ်ဝင်စား လာတာ သိပ်တော့မကြာ လှသေးပါဘူး။ အလွန်ဆုံး ရှိမှ သုံး၊ လေးရက်ပေါ့။ အရင်ကတော့ မွေးနေ့ရယ်လို့ ပွဲတွေ၊ ဘာတွေ လုပ်နေမဲ့ အစား ကိုယ့်မိသားစု ၀ိုင်းဖွဲ့စားတာလောက်ပဲ လုပ်ဖြစ်ကြတော့ ကလေးရဲ့စိတ်ထဲမှာလည်း မွေးနေ့ပွဲရယ်လို့ မှတ်မှတ်ရရ မရှိခဲ့ဘူး။ ဒီလိုနဲ့ပဲ သုံးနှစ်ပြည့် မွေးနေ့ကို ကျော်လွန်လာ ခဲ့ပြီ။ ဒီနှစ်တော့ ကလေးက လေးနှစ် ပြည့်တော့မှာမို့ မူကြို စထားရတယ်။ မူကြိုလည်းတက်ရရော သူရယ်၊ မမရယ်သာရှိတဲ့ အိမ်ကနေ ပြင်ပလောကကို စပြီး ထိတွေ့ရတော့တာပဲ။ ပြန်လာရင် အသစ်အဆန်းတွေ အမြဲကြားရတတ်တယ်။ ကျောင်းမှာ ဆိုနေကျ သီချင်း၊ ကဗျာတွေဟာ အိမ်ရောက်တဲ့ အထိ မပြီးနိုင်ဘူး။ ကိုယ်အမူအရာ အပြည့်အစုံနဲ့ ဆိုပြတတ်တာများ သူနဲ့ မမမှာ ငေးယူ နေရတယ်။

သွက်လာလိုက်တာ။ ကလေးဟာ လောကကို တစ်စစသိလာတော့မယ်။ ဒါပေမဲ့ ကျောင်းပို့လိုက်တဲ့ အရွယ်ဟာ စောများနေမလား လို့တော့ တစ်ခါတစ်ခါ တွေးပူပါရဲ့။ တစ်ခုပဲ ကျေနပ်စရာက အဲဒီ ကျောင်းဟာ လေးနှစ်အောက် ကလေးတွေကို သီချင်း၊ ကဗျာသင်တာ၊ လွတ်လွတ် လပ်လပ် တွေးနိုင်စွမ်းကို ဖွင့် ပေးတာကလွဲရင် စာရေး မသင်သေးတာပါပဲ။

သမီးလေးကို စာရေး စာဖတ် တတ်စေချင်ပြီ ဖြစ်တဲ့ မမကတော့ စာမသင်သေး တာကိုပဲ သိပ်မကြိုက်လှဘူး။ သူ့မှာတော့ ကိုယ့်တူမလေး စာတွေနဲ့ လုံးထွေး မနေရဘဲ ဒီလို ကလေးပီပီ သီချင်း ကဗျာဆိုရင်း ပျော်ရွှင်နေနိုင် သေးတာကိုပဲ ကြံဖန်ကျေနပ် နေရပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းကအပြန် ကြားနေကျ ထက်ပိုတဲ့ ကလေးရဲ့စိတ်ဝင် တစား စကားသံတွေကို သူ ရယ်၊ မမရယ် တအံ့တသြ နားထောင်ရတော့တာပါ။
“ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်း လိုက်တာ။ ကလေးတို့က ဟက်ပီးဘတ်ဒေးကို ဆိုပြီး တာနဲ့ သူက ဖယောင်းတိုင်ကို မီးမှုတ်လိုက်ရော။ ပြီးတော့ ကလေးတို့ကို ကိတ်မုန့်တွေ ခွံ့ကျွေးတာ မေမေရဲ့”

ကလေးရဲ့မျက်နှာဟာ ပြုံးမြလို့။ မျက်လုံးလေးတွေ ဟာလည်း တောက်ပလို့။ မသိဖူးလေတဲ့ လောက အကြောင်း ဗြုန်းခနဲ သိလိုက် ရသူတစ်ယောက်လို စကား သံမှာ ပျော်ရွှင်မြူးတဲ့ ရိပ်ပုံ ကို ခံစားသိစေတယ်။
“အဲဒါ မွေးနေ့ပွဲတဲ့ မေမေရဲ့။ အင်ကြင်းက ပန်းရောင် ဂါဝန်လေးနဲ့၊ လက်မှာ ကြယ်တုတ်လေးကို ဒီလို ကိုင်ထားတာ”

ကြယ်တုတ်ကိုင်ထားတဲ့ ပုံစံလည်း လုပ်ပြပါသေး ရဲ့။ သီချင်းသံလေးတွေ တောင် ညံစီလို့။ ရယ်မောနေ ကြရတဲ့ အမေနဲ့ အဒေါ်လုပ် သူမှာ ကလေးရဲ့ အဆုံးသတ် စကားကိုလည်း ကြားရရော ဘာစကားမှ ဆက်မပြောနိုင် ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်း ဆုံနေမိ ကြတာ စက္ကန့်အတော်ကြာတဲ့ အထိပဲ။ ကလေးလည်း မွေးနေ့ပွဲလေး လုပ်ချင်လိုက် တာတဲ့။

“ကလေး မွေးနေ့ပွဲ လုပ်မယ်နော် မေမေ။ ကလေး မွေးနေ့မှာ ကလေးရယ်၊ မေမေရယ်၊ ဖေဖေရယ်၊ တီတီရယ်နော်။ ကိတ်မုန့်မှာ ဖယောင်းတိုင်တွေ ထွန်းမယ်နော်”

အေးပါကွယ်လို့ မမက တီးတိုးဆိုတယ်။ မမမျက်လုံးတွေက မှိုင်းညို့လို့ပဲ။ မမ ဘာတွေ တွေးနေမလဲ ဆိုတာ သူ အတပ် သိပါရဲ့။ ဒါပေမဲ့ စကား မစချင်ဘူး။ အစဖော် မပေးချင်ဘူး။ ငြိမ်ငြိမ်သက် သက်လေး တွေးနေတဲ့သူကို အနှောင့်အယှက် မဖြစ်စေချင် ဘူး။

ဒါနဲ့ပဲ မွေးနေ့ပွဲ အကြောင်း တတွတ်တွတ် ပြောမဆုံးသေးတဲ့ ကလေးကို သာ အာရုံလွှဲပြီး ကားချပ် လေးတွေ ဆက်ပြနေခဲ့ရ တယ်။ ကလေးရဲ့နှုတ်က မွေးနေ့သံ တိတ်မှပဲ မမမှာ ပြုံးနိုင်ရှာတယ်။ တကယ် တော့ ကလေးပြောတဲ့ မွေးနေ့မျိုးက ဖြစ်ဖို့ ခဲယဉ်းလှ တယ်ဆိုတာ သူနားလည်ပြီး သား။ ဘယ်မှာ လူစုံနိုင်ပါ့ မယ်။ ကလေးရဲ့ဖခင်ဟာ မိသားစုအတွက် အဝေးမှာ ရှင်သန်နေရတဲ့သူမဟုတ်လား။
ပြောင်းလဲလာတဲ့ ခေတ်ကာလထဲ ရေစီးကြောင်း တစ်ခုလို ဖြစ်လာတဲ့ နိုင်ငံရပ်ခြား ထွက်ခွာခြင်းမှာ ကလေး ရဲ့ဖခင်က လိုက်ပါ စီးမျောနေခဲ့ပြီ။ တစ်ပတ်တစ်ကြိမ် လောက် အချိန်ပေး ဖုန်းပြော တာဟာ မမတို့ မိသားစု အတွက်တော့ တစ်ခုတည်း သော အလွမ်းဖြေစရာပါ။ စနေနေ့ညနေပိုင်းတွေမှာ ဖုန်း သံကြားတိုင်း မမ မျက်လုံး လေးတွေ လက်ပတာကို အခါများစွာ မြင်ရတယ်။ အိမ်ထောင်ကျပြီး ကလေး လူ့ လောကထဲ ရောက်ပြီ ဆိုကတည်းက မမ အိမ်ဦးနတ်ဟာ မိသားစုကို စွန့်ခွာ၊ နိုင်ငံကို စွန့်ခွာ။ မတတ်သာတဲ့ စွန့်ခွာ ရခြင်းမှာ မမြင်သာတဲ့ မျက်ရည်တွေ ချောင်းလို စီးခဲ့ဖူးပြီ။

နေအိမ်မှာတော့ လူနေမှု အဆင် တန်ဆာတွေ တဖြည်းဖြည်း ပြည့်စုံလာပါရဲ့။ သမီး လေးရဲ့ရှေ့ရေး အတွက်၊ ပညသင် ခရီးအတွက် ငွေကြေးလည်း အထိုက်အလျောက် စုဆောင်းနိုင်ခဲ့ပါရဲ့။ ဒါပေမဲ့ စိတ်နှလုံးမှာတော့ ကွက်လပ်တွေ များလှတာကို သူက တွေ့နေရပြန်တယ်။

မမမှာ တိုးတိုးဖော် အဖြစ် သူရှိနေပေမဲ့ ခင်ပွန်း လုပ်သူ အနားမှာ ရှိနေတာမျိုး နဲ့တော့ မတူနိုင်ဘူး ထင်တာ ပါပဲ။ အရေးဆို ခင်ပွန်းကိုမှ တိုင်ပင်ချင်တဲ့၊ အားကိုးချင်တဲ့ အရေး ရှိကောင်းရှိမယ်။ တစ်ခါတစ်ရံ မိန်းမတို့ သဘာဝ ချွဲနွဲ့ချင်တာ ရှိကောင်းရှိမယ်။ တကယ့် တကယ်မှာတော့ အဲဒီအခွင့် အရေးတွေ ဘာတစ်ခုမှ မရ ရှာတဲ့သူပါ။ ဒါပေမဲ့ မမက တော့ နှစ်သိမ့်ပြောလေး ပြော တတ်ရှာတယ်။ ငါလိုလူတွေ ငါတို့နိုင်ငံမှာ အများကြီးပါ တဲ့။

ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ပတ်ဝန်းကျင်မှာ သားသမီးနဲ့ ခွဲရတဲ့မိဘတွေ၊ မိဘနဲ့ ခွဲရတဲ့ သားသမီးတွေ၊ ချစ်သူနဲ့ ခွဲရတဲ့သူတွေ၊ အိမ် ထောင်ဖက်နဲ့ ခွဲခွာနေရတဲ့ သူတွေ၊ မိတ်ဆွေ၊ သူငယ် ချင်းနဲ့ ခွဲခွာနေရတဲ့သူတွေ ရယ်လို့ အမျိုးမျိုးတွေ့ကြရ တယ်။ တစ်ကိုယ်စာလွတ် မြောက်မှုအတွက်မဟုတ်ဘဲ မိသားစုအတွက်၊ ချစ်ခင်ရသူ တွေအတွက် စိတ်နှလုံးကို စတေးရတဲ့သူတွေ များလွန်း လှတယ်။

သူကတော့ တစ်ခါ တုန်းက မြင်ကွင်းလေးကို ရံဖန်ရံခါ မြင်ယောင်နေမိ တတ်ပါတယ်။
အဲဒီတုန်းက ကလေးက အသက်နှစ်နှစ်ပြည့်ခဲ့ပြီ။ စကားလည်း တီတီတာတာ ပြောတတ်နေချိန်။ တတောက် တောက် လမ်းလျှောက်တတ် နေတဲ့အချိန်။ ချစ်စရာကောင်း လှတဲ့ သမီးလေးကို ထွေးပွေ့ ဖို့ ကြိုးစားတဲ့ အဖေရယ်၊ အဖေကို ဖုန်းနဲ့ စကားပြောဖူး ရုံ၊ ဓာတ်ပုံမြင်ဖူးရုံကလွဲလို့ ပြင်ပမှာ မတွေ့ဖူးလို့ သူစိမ်း အမှတ်နဲ့ အော်ဟစ် ငိုကြွေးတဲ့ သမီးလေးရယ်။ ဒီမြင်ကွင်း ကို အလွမ်းဇာတ်ဝင်ခန်း တစ်ခုလို သူ မြင်ခဲ့ဖူးပါ တယ်။

“သမီး အဲဒါဖေဖေလေ” လို့ မမက တဖွဖွ ပြောရင်း ကလေးကို နှစ်သိမ့်တယ်။ ကလေးကတော့ ဘယ်လို ပြောပြော ငိုလို့မဆုံးဘူး။ အစ်ကို့ကိုယ်ပေါ်ကနေ အော်ဟစ် ရုန်းကန်လို့နေတယ်။ နောက်ဆုံး မမက လက် ပြောင်းချီလိုက်တော့မှပဲ အငို တိတ်တော့တာ။

မမကိုယ်ပေါ်မှာ မှီ တွယ်ရင်း၊ ရှိုက်ရင်းကနေ လည်း သူစိမ်းဆန်လှတဲ့ မျက်လုံးတွေနဲ့အစ်ကို့ကို စူး စမ်းငေးကြည့်လို့။ ဓာတ်ပုံပြ ပြီး အဲဒါ သမီးဖေဖေလေလို့ မမက ပြောပြတိုင်းခေါင်း ညိတ်ပြုံးရယ်တတ်ပေမဲ့ တကယ့်ပြင်ပမှာတော့ ကလေးက သူစိမ်းတစ် ယောက်ကို တွေ့ရသလိုပဲ ဆက်ဆံခဲ့တာ။

ကလေးကို ကြည့်ပြီး မမရော အစ်ကိုပါ မျက်နှာ မကောင်းလှဘူး။ မမ မျက်လုံးမှာ မျက်ရည်စတွေ ရစ်ဝဲနေတယ်လို့ သူထင် တယ်။ အစ်ကိုကလည်း ဘာစကားမှ ဆက်မဆိုတော့ ဘဲ ငြိမ်သက်နေတာ တကယ့် ကို အကြာကြီးရယ်။ မိသားစု ပြန်လည်တွေ့ဆုံခန်းက ပျော် ရွှင်မှု ကင်းမဲ့သလို ဖြစ်ခဲ့ရတဲ့ အဲဒီမြင်ကွင်းကို သူဘယ် တော့မှ မမေ့ပါဘူး။

နောက်နှစ်ရက်၊ သုံးရက် အကြာမှာတော့ အနေနီး လာတာနဲ့ အမျှ မေတ္တာကို ခံစားမိလာတဲ့ ကလေးဟာ သွေးက စကား ပြောလေတော့ အဖေကို ခင်တွယ်ရ ကောင်းမှန်း၊ ကပ်ရကောင်းမှန်း သိ လာတယ်။ ဖေဖေလို့ ခေါ် တတ်လာတယ်။ တီတီတာ တာ လုပ်စပြုလာတယ်။

ဒီတော့လည်း သားအဖ တစ်တွေကို အိမ်ထဲရယ်သံတွေ စည်ဝေလို့ တွေ့ရပြန်တယ်။ မမကတော့ ပြုံးလို့၊ ပျော်လို့၊ ကျေနပ်လို့ပေါ့လေ။ အဒေါ်ဖြစ်တဲ့ သူတောင် ဘေးကနေကြည့်ပြီး ကြည်နူး ရသေးတာပါ။

ဒါပေမဲ့လည်း ဒီပျော်ရွှင်မှု၊ ကျေနပ်မှုဟာ ကြာ ကြာမခံပြန်ဘူး။ ညအိပ်ရာ ၀င်ရင်တောင် ဖအေသိပ်မှ အိပ်တတ်ပြီး မျက်စိအောက်က အပျောက်မခံနိုင်အောင် ကလေးက ခင်တွယ်လေမှ အိမ်ကို အစ်ကိုက နှုတ်ဆက် ရပြန်တယ်။

“ငါတို့ ဘ၀တွေများ တော့ကွာ၊ ရှေးဆုတောင်းပဲ မှားခဲ့သလား။ ဘယ်အကြွေး တွေပဲ ဆပ်နေရသလဲမဆိုနိုင် ဘူး” လို့ အစ်ကိုက ညည်း သေးတယ်။ ဘာမှ မသိရှာ သေးတဲ့ ကလေးကတော့ ဖခင်ရင်ခွင်မှာ ရယ်မောလို့။ မနက်ခင်း မိုးလင်းရင် ဖခင် ကို နှုတ်ဆက်ရဦးတော့မှာ မသိရှာသေးဘူး။ မမက တော့ ခင်ပွန်းနဲ့ သမီးလေးကို ငေးလို့ ပြုံးနေရှာတယ်။ ထုံးစံ အတိုင်း မျက်လုံးတွေကတော့ ရီဝေညို့မှိုင်းလို့။
အဲဒီနေ့ မနက်ခင်းက တော့ မမက ကလေးကို အိမ်မှာ သူနဲ့ထားခဲ့ပြီး အစ်ကို့ကို လေဆိပ်လိုက်ပို့တယ်။

လေဆိပ်သွားဖို့ အိမ်က ထွက်မယ်ပြင်ကြတော့ မနက် ၈ နာရီ။ ကလေးက အိပ်မော ကျလို့ကောင်းတုန်း။ အိပ်ရာထဲက ကလေးကို အစ်ကိုက ငုံ့နမ်းနှုတ်ဆက်တယ်။ ယောက်ျားသားမို့ မျက်ရည် ကျတော့ မရှိဘူး။ ဒါပေမဲ့ မျက်နှာကတော့ မှုန်မှိုင်းလို့ပါ ပဲ။ မမကတော့ အခန်းထောင့်မှာ ရပ်ရင်း မြင်ကွင်းကို ငေးနေရှာတယ်။ စက္ကန့်ပိုင်း လောက်ကြာတော့ “သွားကြ စို့” တဲ့။

ကလေးက အပူအပင် ကင်းကင်းနဲ့ အိပ်စက်နေတုန်း မိဘနှစ်ပါးကတော့ နှုတ်ဆက်ခရီးကို စကြတယ်။ ကလေးရဲ့အိပ်မက်ထဲမှာ ဘာ တွေတွေ့နေမလဲလို့ အိပ်ရာ ဘေးမှာ စောင့်ကျန်ရင်း သူ တွေးနေမိတယ်။ ဒီရက်ပိုင်း မှာမှ ခင်တွယ်ရလေတဲ့ အဖေ ရယ်၊ အိမ်က အမေရယ်နဲ့ အိမ်ကလေးထဲ ပျော်ရွှင်နေရ တဲ့ အိပ်မက်မျိုးလား။ အဖေ ရယ်၊ အမေရယ် ခြံရံပြီး လိပ်ပြာလေးတစ်ကောင်လို ဆော့ကစားကြည်နူးနေရတဲ့ အိပ်မက်မျိုးလား။ ဘာပဲဖြစ် ဖြစ် ကလေးပျော်ရွှင်ပါစေ။ ပြင်ပမှာ မရနိုင်တဲ့ တချို့ သော ဘ၀မျိုးတွေဟာ အိပ် မက်ထဲမှာတော့ အသက်ဝင် တတ်တယ်မဟုတ်လား။ ကလေး ပျော်ရွှင်ပါစေ။

သူ့ရဲ့ ဆုတောင်းဟာ အဲဒီနေ့ မနက်ခင်းတင်ပဲ ကလေးရဲ့ငိုသံတွေကြားမှာ ပျောက်ခြင်းမလှ ပျောက် သွားခဲ့ရပြန်တယ်။ အိပ်ရာက နိုးတော့ မရှိတော့တဲ့ အဖေကို လိုက်ရှာလို့။ တစ်အိမ်လုံး တတောက်တောက် လိုက်ရှာလို့ မတွေ့တော့တဲ့အဆုံး သူ့ကို ရန်လုပ်တော့တယ်။ မကြာခင်ပဲ ပြန်ရောက်လာတဲ့ မမကို ဖက်တွယ်လို့ ဖေဖေ၊ ဖေဖေနဲ့ အီတော့တာပဲ။

မမကတော့ ကလေးကို ပွေ့ဖက်နှစ်သိမ့်ရင်း မျက် ရည်ကျချင်ချင် မျက်လုံးကို ကြိုးစားလို့ အရောင်ပြောင်းရှာ တယ်။
“ဖေဖေ အလုပ်သွား တယ် ကလေးရဲ့။ ပြန်လာမှာ ပေါ့။ ပြန်လာမှာပေါ့ကွယ်” လို့ ဆိုတယ်။ သူကတော့ ၀မ်းနည်းစရာနောက်ထပ်မြင် ကွင်းတစ်ခုကို မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။ ၀မ်းပန်း တနည်း ငိုကြွေးတဲ့ သမီးလေး ရယ်၊ သမီးရှေ့မှာ မငိုကြွေး နိုင်တဲ့ အမေရယ်။

ဘယ်လောက်ပဲ လွမ်း ဆွတ်ရတယ်ဆိုဆို အချိန်ကြာ လာတာနဲ့အမျှ နေသားကျကြ ရတဲ့ လောကသဘာဝအရ နောက်ပိုင်းရက်တွေမှာတော့ ပုံမှန်လည်ပတ်စပြုလာပါတယ်။ ကလေးဟာ သူ့အဖေမရှိ တော့တာကို လက်ခံစပြုလာ တယ်။ အဝေးရောက်နေတာ ပဲလို့ သူ့ဘာသာ နားလည် လက်ခံသွားရှာတယ်။ ဘယ် သူ့ကိုမှ ဂျီတိုက်တာမျိုး မရှိ တော့ဘူး။ တကယ်တော့ လည်း အဲဒီလို ငြိမ်ငြိမ်သက် သက်လေး နားလည်သွား တာကိုက ကရုဏာသက်စရာ ဖြစ်ရပါတယ်။ ကလေးကို မိသားစု တစ်စုစည်းတည်း နေစေချင်စိတ်ကလည်း သူ့ ရင်ထဲ ဟိုးအတွင်းထောင့်တစ် နေရာမှာ ခိုတွယ်လို့ နေတယ်။ တစ်နေ့တော့ ဖြစ်ကောင်းပါ ရဲ့။ အဲဒီတစ်နေ့က ဝေး သလား၊ နီးသလားတော့ သူ မပြောတတ်ဘူးပေါ့။

မမကတော့ ဖြစ်သမျှ ကို ကံပဲလို့ ရေရွတ်ပြီး နေ ပျော်အောင်နေရင်း၊ သမီး လေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေတယ်။

သူ့မှာတော့ ခွဲခွာရခြင်း ရဲ့ နာကျင်မှုကိုမှ ငယ်ငယ် ရွယ်ရွယ်နဲ့ ကြုံရလေတဲ့ တူမလေးကိုသနားပြီး အဖော် လုပ်ရပြန်တယ်။ ကလေး ပျော်အောင် ကလေးလိုနေပေး ရပြန်တယ်။

သူရယ်၊ မမရယ် ကြီး ပြင်းခဲ့ရတဲ့ ကလေး ဘ၀တုန်း ကတော့ မိသားစုဆိုတာ တစ် အိမ်တည်းအတူနေတဲ့သူတွေကို ခေါ်တာလို့ သူ ထင်ခဲ့တာပါ။ မချမ်းသာပေမဲ့ အဖေ့ရဲ့လစာ နဲ့မိသားစုတွေ သိုက်သိုက်ဝန်း ၀န်း နေနိုင်ခဲ့ကြတယ် မဟုတ် လား။ ကလေးဘ၀ကို သူတို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ခဲ့ရတာလည်း ဒီနေ့အထိ မမေ့ နိုင်ဘူး။ မှတ်မိသမျှတော့ သူ ဟာ မိဘတွေရဲ့ရင်ခွင်မှာ ကလေးပီပီသသ ကြီးပြင်း လာတာပဲ။ ပတ်ဝန်းကျင်မှာလည်း မိသားစုတွေ တကွဲ တပြား နေထိုင်ရှင်သန်ကြ တာ ရှားခဲ့တယ်ထင်ပါတယ်။

သူ ဆယ်ကျော်သက် အရွယ်ရောက်တော့ လူတွေ တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းရှင်သန်နေကြရတာ ကို နားလည်စပြုလာတယ်။ အဲဒီအချိန်မှာတော့ ခေတ်က ပြောင်းလဲလာခဲ့ပြီ။ သူ့ရဲ့ ၀မ်း ကွဲအစ်ကိုတွေ အိမ်တွေကို စွန့် ခွာပြီး ကျောက်တူးသွားကြ တာကို ပထမဆုံး မှတ်မှတ် ထင်ထင် ရှိလာရတယ်။ သိပ် တော့ ရေရေရာရာ နား မလည်လှသေးပေမဲ့ ချမ်း သာဖို့ သွားရတာလို့ သူက တွေးတတ်ခဲ့တယ်။ အဲဒီတုန်း က အစ်ကိုတွေ သွားကြလေတဲ့ ဖားကန့်ဟာ အခုအချိန် လောက် မစည်ကားသေးပါ ဘူး။ ရွှေ့ပြောင်းမှု မျဉ်းပြိုင် အစပြုချိန်ပေါ့။ အဝေးရောက် သားတွေ အတွက် ကြီးတော် တွေ၊ ဦးလေးတွေ ပူပန်လွမ်း ဆွတ်ရတာကို သူက စနောက်ရယ်မောတတ်ခဲ့တယ်။

နောက်တော့လည်း အဲဒီ အလွမ်းတွေကို သူနားလည် ခံစားတတ်တော့တာပဲ။ သူတို့ အိမ်မှာ ပထမဆုံးခွဲခွာသူက မမဖြစ်လာတဲ့နောက် သူလွမ်း တတ်လာရတယ်။ အဖေ ရယ်၊ အမေရယ်ကတော့ ပညာရေးအတွက်၊ ဘ၀ရှေ့ ရေးအတွက် ခွဲခွာရတဲ့သမီး လုပ်သူကို အစစအရာရာ နားလည်အားပေးခဲ့ကြတယ်။ ပညာစုံတဲ့နောက် ရွာကလေး ကို ပြန်မလာနိုင်တော့တဲ့အခါ မှာလည်း သမီးကြီးကို နားလည်ပေးခဲ့ကြပါတယ်။

ဟော... နောက်တော့ လည်း သူကပါ မမရဲ့ နောက်လိုက်ဖြစ်လာရတယ်။ အိမ်ကို စွန့်ခွာရပြန်တယ်။
သမီး နှစ်ယောက်လုံး အိမ်အပြန်ခက်တဲ့ ဘ၀၊ မြို့ပြ မှာ ကျင်လည်ရတဲ့ဘ၀ကို ရွေးချယ်တုန်းက ဖြူတယ်၊ မည်းတယ် တစ်ခွန်း မပြောခဲ့ တဲ့ အမေဟာ မြေးကို သားမက်က ခွဲခွာသွားရမယ် လည်းဆိုရော ငယ်လှသေးတဲ့ ကလေးအတွက် စိတ် မကောင်းဖြစ်ရှာတယ်။

“ငါ့မြေးလေး ကံ မကောင်းလိုက်တာကွယ်။ မိဘနဲ့မှ အတူမနေရရှာဘူး။ မသွားလို့ရော မရဘူးလား” လို့ အစ်ကိုသွားခါနီး ရန်ကုန် ကို ဆင်းလာတုန်းက မမကို တီးတိုးမေးရှာတယ်။ မမက တော့ ထုံးစံအတိုင်း မျက်နှာ လေး ငြိမ်ငြိမ်နဲ့ ၀မ်းနည်းတာ ကိုလည်း အမေမသိအောင်၊ အခြေအနေကိုလည်း နား လည်အောင် ရှင်းပြပြောပြ တာပေါ့။ မမ စကားလုံးတွေ ကြားက ခေတ်ရဲ့ ရိပ်ပုံကို အမေ နားလည်သလား၊ နား မလည်လားတော့ သူအသေ အချာ မသိပေမဲ့ နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ ပတ် သက်လို့ မြို့ကလေးကို ပြန် ချိန်အထိ တစ်ခွန်းမဟတော့ ပါဘူး။

ခုတော့လည်း အမေ စိတ်မကောင်းဖြစ်ရတဲ့ မမတို့ မိသားစုရဲ့ ခွဲခွာခြင်းဟာ သုံး နှစ်ကျော်ခဲ့ပြီ။ ကလေးတစ် နှစ်မပြည့်ခင်ကတည်းက ထွက်သွားရတဲ့ ဖခင်ဟာ မွေးနေ့တိုင်း အိမ်မှာ မရှိနိုင် ခဲ့ဘူး။ အရင်နှစ်တွေကတော့ အိမ်မှာလည်း လူစုံတယ် မရှိတာနဲ့ အဲဒီ မွေးနေ့ရက်တွေကို သိပ်အလေးမထားဘဲ ကျော် ဖြတ်ခဲ့ကြတယ်။

ဒီနှစ်တော့ ကလေးက လေးနှစ်ပြည့်ပြီ။ လေးနှစ် ပြည့်တဲ့နှစ်မှာမှ ပြင်ပလောက ကို စပြီး ထိတွေ့လာရတဲ့ ကလေးက မွေးနေ့ပွဲလုပ်ချင် တယ်လို့ဆိုလာခဲ့ပြီ။ နှစ်နှစ် ကျော်အရွယ်တုန်းက တစ် ကြိမ်သာ တွေ့ဖူးတဲ့ဖခင်ကို လည်း ဒီမွေးနေ့မှာ ပါစေချင် ပြန်တယ်။ မေမေရယ်၊ ဖေဖေရယ်၊ ကလေးရယ်တဲ့။ မဖြစ် နိုင်မှန်းသိတဲ့ မမကတော့ စိတ်မကောင်းဖြစ်နေတယ် ထင်ပါရဲ့။ ဒီရက်ထဲ တစ်ချက်တစ်ချက် တွေခနဲ ဖြစ် တာကို သတိထားမိတယ်။ သူနဲ့လည်း အရင်လို ညီအစ်မ နောက်ဟယ် ပြောင်ဟယ်နေတာ နည်းလာတယ်။ ကလေးကို မြှူချိန်က လွဲလို့ သိပ်ပြီး ရွှင်ရွှင်လန်းလန်း မတွေ့ရသလိုပါပဲ။

တစ်ရက်မှာတော့ အစ်ကို့ဆီက ဖုန်းလာတာနဲ့ ကလေးရဲ့ မွေးနေ့အကြောင်း မမ ပြောပြနေတာ တစ်စွန်း တစ်စကြားရတယ်။ ကလေး ကလည်း ဖုန်းလက်ထဲရောက် တာနဲ့ ဖေဖေ ပြန်လာနော်လို့ ချွဲရှာတယ်။ ဟိုဘက်က ဘာ ပြန်ပြောတယ်တော့ မသိဘူး။ ဖုန်းကို မမလက်ထဲ ထိုးထည့်ပြီး တစ်ယောက်တည်းစိတ် လုပ်နေတာ အကြာကြီးရယ်။ မမရော သူပါ အဲဒီနေ့က တော်တော်ကို ချော့ယူရတယ်။

ဖေဖေ ပြန်မလာသေး ဘူးတဲ့ လို့ပြောလိုက်တဲ့ အသံ လေးဟာ သူ့နားထဲကတော် တော်နဲ့ မထွက်တော့ဘူး။ သောကဆိုတာ ဘာမှ မသိ တတ်သေးတဲ့ ကလေး တစ်ယောက်ရဲ့ ပကတိခံစားမှု ထက် ပိုပြီး ခံစားတတ်နေပြီ လား။ သူ့ရင်ထဲ ဗြုန်းဆို ပူပန် လာတယ်။

“ကလေးပျော်အောင် မွေးနေ့ပွဲလေး လုပ်ပေးကြရ အောင် မမရယ်” လို့ တစ် ရက်မှာ သူပြောမိတယ်။

“သူ့အဖေကလည်း လုပ်ပေးလိုက်ပါလို့ ပြော တယ်ခိုင်ရဲ့။ ကိတ်မုန့်လေးမှာ ပြီး အိမ်မှာ လုပ်ပေးကြတာ ပေါ့။ အပြင်လူတော့ မဖိတ် တော့ပါဘူးလေ။ တိုက်ခန်း လေးက ကျဉ်းကကျဉ်းနဲ့”

မွေးနေ့ နီးကပ်လာတဲ့ ရက်တွေမှာတော့ မမက ပြုံး ပြုံးရွှင်ရွှင်ဖြစ်လာပြန်တယ်။ သားအမိနှစ်ယောက်ရဲ့ တီတီ တာတာ စကားသံတွေက လည်း အိမ်မှာ ညံစီလို့။

ကလေးအတွက် အပြာ နုရောင်ဂါဝန်လေးကို မမ ကိုယ်တိုင် စိတ်ကြိုက်လိုက် ရှာတယ်။ ဇာနားစလေး တလွင့်လွင့်နဲ့ ၀တ်စုံလှလှ လေးကို မြင်တော့ ကလေးက ပျော်ရွှင်မြူးထူးလို့ မဆုံးဘူး။ လှတယ်နော်လို့ မိန်းကလေး ပီပီ သိတတ်နှစ်ခြိုက်မှုနဲ့ အကြိမ်ကြိမ်ရေရွတ်လို့။

ဒီလိုနဲ့ ကလေးရဲ့လေး နှစ်ပြည့်မွေးနေ့ကို ရောက်လာ ခဲ့ပါတယ်။ ရာသီဥတု ကြည် လင်သာယာတဲ့ နံနက်ခင်းမှာ ကလေးဟာ လန်းလန်းဆန်း ဆန်းပဲ အိပ်ရာက နိုးလာ တယ်။
“ဒီနေ့ မွေးနေ့ပွဲရှိတယ်နော်”

ညက လူကြီးတွေ အပြောကို မှတ်မိနေသလို နိုးနိုးချင်း သတိပေးလိုက်ပါ သေးရဲ့။ သူတို့နှစ်ယောက်က တော့ ကလေးကို ချစ်စနိုး ရယ်မောကြရတယ်။

ဝတ်စုံသစ်လေး ၀တ်လို့ အမေနဲ့အတူ မွေးနေ့ရှင် သမီး လေး ဘုရားရှိခိုးနေတုန်း သူ ကတော့ မှာထားတဲ့ ကိတ်မှာ ဖယောင်းတိုင်လေးတွေ စိုက် ရတယ်။ မွေးနေ့ကိတ်လေးက ကလေးအကြိုက် ချစ်စရာပုံစံ နဲ့၊ ကိတ်အ၀ိုင်းဘေးတစ် လျှောက်မှာ အတွန့်အလိပ် လေးတွေနဲ့။ မျက်နှာပြင်မှာ တော့ ချစ်စရာအရုပ်လေး၊ ပန်းပွင့်လေးတွေ။ ပြီးတော့ နာမည်စာတန်းလေး။

ကလေးက မွေးနေ့ ကိတ်လေးကို မြင်မြင်ချင်း အထူးအဆန်းလို သဘောကျ လို့။ ကိတ်ကို လက်နဲ့ထိကိုင် တော့မလို ခုန်ဆွဆွဖြစ်နေတာ များ မမရင်ခွင်ထဲရောက်မှ ငြိမ်တော့တာ။ ဖယောင်းတိုင် လေးတွေ မီးညှိဖို့ပြင်ရင်း ကလေးကို သူ ပြောပြရ တယ်။

“ကလေး တီတီနဲ့ မေမေ သီချင်းဆိုပြီးရင် ဖယောင်းတိုင်မီးမှုတ်ရမယ် နော်”

ကလေးက ခေါင်းလေး ညိတ်လို့ ဟုတ်ကဲ့တဲ့။ အဲဒီ နောက်တော့ တိုက်ခန်းလေး ထဲ မွေးနေ့ သီချင်းသံလေးက မတိုးမကျယ် ပျံ့လွင့်လို့။ မမ အသံလေးက တစ်ချက်တစ် ချက်မှာ တိမ်ဝင်သွားသလို သူထင်တယ်။ ငဲ့ကြည့်လိုက် တော့လည်း ပြုံးနေတာကို တွေ့ရပြန်ရော။

သီချင်းဆုံးတော့ ကလေးက ဖယောင်းတိုင်မီး မှုတ်တယ်။ တစ်ဆက်တည်း ပြောသေးတာက ကိတ်မုန့်ခွံ့ မယ်လေတဲ့။ ဒါနဲ့ပဲ သူ့မှာ ကလေးရှေ့က ပန်းကန်လေး ထဲ ကိတ်မုန့်အပိုင်းလေး လှီး ထည့်ပေးရတယ်။ ကလေး က သူ့သူငယ်ချင်းလို ကိတ် မုန့်ခွံ့ချင်တယ် ထင်ပါရဲ့။ ဘယ်သူ့ ခွံ့စရာရှိတာ မှတ် လို့။ သူရယ်၊ မမရယ်ပေါ့။ အိမ်မှာ ပွဲကြီးလမ်းကြီး မလုပ် ဖြစ်တော့လည်း ဧည့်ပရိသတ် က ဒီနှစ်ယောက်တည်း ရှိတာ မဟုတ်လား။

ကလေးက မမကို ကိတ်မုန့်လေး စခွံ့တယ်။ ကလေးကို ပျော်စေချင်သူပီပီ သူ့မှာ လက်ခုပ်လက်ဝါးတီး လို့ အားပေး ရတာပဲ။ မမကို ခွံ့ပြီးတာနဲ့ ကလေးက နောက် တစ်ဇွန်း ထပ်ပြင်တဲ့အခါ သူ ပါးစပ်ကို အလိုက်သင့် ဟပေး ဖို့ ဟန်ပြင်လိုက်တယ်။

အဲဒီနောက်မှာတော့ ဟဖို့ပြင်လိုက်တဲ့ ပါးစပ်ကို သူ့မှာ တော်တော်နဲ့ ပြန်မစေ့ နိုင်ဘူး။ စက္ကန့်ပိုင်းတော်တော် ကြာအောင် မြင်ကွင်းကိုငေးနေ မိတယ်။ ကလေးရယ်လေ။ သူ့ကိုကျော်ပြီး ရှေ့ကို တန်း တန်းမတ်မတ်သွားနေတယ်။ ဧည့်ခန်းထောင့် စာအုပ်စင် ရှေ့မှာ သွားရပ်တယ်။
“ဖေဖေ... ရော့... ကိတ်မုန့်စား”
ဇွန်းလေးကို ရှေ့ထုတ် ပြီး ခပ်တည်တည်ပဲ ဆိုနေတယ်။ ကလေးတွေ ကစား ကြလေတိုင်း လုပ်တတ်တဲ့ အမူအရာမျိုးနဲ့။ စာအုပ်စင် အထက်နားက နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံထဲမှာတော့ အစ်ကိုက ပြုံးမြလို့။ ချစ်ခင် ကြင်နာတဲ့ မျက်လုံးတွေက လည်း လင်းလက်လို့။ ကလေးက ဓာတ်ပုံရှေ့ကနေ တော်တော်နဲ့ မခွာဘဲ ဇွန်းကို လည်း လက်က မချစတမ်း မြှောက်ထားတယ်။

အဲဒီအချိန်လေးမှာပဲ သက်ပြင်းသံသဲ့သဲ့ကြားတော့ သူ ဘေးဘက်ကို ငဲ့ကြည့်မိ တယ်။
“မမ...”

သူ့အသံဟာ ဟိုးအဝေး ကြီးက လွင့်မျောလာသလိုပဲ တိုးတိုးတိမ်တိမ်ရယ်။ မြင် လိုက်ရတဲ့ မမမျက်နှာက သူ့ ရင်ကို ဆို့စေတယ်။ ပါးပြင် ပေါ်မှာ တလိမ့်လိမ့်စီးကျနေ တဲ့ မျက်ရည်စတွေ။ မမ ငိုတာကို ကလေးတုန်းကလွဲ လို့ ဒီနောက်ပိုင်း သူ ဘယ် တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ ခုတော့ မမ ငိုနေရှာပြီ။ နှုတ် က လွှတ်ခနဲ ခေါ်လိုက်ပေမဲ့ ဘာပြောရမှန်းမသိဘဲ သူ့မှာဆွံ့အလို့။ မမ ပခုံးကို ထွေးပွေ့ပြီး ဒီအတိုင်း ငြိမ် သက်နေမိတယ်။ မတားတော့ပါဘူး။ တစ်ခါလောက် ပဲဖြစ်ဖြစ် စိတ်ထဲရှိသလို မထိန်းမချုပ်ဘဲ ခံစားပါစေ တော့။

ဒါပေမဲ့ သူ အသေ အချာ ယုံကြည်တာ တစ်ခုကတော့ အခုနေများ ကျောပေးထားတဲ့ သမီးလေးသာ ဒီ ဘက်ပြန်လှည့်လာမယ် ဆိုရင် မမတစ်ယောက် မျက်ရည်စတွေ မသိမသာ သိမ်းပြီး တစ် ပြန်တစ်လှည့် ပြုံးပြုံးရွှင်ရွှင် နေပြဦးမယ်ဆိုတာပါပဲ။

စံပယ်ဖြူနု
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

1 comments:

ဒီစာကိုဖတ်ပြီးကိုယ်ငိုသွားတယ်ကွယ်.....

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More