အပြန်


အိမ်ပြန်တော့မယ် ဆိုတဲ့ သူ့စကား ကြားလိုက်ရတဲ့ နေ့က ကျွန်မ သိပ်အံ့သြခဲ့ ရတယ်။
တော်တော်နဲ့လည်း စကား မပြန်နိုင်ခဲ့ဘူး။ သူ့မျက်နှာကိုသာ ငေးလို့ ကြည့်နေမိတယ်။ တခြားကြောင့်တော့ မဟုတ်ဘူးလေ။ အိမ်ခဏ ပြန်ဦးမယ် ဆိုတာ ကျွန်မတို့ကြား မထူးဆန်း လှပေမယ့် အိမ်ပြန်တော့မယ် ဆိုတာကတော့ ထူးခြား နေတာကိုး။ အိမ်ပြန်တော့မယ် ဆိုတဲ့ စကားထဲမှာ စွန့်ခွာခြင်း၊ လှည့်ပြန်ခြင်း  စတဲ့ အဓိပ္ပာယ်တွေ ရောစွက်နေတယ် မဟုတ်လား။

တကယ်တော့ သူနဲ့ ကျွန်မဟာ ဟောဒီ မိန်းကလေး ဘော်ဒါဆောင်မှာ အခန်းဖော် အဖြစ် ရင်းနှီးကြရတဲ့ သူတွေ မဟုတ်ပါဘူး။ အခန်းနီးချင်း ဆိုပါတော့။ သူ့အခန်းနဲ့ ကျွန်မ အခန်းက ကြားမှာ အခန်းတစ်ခန်း ခြားနေတယ်။ ဒါပေမယ့် နှစ်ယောက်သား အပြန်အလှန် စကားပြောရင် ကြားနိုင်ကြတဲ့ အနေအထားမို့ ဝေးလှတယ်တော့ မဟုတ်ပါဘူး။ ပြီးတော့ သူက စကားပြောရင် အားပါးတရ ပြောတတ်တဲ့ သူမို့ ကျွန်မတို့ နှစ်ယောက်သား စကားလက်ဆုံ ကျနေပြီ ဆိုရင် ဘေးအခန်းတွေက နားညည်းရမှာ အသေအချာပါပဲ။ ဒါပေမယ့်လည်း သူရော ကျွန်မပါ ဒီအဆောင်မှာ အဆောင်သက် ရင့်လှတဲ့ သူတွေမို့ ဘယ်သူကမှတော့ မငြူစူရဲပါဘူး။

အဲဒီနေ့ မနက်ခင်းကတော့ သူက ကျွန်မ အခန်းထဲ ပြောစရာ ရှိလို့ ဆိုပြီး ရောက်လာခဲ့တယ်။ ခါတိုင်း စကား ပြောချင်ရင် တစ်ခန်းနဲ့ တစ်ခန်း အပြန်အလှန် လှမ်းပြောကြရတဲ့၊ ရုံးသွားဖို့ ကိုယ်စီ ပြင်ဆင်ကြရတဲ့ အချိန်မျိုးမို့ အခန်းထဲ အထိ သူ ရောက်လာခဲ့တာကို အံ့သြလို့မှ မဆုံးသေးဘူး၊ သူပြောတဲ့ စကားကို ကြားရတဲ့ အချိန်မှာတော့ ကျွန်မအတွက် လည်နေတဲ့ ကမ္ဘာတောင် ခဏ ရပ်သွားသလိုပါပဲ။ ငါ အိမ်ပြန်တော့မယ်ဟာတဲ့။

ကျွန်မ သူ့ကို မှင်သက် ငေးမော နေမိတာ တော်တော်ကြာတယ်။ ဒီတော့လည်း သူက ရယ်မော လိုက်ပြန်တယ်။ ရယ်သံကတော့ ခြောက်သွေ့ လှတာကို ကျွန်မ ခံစားမိပါတယ်။

“ဟဲ့ နင်ကလည်း စကားလေး ဘာလေး ပြန်ပြောပါဦး။ သိပ်အံ့သြသွားလား မမြ၀င်း”

အရေးထဲ သူက စနောက်နိုင်သေးတယ်။ အင်းလေ ဘ၀ကို အကောင်းဘက်ကသာ မြင်တတ်ပြီး အမြဲတမ်း ပျော်ပျော် နေဖို့သာ ကြိုးစား တတ်တဲ့သူ မဟုတ်လား။ ခုလည်း သူက စနောက် ရယ်မောနိုင်တုန်း ကျွန်မကတော့ သူ့စကားမှာ နှုတ်ဆိတ် ဆွံ့အရတယ်။ အတော်ကြာ ငေးနေမိ ပြီးမှ ကျွန်မရဲ အာရုံဟာ အခန်းထဲ တဖြည်းဖြည်း ပြန်ရောက်လာတယ်။

“ဘယ်လို ဖြစ်ရတာလဲ နွယ်ရယ်။ ဘာလို့ အိမ်ပြန်ရမှာလဲ။ ဘာလဲ ခဏပဲ မဟုတ်လား”

“မဟုတ်ဘူး ကေသီရဲ့၊  ငါက အပြီးပြန်မှာ”

မတ်မတ် ရပ်နေဖို့ အားမရှိတော့သလို ကျွန်မ ခုတင်ပေါ်မှာ ထိုင်ချ လိုက်ရတယ်။ ဘာဖြစ်လို့ ဒီစကား ပြောရတာလဲ။ ဘယ်အရာကများ သူ့ကို ဒီလို ဆုံးဖြတ်စေခဲ့တာလဲ။ မေးခွန်းတွေက ရင်ဘတ်ထဲ ဆို့ကျပ်လို့နေတယ်။

သူရယ်၊ ကျွန်မရယ်ဟာ ဟောဒီ အဆောင်ကို လွန်ခဲ့တဲ့ လေး၊ ငါးနှစ်က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာကြတယ်။ အဲဒီတုန်းက သူရော ကျွန်မပါ ကျောင်းပြီးစ။ သူက ရတနာပုံ တက္ကသိုလ်က ကျောင်းပြီး ခဲ့တဲ့သူ။ ကျွန်မကတော့ မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ်က ကျောင်းပြီးတဲ့သူ။ တစ်မြို့တည်း ကျောင်းတက် ကြရတုန်းက ရေစက် မဆုံခဲ့ကြတဲ့ ကျွန်မတို့ နှစ်ယောက်ဟာ ရန်ကုန်မြို့မှာတော့ မိန်းကလေးဆောင် တစ်ဆောင်တည်းမှာ လာဆုံကြတယ်။ အဆောင် ရောက်ချိန်ချင်းကလည်း လပိုင်းပဲ ကွာတာပါ။

မျက်မှန်း တန်းမိကြတယ် ဆိုရင်ပဲ စကားစပ်မိ၊ မိတ်ဆက်မိကြတော့ မန္တလေးမှာ ကျောင်းပြီးတဲ့ သူချင်း၊ သက်တူ ရွယ်တူချင်း ဖြစ်ရုံမကဘဲ အလုပ် ရှာကြတဲ့ သူချင်း ဖြစ်လေတော့ အချိန်တို အတွင်း ပေါင်းဖက် မိကြတော့တာပါပဲ။ စိတ်နေ စိတ်ထားချင်း အလှမ်း မဝေးတာကလည်း ပိုလို့ ပေါင်းသင်း ဖြစ်စေခဲ့တာပဲ ဆိုပါစို့။

နွယ်နွယ်ခင်ရယ်လို့ မိန်းကလေး ဆန်ဆန် နာမည်လေး ပိုင်ဆိုင်ထားတဲ့ သူက တကယ့် တကယ်မှာတော့ ဟောဟောဒိုင်းဒိုင်း ပြောဆိုနေထိုင် တတ်တဲ့သူ၊ နည်းနည်းလေးမှ မိန်းမ မဆန်တဲ့သူ။ နောက်ပြီး ပျော်ပျော် နေတတ်လှသလို လောကကိုလည်း အကောင်းဘက်က ရှုမြင်နိုင် ပြန်တယ်။ ကျွန်မကတော့ သူ့လောက်ပျော်ပျော် နေတတ်သူ မဟုတ်ပေမယ့် စိတ်ရှင်းရှင်း ထားတတ်ရာမှာတော့ တူညီကြတဲ့ အတွက် ပေါင်းမိပြီ ဆိုရင်ပဲ ငယ်ပေါင်းကြီးဖော်တွေလို။

ဟော အလုပ်ရတော့လည်း ရှေ့ဆင့်နောက် ဆင့်ရယ်။ လစာတွေကလည်း မတိမ်းမယိမ်း။ လုပ်ငန်း အတွေ့အကြုံရယ် မရှိဘဲ အလုပ်ခွင်ဝင်စ လူတွေမို့ လစာက သိပ်မများလှသေးဘူး။ အဆောင်လခ ခြောက်ထောင် ပေးပြီးရင် လက်ထဲ နှစ်သောင်းကျော်လောက် ကျန်တတ်တာ။ တစ်လလုံး ချွေတာ စားပေရော့ပဲ။

အဲဒီ အချိန်တုန်းကတော့ ကျွန်မတို့မှာ အိမ်တွေဆီ ပို့နိုင်ဖို့ နေနေသာသာ ကိုယ့်ဘာသာကိုယ် ကော်ဖီ နပ်မှန်ဖို့တောင် အနိုင်နိုင်ရယ်။ ထမင်း နှစ်နပ်ကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် စားနိုင်ကြ ပေမယ့် နှစ်ယောက်စလုံးက ကော်ဖီ ကြိုက်သူတွေ ဖြစ်လေတော့ တစ်ရက်ကို လေးခွက်လောက်မှ မသောက်ဖြစ်ရင် နေရ ထိုင်ရတာ တစ်ခုခု လိုသလို။ ဒါကိုပဲ ကော်ဖီနပ် မှန်တယ်၊ မမှန်ဘူးလို့ စကားသစ် ထွင်ခဲ့ကြတယ်။

အလုပ် စ၀င်စ ကာလတုန်းကတော့ ပိုက်ဆံအိတ် ဖောင်းနိုင်တဲ့ ရက်ဟာ သိပ်မများလှဘူး။ လကုန်ပြီး ၁၀ ရက်ဝန်းကျင်ဟာ အနေပျော်ဆုံး။ အဲဒီကမှ ရက် ၂၀ ကျော်ပြီ ဆိုရင်တော့ တစ်ရက်ကို ဘယ်လောက်ပဲ သုံးနိုင်မယ်ရယ်လို့ တွက်ချက်ကြရတယ်။ ၂၇၊ ၂၈ ရက်ကနေ ၃၀၊ ၃၁ ရက်လောက် ဆိုရင်တော့ လစာ ထုတ်မယ့်ရက်

ကိုသာ ဆည်ဝ ဗျိုင်းစောင့်သလို တမျှော်တည်း မျှော်ရတော့တာ။ ဒါကိုလည်း သူက ဗြောင်းကို ဆန်နေတာပဲ ဟယ်လို့ ပြောတတ်ပြန်တယ်။ နှစ်ယောက်သား အပြန်အလှန် ဆိုသလို အားပေးရင်း အဲဒီလို နေ့ရက်တွေကို အပြုံးမပျက် ဖြတ်သန်းခဲ့ ကြရတယ်။

ခုတော့လည်း သူပြောတတ်သလို ဗြောင်းဆန်ရတဲ့ နေ့ရက်တွေဟာ ပြီးဆုံးခဲ့ပြီ။ အထိုက် အလျောက်တော့ အဆင်ပြေတဲ့ အချိန်ကို ရောက်လာခဲ့ပြီ။ ကိုယ်တိုင် အသင့်အတင့် နေနိုင် စားနိုင်ပြီး အိမ်ကိုလည်း ထိုက်သင့်သလောက် ပေးပို့နိုင် ခဲ့ကြပြီ။ ဒီလို အချိန်မျိုးမှာမှ သူက အိမ်ပြန်မယ်လို့ ဆိုလာတော့ ကျွန်မမှာ အံ့သြရတာ မဆန်းဘူး ထင်ပါရဲ့။

“ဟဲ့ ကေသီရဲ့၊ ငါ့ကို ငေးနေလိုက်တာများ အသက်မှ ရှိသေးရဲ့လား မှတ်ရတယ်။ စကားလေး ဘာလေးများ ပြောပါဦးတော့ဟယ်”

ကျွန်မ ပခုံးကို သူက ခပ်ဆတ်ဆတ် ပုတ်လိုက်တယ်။

“အံ့သြလို့ပါ နွယ်ရယ်။ နင် ဘာစိတ်ကူးများ ပေါ်ရတာလဲ။ ဒီကြားထဲ ဘာမှလည်း ကြိုပြီး မပြောမဆိုနဲ့။ ဘာကိစ္စ အိမ်ပြန်ရမှာလဲ။ အိမ်က ပြန်ခေါ်တာလား”

“ကိုယ့်ဘာသာ ဆုံးဖြတ် ခဲ့တာပါ သူငယ်ချင်းရယ်။ အေး ပြောရရင်တော့ စကားများ ရှည်နေမလားမသိ။ နင့်ရုံးချိန် နောက်ကျ နေဦးမယ်။ ညနေခင်း ပြန်လာမှ တွေ့ကြတာပေါ့”

“နင် ရုံးမသွားဘူးလား”

“ဟေ့အေး”

အဆောင်ကနေ ကားမှတ်တိုင်ဆီ အသွားမှာ သူနဲ့လမ်းအတူ လျှောက်နေကျမို့ တစ်ယောက် တည်းအဆောင်က ထွက်လာရတဲ့ အခါ ကျွန်မ စိတ်ထဲ ဟာလှတယ်။ ငါးနှစ်စာ နှောင်တွယ်ခဲ့တဲ့ ခင်မင်မှုဟာ မကြာခင်မှာပဲ နှုတ်ဆက်မှုဆီကူး ပြောင်းတော့မလား။ ခံစားမှုဟာ ဝေေ၀၀ါးဝါး နိုင်လှတယ်။ ငိုချင်သလို ခံစားရတယ် ဆိုပေမယ့် သူပြောမယ့် စကားတွေကို ကြားချင်စိတ်က ကျွန်မကို တစ်နေ့ခင်းလုံး ဖိစီး နေလေရဲ့။ အလုပ် လုပ်ရာမှာလည်း မကြာခဏ အမှားအယွင်းတွေ ကြုံတော့မလို ဖြစ်ရတယ်။

ဒီလိုနဲ့ပဲ ညနေခင်း ရောက်လာ ပါလေရော။ လှည်းတန်း မှတ်တိုင်မှာ ကားရပ်လိုက်တာနဲ့   ခါတိုင်းလို မုန့်တွေဘာတွေ ၀င်စားနေဖို့ စိတ် မကူးအားဘဲ အဆောင်ကိုသာ တန်းပြန်ခဲ့တယ်။ အဆောင်လည်း ရောက်ရော သူက ရှိမနေပြန်ဘူး။ နွယ်နွယ်လို့ မေးတဲ့အခါ မသိဘူးလို့ဘဲ ဘေးအခန်းက အကြောင်းပြန်တယ်။ ဒါနဲ့ပဲ ကျွန်မမှာ စာဖတ်ရင်း စောင့်ရတယ်။

သူပြန်ရောက် လာချိန်ကတော့ မှောင်စ ပျိုးနေပါပြီ။ အဆောင်အပေါ်ထပ် တက်လာတဲ့ ခြေသံတွေနဲ့ အတူ အဆောင်သူ တစ်ယောက်နဲ့ နှုတ်ဆက်စကား ဆိုလိုက်တဲ့ သူ့အသံကို  ကြားလိုက်ရတယ် ဆိုရင်ပဲ အခန်းထဲ အရောက်ကို မစောင့်နိုင်တော့ဘူး။ တံခါးဖွင့်လို့ သူ့ကို ထွက်ကြည့်မိတယ်။ သူကတော့ ကျွန်မကို မြင်တာနဲ့ ပြုံးမြမြ ဖြစ်လာတယ်။

“ငါကားလက်မှတ် သွားဝယ်တာဟဲ့။ ပြီးတော့ အိမ်အတွက်လည်း ပစ္စည်းလေး ဘာလေး နည်းနည်းပါးပါး သွားဝယ်ရတာ။ ရောက်တာ ကြာပြီလား”

“ကြာပေါ့”

စိတ်မကြည်လင်လှတဲ့ ကျွန်မအသံကြောင့် သူက ရယ်မောလိုက်တယ်။

“ဟဲ့ နင်က အခန်းမီး မဖွင့် ဘာမဖွင့်နဲ့”

ပြောပြောဆိုဆိုပဲ မီးခလုတ်ကို ဖျတ်ခနဲ ဖွင့်လိုက်တယ်။ လက်ထဲ ပါလာတဲ့ ပစ္စည်းတွေကို စာကြည့် စားပွဲပေါ် တင်တယ်။ မပွင့်တပွင့် ဖြစ်နေတဲ့ အခန်းပြတင်း တံခါးကို ခပ်ကျယ်ကျယ် ဖွင့်လိုက်တယ်။ ကျွန်မကတော့ သူ့လှုပ်ရှားမှုကို ငေးလို့သာ နေမိတယ်။ ဒါဟာ ငါးနှစ်လုံးလုံး သူ့ လက်သူ့ခြေလို ကျွန်မ အခန်းထဲ ရောက်ရင် လုပ်နေကျ အပြုအမူတွေ။

မနက်ခင်းတုန်းက သူ့စကား ကြားခဲ့ရပေမယ့် ညနေခင်းမှာများ စိတ်ပြောင်း သွားဦးမလား ရယ်လို့ မရဲတရဲ မျှော်လင့်ခဲ့ ရသေးတာ။ ခုတော့ ကျွန်မ သူငယ်ချင်းဟာ အိမ်အပြန် ကားလက်မှတ်တောင် ၀ယ်လာခဲ့ပြီ။ ဆုံးဖြတ်ချက် ပြောင်းဖို့ နေနေသာသာ အရာရာ သေချာ ရေရာ နေခဲ့ပြီ။ ဒါကို သူ့မျက်နှာရိပ်မှာ အထင်းသား မြင်နေရတယ်။

“ငါ့ကို ဘယ်လိုများ လုပ်လိုက်ပါလိမ့်လို့ နင်တွေးမှာပဲနော် ကေသီ။ အေးလေ ငါလည်း စဉ်းစား နေခဲ့တာ ကြာပါပြီ။ တွေဝေ နေခဲ့တာနဲ့ အချိန် ကြာနေရတာ။ ခုတော့လည်း အိမ်ပြန်လိုက်တာ အကောင်းဆုံးပဲလို့ ထင်လာပြီး ဒီလို ဆုံးဖြတ်ရတာပဲ”

“နင်ငါ့ကို အရိပ် အမြွက်လေးလောက်ဖြစ် ဖြစ် ပြောခဲ့ဖို့ ကောင်းတာပေါ့ နွယ်ရဲ့”

“ငါ့ကို ခွင့်လွှတ်ပါဟာ။ ဒီကြားထဲ နင်လည်း နင့်ဘာသာ အလုပ်တွေ များနေတော့ ငါများ ဒီလို ပြောလိုက်ရင် စိတ်ရှုပ်ရမှာ စိုးတာနဲ့ မပြောဖြစ်တာ။ စဉ်းစား ကြည့်တော့လည်းဟာ အိမ်မှာက ငါက အကြီးဆုံး။ အခုဆို အဖေရော အမေပါ ပင်စင်ယူပြီ။ ငါ ဒီကနေ ငါ့လစာထဲက ခွဲပို့နိုင်တယ် ဆိုပေမယ့် သမီးကြီး အနားမှာ ရှိတာလောက် ဘယ်အား ရှိပါ့မလဲ။ ပြီးတော့ ငါပို့နိုင်တာကလည်း ခြောက်သောင်းလောက် ရယ်။ ဘာမှလည်း သိပ်ထူးမှာ မဟုတ်ဘူးလေ။ မိသားစုနဲ့ ခွဲနေရတာပဲ အဖတ်တင်တယ်။ နောက် ၁၀ နှစ်လောက်နေရင်ရော ငါ့ဘ၀ ဘာပြောင်း လဲလာမလဲ။ ဒီလိုပဲ လုပ်လိုက်၊ စားလိုက်၊ အိမ်ကို နည်းနည်းပါးပါး ပြန်ပို့လိုက်နဲ့ ဖြစ်နေမှာပဲ”

ကျွန်မ သက်ပြင်းသာ ရှိုက်မိတယ်။ သူပြောသလို ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ အိမ်က ထွက်လာတယ် ဆိုကတည်းက ပြန်ဖို့ဆိုတာ ကျွန်မ စိတ်ကူးထဲ မရှိခဲ့ဘူး ထင်ပါရဲ့။ စာရေး ဆရာဖြစ်ဖို့ ဆိုတာ ကားလမ်းတောင် မရှိသေးတဲ့ ရွာကလေးမှာထက် ရန်ကုန်မှာက ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မက ယူဆခဲ့တဲ့သူ။ အိမ်ကို လွမ်းတဲ့အခါ ရင်ဘတ်ထဲ နာကျင် လှပေမယ့် အိပ်မက်တွေ ကြားထဲ ကျွန်မ နေသား ကျခဲ့တယ်။  ကျွန်မ ရေးတဲ့ စာလေးတွေ စာမျက်နှာပေါ် မြင်ရတာနဲ့တင် အဲဒီ အနာတွေကို မေ့ဖျောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်အပြန်လမ်းက ဝေးသထက် ဝေးလို့။ သူကတော့ အိမ်ပြန်မယ်လို့ ဆိုခဲ့ပြီ။

“နင့်အိမ်ကိုရော ပြောပြီးပြီလား”

“ပြောပြီးပါပြီ။ အမေကတော့ ၀မ်းသာ နေတာပေါ့။ ကျောင်းပြီးကတည်းက အမေက အိမ်မှာပဲ နေပြီး ရတဲ့ အလုပ်လေးပဲ လုပ်စေချင်တာ။ ငါက တိုးတက်ချင်တဲ့ သူလေ”

သူက ခပ်တိုးတိုး ရယ်မောလိုက်တယ်။ မီးရောင်အောက်မှာ သူ့မျက်လုံးတွေ တဖျပ်ဖျပ် တောက်ပလို့။ မျက်ရည်စတွေလား ဆိုတာတော့ ကျွန်မ မသေချာပါဘူး။ “အခုလည်း မတိုးတက် ချင်တော့ဘူးလား ဆိုတော့ မဟုတ်ပါဘူးဟာ။ ဒီထက်ပိုပြီး ငါဘာလုပ် နိုင်ပါ့မလဲလို့ တွေဝေလာတာ တစ်ခုပါပဲ”

ကျွန်မ မြင်ဖူးသမျှထဲတော့ ဒီနေ့ ညနေခင်း တွေ့ရတဲ့ သူ့မျက်နှာဟာ အတည်ငြိမ်ဆုံးပါပဲ။ မျက်လုံးတွေက ရီဝေစိုလက် နေပေမယ့် နှုတ်ခမ်း ကတော့ တင်းတင်း စေ့လျက်သား၊ အပြုံး တစ်စကို တင်လို့။ မပြုံးချင်ဘဲ ပြုံးနေရတဲ့ အခါတိုင်း သူက မိုနာလီဇာ အပြုံးပေါ့ဟာလို့ ပြောတတ်တယ်။ အခုလည်း ဒီအပြုံးဟာ မိုနာလီဇာ အပြုံးပဲ လားလို့ ကျွန်မတွေးမိပါရဲ့။  

ကျွန်မတို့ တစ်တွေဟာ ကိုယ်စီ အိပ်မက်တွေကို ပိုက်လို့ အမေ့အိမ်ကို စွန့်ခွာ  ခဲ့ကြတဲ့ သူတွေ မဟုတ်လား။ နေ့စဉ် ဖြတ်သန်းရတဲ့ ဘ၀ဟာ မိဘ အရိပ်မှာ နေရတဲ့ သူတွေထက် အပူပိုများ တတ်ကြတယ်။ မိဘအရိပ် အားကောင်းတဲ့ သူတစ်ယောက် ကြုံနိုင်မှာ မဟုတ်တဲ့ သောကမျိုးတွေကို ကျွန်မတို့ တစ်တွေ ကြုံတတ်ကြတယ်။ တစ်ယောက်တည်း ရင်ဆိုင်ကြရတဲ့ ဘ၀မှာ စိတ်ဓာတ် ကျလှည့်ပြန် ချင်လောက်အောင် သွေးပျက်ရတဲ့ ကာလတွေကိုလည်း ကြုံရ တတ်တာပါပဲ။ အခါခါ လဲကျလိုက်၊ အခါခါ ပြန်ထလိုက်နဲ့ ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ပဲ မျက်ခြည် ပြတ်မှာတောင် ကြောက်ခဲ့ရတာလည်း ရှိပါရဲ့။

ဒီလို အဖြစ်မျိုးတွေ ကြုံရတဲ့ အခါ သူ့မှာ ကျွန်မလို သူငယ်ချင်းမျိုး ရှိသလို ကျွန်မမှာလည်း သူ့လို သူငယ်ချင်းမျိုး ရှိခဲ့တာဟာ ဘုရားပေးတဲ့ လက်ဆောင်ပါပဲ။ ဒါကို ကျွန်မတို့ အပြန်အလှန် နားလည်ခဲ့ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပူတွေ၊ အပျော်တွေကို ဝေမျှရင်း ဖြတ်သန်း လာကြတဲ့ ကာလတစ်လျှောက် ဒီနေ့လို သူ့ရဲ့ အပြန်ခရီး အကြောင်း ဗြုန်းခနဲ ကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။ စိတ်ဓာတ် ပျော့ညံ့တဲ့သူ မဟုတ်တဲ့ ကျွန်မ သူငယ်ချင်းက ခုတော့ လာရာလမ်းကို လှည့်ပြန်တော့မယ်။ သူ့အိပ်မက်တွေကို သူကိုယ်တိုင် အရှုံး ပေးခဲ့ပြီလား။ ကျွန်မကရော ဘယ်အချိန် အထိများ ဒီနေ ရာမှာ ခြေခိုင်ခိုင် ရပ်နေနိုင်မှာလဲ။

“ဒီနှစ်တော့ ငါ လေးလေးနက်နက် တွေးမိလာတယ်။ ငါ ရန်ကုန် ရောက်လာတာ ငါးနှစ် ကျော်ပြီ။ ဒီကြားထဲ ဘာကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်သလဲလို့ တွေးကြည့်ရင် ကိုယ့်ကိုယ်ကို မသေချာဘူး။ သူများတွေလိုလည်း နိုင်ငံခြား ထွက်ဖို့ ငါ စိတ်ကူး မရှိခဲ့ဘူး။ ငွေလည်း မတတ်နိုင်ဘူးလေ။ ဒီတော့ ငါဘာလုပ်မလဲ”

သူက မသဲမကွဲ ပြုံးလိုက်ပြန်တယ်။

“မနက်ဖြန်တိုင်းဟာ ဒီနေ့လိုပဲ လာဦးမယ်။ ၂၀၁၀ ကုန်၊ ၂၀၁၁ ရောက်။ ငါတို့ ဘ၀တွေဟာ ဒီနေ့လိုပဲ လာဦးမှာ။ မျှော်လင့်ချက်နဲ့ အသက်ရှင် ရတယ် ဆိုပေမယ့် မျှော်လင့်ချက်ကို လက်ထဲ ဆုပ်ထားသလား၊ လွှတ်ချလိုက်ပြီလား၊ မျှော်လင့်ချက်ကရော တကယ် ရှိသေးရဲ့လား ဆိုတာ ငါ မတွေးတတ်တော့ဘူး။ အရင်ကတော့ ငါ့ကိုယ်ငါလည်း မျှော်လင့်ချက် ထားသလို သူတစ်ပါးကိုလည်း မျှော်လင့်ချက် ထားတယ်။ ပတ်ဝန်းကျင် အတွက်လည်း မျှော်လင့်ချက် ထားတယ်။ ခုတော့ ငါ စိတ်ပြောင်းသွားပြီ”

ကျွန်မ သူ့ကို ငေးနေမိပြန်တယ်။ သူ့မျက် နှာကိုငေးရင်းက သူ့စိတ်ထဲ ဘာတွေရှိနေမလဲဆို တာကိုလည်း ကျွန်မ တွေးနေမိတယ်။ အတူ နေကြတဲ့ အတောအတွင်းမှာ ကျွန်မ သူ့စိတ်ကို သိခဲ့ တယ်ဆိုတာ တကယ်အပြည့်အ၀ရော ဟုတ်ရဲ့လား။ သူ့စိတ်နှလုံးမှာ ကျွန်မ မမြင်နိုင်ခဲ့တဲ့ အပိုင်းတွေ ကျန်သေးသလား။ “စိတ်ဓာတ်ကျလို့ လှည့်ပြန်တာတော့ မဟုတ်ပါဘူးဟာ။ ဘ၀ အဟောင်းထဲ ပြန်ဝင်ပြီး အသစ်ဖြစ်အောင် လုပ်မလို့ပါပဲ။ တစ်နေ့နေ့တော့ ဖြစ်ချင်တာတွေ ဖြစ်လာမှာပေါ့ဟာ။ ဘယ်နေ့လဲတော့ မသိဘူးပေါ့”

“နင် ငါ့ကို ကြိုပြီးတော့ အရိပ်အမြွက်လေး ပြောထား သင့်ပါတယ်။ ဒီလို ဗြုန်းခနဲ ပြောတာကတော့ နင် မပွင့်လင်းရာ ကျပါတယ်ဟာ။ ပြန်ဖို့ အစစ အရာရာ အဆင်သင့်ဖြစ်မှ ငါ့ကို နှုတ်ဆက် ရတယ်လို့”

“ငါ့ကို စိတ်မဆိုးပါနဲ့ ကေသီမရဲ့။ ငါ ပြန်သွားတယ် ဆိုပေမယ့် ရန်ကုန်ကိုလည်း တစ်နှစ်ကို တစ်ကြိမ်လောက်တော့ ရောက်နိုင်မယ် ထင်ပါရဲ့။ ပြီးတော့ ငါဖုန်းဆက်မှာပါ”

ကျွန်မ သက်ပြင်းတစ်ချက် ကျိတ်ရှိုက် လိုက်ရတယ်။

“အေးပါ။ အခုမှတော့ နင့်စကားပေါ့။ ငါလည်း ဘာမှ မတတ်နိုင်တော့တာ။ ဒါနဲ့ နေပါဦး။ နင့်ရဲ့ တစ်ယောက်သော သူကိုရော ဘယ်လို ထားခဲ့မှာလဲ”

သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ ဘယ်လောက်ပဲ တင်းမာနိုင်တယ် ဆိုဆို လူဟာ ချစ်ခြင်းနဲ့ ပတ်သက်ရင်တော့ တစ်နည်းနည်းနဲ့ ပျော့ညံ့ မိကြတာပါပဲ။ ပြီးခဲ့တဲ့ နှစ်ကမှ  သူ့ဘ၀ထဲ စ၀င် လာလေတဲ့ အဲဒီ တစ်ယောက်ကို သူသိပ်ချစ်တာ ကျွန်မ အသိဆုံးပါပဲ။ ဒါပေမယ့် ဒီနေ့ ဒီအချိန် အထိ ဖြူတယ်၊ မည်းတယ် တစ်ခွန်း မပြောဘဲ နေလာခဲ့တယ်။ စောင့်တဲ့ သူကလည်း စိတ်ရှည်လက်ရှည် စောင့်လို့။ ခေါင်းမာတဲ့သူက ခေါင်း ညိတ်ဖို့ ခက်ခဲလို့။ သူ့အပြောကတော့ ဘ၀က အချစ်ကို ရွေးချယ်ဖို့ ကံနည်းတုန်းပါပဲတဲ့။ မိသားစု အရေးတွေလည်း ပါမယ် ထင်တာကြောင့် ဘယ်တုန်းကမှ ကျွန်မ အတင်းအကျပ် မတိုက် တွန်းမိဘူး။ သူ့ရဲ့ ရင်ဖွင့် စကားသံတွေ ကြားရင်တော့ စိတ်မကောင်း ဖြစ်ရတာပဲ။ သူကတော့ သူချစ်ရတဲ့ သူအရှေ့ ရောက်ရင် ဘာကိုမှ အလေးအနက် မထားသလို အပြုံးမျိုးနဲ့။ အသည်းမာ သယောင် ထင်ရပြန်တယ်။

“မတတ်နိုင်ပါဘူးဟာ။ တစ်နေ့နေ့တော့ သူလည်းပဲ မေ့သွားမှာပေါ့။ အခုလည်း ငါပြန်ဖြစ်မယ် ဆိုတာ သူ့ကို ပြောမထားပါဘူး။ ရောက်လာရင်သာ နင်ကြည့်ပြောလိုက်။ ငါက ပြောသွားတယ်။ နှုက်ဆက်ပါတယ်လို့”

ကျွန်မ သူ့မျက်လုံးထဲ အမိအရ လိုက်ကြည့်ပေမယ့် ဘာအရိပ်အယောင်မှ ထင်ဟပ် မနေဘူး။   နှုတ်ခမ်းတွေကတော့ သူ့ထုံးစံ အတိုင်း ပြုံးမြမြ။ သူ့မှာ အချစ်ကို တကယ်ပဲ မေ့ဖျောက် ရှေ့ဆက်နိုင် သတဲ့လား။ တစ်ခါတစ်ရံရော ချစ်မိသူကို သတိတရ စိတ်တွေ မရှိနိုင်တော့ဘူးလား။ ဒီမေးခွန်းတွေကို ကျွန်မ မေးတော့ မမေးဖြစ်ပါဘူး။ မေးဖြစ်ရင်လည်း သူက အဆိုတော် လေးဖြူကို ကြိုက်တဲ့သူ ပီပီ အချစ်က ဘာမှ အရေး မကြီးဘူးလို့ ဆိုပြလိမ့်မယ်။

အဲဒီနေ့ ညချမ်းကတော့ သူ့အခန်းထဲမှာ ပစ္စည်းတွေ ထည့်သိုတာတို့၊ အခန်း ရှင်းလင်းတာတို့ လုပ်ပေးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် ခိုင်မာနေပြီ ဖြစ်တဲ့ သူ့ကို တားလို့ ရတော့မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ နားလည်တယ်။ ဒီတော့လည်း စကားနာ ထိုးတာတွေ လုပ်နေမယ့် အစား နောက်ဆုံး အတူရှိကြတဲ့ အချိန်တွေကိုပဲ အေးအေးချမ်းချမ်း ဖြတ်ကျော်ကြတာ အကောင်းဆုံးလို့ ခံယူ လိုက်ရတော့တယ်။

သွေးအေးငြိမ်သက်လေ့ ရှိတဲ့သူမျိုး မဟုတ်တဲ့ ကျွန်မက ဒီလို ငြိမ်သက်နေတော့လည်း သူက စိတ်မကောင်း ဖြစ်ပုံပါပဲ။ စိတ်ထဲ ၀မ်းနည်း လှပေမယ့် ကျွန်မ နှုတ်ခမ်းပေါ်မှာတော့ သူပြုံးလေ့ ရှိတဲ့ အပြုံးမျိုးကို တင်ထားမိတယ်။ ရင်ထဲ နာကျင်မဆုံး ဖြစ်ရတာကိုတော့ သူ နားလည်မယ် ဆိုတာ ကျွန်မ အသေအချာ သိပါတယ်။

နောက်တစ်ရက်ကတော့ ရုံးပိတ်ရက် တနင်္ဂနွေ နေ့မို့ နှစ်ယောက်သား ဟိုအရင်တုန်းက ထုံးစံ အတိုင်းပဲ အချိန်ကုန် ဖြစ်ကြပါတယ်။ ဒီနေ့ ဒီရက်ဟာ သူ့အတွက် နောက်ဆုံးနေ့။ ဒါပေမယ့် ကျွန်မ တို့ မေ့ထားကြတယ်။ လှည်းတန်းက စာအုပ်ဆိုင်တွေမှာ လှည့်ပတ်လို့ သူက ရသစာအုပ် တချို့ ၀ယ်တယ်။

“ငါတို့မြို့မှာတော့ ဒီလို စာအုပ်ကောင်းတွေ လိုချင်ရင် မြို့လယ်က ဆိုင်ဆီကို တကူးတက သွားဝယ်မှ ရတာ။ တို့ရပ်ကွက်က မြို့စွန်မှာလေ။ စာအစုံတင်တဲ့ အငှားဆိုင်တောင် မရှိပါဘူး” လို့ သူက ရယ်ရယ်မောမော ဆိုတယ်။

နေ့ခင်းတော့ ဆူးလေမှာ နှစ်ယောက်သား ရုပ်ရှင် ၀င်ကြည့်ကြတယ်။ စာအုပ် အဟောင်းတန်း ဘက်ရောက် ဖြစ်ကြတယ်။ အဲဒီက အပြန်တော့ အင်းလျားကို ၀င်ဖြစ်ပြန်ရော။ အင်းလျားရဲ့ထုံးစံအတိုင်း ညနေခင်းဆို ခုံတွေမှာ လူပြည့် နေလေတော့ ကျွန်မတို့မှာ ကန်ဘောင်ကို မျက်နှာမူပြီး ရတဲ့ နေရာလေးမှာပဲ ၀င်ထိုင်ခဲ့ရတယ်။ လေပြည်က မွှေးမြမြ။ ဒါပေမယ့် အေးမြလေ သလားတော့ ကျွန်မ မခွဲခြားတတ်ပါဘူး။ စိတ်မှာတော့ ၀မ်းနည်းမှုနဲ့ ပူလို့နေတယ် မဟုတ်လား။

တစ်နေ ကုန်တော့မယ်။ နောက်တစ်မိုး သောက်ရင် ငါးနှစ်လောက် ညီအစ်မ အရင်းတွေလို ချစ်ခင် တွယ်တာခဲ့ရတဲ့ ကြိုးတွေကို ဖြတ်ရတော့မယ်။ တစ်နှစ် တစ်ခါတော့ အရောက် လာမှာပေါ့ လို့ သူကဆိုတယ်။ ဒီစကားကို ဘာမှ ပြန်မပြော ဖြစ်ဘဲ ကျွန်မက ပြုံးသာ နေမိတယ်။ လူတွေဟာ ဆုံမှတ် တစ်ခုကနေ ခွဲခွာ ရတဲ့နောက် ကိုယ့်ဘ၀ ကိုယ့်အရေးတွေနဲ့ လုံးချာလည် လိုက်ရတဲ့ အခိုက် ဆုံမှတ်ဆီ တစ်ကျော့ ပြန်ရောက်ဖို့ ခက်လှတယ် ဆိုတာ ကျွန်မ သိသလို သူလည်း နားလည်မှာပါ။

ဒါပေမယ့် ဘ၀ ဥခွံ အဟောင်းထဲ ၀င်ပြီး အသစ် ပြန်တည်ဆောက်မယ် ဆိုတဲ့ သူငယ်ချင်း ပျော်ရွှင်ပါစေ။ ပျော်ရွှင် နိုင်ပါစေ။ သူပြုံးတတ်တဲ့ အပြုံးမျိုး အမြဲ ပြုံးနိုင်ပါစေ။ ဒီလိုပဲ ကျွန်မ ဆုတောင်း ပေးနေမိတယ်။

ဘယ်လိုပဲ အချိန်ကို ဆွဲဆန့်ချင်တယ် ဆိုဆို ညချမ်းကတော့ တဖြည်းဖြည်း ရောက်လာခဲ့ပါ ပြီ။ အဆောင်မှာ စကားသံတွေနဲ့ ဆူညံ သက်ဝင်နေတုန်း ကျွန်မတို့ ကိုယ့်ရိပ်မြုံ ကိုယ်ပြန်ရောက် လာကြတယ်။ စကားတွေ အများကြီး မပြောဖြစ် ခဲ့ကြပေမယ့် စကားလုံးတွေ အများကြီး အပြန်အလှန် ဖလှယ်ခဲ့ရသလို ခံစားမှုတွေနဲ့။ ပြီးတော့လည်း သူ့အခန်း၊ ကိုယ့်အခန်းထဲ ငြိမ်နေမိကြပြန် တယ်။

“ငါနင့်ကို ပစ္စည်းလေး တစ်ခု ပေးခဲ့ချင်လို့”

တော်တော်ကြာတော့ ကျွန်မ အခန်းထဲ သူက လှစ်ခနဲ ရောက်လာတယ်။ လက်ထဲမှာတော့ စာအုပ် တစ်အုပ်နဲ့။ ကျွန်မ ခုတင်ပေါ်က လူးလဲထပြီး သူ့ကို တအံ့တသြ ကြည့်နေမိတယ်။ လက်ထဲမှာလည်း ဘာပစ္စည်းမှ မပါပါဘဲ။ ဒီစာအုပ်က သူပေးခဲ့မယ် ဆိုတဲ့ ပစ္စည်းပဲလား။ ဒါဘာစာအုပ်လဲ ဆိုတာ ကျွန်မ သိထားလေတော့ စိတ်ထဲ တလှိုက်လှိုက် ဖြစ်လာရတယ်။

“ဒီဒိုင်ယာရီထဲမှာ ရန်ကုန်မှာ နေတုန်း ငါ့ရဲ့ စိတ်ခံစားမှုတွေ၊ အခက်အခဲတွေ၊ ၀မ်းနည်းတာတွေ အဲဒီလို အကြောင်းတွေ ရေးထားမိတယ်။ နင်လည်း သိမှာပါ။ အေး အခု ဒီစာအုပ်ကို ပေးခဲ့ချင်တယ်။ နင် သိမ်းထားပေးပါ။ တစ်နေ့နေ့ ငါပြန်ယူပါ့မယ်”

“ဘာဖြစ်လို့”

သူက မသဲမကွဲ ပြုံးလိုက်တယ်။

“ငါက အမေ့ကို အမြဲတမ်း အဆင်ပြေပါ တယ်လို့ပဲ အသိ ပေးထားခဲ့တာလေ။ ဒီစာအုပ်သာ အိမ်ကို ပါသွားရင် တစ်နေ့နေ့ အမေ တွေ့သွားနိုင်တယ်။ မတွေ့ရင်လည်း ငါ့ညီမလေးတွေ တွေ့သွားနိုင်တယ်။ ငါ့အတွက် နည်းနည်းလေးမှ စိတ်မကောင်း မဖြစ်ကြစေချင်ဘူး။ ငါ ဒီငါးနှစ်လုံး အဆင်ပြေပြေ နေခဲ့တယ်လို့သာ အမေ နားလည် နေစေချင်တာ”

ကျွန်မ သူ့ပခုံးကို လှမ်းပုတ်လိုက်မိတယ်။ သူ့စကားတွေက ကျွန်မရင်ကို စူးခနဲ နာကျင်စေပါ ရဲ့။ ကျွန်မလည်း သူ့လို သမီးမျိုးပဲမို့ ဒီစကားသံက စမ်းချောင်း တစ်ခုလိုပဲ ရင်ထဲ စီးဝင်သွားရတယ်။ သိင်္ဂါရ စမ်းချောင်း။ အဲဒီ စမ်းချောင်းလေး တငြိမ့်ငြိမ့်နဲ့ စီးဆင်းနေတဲ့ အခိုက် ကျွန်မမှာ ခံစားမှု အစုံနဲ့။ ချစ်ခင်ခြင်း၊ သနားခြင်း။ ငေးနေမိတဲ့ ကျွန်မ မျက်လုံးထဲမှာလည်း ဒီအရိပ်တွေ ပျော်ဝင် သွားမှာပါပဲ။

သူက တစ်ပြန်တစ်လှည့် ကျွန်မ ပခုံးကို ဖျတ်ခနဲ လှမ်းရိုက်ရင်း စာအုပ်ကို လက်ကမ်းပေးတယ်။ အညိုရောင် ဒိုင်ယာရီ စာအုပ်လေးကို ကျွန်မ လှမ်းယူလိုက်ပါတယ်။

ဒီစာအုပ်လေးကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူ့လက်ထဲ ပြန်အပ်ရမှာပေါ့။ ဘယ်တော့ လဲလို့တော့ ခုနေ သူရော ကျွန်မပါ ပြောနိုင်ကြမှာ မဟုတ်ဘူး။        


စပယ်ဖြူနု
(Teen မဂ္ဂဇင်ဒ၊ဇန်န၀ါရီလ ၂၀၁၁)

1 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More