လွမ်းတမှုန်ရီ

အဝေးမှာ လယ်ကွင်းတွေနဲ့ အိမ်လေးတွေက ပန်းချီကား တစ်ချပ်တည်း သူ့နေရာနဲ့သူ အကွက်ချ ပုံသွင်းထားသလို သပ်ရပ်ကြည့် ကောင်းနေတယ်။ ဆေးရောင်ကတော့ အစုံပေါ့လေ။ ထွန်ယက်ထားတဲ့ မြေက လိုင်းတွေ ညီညီညာညာနဲ့ အညိုရောင်၊ မြက်ပင်တွေက အစိမ်းရောင်၊ အိမ်လေးတွေကတော့ ခေါင်မိုးနီ၊ ခေါင်မိုးပြာ ဆေးရောင်ကို စုံလို့။

မြင်ကွင်း တစ်ခုလုံးကို အနားသတ် ထားတာကတော့ တောင်တန်းတွေပါ။ တောင်တွေမှာတော့ သစ်ရွက်တွေ တစ်ပင်လုံး အ၀ါ၊ အနီအရောင် ပြောင်းထားတဲ့ သစ်ပင်တွေက ကြီးစိုးထားလို့ အရောင်စုံနေတာ ၀ိုးတ၀ါး လှမ်းတွေ့ရတယ်။ တောင်တန်းတွေရဲ့ ထိပ်ပိုင်းမှာတော့ တိမ်ဖြူဖြူ အုပ်တွေ။ နေသာရင်တော့ မြင်ကွင်းက ဒီထက်လှနိုင်ပါရဲ့။ ဒါပေမယ့် ဒီနေ့လည်းပဲ နေမသာပြန်ပါဘူး။


သည်ဒေသ တစ်ဝိုက်မှာတော့ ညနေပိုင်း နှင်းကျမယ်လို့ချည်း ပြောသံတွေ ကြားရတယ်။ ဟုတ်လည်း ဟုတ်နိုင်ပါရဲ့လေ။ ခုမနက်ပိုင်းတင်ကိုပဲ တိုက်လိုက်တဲ့လေဆိုတာ ရေခဲတွေ ထည့်တိုက်သလား မှတ်ရတယ်။ အေးစက်လို့။ ကျွန်မမှာ အင်္ကျီ အနွေးထည် လုံလုံလောက်လောက် ထည့်လာမိလို့သာပါပဲ။ နို့မို့ဆိုရင်တော့ အိမ်မှာလည်း ဧည့်သည် အနေနဲ့ တည်းနေသေးရဲ့၊ အင်္ကျီလည်း ငှားဝတ်ရဲ့ဆိုတဲ့ ကိန်းဆိုက်ရင် ဆိုက်နေမှာ။


ခုလည်းပဲ လမ်းလျှောက်ထွက်မယ် ဆိုတော့ လေ့လာရေး ခရီးစဉ်အတွင်း လက်ခံပေးထားရတဲ့ ဂျပန်မိသားစု အိမ်ရဲ့ အမေက နွေးအောင် ၀တ်ထား ပါတဲ့။ ခဏတစ်ဖြုတ် လေ့လာရေး ရောက်လာတဲ့ အခိုက် ကျွန်မ ဖျားပြုမှာ သည်အမေက စိတ်ပူနေ ရှာတယ်။ အပြင်မှာ သိပ်အေးတယ်လို့ တဖွဖွ ပြောရှာတယ်။


မနေ့ညကလည်း အိပ်ခန်းထဲမှာ စောင်တွေ အပုံလိုက် ချထားပေးတယ်။ ကြိုက်သလောက်သာ ခြုံပေရော့ပဲ။ အနွေးဓာတ်ကလည်း လွှတ်ထားပါသေးရဲ့။ အခန်း တစ်ခုလုံးလည်း နွေးထွေးလို့။ ပြီးတော့လည်း ခဏတာ တော်စပ်ရတဲ့ အမေ ပေမယ့် မေတ္တာကတော့ တကယ့် မိခင်လိုပဲ နွေး ထွေးလေတော့ ပြင်ပရာသီဥတု ဘယ်လောက် ဆိုးဆိုး အိမ်အတွင်းမှာတော့ နေလို့ အင်မတန် ကောင်းပါတယ်။


ဒီမနက်ခင်းကိုပဲ နေကောင်းလား၊ အေးနေ သလားလို့ တခုတ်တရ မေးနေသေးတာ။ မနက်စာ အစားနည်းတာကိုလည်း စိတ်ပူလို့ မဆုံးဘူး။ ဘာလို့ သိပ်မစားသလဲပေါ့လေ။ သိပ်မဆာလို့ပါ လို့ ပြောပြရတယ်။ အမှန်မှာတော့ ဆာလိုက်တာ ဆိုတာ မပြောပါနဲ့တော့။ မျက်လုံးနဲ့ ကြည့်တဲ့ အချိန်အထိ မနက်စာဟာ စားချင်စရာ။ ဒါပေမယ့် စားလည်း စားရော မြန်မာပါးစပ်မှာ ဘာလိုနေတယ် မသိဘူး။ အရေးထဲ မုန့်ဟင်းခါးလေး စားရရင် ကောင်းမယ်လို့တောင် ကျွန်မစိတ်ထဲ တောင့်တမိပါသေး။ ထုတ်တော့ မပြောဘူးပေါ့ လေ။ အားနာစရာ မဟုတ်လား။


အိမ်ကနေ တရွေ့ရွေ့ထွက်လာလိုက်တာ သိပ်မကြာခင်တင် ချွေးက စို့ချင်နေပြီ။ ကုန်းဆင်း လမ်းပြေပြေလေးက ဆင်းလာတော့ ယာခင်း စိမ်းစိမ်းစိုစိုတွေ တွေ့ရတယ်။ သန်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာ ကျွန်မမှာ ငေးယူ နေရပါတယ်။ ယာခင်းထဲ ဟိုနားသည်နား တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ သက်ကြီး တစ်ယောက်စ၊ နှစ်ယောက်စကိုလည်း တွေ့ရတယ်။ အသက် အရွယ်တွေကတော့ ၇၀ ၀န်းကျင် ရှိမှာပေါ့လေ။ ကျန်းမာ လိုက်ကြတာလို့ တွေးရတယ်။ ဒီဒေသမှာ အများစုက သက်ကြီးပိုင်းတွေချည်းပဲ။ ကလေးတောင် နည်းတယ် ပြောရမလား။ အရှားပါး ဆုံးကတော့ လူငယ်လူလတ်ပိုင်းပဲ။


ဒီမှာလည်း မြန်မာနိုင်ငံမှာလိုပါပဲ။ လူငယ် တွေဟာ ကိုယ့်နေရပ် စွန့်ခွာပြီး ရပ်ဝေးမှာ အလုပ် သွားလုပ်ကြတယ်။ နှစ်သစ်ကူးလို အထိမ်း အမှတ်ရက်တွေမှာမှ ပြန်ဆုံကြတယ်။ ရွှေ့ပြောင်းမှု မျဉ်းပြိုင်တွေဟာ ဂျပန်ပြည်ရဲ့ နယ်တွေမှာ လည်း လင်းလက်လို့နေတယ်။


ခု အိမ်က အမေမှာ သားသမီးသုံးယောက် ရှိပေမယ့် တစ်ယောက်မှ အိမ်မှာ မရှိကြဘူး။ တစ်ယောက်က အထက်တန်းကျောင်းမှာ ဆရာမ၊ တစ်ယောက်က သူနာပြု၊ အငယ်ဆုံးသားကတော့ တက္ကသိုလ်မှာ။ ကျွန်မကို ဓာတ်ပုံတွေ ထုတ်ပြနေ တုန်းကတော့ အမေ့မျက်နှာဟာ ပြုံးနေတာပဲ။ လွမ်းမှာပဲနော်လို့ဆိုတော့ အမေက လွမ်းတာပေါ့ တဲ့။ အင်းလေ အမေတွေဟာ သားသမီးကို မွေး ထုတ်လိုက်ပြီးတဲ့နောက်၊ လူလားမြောက်ပြီးကြတဲ့ နောက် အသိုက်အအုံကို ငှက်ကလေးတွေ စွန့် သလို စွန့်သွားကြတဲ့အခါ ခွင့်လွှတ်ပြီး ကျန်နေ ခဲ့ကြတာပဲ။ မြန်မာပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိမှာပါ။


“ဂျပန်စကား ပြောသလား”


အတွေးနဲ့ လျှောက်လာလိုက်တာ ဘယ် ရောက်နေတယ်ဆိုတာ ခုမှ ပတ်ဝန်းကျင်ကို သတိ ထားမိတယ်။ လမ်းကလေးရဲ့ နံဘေးယာခင်းထဲ မှာ အဘွားအို တစ်ယောက်ရယ်။ သူက ဂျပန် စကားကို နားမလည်မှာ စိုးသလို ခပ်ဖြည်းဖြည်းပဲ ပြောပါတယ်။ အသက်ကတော့ ၇၀ ကျော် လောက် ရှိပြီ ထင်ပါရဲ့။ ဒါပေမယ့် ကျန်းမာ သန်စွမ်းတုန်း။ လက်ထဲမှာတော့ ကြီးထွား သန်စွမ်းလှတဲ့ မုန်ညင်းဖြူထုပ်ကြီး တစ်ထုပ်ကို ကိုင်လို့။ မျက်နှာက ပြုံးမြနေတယ်။


“နည်းနည်းတော့ ပြောနိုင်ပါတယ်။နေကောင်းပါသလား အဘွား”


“ကောင်းပါတယ်။ လေ့လာရေးလာတဲ့ အဖွဲ့ထဲကလား”


“ဟုတ်ကဲ့။ ဖြူလို့ ခေါ်ပါတယ် အဘွား။ တွေ့ရတာ ၀မ်းသာပါတယ်”


“တရှိကိုလို့ ခေါ်ပါတယ်ကွယ်။ ရောက်တုန်း ပျော်အောင်နေပါ”


အဘွားက ပြုံးပြီး ခပ်ဖြည်းဖြည်းပြောတယ်။ အဘွားက မျက်နှာပြည့်ပြည့်နဲ့ ဆိုတော့ ပြုံးလိုက်တဲ့ အခါ အလိုလို ချစ်ခင်စရာ ကောင်းနေ တယ်။    “ဘယ်က လာသလဲ”


“မြန်မာပြည်ကပါ”


“မြန်မာပြည်”


အဘွားက သံယောင်လိုက်တယ်။ ဒါပေမယ့် ရုတ်တရက် စဉ်းစားလို့ ရပုံမပေါ်ဘူး။ နောက်မှ ခပ်ဆဆနဲ့ ဘိရုမာလားတဲ့။ ကျွန်မ ရယ်မောပြီး ခေါင်းညိတ်ရတော့တယ်။ လူလတ်ပိုင်းကသာ မြန်မာပြည်လို့ ပြောလိုက်ရင် သိကြ ပေမယ့် သက်ကြီးပိုင်းကတော့ အခုထိ ဘိရုမာ လို့သာ သိတုန်းပဲဆိုတာ ဒီရက်ပိုင်းတွေ အတွင်း ကြုံခဲ့ဖူးပြီ မဟုတ်လား။


ဘိရုမာ၊ မြန်မာလို့ အဘွားက ခပ်တိုးတိုး ရေရွတ်နေပြန်တယ်။ ကျွန်မပဲ စိတ်ထင်လို့လား။ အဘွားရဲ့မျက်နှာဟာ အရောင်တစ်မျိုးနဲ့ မှိုင်းညို့ နေသလားလို့။ ပြီးတော့ တော်တော်နဲ့ စကား မဆက်ဘူး။ ကျွန်မလည်း စကားအဆက်ကို ရပ် စောင့်နေမိတယ်။ စက္ကန့်တချို့ကြာတော့ မနေနိုင် ဘဲ စကားဆက်ရပြန်တယ်။

“အဘွား မြန်မာပြည်ကို သိသလား”

“အင်း၊ သိတာပေါ့”


“ရောက်ဖူးပါသလား”


“မရောက်ဖူးပါဘူး။ သိပဲသိတာပါ”


“ဂျပန်လိုပဲ ရှုခင်းသိပ်လှတဲ့ နိုင်ငံပါ အဘွား။ ဂျပန်ကနေတော့ ဝေးပါတယ်”


အဘွားက ကျွန်မမျက်နှာကို မှိုင်းမှိုင်းညို့ညို့ ကြီး ငေးကြည့်ပြီး ကြားဖူးပါတယ်တဲ့။ ဒီမှာ ရက်တော်တော်ကြာနေဦးမှာလားလို့ မေးတော့ သိပ်မကြာတော့မယ့် အကြောင်း ပြောပြရတယ်။ နေရောင်လေး မစို့မပို့ပွင့်လာတော့ နေရတာ နည်းနည်း နွေးလာတယ်။ ပတ်ဝန်းကျင်က အလှ ပုံရိပ်ကလည်း ပိုပြီး ထင်ရှားစပြုလာတယ်။ ခုမှ တွေ့ရတဲ့ သူစိမ်းတစ်ယောက်နဲ့ ရပ်ပြီး စကားပြော နေရတာပေမယ့် ကျွန်မစိတ်ထဲ ထူးထူးခြားခြား ဘယ်လိုမှ မခံစားရပါဘူး။ နှစ်လိုကျေနပ်လို့ပါပဲ။ သက်ကြီးရွယ်အိုတွေမှာ စကားပြောဖော် သိပ်လိုချင်တယ်ဆိုတာ ကျွန်မရဲ့ အတွေ့အကြုံအရ သိပြီးသားပါ။

ကျွန်မ မြန်မာပြည်မြောက်ဖျားက ကျေးလက်မှာ အဘွားနဲ့ အတူ နေထိုင် ကြီးပြင်းလာရတဲ့ သူကိုး။ ပြီးတော့လည်း ငယ်ငယ်တုန်းက အဘွား ရဲ့ ရှေးစကားတွေနဲ့ ဖြတ်သန်းလာရတဲ့သူ ဆိုတော့ ဂျပန်လူမျိုးဆိုတာ စိမ်းမနေဘူး။

ငယ်တုန်းက ကြားဖူးတဲ့ပုံပြင်ထဲမှာတော့ ဂျပန်ဆိုတာ ကြောက်စရာဖြစ်လိုက်၊ ခင်စရာ လူမျိုး ဖြစ်လိုက်နဲ့ စုံလို့ပါပဲ။ လူအမျိုးမျိုးစိတ် ထွေထွေ မဟုတ်လား။ စစ်ထဲကို အခြေအနေ အကြောင်းကြောင်းကြောင့် ရောက်လာကြတဲ့ သူတွေမှာ အလွှာစုံက လူတွေပါလာမှာပဲ။


စစ်ကြီးပြီးတဲ့နောက် နိုင်ငံပြန်ရောက်သူ လည်းရှိ၊ မြန်မာနိုင်ငံမှာပဲ ခေါင်းချကျန်ရစ်သူ လည်း ရှိပေါ့။ စစ်ကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာ လူမျိုးတွေဆိုတာလည်း နည်းမှမနည်းတာဘဲ။ တကယ်တော့ စစ်ဆိုတာ ဘယ်သူ့အတွက်မှ ကောင်းတာ မဟုတ်ဘူး။ စစ်ကို လိုလားသူ၊ နယ်ချဲ့လိုသူ လူတစ်စုအတွက် လူတွေမှာ အသက် ပေါင်းများစွာ ပေးကြရတယ်။


တစ်ချိန်က မြန်မာမြေကို နယ်ချဲ့အုပ်စိုးခဲ့လို့ နာမည် ကြားလိုက်ရုံနဲ့တင် နာကျင်သလို ဖြစ်ရတဲ့ ဂျပန်ဆိုတဲ့ လူမျိုးတွေရှိတဲ့ မြေကို ချစ်ကြည်ရေး ခရီးစဉ် တစ်ခုအဖြစ် ရောက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ သူတို့တွေနဲ့ ကျွမ်း ၀င်ရင်းနှီးရမယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ မိဘူး။ ဟောခုတော့ ကျွန်မဟာ ဂျပန်အမေ တစ်ယောက်ကို ချစ်ခင်မိနေပြီ။ ဒီမနက်ခင်းမှာ တွေ့ဆုံရတဲ့ အဘွားအိုကိုလည်း ကိုယ့်ဘွားအေ တစ်ယောက်လို သဘောထားလို့။ လောကရဲ့ ဆန်းကြယ်ပုံများ ပြောပါတယ်။


“ဂျပန်ကို လာရတာ ပျော်ရဲ့လား”

ကျွန်မ ရယ်ရယ်မောမောနဲ့ပဲ ပျော်ပါတယ် အဘွားရယ်လို့ ပြောပြရတယ်။

“ဟိုနားက မြင်ရတဲ့ အိမ်လေးမှာ အဘွားနေတယ်။ အချိန်ရရင် လာလည်ပါ။ မြန်မာ လူမျိုးမို့ စကား ပြောချင်တယ်လေ”


အဲသည် မနက်ခင်းက အဘွားနဲ့ နှုတ်ဆက် ပြီး အိမ်ပြန်ရောက်တဲ့ အထိ ပြည့်ပြည့်၀၀နဲ့ ခင်မင်စရာ ကောင်းလှတဲ့ မျက်နှာဟာ အာရုံမှာ စွဲထင်လို့နေတယ်။ နောက်တစ်ကြိမ် စကားပြော ခွင့်ရရင်လည်း ပြောချင်ပါရဲ့။ ကျွန်မရဲ့ နာမည် ဖြူဆိုတာကို အသံ မထွက်တတ်ဘဲ ဖြူးစံလို့ ခေါ် လိုက်တဲ့ အဘွားရဲ့ အသံကိုလည်း ကြားယောင် မိပါသေးတယ်။ သတိတရ ရှိတယ် ဆိုပေမယ့် အဘွားဆီကိုတော့ သီးသီးသန့်သန့် အလည် မရောက်ဖြစ်ဘူး။


နောက်ရက်တွေမှာတော့ အစီအစဉ်ထဲမှာ ပါတဲ့ အတိုင်း လေ့လာရေးတွေ ထွက်ရတာမို့ ရွာကို ပြန်ရောက်ချိန်ဟာ ညနေခင်းတွေချည်းပါပဲ။ မြို့နယ် မာရသွန် ပြေးပွဲတက်ရတယ်။ ယဉ်ကျေးမှုနေ့ အထိမ်းအမှတ် ပြုလုပ်တဲ့ ပွဲတွေဆီ သွားကြ ရတယ်။ ပြတိုက်တွေဆီ လေ့လာရေး ရောက်ကြ ရတယ်။ မနက်ခင်းက ထွက်ရင် ညနေမှပဲ အိမ် ပြန်ရောက်နိုင်တော့တယ်။


အိမ်မှာတော့ အမေနဲ့ ကျွန်မ အကြားက သံယောဇဉ်ဟာ တစ်ရစ်ပြီး တစ်ရစ် ရစ်နှောင်လို့ နေခဲ့ပြီ။ ညနေခင်းတွေမှာ ညနေစာ အတွက် အမေက ချက်ပြုတ်တဲ့အခါ ကျွန်မက ဘေးကနေ မတတ်ပါဘဲ ၀ိုင်းကူချင်တဲ့အခါ အမေက သဘောတကျ ရယ်မောမဆုံးဘူး။ ကျွန်မ မညီမညာ လှီးချွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ ကို အမေက လှတယ် ပြောဖော်ရတဲ့ သူပါ။


သည်အိမ်က အမေရယ်၊ အဖေရယ်၊ အဘိုးရယ် မိသားစုနဲ့ ညနေစာ အတူ စားသောက်ရတဲ့ အချိန်ကလည်း ကျေနပ်စရာ။ ထုံးစံအတိုင်း မြန်မာဟင်းတွေကို တမ်းတရင်းကနေပဲ စားကောင်းပါတယ် ပြောရင်းပေါ့။ ညပိုင်း စကားစမြည် ပြောဖြစ်ပြီဆိုရင် အမေ က မြန်မာပြည် အကြောင်းတွေ မေးမြန်းတတ် တယ်။ ကျွန်မကလည်း ဂျပန် ယဉ်ကျေးမှုနဲ့ လူနေမှု အကြောင်း သိချင်တာတွေ မေးမိတတ်တယ်။ တစ်ခါတစ်ခါတော့လည်း သည်ဒေသအကြောင်းတွေ အမေက ပြောပြတတ်ပြန်တယ်။ ဒါပေမယ့် အဘွားအကြောင်း မေးမြန်းကြည့်ဖို့ ကျွန်မစိတ် ကူးမပေါ်ခဲ့မိဘူး။ ဒါကိုပဲ နောက်တစ်ချိန် ပြန်တွေးတိုင်း မှတ်မှတ်ရရ ဖြစ်ရလိမ့်မယ်လို့တော့ အဲဒီအချိန်က မသိခဲ့ဘူးပေါ့လေ။


မပြန်ခင် နှစ်ရက်အလိုမှာတော့ ဒေသန္တရ ဗဟုသုတအတွက် လေ့လာရေးသွားဖို့ လူစုတဲ့ နေရာဆီ အသွားမှာ အဘွားကို ယာခင်းထဲ လှမ်း တွေ့ပါသေးတယ်။ ဝေးတာကြောင့် လှမ်းပြီး နှုတ်မဆက်ဖြစ်ဘူး။ အဘွားကတော့ သူ့အလုပ်နဲ့ သူ တကုပ်ကုပ် အလုပ်ရှုပ်လို့။ ပြီးခဲ့တဲ့ညက နှင်းကျခဲ့တာမို့ လမ်းဘေး ယာခင်းတွေထဲမှာ နှင်းဖတ်တွေ ပုံနေတာတွေ့ ရတယ်။ မနက်ခင်းမှာ နှင်းထပ် မကျပေမယ့် ပတ် ၀န်းကျင်ကတော့ နှင်းငွေ့နဲ့ မှုန်ရီ ၀ိုးတ၀ါးဖြစ်နေ တယ်။ အဖြူရောင်ငွေ့ငွေ့ လွှမ်းနေတဲ့ မြင်ကွင်းကို နောက်ခံပြီး အဘွားကို မြင်ရတာ ဘာရယ်ကြောင့်မှန်း မသိ လွမ်းသလို ခံစားရတာ ကျွန်မ မမေ့နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ပဲ ပြန်ရတော့မယ့် ရက်ကို တဖြည်းဖြည်း ရောက်လာခဲ့တော့တယ်။

အိမ်မှာတော့ အမေနဲ့ ခွဲခွာရတော့မှာမို့ စိတ်က သိပ်မရွှင်လန်းလှဘူး။ အမေလည်း သည်လိုပါပဲ။ မျက်နှာ မကောင်းလှဘူး။ အမေ့မျက်လုံး တွေမှာ အလွမ်းကို မြင်ရတယ်။ ကျွန်မရဲ့ မှတ်စု စာအုပ်လေးမှာ အမေ့ရဲ့ အိမ်လိပ်စာကို သေချာရေးမှတ်ရတယ်။ အမေနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကျွန်မ ပို့ပေးရမယ်။ စာလည်း ရေးရမယ်လေ။ နောင်တစ်ချိန် ရောက်လာနိုင်သည်ဖြစ်စေ၊ ဘယ်တော့မှ ရောက်မလာနိုင်တော့ဘူး ဖြစ်စေ ရေစက်ပါလို့ ဆုံကြရတဲ့ သူချင်း တစ်သက်လုံး ချစ်ခင်နေနိုင်တာပဲ။ အဝေးက နေပေမယ့်လည်း မေတ္တာ ထားလို့ ရကြ မှာပဲ။ စိတ်ချင်း နီးစပ်ရင်တော့ မိုင်ပေါင်း ထောင် ချီဝေးကွာလည်းပဲ အကွာအဝေးဟာ သိပ်အရေး မကြီးတော့ဘူး မဟုတ်လား။


မနက်လို ပြန်ရမယ်ဆိုရင် ညနေခင်းဘက် မှာ အမေ့ကို ခွင့်တောင်းပြီး အဘွားအိမ်ဘက် ထွက်လာခဲ့ပါတယ်။ လမ်းကွေ့လေးချိုးပြီးတာနဲ့ ခေါင်မိုးပြာပြာလေးနဲ့ တစ်ထပ်တိုက်ပုလေးကို မြင်ရတယ်။ အဘွားလို့ အသံပြုလိုက်တာနဲ့ အ၀င်တံခါးဝက မီးရောင်ဖျတ်ခနဲ လင်းလာတယ်။ တံခါးပွင့် လာတယ်။ တံခါးဝမှာ ရပ်နေတာကတော့ အဘွား ရယ်။ မျက်နှာက ပြုံးမြလို့။ ရက်ခြားပြီးမှ ပြန်တွေ့ ရတာပေမယ့် အဘွားရဲ့ကျွန်မအပေါ် ရင်းနှီးချစ် ခင်ပုံရတဲ့ မျက်လုံးအရောင်တွေ ပြောင်းမသွား ဘူး။


အဘွားရဲ့ဧည့်ခန်းလေးဟာ အဘွားရဲ့ မျက်နှာလိုပဲ အေးချမ်းလို့။ အဘွားက ကျွန်မကို လက်ဖက်ရည်ကြမ်းနဲ့ ဂျပန်မုန့်တချို့ တည်တယ်။ ပူနွေးတဲ့ လက်ဖက်ရည်ကြမ်းကို မှုတ်သောက်တော့ အေးနေတဲ့ ခြေဖျား၊ လက်ဖျားတွေ နည်းနည်း နွေးလာတယ်။

“မနက်ဖြန် ကျွန်မပြန်ရတော့မယ် အဘွား”

“ဟုတ်လား၊ မြန်လိုက်တာနော်”


“အဲဒါ အဘွားကို လာနှုတ်ဆက်တာပါ”


အဘွားက ကျွန်မကို ငေးငေးရီရီကြည့်နေ တယ်။ ပြီးတော့မှ ခပ်ဖြည်းဖြည်းမေးတာက မြန်မာလူမျိုးတွေဟာ ဒီလိုပဲ ကြင်နာတတ်ကြ သလားတဲ့။

“သိပ်ခင်မင်တတ်တဲ့ လူမျိုးပါ အဘွား။ ကြင်နာတတ်ကြတယ်။ ပြုံးနေ တတ်ကြတယ်။ အဘွားသာ လာဖြစ်ရင် ပျော်မှာပါ”

“အင်း လာချင်ပါရဲ့ကွယ်”


“ကျန်းမာရေး ဂရုစိုက်ပါနော် အဘွား။ ဒါမှ တစ်နေ့ မြန်မာနိုင်ငံကို လာနိုင်မှာပေါ့”


“သမီးကရော ထပ်လာဦးမလား”


“မသေချာပါဘူး အဘွားရယ်။ လာဖို့က ငွေအများကြီး ရှိမှ ဖြစ်မှာလေ။ သမီး ပိုက်ဆံရှာရဦးမှာပေါ့။ သမီးက ဘယ်နှကြိမ်ဖြစ်ဖြစ် လာချင်ပါတယ်။ အဘွားဆီကိုလည်း လာခဲ့မယ်လေ။ ကျန်းကျန်းမာမာ နေပြီး စောင့်ပါနော်”


ဖြစ်နိုင်၊ မဖြစ်နိုင်အပထားလို့ အဘွား စိတ်ချမ်းသာအောင် ပြောပြတော့ ပြုံးလို့နေတာပဲ။ အင်းလေ နောက်တွေ့ချင်မှ တွေ့ဖြစ်ကြမယ်ဆိုတာ အဘွားလည်း သိမှာပါ။ လူတွေဟာ တွေ့ကြုံဆုံပြီး တဲ့နောက် တစ်ချိန်မှာ ခွဲခွာကြရတော့တာ မဟုတ် လား။ ခွဲခွာကြပြီးတဲ့နောက် ပြန်ဆုံကြတာလည်းရှိ၊ ဘယ်တော့မှ ပြန်မဆုံကြတာလည်းရှိ။ ဒါကိုက ဘ၀လို့ဆိုရမယ်ထင်ပါရဲ့။


အဘွားရဲ့အိမ် ဧည့်ခန်းနံရံမှာ ဓာတ်ပုံတချို့ ချိတ်ဆွဲထားတယ်။ ဆေးရောင်ဆေးသားမှေးမှိန် နေပြီဖြစ်တဲ့ ပုံတချို့လည်းတွေ့ရတယ်။ ပုံတစ်ပုံ ထဲမှာတော့ အဘွားလို့ထင်ရတဲ့ ဆယ်နှစ်ဝန်းကျင် ကလေးမလေးရယ်၊ မိသားစုဝင်တွေရယ်။ မိခင်၊ ဖခင်၊ မောင်နှမတွေအကုန်လုံး ဂျပန်ရိုးရာဝတ်စုံ တွေနဲ့။ ဆေးသားသိပ်ပြီး မထင်ရှားတော့ပေမယ့် အပြုံးတွေက အသက်ဝင်လှတာ သိသာပါတယ်။


“မိသားစုတွေလား အဘွား”လို့ ပုံကိုညွှန်ပြီး မေးတော့ အဘွားကပြုံးတယ်။ မိဘတွေရယ်၊ မောင်နဲ့ အစ်ကိုရယ်တဲ့။

နောက်ပုံတွေမှာတော့ ဒီဘက်ခေတ် ဆေးသား တောက်တောက်ပပတွေနဲ့ အဘွားရဲ့မိသားစု ဓာတ်ပုံတွေ။
“သားသမီးနှစ်ယောက်ရှိတာ နှစ်ယောက်လုံး အဝေး ရောက်နေကြတယ်” လို့ အဘွားက လွမ်းလွမ်းဆွေးဆွေးပြောပြတယ်။
အဘွားရဲ့အိမ်ထောင်ဖက်ကတော့ ဆုံးပါး ခဲ့ပြီ။ အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ အဘွားမှာ သည်အိမ်လေးထဲ မောင်လုပ်သူ မိသားစုကို အဖော်ပြုပြီး နေနေရတာပါ။

စကားပြောရင်း၊ ရေနွေးလေး မှုတ်သောက် ရင်းနဲ့ ညနေခင်းအချိန်တွေကို ဖြတ်သန်းနေရတုန်း အဘွားအမှတ်မထင် မေးလိုက်တဲ့မေးခွန်းက ကျွန်မကို တစ်ခဏငြိမ်သွားစေခဲ့တယ်။

“မြန်မာလူမျိုးတွေဟာ ဂျပန်လူမျိုးကို မုန်းနေသလား”တဲ့။

ကျွန်မ ဘယ်လိုပြောရမလဲ။ မုန်းမနေပါဘူး လို့ ပြောလို့ရနိုင်ပေမယ့် လုံးဝကြီး မေ့ကြသေးတာတော့ မဟုတ်ဘူးပေါ့လေ။ သမိုင်းက တွင်ခဲ့ပြီ မဟုတ်လား။ သမိုင်း သိပ်မသိကြတဲ့ လူငယ်တချို့ ကလွဲရင် သမိုင်းကို ကျွမ်းကျွမ်းဝင်ဝင် သိကြတဲ့ သူတွေလောက်ကတော့ ကိုယ့်နိုင်ငံကို အုပ်စိုးခဲ့တာ လုံးဝ ဥဿုံမေ့ပျောက်လို့ ဘယ်မှာရပါ့မလဲ။ ဒါပေမယ့်လည်း အုပ်ချုပ်သူ၊ စစ်လိုလားခဲ့သူနဲ့ ဘာမှသိခွင့်ရမှာ မဟုတ်တဲ့ ပြည်သူကိုတော့ မြန်မာလူမျိုးတွေဟာ ခွဲခြားနားလည်နိုင်ကြပါ တယ် အဘွားရယ်။ အာဃာတ ထားနေတတ်တဲ့ လူမျိုးလည်း မဟုတ်ပါဘူး။


စိတ်ကူးထဲမှာ စကားလုံးတွေစီနေတဲ့ ကျွန်မက လက်တွေ့မှာတော့ ဘာစကားတစ်ခွန်းမှ မပြောဖြစ်ဘူး။ ဒီတော့ အဘွားကပြုံးတယ်။

“တကယ်တော့ ဂျပန်နဲ့မြန်မာ စစ်ဖြစ်ခဲ့ရတာ၊ မြန်မာလူမျိုးတွေ သေဆုံးရတာ စိတ်မကောင်းပါ ဘူး။ ဒီလို စိတ်မကောင်းဖြစ်ရတဲ့ ဂျပန်လူမျိုးတွေ လည်း အများကြီး ရှိပါတယ်။ အဘွားလည်း ပါ တာပေါ့။ အခွင့်ရရင် ပြောပြချင်ခဲ့တာပါကွယ်”

ကျွန်မ အဘွားမျက်နှာကို ငေးမောကြည့်နေ မိတယ်။ အရေးအကြောင်းတွေ ထင်ရှားနေပြီဖြစ် တဲ့ မျက်နှာဟာ ခံစားမှုတစ်မျိုးနဲ့ ငြိမ်သက်နေ တယ်။ မီးရောင်အောက်မှာ တစ်မျိုးတစ်ဖုံသော ထူးခြားမှုနဲ့ ကြည့်ကောင်းနေတယ်။

“မြန်မာလူမျိုးနဲ့လည်း စကားပြောချင်ခဲ့တာ ပါ။ ဒါပထမဆုံးအကြိမ် မြန်မာနဲ့ စကားပြောရ တာပဲ။ ကျေးဇူးလည်း တင်ပါတယ်”
အဘွားရဲ့လက်တွေကို ကျွန်မအုပ်ကိုင် လိုက်ပါတယ်။

“မဟုတ်ပါဘူး အဘွားရယ်။ သမီးလည်း ဒီလိုစကားပြောရတာ ၀မ်းသာပါတယ် အဘွားရယ်”


“စစ်ဆိုတာ ဘယ်တော့မှ မကောင်းဘူး သမီး။ ဘယ်သူ့အတွက်မှ မကောင်းဘူး။ စစ် ကြောင့် လူတွေ အများကြီး သေကြရတယ်။ စစ် ဆိုတာ ဘယ်တော့မှ မဖန်တီးခဲ့ရင် အကောင်းဆုံးပဲ။ အဘွားကတော့ စစ်ကို သိပ်မုန်းတယ်။ စစ်ဆိုတာ မရှိပါစေနဲ့လို့ပဲ ဆုတောင်းတယ်”


အဘွား ငိုတော့မလားလို့ ကျွန်မ ထင်ခဲ့တယ်။ မျက်လုံးအိမ်မှာ မျက်ရည်စတွေ ဝေ့၀ဲ လာတာကို အငေးသား ကြည့်နေမိတယ်။ ဒါပေမယ့် အဘွား မငိုပါဘူး။ ကျွန်မလက်ကို ခပ်တင်းတင်းပဲ ဆုပ်ကိုင်ထားတယ်။ နောက်ထပ် ဘာမှ ထူးထူးခြားခြား မပြောတော့ဘူး။

အဲသည် ညနေခင်းက နှုတ်ဆက်ပြီး ပြန်မယ်လုပ်တော့ အဘွားက ကျွန်မ ပခုံးကိုဖက်ပြီး တံခါးဝအရောက် လိုက်ပို့တယ်။ တံခါးဝမှာ လက်ပြလို့ ကျန်ရစ်တဲ့ အဘွားရဲ့ ပုံရိပ်ကို ဘယ်သောအခါမှ မေ့ပျောက်လို့ ရနိုင်မယ် မထင်ဘူး။ အထီးကျန်ခြင်းနဲ့ နေသား ကျနေတဲ့ သက်ကြီးတစ်ယောက်ရဲ့အသွင်ဟာ ကျွန်မရင်ကို ခပ်ပြင်းပြင်း ထိရှစေခဲ့တယ်။

အဲသည်နေ့ ညနေပိုင်းမှာတော့ ပစ္စည်းတွေ ထုပ်ပိုးပြင်ဆင်ရပါတယ်။ အမေကတော့ ကျွန်မနဲ့ အတူ ညစာစားပြီးကတည်းက မျက်နှာ မကောင်း ရှာဘူး။ ပစ္စည်းတွေပြင်တော့လည်း အနားမှာ။ ကျွန်မ ပြန်လာမှာပေါ့လို့ အမေ့ကို နှစ်သိမ့်ရ တယ်။ စာလည်း ရေးမှာပေါ့လို့ ပြောပြရတယ်။

ထပ်လာပါနော်လို့ အမေက တဖွဖွမှာရှာ တယ်။ ညပိုင်းမှာလည်း စကားပြောလို့ မပြီး နိုင်တာနဲ့ အဖေလုပ်တဲ့ သူက အိပ်ရာဝင်ဖို့ သတိ ပေးမှပဲ အိပ်ရာဝင်ဖြစ်ကြတယ်။ ဒါတောင်မှပဲ ကျွန်မ တော်တော်နဲ့ အိပ်မပျော်ပါဘူး။ မနက်ကျရင် ဘယ်လို နှုတ်ဆက် ထွက်ခွာရပါ့မယ်လို့ တွေးပြီး တိတ်တဆိတ် နာကျင်နေခဲ့တယ်။

ဘယ်လိုပဲ မခွဲခွာချင်ဘူးဆိုဆို အချိန်တန် တော့လည်း အိမ်လေးကို နှုတ်ဆက်ရတော့တယ်။ အဖေနဲ့အဘိုးက အိမ်မှာနှုတ်ဆက်ကျန်ရစ်တယ်။ အမေကတော့ ကျွန်မတို့စုရပ်ဖြစ်တဲ့နေရာအထိ လိုက်ပို့ရှာတယ်။

အဘွား တရှိကိုစံရဲ့အိမ်လေးကို လှမ်းမြင် ရတော့ ဆာယိုနာရာလို့ တိုးတိုးလေးဆိုမိတယ်။ အမေက ကျွန်မကို ခေါင်းငဲ့ကြည့်တယ်။
“ဘယ်သူ့ကို နှုတ်ဆက်တာလဲ”တဲ့။

အဘွား တရှိကိုစံကို နှုတ်ဆက်ချင်တာဖြစ် တဲ့ အကြောင်းပြောပြတော့ အမေက ခေါင်း တညိတ်ညိတ်နဲ့။

“မြန်မာလူမျိုးနဲ့ စကားပြောရတော့ သူပျော်မှာပေါ့”

“ဟုတ်တယ်၊ အမေ။ သူက မြန်မာလူမျိုးနဲ့ သိပ်တွေ့ချင်တာလို့ ပြောပါတယ်”


“အေးလေ။ တရှိကိုစံက မြန်မာနိုင်ငံကို သိပ်စိတ်ဝင်စားတာ။ သွားလည်း သိပ် သွားချင်တာပဲတဲ့။ သူ့အဖေနဲ့ အစ်ကိုကလည်း အဲဒီမှာ နေခဲ့တာကိုး”


“ရှင်”


ကျွန်မ တအံ့တသြနဲ့ အမေ့ကို ငေးကြည့် နေမိတယ်။ အမေ ဘာကို ဆိုလိုတာပါလိမ့်။

“စစ်အတွင်းတုန်းက တရှိကိုစံရဲ့ အဖေရော၊ အစ်ကိုရော မြန်မာပြည်က တိုက်ပွဲ တစ်ခုမှာ ဆုံး ခဲ့ကြတယ်။ စစ်မတိုက်ချင်ဘဲ စစ်ထဲ ရောက်သွားတဲ့ သူတွေပေါ့”

ဘုရားသခင်။ ဒါကို ကျွန်မဘာလို့ မတွေး မိ၊ မမေးမိရတာလဲ။ အဘွားကရော ဘာလို့ ပွင့်ပွင့်လင်းလင်း ပြောမပြခဲ့တာလဲ။

“အမေတို့ မိဘတွေ ပြောပြလို့ သူ့အကြောင်း ကြားဖူးခဲ့တယ်လေ။ တရှိကိုစံက အဖေနဲ့ အစ်ကိုကို သိပ်ချစ်တဲ့ သူတဲ့။ သူတို့ ဆုံးတုန်းက စိတ်မကောင်းဖြစ်ပြီး နေမကောင်းဖြစ်လိုက်တာ တော်တော်ကြာသတဲ့။ ခုအချိန် အထိလည်း အဖေနဲ့ အစ်ကိုကို မမေ့သေးဘူးလို့ ပြောတုန်းပဲ”

သြော်၊ ကျွန်မ တိုးတိုးလေး ရေရွတ်မိ တယ်။ ဒါကြောင့်လည်း စစ်အကြောင်း မှတ်မှတ် ရရပြောခဲ့တာကိုး။ မြန်မာလူမျိုးတွေက ဂျပန် လူမျိုးတွေကို မုန်းသလားလို့ မေးခဲ့တာကိုး။ ကျွန်မကို ငေးရီရီကြည့်တတ်တဲ့၊ မြန်မာလူမျိုး တွေကို စိတ်မကောင်းဖြစ်တဲ့ အကြောင်း ပြောပြ ချင်တယ်ဆိုတဲ့ အဘွားရဲ့မျက်နှာကို အာရုံမှာ တရေးရေးမြင်မိတယ်။


လျှောက်ခဲ့တဲ့ လမ်းလေးက ဆုံးလုဆုံးခင်။ ဟော ဟိုရှေ့မှာ လူစုစုကိုမြင်နေရပြီ။ တာက စတိုဒေသက နေပြီး ကျွန်မတို့တစ်တွေကို ခိတခါ တာမြို့ဆီ ခရီးဆက်သယ်ဆောင်သွားမယ့် ကားကိုလည်း မြင်နေရပြီ။ အဘွားရဲ့အိမ်ကတော့ အဝေးမှာ ကျန်ခဲ့ပြီမို့ လူကိုယ်တိုင် နှုတ်မဆက်သာ တော့ဘူး။

ကျွန်မ အမေ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ အမေက ကျွန်မကို ငဲ့ကြည့်တယ်။
“အဘွား တရှိကိုစံကို ကျွန်မ နှုတ်ဆက်သွားတယ်လို့ ပြောပေးပါအမေ။ ပြီးတော့ အဘွားကို ကျွန်မ ချစ်တယ် ဆိုတာလည်း ပြောပြပေးပါနော်”

စပယ်ဖြူနု

1 comments:

teenမှာ စပါကတည်းက အင်မတန် ကြိုက်ခဲ့ရတဲ့ ၀တ္ထုလေး။
ဒါကြောင့်မို့ teenပွဲမှာ ဆရာမကို ဒီဝတ္ထုလေး ဘယ်လိုရေးဖြစ်တာလဲလို့ မေးတာပေါ့။ မြန်မာဝတ္ထုတို အဖြစ် ကမ္ဘာကို ချပြနိုင်တဲ့ ၀တ္ထုလေးပါ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More