ကဗျာစပ်သူ

           
ခုတလော ခိုင်သည် မောင့်ကို လမ်းခွဲ စကား ဆိုဖို့ အကြိမ်ကြိမ် စိတ် ကူးနေခဲ့လေသည်။ လမ်း ခွဲကြစို့နော်။
          စိတ်ကူးထဲက စကား သစ်ကို နှုတ်မှ ဖွင့်ပြော လျှင်တော့ မောင်က အံ့ သြပြိုလဲမယ် ထင်သည်။ အချစ်မှာယုံကြည်သော၊ တန်ဖိုးထားသော ချစ်သူ နှစ်ယောက်ကြား လမ်းခွဲ စကား ပေါ်ပေါက်ရ သည် ဆိုလျှင် ဒါဟာ အိပ်မက်ဖြစ်နေမလားဟု မောင် တွေးကောင်း တွေး မှာပဲ။ သို့ပေမယ့် လမ်းခွဲ လိုခြင်းကတော့ခိုင့်စိတ် နှလုံးမှာ ကိန်းအောင်း နေသည့် အမှန်တရားပါ။
          အဲသည် အမှန်တ ရားကို ထုတ်ပြောခွင့် လည်း မရ၊ ထုတ်၍ ပြော လိုခြင်းလည်း မရှိသည့် အခါ ခိုင်သည် အခါများ စွာစိတ်ပင်ပန်းရမြဲ။ ခါ တိုင်းလို ကြည်လင်သော၊ မြှူချိုသော အပြုံးနုများ ကိုလည်း မပြုံးဖြစ်တာ ကြာပြီ။
          ညနေခင်း ရုံးရှေ့မှာ စောင့်ကြိုမြဲ မောင့်ကို မြင်ရလျှင် ခိုင့်နှုတ်ခမ်းမှာ နွမ်းလျပေမယ့် ဟန် ဆောင်ရွှင်ပျသော အပြုံး သာ ခိုတွယ်တတ်လာ သည်။ မောင့်အမြင်မှာ တော့ ပကတိအပြုံး၊ ချစ်သူဖြစ်ခါစ ရက်များ ကလို ချစ်စဖွယ်အပြုံး။ သို့သော် ခိုင့်စိတ်ကို ခိုင်ပဲ သိပါသည်။ လက်ဆွဲခြင်း ကို မောင် လက်ကမ်း လျှင်လွှဲပြောင်းပေးလျက် ကားမှတ်တိုင်ဆီ ခြေ လှမ်း စဖြစ်လျှင် ခိုင်သည် ကိုယ့်အတွေးကိုယ် အား နာပူပင်မြဲ။ မောင် ဘယ် တော့များ ခိုင့်ကို ရိပ်မိ သွားပါ့မယ်။
          ခိုင့်ထက်ပင် သန့်ပြန့် ကြည့်ကောင်းမြဲဖြစ် သော မောင့်အတွက်နှင့် ပတ်ဝန်းကျင်က မိန်းက လေးတို့၏ အကြည့်ကိုအ ကဲဖမ်း စိုးရိမ်တတ်သော အကျင့်ကလည်း ခုတ လော ဘယ်မှာ ပျောက် ကွယ်နေသည်မသိ။ ယောပုဆိုး နီညိုရောင်နှင့်
ရှပ်လက်ရှည်အဖြူကို ဝတ်ဆင်လာလျှင် မောင် က ပို၍ သန့်ပြန့် နုသစ် မြဲ။ ခိုင်က ဝန်တိုပူပင်မြဲ။ ခုတော့ခိုင်သည် အေး ငြိမ်းခဲ့ပြီ။ မျက်ဝန်းမှာ လည်း တည်ငြိမ်သည်နှင့် အမျှ လျှို့ဝှက်သော အ ရိပ်များ ခိုတွယ်စပြုခဲ့ပြီ။
          ''ခိုင် ခုတလော တစ် မျိုး ထူးခြားနေသလိုပဲ နော်။ မောင်ပဲ စိတ်ထင် လို့များလား''”
          တစ်ခါကတော့ မောင်က တွေဝေဟန် ဆို ဆဲ။ ခိုင်သည် တမင် ဖန် တီးယူသော်လည်း နဂိုနေ ဟန် ရယ်ရယ်မောမော ရှိရသည်။
          ''အသက်လည်း မ ငယ်တော့ဘူးရှင့်။ ရင့် ကျက်ရတော့မယ်မို့လား''
          “''မဟုတ်ပါဘူး။ ဒီတ လောလေးတင်မှပါ။ ခိုင် တစ်ခုခုကို တွေးနေတာ လို့ မောင်တော့ ထင်တာ ပဲ''
          ငြင်းခုံခြင်းကို ရှောင် ရှားတတ်မြဲ မောင်သည် မျက်ဝန်းမှာတော့ ခိုင်မာ ဟန်ပြသည်။ စကား လုံးများစွာမသုံး။ မောင် ခိုင့်ကို အနည်းအကျဉ်း တော့ရိပ်မိခဲ့ပြီ။ တကယ် တော့ ဒါသည်လည်း မဆန်းကြယ်။ ချစ်သူ သက်တမ်းခုနစ်နှစ်ကျော် အတွင်း ခိုင်နှင့်မောင် သည် စာအုပ်တစ်အုပ်မှာ မျက်နှာချင်းဆိုင်နေကြ သော စာမျက်နှာနှစ်ခုလို အပြန်အလှန် ဖတ်ရှုနား လည်ရသည်။ စိတ်ဝိ ညာဉ်နှစ်ခုသည်ပင် လူ တစ်ဦးတည်းလိုဖြစ် သည်။ အဲသည်လူတစ် ဦးကို ပိုင်းခြားမည်ဆိုပါ စို့။ နှလုံးသည် သွေး စိမ်းရှင်ရှင် ထွက်၍ စမ်း ချောင်းအသွင် စီးဆင်း မည်လား။ ခိုင်သည် အတွေးနှင့်ပင် ထိတ်လန့် တွေဝေမြဲ။ အို..မပြော တော့ဘူး။ လမ်းခွဲစကား ဘယ်တော့မှ မပြောတော့ ဘူး။ သို့သော် စိတ်နှ လုံးက အခါခါငြင်းဆန် လျှင် ဦးနှောက်က ရယ် မောတတ်တော့လည်း မခက်ဘူးလား။
          မောင်နှင့်ခိုင်တို့ စ တွေ့တုန်းကတော့ အရာ ရာ ရုပ်ရှင်ဆန်လှသည်။ မန္တလေးတက္ကသိုလ်၊ တမာပင်တို့စိမ်းမြ ရိပ်ညို သွယ်တန်းသော လမ်း သွယ်များ၊ စိန်ပန်းနီနီ၊ ငုစပ်ချယ်ရီ၊ ပတ္တမြား လက်ဖက်ရည်ဆိုင်။ များ စွာသော ရုပ်ရှင်၊ ဝတ္ထု တွေထဲက ကျောင်းသား လူငယ်ချစ်သူတွေလို ခိုင်နှင့်မောင်တို့ စတင်ဆုံ
စည်းကြသည်။ ခင်မင် ရင်းနှီးကြသည်။ တမာ ရွက်ကြွေတို့ လေမှာ ရှပ်တိုက်ပြေးလွှားဆဲ၊ စိန် ပန်းနီတို့က ဖူးပွင့်နီစွေး ဆဲ၊ သံယောဇဉ်က လှပ စွာ အရောင်ပြောင်းဆဲ မှာပင် ချစ်သူဘဝရောက် ကြလေသည်။
          အဲသည်တုန်းက တော့ စိတ်နှလုံး ပျော်မွေ့ ဖွယ်။ အချစ်ကိုသာ သိ တတ်စဉ်လို့ ဆိုရမှာပေါ့။ ခိုင်တို့ အိမ်တွေဆီက ငွေ အရောက် နောက်ကျ သည့်အခါလက်ကျန်ငွေ ကို ချွေတာရဆဲ။ ကော်ဖီ တစ်ခွက်မှာ၍ မျှသောက် ရလျှင်လည်း ရယ်မော နိုင်ခဲ့ကြသည်။ မောင် ကတော့ ခိုင့်လောက် ကော်ဖီမခုံမင်။ ရေနွေး တစ်ခွက်ပြီး တစ်ခွက် သောက်ကာ စကားတ ပြောပြောနေချင်သည်။ ကဗျာစပ်နေချင်သည်။
          ခိုင်ကတော့ စားပွဲပေါ် အုပ်မိုးထားသည့် ထ နောင်းပင်ကြီးက သစ် ရွက်ကြွေလေးများ ခြွေချ သည့် အခါ တေးသီချင်း သီဆိုချင်လောက်အောင် စိတ်က လွင့်ချင်လွင့်နေ တတ်သည်။ အနီးမှာ ချစ်သူက အတူရှိသည်မ ဟုတ်လား။ အတူရှိမှုဟာ ယုံကြည်မှု၊ ရဲရင့်မှုကို လည်း မွေးဖွားပေးတတ် သည်။ ပြီးတော့ ငြိမ်းချမ်း
ရောင့်ရဲခြင်းလည်း ပါဝင် သည်။ ခိုင်သည် ဘဝကို ရှည်လျားစွာကြည့်မျှော် တွေးမထား။ မတွေး လိုသေးဘူးဆိုရမည်ပင်။ တစ်နည်းအားဖြင့်တော့ နေပျော်ကျေနပ်သည့် ဘဝတစ်စိတ်တစ်ပိုင်းမှာ အနာဂတ်ကို ပူပင်စရာ လို့မမြင်ခဲ့တာ ခိုင့်အလွန် မဟုတ်ဘူးထင်သည်။ စိတ်နှလုံး နုနယ်ဆဲ၊ အ တွေးတို့က နုသစ်ဆဲ။
          လွယ်အိတ်ကို ပခုံးမှာ ချိတ်ထားရသည့် ကျောင်းသားဘဝက ရဲရင့် လွတ်လပ်ခြင်းမျိုး ခိုင့်တစ်သက်မှာ နောက် တစ်ကြိမ် ဘယ်တော့မှ မရနိုင်တော့ဘူး ထင် သည်။ ခိုင့်မိဘများက မချမ်းသာ။ သို့ပေမယ့် အချိန်တန်တော့ ငွေကြိုး စားပို့မြဲ။ မိဘကို သိ တတ်သော်လည်း ခိုင် သည် လွတ်လပ်ပျော်ရွှင် မှုကို ချုပ်ထားရလောက် အောင်တော့ မပူပင် တတ်ခဲ့ဘူးထင်သည်။ ခိုင်ဟာ ရိုးသားကြိုးစား သည်နှင့်အမျှ အပြစ် ကင်းစွာ ပျော်ရွှင်တတ် သော ကျောင်းသူလေး ပင်။ မိဘစကားကို အ ဝေးမှာပေမယ့် နာခံ သည်။ အနေအထိုင် တတ်၍ မိဘကိုလည်း မပူပင်စေ။ မနာခံမိသည့် အချိန်ကတော့ အချစ် ကို မနိုင်နင်းချိန်တည်း။ ဘာ ဘာညာညာ မတွေးနဲ့လို့ အမေက သတိတရမှာ ကြားတော့ ခိုင်သည် မောင့်ကို ချစ်ခဲ့ပြီးပြီ။
          “''ခိုင်ကတော့ မိဘကို စိတ်ပူစေပြီလားမသိ''
          ခိုင်က ပူပင်စွာဆို လျှင် မောင်က ရယ်မော တတ်သေးသည်။
          ''ဒါပေမယ့် ဒီကောင် လေးက မဆိုးရှာပါဘူး။ မချမ်းသာတာကလွဲလို့ ရိုးသားရှာပါတယ် ခိုင်ရဲ့''
          အဲသည်တုန်းက တော့ ခိုင်တို့ ရယ်မော ပျော်ရွှင်နိုင်ခဲ့ကြသည်။ မန္တလေး တက္ကသိုလ်မှာ အားယူစ ပန်းငုံများလို တောက်ပလင်းလက်နိုင် ခဲ့ကြသည်။ ခုတော့ အ တိတ်သည် ဓာတ်ပုံ အယ်လ်ဘမ်များမှာ၊ ဒိုင် ယာရီများမှာသာရွှေရောင် တောက်ပလျက် ကျန်ရစ် ခဲ့လေသည်။
          ''ဇာတ်လမ်း အစက တော့ ရုပ်ရှင်ဆန်ပါရဲ့ ဟယ်။ ဇာတ်သိမ်းခန်းက တော့ မျှော်ဆိုတာလိုပဲ''”
          ခိုင်သည် မန္တလေး တက္ကသိုလ်မှာ ရင်းနှီး ခင်မင်ခဲ့သော မိတ်ဆွေ များ၊ သူငယ်ချင်းများနှင့် ရန်ကုန်မှာ အမှတ်မထင် ဆုံစည်းကြလို့ စူးစမ်း တာမျိုး ကြုံလျှင်သည် လိုပဲဖြေလေ့ရှိသည်။ ခိုင့် အဖြေစကားကို ကြား လျှင် တချို့က ရယ်မော ကြသည်။ နှစ်သိမ့်ကြ သည်။ တချို့က စာနာ ဟန်ပြသည်။ တချို့က တော့ သတင်းတစ်ခုရ သည့်ပမာ မျက်လုံးများ ဝင်းလက်တာကို မြင်ရ သည်။ သို့သော် ခိုင်က တော့ ဘယ်သို့သော အမူ အရာကိုမှ ထူး၍မတုန် လှုပ်ပြီ။
          တစ်ခါတစ်ခါတော့ ကျောင်းတုန်းက မောင် ဖွဲ့နွဲ့ဖူးသော ကဗျာတို့ကို ခိုင်က သတိတရနှင့် ရယ်မောကျီစယ်မိသည်။
          ''ဧဒင်ဥယျာဉ်ထဲက ပန်းသီးတစ်လုံးလို အချစ်က ချိုမြနုသစ်လို့ ဆိုမောင်ရဲ့။ တကယ် တမ်း အချစ်နဲ့ဝယ်ရင် ပန်းသီးတောင်မရပါလား''
          မောင်က ရယ်မော ဆဲ။ ခိုင်သည် မောင့် မျက်နှာကြည်လင်ဟန် ကို ငေးကာ အတွေးကို ဝေ့လည်တတ်လာသည်။
သာမန်ရုံးဝန်ထမ်း နှစ် ယောက်ရဲ့ အချစ်ဟာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ဘဝတုန်းက လောက် ကဗျာမဆန်နိုင် တော့ဘူးထင်ပါရဲ့ မောင် ရယ်။ ကော်ဖီတစ်ခွက်ကို နှစ်ယောက်မျှ သောက် တာသည်လည်း ကဗျာ မှာသာဖွဲ့နွဲ့ဖို့ကောင်း တော့သည်။ ခုကိုပဲ မောင် တစ်ယောက် ကဗျာတွေ မစပ်ဖြစ်တော့တာ ကြာပြီ ထင်သည်။
          ခိုင့်မှာ ကျောင်း တုန်းက သိမ်းထားဖူးသ မျှ ကဗျာများကိုသာ တ သသ လုပ်နေရသည်။ မောင့်ကဗျာသစ်ကိုမမြင် ရတော့ပြီ။ ကဗျာစပ်ပါ ဦးလားမောင်ရယ်ဟု ဆို တော့ မျက်နှာပျက်ချင် သည်။ စိတ်က ရှင်းသန့်မှ
ကဗျာရေးဖို့ ကောင်း တယ်ခိုင်ရဲ့တဲ့။ မောင်က မသိမသာ သက်ပြင်း ရှိုက်လျက်ဆိုတတ်သည်။
          ခိုင်ကတော့ အတိတ် ကို လွမ်းစရာလို့သာ ကြည့်မျှော်တတ်တော့ သော်လည်း တကယ့် တ ကယ်မှာတော့ လွမ်းပင်မ လွမ်းတတ်တော့ဘူး ထင် လေသည်။ ပစ္စုပ္ပန်ကို ကြည့်တတ်လာသည်။ အနာဂတ်ကို ပူပင်တတ် လာသည်။ ဂဏန်း ခြောက်လုံးနားမရောက် တရောက် လစာငွေနှင့် ကိုယ်စီ ရပ်တည်နေရ သည့် ခိုင်နှင့် မောင့်အဖို့ ကံကြမ္မာကို လှောင် ပြောင်စိန်မခေါ်ရဲပြီ။ ကံကြမ္မာ၏ တစ်ပြန် တစ်လှည့် စိန်ခေါ်လို သော မျက်နှာကိုတော့ ခိုင်သည်ရဲရဲပင် မကြည့် ဝံ့ပေ။ ခိုင်သတ္တိ နည်းလာ ပြီမောင်ရဲ့။ သည်လို ပြောထွက်လျှင် မောင်က ဝမ်းနည်းမည်ထင်သည်။ လက်တွေ့မှာတော့ ခိုင် သည် သိုသိပ်မြဲ။ မောင့် လက်ကို ဆုပ်ကိုင်မြဲ။
          ''တစ်ခါတလေတော့ လည်း ဘာပဲဖြစ်ဖြစ်ဆို ပြီး စွန့်စားလိုက်ချင်ပြီ''”
          မောင်က တစ်ဇွတ် ထိုးရူးမိုက်တော့မည့် သူလို ဆိုလျှင် ခိုင်သည် စိုးထိတ်ရပြီ။ မောင်သာ တကယ် ဆုံးဖြတ်ပြီဆို ခိုင်ဘယ်သို့ ငြင်းဆန်ရ မည်လဲ။ ပြီးတော့ မောင့် ကို ခိုင်ချစ်သည်။ တစ် သက်မှာ တစ်ခါတော့ မိုက်မဲစမြဲလို့ဆိုကာ မိဘ ကို မငဲ့ကွက် မိုက်မဲရ တော့မလား တွေဝေဆဲ။ မောင်ကပဲ စကားကို ရယ်ရယ်မောမော လျှော ချတတ်ပြန်သည်။
          ''အေးကွာ တိုက်ခန်း လေး တစ်ခန်းလောက် တော့ မဝယ်နိုင်ရင် တောင် ငှားနိုင်မှပဲ စွန့် စားကြတာပေါ့''
          ခိုင်သည် မောင့်မာန တို့ ပွန်းပဲ့ရှာတော့မှာကို တွေးကာ စာနာရသည်။ မျက်နှာညှိုးငယ်ချင် ရသည်။ သို့ပေမယ့် ရယ် မောပေါ့ပါးလိုဟန်ပြရ သည်။
          ''အိမ်ပဲ ငှားတာပေါ့ မောင်ရယ်။ အစားအ သောက်ကတော့ ရှိသ လိုပဲ... ထမင်း မရှိလည်း ခိုင်က ကော်ဖီကြိုက်တာ ပဲဟာ''
          ''တစ်ရက်ကို ဘယ်နှ ခွက်သောက်နိုင်မလဲ ခိုင်''”
          ''လေးခွက်ပေါ့။ လ ကုန်ခါနီးရင်တော့ တစ် ခွက်ပဲ သောက်မှာပါ''”
          ခိုင်နှင့်မောင် သည် ရယ်စရာ သိပ်မကောင်း တာကိုပင် အဆန်းလုပ်လို့ ရယ်မောကြရပြန်သည်။ ဘာမဆို ရယ်မောနိုင် တာဟာဘဝမှာ အ ကောင်းဆုံး အရည်အ ချင်းလို့လည်း ဆိုချင် သည်လေ။ မောင့်မှာရော ခိုင့်မှာပါ အဲသည် ရယ် မော ပေါ့ပါးနိုင်သော အ ရည်အချင်းရှိသည်။ ညည်းညူခြင်းကို ရှောင် လိုစိတ်ရှိသည်။ ပြီးတော့ ဘဝတူချင်းမို့ အပြန် အလှန် အားပေးတာ လည်းရှိသည်။ ချစ်သူ ထက် ရဲဘော်ရဲဘက် တစ်ယောက်လိုပေါ့။ ကဲ
သည့်နောက်တော့ ဘဝ မှာ နောက်ထပ် ဘာများ လိုအပ်ဦးမည်လဲ။
          တစ်နေ့နေ့မှာတော့ နီးကြရမည်လို့ ခိုင့်စိတ် နှလုံးမှာ သေချာဆဲ။ ရုပ်ရှင်များစွာမှာကြည့်ကြ ရသလို ခိုင့်မိဘတို့၏ အိမ်ထောင်ရက်သားချပေး လိုမှုကို ကြုံရလေသည်။ ခိုင်သည် မျှော်လင့် မထားခဲ့ပေမယ့် တအံ့ တသြလည်း မဖြစ်လှ ပေ။ တကယ်တော့ ခိုင့် အသက်အရွယ်သည် အိမ်ထောင် ပြုသင့်ပြီဟု အမေကယူဆတော့မှာ ကိုနားလည်ရသည်။ ခိုင် သည် သည်နှစ်မှာ အ သက်  နှစ်ဆယ့် ရှစ်နှစ် ပြည့်ခဲ့ပြီ။ အမေက အဝေးမှာ ရှိနေသည့် သမီးကို စိတ်ပူပင်စပြု ပြီ။ ပြီးတော့လည်း သမီး လုပ်သူ ဘဝ အေးချမ်း စေမည့် အိမ်ထောင်ဖက် ကောင်းကို ကြုံကြိုက် လာသည့်အခါ အဖေနှင့် တိုင်ပင်၍ စီစဉ်လိုဟန် ပြသည်။ ခိုင့်ကို ဖျောင်းဖျ လိုဟန်ပြသည်။
          ''သူများ မြို့ရွာမှာ နေရတာထက် ကိုယ့်မြို့ ရွာမှာပဲ အေးအေးချမ်း ချမ်းနေရတာမကောင်း ဘူးလား သမီးရယ်။ မောင် ညီမလေးတွေကို လည်း ကိုယ်က စောင့် ရှောက်နိုင်တာပေါ့။ အေး လေ အမေကတော့ မ တိုက်တွန်းချင်ပါဘူး။ သ မီးစဉ်းစားဖို့သာ ပြော တာပါ''”
          ခိုင်သည် ဖုန်းချပြီး သည့်နောက် စက္ကန့်များ စွာပင် ဖုန်းခွက် အဖြူ လေးကို ငေးမောနေခဲ့ သည်။ စကားတို့ တွ့န် ဆုတ်ပျောက်ကွယ်ရ သည်။ အိမ်ထောင်ပြု ခြင်းသည် ဘဝမှာ ခိုလှုံ ရာ တစ်ခုဖြစ်စေသလား။ အချစ်ကရော အရေးတ ကြီးလိုအပ်ချက် မဟုတ် တော့ပြီလား။ အမေ သည် မောင်နှင့် ခိုင့်ဇာတ် လမ်းကို အနည်းအကျဉ်း တော့ ရိပ်မိခဲ့လေသည်။ မိုင်ပေါင်းရာနှင့် ချီ၍ ဝေး ကွာနေပေမယ့် အမေ သည် သမီး၏ အချစ်မှာ ယုံကြည်သော စိတ်နှ လုံးကို သိမြင်ခဲ့သည်။ သို့ပေမယ့် မသိသလို နေ ပေးခဲ့သည်ဟု နားလည် ရသည်။ ခုတော့ အမေ သည် ခိုင့်ဇာတ်မျောကိုအ ဆုံးသတ်လိုခဲ့ပြီ။
          နောက်ပိုင်း ရက် များမှာတော့ ခိုင်သည် စိတ်က တိမ်တွေလို ပေါ့ ပါးလွင့်မျောလျက် ရုပ် ကတော့ ပုံစံခွက်များ ကြားမှာ၊ မောင့်အနီးမှာ နေမြဲတိုင်းပင်။ အမေ့ကို လည်း ဘာစကားမှ ယတိပြတ် ပြောလိုစိတ်မ ရှိသေး။ မောင့်ကိုလည်း အိမ်အကြောင်း ဖွင့်ပြော ၍မပူပင်စေလို။ ဖွင့်ပြော ပြီဆိုပါစို့ လက်ထပ်ကြ စို့ခိုင်ရယ်ဆိုရင် ဘယ်လို လုပ်ပါ့မယ်။ အမေက တော့ မိုက်မဲသော သမီး ကို တစ်ခဏ စိတ်အခန့်မ သင့်တာရှိကောင်းရှိမည်။
ချစ်စိတ်နှင့် နောက်တော့ လည်း ခွင့်လွှတ်နိုင်မည် ဟုခိုင်ယုံကြည်လေသည်။ သို့ပေမယ့် ခိုင်က သတ္တိ နည်းပါးဆဲ။ ဘဝကမရေ ရာ။ အနာဂတ်သည် မရေရာ။ အချစ်ကလွဲလို့ ဘဝမှာ ကံကြမ္မာလည်း မရေရာ။
          ''ဆောက်လိုက်ကြ တဲ့ ကန်ထရိုက်တိုက်တွေ နော်ခိုင်။ နောက်ဆို ဒီ လမ်းထဲ တိုက်ခန်းတွေ များလာဦးမှာပဲ။ မောင် များတစ်ခန်းလောက် ပိုင် ရင်ကွာ''”
          ခိုင်နေသည့် သီရိမေ အဆောင်ရှိရာ ဇေယျာသီ ရိလမ်းထဲ လိုက်ပို့လျှင် မောင်က မှတ်မှတ်ရရ ဆို တတ်လေသည်။ ခိုင် သည် မောင့်မျက်နှာကို စာနာစိတ်နှင့် ငေးမော မြဲ။ ဇာတ်လမ်း အဆုံး သတ်လည်း မရောက် တော့ဘူး ထင်ပါရဲ့မောင်
ရယ်။ လမ်းခွဲကြပါစို့ရဲ့။ ခိုင်သည် ကိုယ့်အတွေး ကိုယ်ပြန် ထိတ်လန့်၍ နေပြန်သည်။ မောင်က ရိုးသားသလောက် ခိုင်က မရိုးသားနိုင်တော့ပေ။ အဆောင်ရှေ့ရောက်လို့ မောင် နှုတ်ဆက်လှည့် ပြန်သွားလျှင် ခိုင်သည် ဝမ်းနည်းတွေဝေလာပြန် သည်။ မောင့်ကို အခါ များစွာကထက် ချစ် မြတ်နိုးလာပြန်သည်။
          ခုတလော ခိုင်သည် လမ်းခွဲစကားဆိုဖို့ အ ကြိမ်ကြိမ်တွေးနေခဲ့တာ ဝန်ခံရပေမည်။ လမ်းခွဲ ကြတာဟာ နှစ်ယောက် လုံးအတွက် အကောင်း ဆုံးဖြစ်မလား။ မောင် လည်းအနှောင်အဖွဲ့ကင်း ကင်း ကြိုးစားခွင့်ရမည်။ ခိုင့်မှာလည်း မိသားစုက စိတ်ချမ်းသာမည်။ သို့ သော် လက်တွေ့ဘဝ သည် စိတ်ကူးလောက် လွယ်ကူမှု မရှိနိုင်ပေ။ တကယ့်တကယ်မှာ မောင်လည်း ပြိုလဲရ မည်။ ခိုင်လည်း နာကျင် ရမည်။ ခုနစ်နှစ်စာ သံ ယောဇဉ်ကို ဘယ်သို့မေ့ ဖျောက်ရမည်လဲ။ လမ်းမ ခွဲဘဲ ရှေ့ဆက်လျှောက် လို့ကတော့ အချစ်မှာ အေးမြသာယာမည်။ အ နာဂတ်ကတော့ ဝေဝါး ဆဲပဲရှိမည်ထင်ရသည်။
          ဒါနှင့်ပဲ စိတ်နှင့်ကိုယ် အကြိမ်ကြိမ် အငြင်း ပွားမှုများကြားမှာ ခိုင် သည် တွေဝေမြဲပင်။ ဘာကိုမှ မဆုံးဖြတ်နိုင်။ သို့သော် အချစ်က ခိုင် မာမြဲ။ ဒါကိုတော့ စိတ်မှာ အထပ်ထပ်သေချာသည်။
          ပွင့်လင်း သာယာ သော ရာသီဝင်လာလျှင် မောင့်မွေးနေ့ တဖြည်း ဖြည်း နီးကပ်လာသည့် အခါ ခိုင့်စိတ်နှလုံးသည် အခါများစွာကလို ပူနွေး လှုပ်ခုန်ပြန်လေသည်။ နှစ်ရှည်ကြာပြီ ဖြစ်ပေ မယ့် မပြောင်းမလဲ ရင် ခုန်မြဲ။ ဆန်းသစ်မြဲ။ မောင်က ကိုယ့်မွေးနေ့ ကိုယ် မေ့လျော့နေတတ် သူ။ ခိုင်ကတော့ အသေး
အဖွဲကအစ မှတ်သား ဥာဏ်ရှိသူတည်း။ မောင့် အတွက် မွေးနေ့လက် ဆောင်ကို တအံ့တသြ ဖြစ်စေရန် အမှတ်တမဲ့လို လို ဖန်တီး၍ ခိုင်က နှစ် တိုင်းပေးတတ်ခဲ့သည်။ မွေးနေ့ပင် သတိမရတတ် သော မောင်က အံ့သြ ဝမ်းသာမြဲပင်။ ခိုင့်လက် ဆောင်များသည် တန်ဖိုး ကြီးပစ္စည်းများ မဟုတ် သော်လည်း မောင်က နှစ်သက်တတ်ခဲ့သည်။
          သည်နှစ်တော့ ခိုင် သည် မွေးနေ့မှာ ကဗျာ ချစ်သောမောင့်ကို ကဗျာ စာအုပ် တချို့လက် ဆောင်ပေးဖို့ ဆုံးဖြတ် သည်။ မောင်နှစ်သက် သောကဗျာဆရာ ဇေ ယျာလင်း၏ စာအုပ်များ ဖြစ်ပါသည်။ အညိုနု ရောင် စက္ကူအလှနှင့် သေသေသပ်သပ် ထုပ်ပိုး ထားသည့် ခိုင့်လက် ဆောင်ကို မြင်လျှင်တော့ မောင့်မျက်လုံးတို့သည် ဟိုး အရင်ချစ်သူဖြစ်စ နှစ်တွေတုန်းကလိုပင် လင်းလက်တောက်ပမြဲ။ ဒါဟာ နှစ်သိမ့်ခြင်း၏အ ရိပ်အယောင်။ ခိုင်သည်
မောင့်မျက်နှာကို ချစ်ခင် စိတ်နှင့် အရိပ်ကြည့် ငေး မောနေခဲ့သည်။
          ''ကျေးဇူးတော့ တင် ပါရဲ့ခိုင်ရယ်။ ဒါပေမယ့် ဒီနေ့အဖို့တော့ မွေးနေ့ ရှင်က တခမ်းတနားကျွေး မွေးဖို့ ခက်ခဲနေတာ စိတ် မကောင်းစရာပဲ''”
          မောင့်မျက်နှာက ညှိုး လျချင်ဆဲ။ ခိုင်သည် စိတ်ကူးဥာဏ်လင်းပွင့် သလို လက်ခနဲ ပြုံးလိုက် သည်။
          ''ကော်ဖီ တစ်ခွက်ဖိုး တော့ ရှိတယ်မဟုတ် လား မောင်ရဲ့''
          ''အင်း ရှိသားပဲ။ ကော်ဖီ တစ်ခွက်ဖိုး တောင်မကဘူး။ ပိုဦး မယ်''”
          မောင့်မျက်နှာ သည် လိုဆိုတော့လည်း ပြုံး ရွှင်စပြုလာပြန်သည်။
          ''ဒီလိုဆို ခိုင့်ကို ကော် ဖီလိုက်တိုက်။ နှစ် ယောက်တစ်ခွက် မဟုတ် ဘူး။ တစ်ယောက်တစ် ခွက် သောက်ကြမယ်။ အိုကေနော်''
          ကျောင်းတုန်းကလို ပင် ခိုင်သည် ပြုံးရွှင်မူရာ နှင့် စကား ဆိုမိပြန်သည်။ မောင်နှင့်အတူ ရယ်မော မိပြန်သည်။ သည်လိုသာ အမြဲပြုံးနိုင်လျှင်တော့ ပြက္ခဒိန်တို့က ဆေးရောင် စုံ နုသစ်၍ ရင်ဆိုင်ရဲချင် စရာ။ သို့ပေမယ့် လက် တွေ့ဘဝဆိုတာမျိုးက ကဗျာစပ်ရုံလောက်နှင့် လည်းပြည့်စုံတာမဟုတ် ပေ။

စံပယ်ဖြူနု
(ရွှေအမြုတေမဂ္ဂဇင်း၊ သြဂုတ်၊ ၂ဝ၁ဝ)

1 comments:

ဆရာမရေ
ဒီစာမူလေးကို နေခြည် ဖတ်သွားတယ်နော် အစအဆုံးပဲ
ကောင်းလိုက်တာနော် အရေးအသားလေးတွေက အားကျစရာပါပဲ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More