ပြန်နှင့်သူ၏ ခရီးရှည်


အပြင်ဘက်တွင် နေသည် ခြစ်ခြစ်တောက် ပူပြင်းလျက်ရှိလေသည်။ တံလျှပ်ထသည်ဟုပင် ထင်ရချင်သော မြေပြင်ကိုဖြတ်ကာ ကျွန်မလျှောက်လာခဲ့သည်။ ရာသီက လည်း ပူသလို ပတ်ဝန်းကျင်ကလည်း အပူတို့လွှမ်း သော ဝန်းကျင်။ မစည်ကားအပ်ဘူး ဆိုနိုင်ပေမယ့် သည်နေရာကတော့ ရောက်ဖြစ်တိုင်း စည်ကားနေတာကို တွေ့ရမြဲ။ လူဝင်လူထွက် ပြတ်သည် မရှိ။ ကားတစ်စီး ထွက်ခွာချိန်တွင် ကားအသစ်တစ်စီးက ဝင်လာတတ် သော နေရာ။ လူအများပြန်လည် ထွက်ခွာချိန်နှင့် တစ်ပြိုင်နက်မှာပင် တဖွဲဖွဲ ဝင်ရောက်လာသူများကိုလည်း တွေ့နိုင်သေးသည်။  ပတ်ဝန်းကျင်သည် အသံများစွာ နှင့် လှုပ်ခတ်လျက်နေသည်။ လူအုပ် များအကြားက ဖြတ်ရလျှင် စကားပြော သံ၊ သတင်းမေးသံများ၊ ငိုသံများကို ကြားရသည်။ အခန်းငယ်လေးများသည် ဧည့်ပရိသတ်တို့နှင့် ပြည့်လျက် ရှိသည်။ တချို့  အခန်းငယ်များကတော့ လူတို့ ယခုမှရောက် စပြုတာ တွေ့ရ သည်။ ကျွန်မသွားလိုသော အခန်းကရော ဘယ်မှာပါလိမ့်။ နာမည်ကတ်ပြားများကို တစ်ခုချင်း ဖတ်၍ ရှာနေရ သည်။ ဟောဟိုမှာ တွေ့ရပြီ။ မြယဉ်မွန် ..။ မြယဉ်မွန်၏ နာမည်ကို ကျွန်မတွေ့ပြီ။
မြယဉ်မွန်နှင့် စတွေ့တုန်းကတော့ ကျွန်မတို့သည် ငယ်ရွယ်သေးသော၊ ပညာနှင့်တကွ အပြောကျယ်ကျယ် လူမှုဘဝကို စတင်သင်ယူရသော တက္ကသိုလ်ကျောင်း သူဘဝမှာ ပင် ရှိကြသေးသည်။ မန္တလေး တက္ကသိုလ်ကျောင်းသူဘဝတွင် တခြား တခြားသော သူငယ်ချင်းများနှင့် အခွင့်ကြုံဆုံစည်းရသလိုပင် မြယဉ် မွန်နှင့်လည်း ရင်းနှီးရသည်။
မြယဉ်မွန်က ကျွန်မတို့အဆောင်ဘေးက အဆောင်မှာပင် နေသည်။ ကျောင်းတွင်တော့ သူတို့မေဂျာစာသင် ခန်းသည် ကျွန်မတို့အတန်းရှေ့ကော် ရစ်ဒါကို ဖြတ်ပြီး မှရောက်သည်။ နေ့ စဉ် မျက်မှန်း တန်းမိကြတော့လည်း ပြုံးပြနှုတ်ဆက်ကြမြဲ။ တစ်ဦးနှင့် တစ်ဦး ဘယ်မေဂျာက ဘယ်သူရယ်လို့ သိကြသည်။ သို့သော်လည်း ရင်းနှီးလှ သည်ဆိုသောအဖြစ်သို့ ရောက်စရာ အကြောင်းလည်း တော်တော်နှင့် မပေါ်ခဲ့ပါပေ။
သူသည် နေ့စဉ်အချိန်မှန် အတန်းရှေ့က ဖြတ်မြဲ။ ကျွန်မတို့ အတန်းထဲက ယောက်ျားလေးများက လည်း မြယဉ်မွန်ကို ငေးမောမြဲ။ မြယဉ်မွန်က ငေးမောချင်စဖွယ် လှပ သည် မဟုတ်လား။ ဝတ်စားပြင်ဆင် ဟန် ရိုးစင်းငြိမ်ဝပ်သော်လည်း လှပ ခြင်းကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။ အလှဘုရင်မ မဖြစ်သော်ငြား မြယဉ်မွန်သည် ပထမနှစ် မှာပင် ကျော်ကြား သောကျောင်းသူ ဖြစ်လာသည်။ သူတို့ အဆောင်ရှေ့တွင် ညတိုင်းလို သီချင်းဆိုသူတို့နှင့် စည်ကားမြဲ။ သီချင်းကောင်းများကို ညတိုင်းနားဆင်ရသည့် အတွက် ကျေးဇူး တင်ချင်စဖွယ်ဖြစ်ရသည်။
မြယဉ်မွန်နှင့် တကယ့်တကယ် ရင်းနှီးဖို့ဖန်လာသည်မှာတော့ ကျောင်း မှာ ကဗျာစာအုပ်လေးများ စုထုတ်ကြ စဉ်က ဖြစ်သည်။ မြယဉ်မွန်ကလည်း ကဗျာရေးသည်တဲ့..။ တစ်ရက်မှာ ရူဘီလက်ဖက်ရည်ဆိုင်က ကဗျာ စကားဝိုင်းကို သူရောက်လာသည်။ သူ ရေးသော ကဗျာလေးများကို ယူလာသည်။ သည်စဉ်မှာပင် မြယဉ်မွန်နှင့် ဆွေးနွေး စကားပြောခွင့်ကြုံရသည်။ စိတ်နှလုံးတူသူလို့ ယုံကြည်ခင်မင်စိတ် ဝင်ရသည်။ မြယဉ်မွန်က ပွင့်လင်းရိုးသားသူ။ တည်ငြိမ်သူ။ သူ့ကို ငေးမော တတ်မြဲကျောင်းသားတို့ပင် ရိုးသားစိတ် တစ်ပြန်တစ်လှည့် ဝင်ကြရသည်။ လက်ဖက်ရည်ဆိုင်မှာ တစ်ဝိုင်းတည်း ထိုင်ကြတော့ ကဗျာစိတ်တစ်ခုသာ ကျန်လေသည်။ စာအုပ်ထုတ်ဖို့ လုပ်ကြရသော ရက်များကတော့ ကျွန်မတို့ တတွဲတွဲ ရှိကြမြဲ။ အတန်းပြီးသည်နှင့် လက် ဖက်ရည်ဆိုင်မှာ ဆုံကြသည်။ ကျောင်း အနီးကဆိုင်မှာပင် စာစီရန်ပြင်ကြ သည်။ ဒီဇိုင်းရွေး ရသည်။ ကိုယ့်ကဗျာ လေးများကို ပုံနှိပ်စာလုံးနှင့် မြင်ရတော့ ရင်ခုန်ပျော်ရွှင်ကြသည်။ ကျွန်မတို့တွင် ပြောစရာ စကားများစွာ အသစ်အသစ် ရှိလာကြသည်။ အဆောင် ကလည်း နီးသည်မို့ နေ့စဉ်ပင် အတူပြန်ဖြစ်ကြသည်။ ကျောင်းဝင်းထဲက လမ်းများပေါ် စကားတပြောပြောနှင့် လမ်းလျှောက်ဖြစ်ကြသော ညနေခင်းများ။  သစ်ရွက်ကြွေ များက ရွှေမန်း လမ်းပေါ် တဖွဲဖွဲရှပ်တိုက်ပြေးလွှားဆဲ။ သည်မြင်ကွင်းကိုပင် မြယဉ်မွန်က နှစ်ခြိုက်လှတယ် ဆိုသည်။ ”ငါ ငယ်ငယ်တုန်းကလည်း အိမ်က သစ်ပင်တွေမှာ သစ်ရွက်တွေကြွေရင် ထိုင်ကြည့်နေတာပဲ။ အမေက ပြောတယ်။ စိတ်ကူးယဉ်တာအေတဲ့။ ဟုတ်မှာပဲ။ ဘဝမှာ မဖြစ်နိုင်တာတွေ များခဲ့တော့ စိတ်ထဲမှာ ဖန်ဆင်းရင်းနဲ့ စိတ်ကူးယဉ်တတ်လာတာ ထင်တာ ပဲ”
”ဒါပေမဲ့ မြရယ်။ မင်း ကဗျာတွေ ကတော့ စိတ်ကူးယဉ် မဆန်ပါဘူး” ဟု ကျွန်မက ရယ်ရယ်မောမော ပြော မိသေးသည်။
”ငါ စာရေးရင်တော့ အပြင်မှာ တကယ်ရှိတာကို အတွေးနဲ့ပေါင်းရေး ဖြစ်တာများတာပဲ”
”ဒါဖြင့် အချစ်နွယ်ပင် ကဗျာက ရော”
မြယဉ်မွန်သည် သူ့ဟန်အတိုင်း နှုတ်ခမ်းကို လှပစွာ တွန့်ချိုးလျက် ပြုံးလိုက်ပါသည်။
”ဒါက စိတ်ကူးယဉ်တာ။ ခြွင်း ချက်ပေါ့။ ဒီကဗျာတစ်ပုဒ်ပဲ အချစ်ကို စိတ်ကူးယဉ်ရေးဖူးသေးတယ်”
သည်တုန်းက မြယဉ်မွန်တွင် အချစ်မရှိသေး။ အချစ်ကို တွေ့ရှိချိန် မရောက်သေး။ မြယဉ်မွန်၏ သတင်း များကသာ လူသတင်း လူချင်းဆောင်ဆဲ။
”အဖေဆုံးတုန်းက ငါ ငယ်သေးတယ်။ ရှစ်တန်းကျောင်းသူပေါ့။ အဲဒီ အချိန်ကတော့ ဘဝမှာ အခက်ခဲဆုံး ကာလပဲ။ အမေတစ်ယောက်ပဲ တစ်အိမ်လုံးကို ကြည့်နေရ တာ။ စီးပွားရေး ကလည်း အဆင်မပြေဘူးလေ။ အဖေ့ကို ကုခဲ့ရတာတင် မနည်းဘူးကိုး”  စိတ်နှလုံးချင်း ထပ်တူမျှရင်းနှီး လာကြတော့ မြယဉ်မွန်သည် အိမ်အကြောင်း   ပြောဖော်ရလာသည်။ သည်တော့မှပင် အများကမြင်ကြသလို လှပသော မိန်းကလေးဆိုသည့် အလွှာ တစ်ခုထက်ပိုသည့် နောက်ကွယ်ကို ကျွန်မသိမြင်လာရ ပါသည်။   မြယဉ်မွန် မှာ သူချစ်သော မိသားစု အပေါ် အမြဲ တစေ ပူပန်ကြောင့်ကြစိတ် ရှိနေသည်။ သူ့မိခင်က တက္ကသိုလ်ပို့သည်ကိုပင် မလာရက်ဘူးတဲ့။ ပညာထူးချွန်သော သမီးလေးမို့ မိခင်က ထွန်းပေါက်စေချင်တော့ စွန့်၍ပို့ရှာတယ်ဆိုသည်။ ညီမလေး နှစ်ဦးကတော့ ဇာတိမြို့ကလေးမှာ အလယ်တန်းကျောင်းသူမျှသာ ရှိကြဆဲ။ ”တစ်နေ့ ကျရင် ငါက အမေ့နေရာကို ယူရမှာ” ဟု ပြောပြတော့ သူ့ အပေါ် ပိုလို့ နားလည် စာနာလာရသည်။ ဒါကြောင့်သာ မြယဉ်မွန်ဟာ နှလုံးသား အေးစက်သူ ဖြစ်လာတာ ထင်ပါရဲ့။ သူ့ပတ်ဝန်းကျင်တွင် ဝန်းဝိုင်းနေသော ကျောင်းသားတို့ကို ရွေးချယ်ဖို့ စိတ်ကူးရှိပုံမပေါ်။ စာကြိုးစားသော၊ ကဗျာချစ်တတ်သော မြယဉ်မွန်။  တက္ကသိုလ် ဒုတိယနှစ်တွင်တော့ ကျွန်မတို့ တစ်ဆောင်တည်း နေဖြစ်ကြသည်။ တစ်ခန်းတည်း မဟုတ်သော်လည်း ယခင်ကထက်ပို၍ ရင်းနှီးနွေး ထွေးစွာတွေ့နိုင်သည်။ တိုင်ပင်နိုင် သည်။ ပူပန်စရာများ ကို ဝေမျှလျက် ဝမ်းသာဖွယ်တို့ကို အတူတူခံစားနိုင်သည်။ တမာရိပ်မိုးသော လမ်းများထက် နံနက်ခင်းဆို ကျောင်းအတူသွားကြသည်။ ညနေတိုင် လျှင်တော့ ကျောင်းဝန်းထဲမှာ အေးအေးလူလူ လမ်းလျှောက်ကြမြဲ။ စက်ဘီးနှင့်ဖြစ်စေ၊ ဆိုင်ကယ်နှင့်ဖြစ်စေ မြယဉ်မွန်ကို အနီးကပ်လိုက်ကာ စကားဆိုဖို့ကြိုး စားမည် ဆိုပါတော့။ စိတ်ဝင်စားမှုမရှိ သော မျက်နှာမူရာကြောင့် ဘယ်သူမျှတော့ ကြာရှည် စိတ်မရှည်နိုင်ပေ။ မြယဉ်မွန် မချစ်တတ်ဘူးလားလို့ အားလုံးက တွေးထင်ဆဲ။  တကယ့် တကယ်မှာတော့ မြယဉ် မွန်လည်း ချစ်တတ်ပါသည်ဆိုတာ တစ်နေ့မှာ သိခွင့်ကြုံကြသည်။
ညနေခင်းဆိုလျှင် လမ်းလျှောက် နေကျအဖြစ်မှ  မြယဉ်မွန် ဧည့်မျှော်ချင် လာသည်ကို ပထမ စမြင်ရသည်။ အဆောင်ကို လာလည်ချင်သူများစွာ ရှိသည့်အနက်က ထိုတစ်ယောက်ကို တော့ မြယဉ်မွန်က ဧည့်ထောက်ခံခဲ့ပြီ။ ညနေတိုင်း မှန်မှန်လာတတ်သော ဧည့်သည်မှာ မေဂျာတူသူငယ်ချင်းမျှ သာဖြစ်သည်လို့ စူးစမ်းလို သူများ ကို မြယဉ်မွန်က ကြေညာထားသည်။ သို့သော် အဆောင်ရှေ့စကားဆိုကြ သော အမူအရာများက သူငယ်ချင်းလည်း မကချင်သည်ကို အားလုံးက သိကြသည်ပင်။ သို့သော် အနေတည်သော မြယဉ်မွန်ကို သည့်ထက် မစ နောက်ရဲ။ တစ်နေ့ ချစ်သွားကြမှာပါလို့ တော့ ထင်ကြေးပေးခဲ့ကြသည်။ တကယ်လည်း အားလုံး၏ အထင်မှန် သည်ကို  တွေ့လာရသည်။ တစ်ညမှာ မြယဉ်မွန်က ကျွန်မကို သတင်းဦး တီးတိုးပြောပြသည်။ မြတို့ ချစ်သူဖြစ်သွားကြပြီတဲ့။ မြယဉ်မွန်၏ မျက်နှာမှာ ပန်းသွေးအရိပ် ထင်ဆဲ။ ခုတော့လည်း သူသည် အချစ်ကို ခွန်အားတစ်ခုသဖွယ် လက်ခံရလေပြီ။
”ငါက မချစ်ဘူးနေတာပဲ။ ဒါပေမဲ့ မရဘူးလေ။ ဘယ်လိုချစ်မိသွားတယ် မသိဘူး။ တက္ကသိုလ်မှာ ချစ်သူမထားဘူးလို့တောင် ရည်ရွယ် ထားတာ” ဟု တစ်ကြိမ်မှာ ပြောပြ   သေးသည်။ မြယဉ်မွန်၏ စိတ်ထဲတွင် ဘယ်သို့သော အတွေးများရှိနေပါသနည်း။ ချစ်သူတွေ့သည်ကိုပင် နောင်တရနေ လေသလား မသိ။ အတွေးများစွာ ဝေ့လည်နေ ဟန်ရှိသော မျက်နှာကို သာ အဲသည်တုန်းက ကျွန်မတိတ် တဆိတ် ငေးနေခဲ့မိပါသည်။
ဘယ်လောက်ပင် တက္ကသိုလ်၏ အရိပ်၌ ပျော်မွေ့သည်ဆိုသော်လည်း အချိန်တန်တော့ ကျွန်မတို့အားလုံး သည် တက္ကသိုလ်မြေကိုရော ခင်မင်ရ သော သူငယ်ချင်း များစွာကိုပါ နှုတ် ဆက်ခွဲခွာရပါသည်။ သည်အထဲတွင် ကျွန်မနှင့် မြယဉ်မွန်ကတော့ တစ်မျိုး တစ်ဖုံရေစက်ဆက်ခဲ့သူများလို့ ဆိုကောင်းဆိုနိုင်သည်။ မြယဉ်မွန်က ရန်ကုန်မှာ အလုပ်သွားလုပ်မယ်ဆို သည်။ ကျွန်မမှာလည်း အဲသည်စိတ် ကူးက ခိုတွယ်ခဲ့သည်မှာ ကြာပြီ။ သို့သော် ကျွန်မက နယ်ပြန်ရဦးမည်။ မိဘများနှင့် တစ်လ တန်သည်၊ နှစ်လ တန်သည် နေလိုသေးသည်။ သည်မှာပင် မြယဉ်မွန်က သူသွားနှင့်မည် တဲ့။
”မောင်မောင်က နယ်မှာပဲအလုပ် ပြန်လုပ်မတဲ့။ သူကအိမ်မှာ သားအကြီး ဆုံးကိုး။ ငါ့ကို တစ်ခါတည်းလိုက်ခဲ့ပါ လားတဲ့။ အိမ်လိုက်တောင်းမတဲ့။ ဘယ်ဖြစ်မှာလဲကွယ်၊ အိမ်မှာလည်း ငါပဲရှိတာ”  မန္တလေးမှာ နောက်ဆုံးနေရ သောည၌ မြယဉ်မွန်က ပြောပြသည်။ ညနေကပင် သူ မောင်မောင့်ကို ဘူတာသို့ လိုက်ပို့ခဲ့သေးသည်။ သူတို့ တစ်လမ်းစီခွဲကြရပြီ။ မြ မငိုဘူးလား ဆိုတော့ ရယ်မောဆဲ။ သို့သော် မျက် ဝန်းမှာတော့ ရီဝေညိုလဲ့ချင်သည်ကို တွေ့ရပါသည်။
”သူရန်ကုန်ကို တစ်ခါတလေ လာနိုင်ရင်တော့ တွေ့ကြတာပေါ့ဟာ။ ဘယ်နေ့ ဘယ်တော့နီးနိုင်မယ်တော့ ငါမပြောတတ်ဘူးပေါ့”
အဲသည်ညက တစ်ခန်းတည်း အတူအိပ်ဖြစ်ကြသည်ုဖြစ်လေရာ ကျွန်မ အိပ်ရာဝင်သည့်တိုင် မြယဉ်မွန် တော်တော်နှင့် မအိပ်သည်ကို သိရသည်။ စာကြည့်စားပွဲတွင် အတော်ကြာ ထိုင်နေသည်။ သူ ကဗျာရေးနေခဲ့သလား မသိ။ နောက်တစ်နေ့တွင်တော့ ကျွန်မတို့ ခေတ္တခွဲခွာရသည်။ မြယဉ်မွန် ခရီးစလေပြီ။
မိဘများထံတွင် နှစ်လမျှကြာပြီး သည့်နောက် မြယဉ်မွန်နှင့် ကျွန်မ ပြန်ဆုံကြရပါသည်။ သူ့နေရင်းဖြစ်သည့် အဆောင်တွင် ကျွန်မလိုက်နေ ဖြစ်သည်။ သူက အပေါ် ထပ်တွင် နေရာရသည်။ ကျွန်မကတော့ အောက်ထပ်က နှစ်ယောက်ခန်းမှာ။ သည်တုန်းက မြယဉ်မွန်က အလုပ်ဝင် နေပြီ။ မနက်ခင်းများဆိုလျှင် လှပသော ရုံးယူနီ   ဖောင်းလေးနှင့် သူအလုပ် သွားလျှင် ကျွန်မကတော့ အလုပ်ခေါ် စာများကို ခေါင်းစိုက်ရှာဖွေရသည်။ အဆောင်တွင် ငါးလမျှနေပြီးမှ အလုပ် ရတော့သည်။ သို့သော် ထုံးစံအတိုင်း လစာကတော့ မကောင်းသေး။ နေတော့ နေပျော်သည်ဆိုရမည်။ အလုပ် တစ်ခုလည်း ရှိသည်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းကလည်း အနီးမှာ ရှိသည်မဟုတ်လား။
ကျွန်မတို့သည် အားလပ်ရက်များ မှာ မချက်ရတားမြစ်ထားသည့်ကြားက ထမင်းဟင်းများ ခိုးချက်စားကာ စာအုပ်များတစ်ဝ ဖတ်ကြသည်။  ငွေကလေးများ ပေါများ   သော  လဆန်း ရက်မျိုးဆို ရုပ်ရှင်ကြည့်ကြသည်။ သူတကာလို အဆောင်မှာ ဧည့်သည် မျှော်စရာလည်း မရှိ။ ညနေခင်းများ မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်နိုင်ကြသေးသည်။ သို့သော် တနင်္ဂနွေနေ့ ည ၇ နာရီကျော်လျှင် တော့ မြယဉ်မွန်က ဖုန်းမျှော်ရပါ သည်။ ”မောင်မောင်က ငါ့ကိုစိတ်မချ ဘူးတဲ့ဟာ” ဟု မြယဉ်မွန်က ရယ်ရယ် မောမော ပြောပြတတ်သည်။ တကယ်လည်း စိတ်မချဖွယ်ရာ ဖြစ်သည်ကို အနေကြာလာတော့ ကျွန်မသိလာရပါသည်။ လမ်းထဲတွင် မြယဉ်မွန်သည် ကျောင်းမှာ တုန်းက လိုပင် နာမည်ကြီးနေပြန်သည်။ သူမို့ ရုံးသွားမည်၊ ရုံးပြန်မည်ဆိုလျှင် စောင့် ကြည့်သူမရှား။ ပြီးတော့လည်း ဘယ် သူနှင့်မှ တွဲသွားတွဲလာ မတွေ့ဖူးကြ ဘူး မဟုတ်လား။ စိတ်ကူးယဉ်လိုသူတို့ က စိတ်ကူးယဉ်နိုင်ကြဆဲ။ မြယဉ်မွန် ကတော့ အနေတည်ငြိမ်သူဖြစ်မြဲပင်။ အဆောင်မှာတော့ မြယဉ်မွန်က အနေသိုသိပ်သည်။ ဖုန်းလက်ခံပြော မြဲဖြစ်သော်လည်း မောင်မောင့်အကြောင်း ဘယ်သူ့ကိုမျှ တခုတ်တရ မပြောတတ်။ သူပြောစရာရှိလျှင် ကျွန်မထံသို့သာ ရောက်လာတတ် သည်။ သို့သော်လည်း သည်လိုတစ်ခွန်းစ နှစ်ခွန်းစကို ဘေးကကြားရုံနှင့်ပင် ကြာလာတော့လည်း မြယဉ်မွန် မှာ ချစ်သူရှိသည်ဆိုတာ အဆောင်မှာ လူသိလာပါသည်။
”မြယဉ်မွန်ချစ်သူက နယ်ကပဲ လား၊ နိုင်ငံခြားမှာလား” ဟု ကျွန်မ၏ အခန်းဖော် မမဦးက စူးစမ်းလျှင် ပြုံးရုံသာပြုံးနေသည်။ နောက်မှ အားနာသည်လား မသိ။ နယ်က ပါလို့ တီးတိုး ဆိုသည်။
မမဦးက သည့်ထက်ပိုစနောက် လိုဟန်ရှိဆဲ၊ မြယဉ်မွန်က စကားလမ်း ကြောင်းပြောင်းတာ ကြုံရသည်။ ဒါနှင့်ပင် စကားဝိုင်းသည် တခြားသော အကြောင်းအရာ ဆီ ရောက်ရသည်။ ကျွန်မကတော့ မြယဉ်မွန်၏အသိရ ခက်သလိုထင်ရသော မျက်နှာကို ငေး မောဆဲ။ တစ်ညတုန်းက မောင်မောင့် အကြောင်း သူပြောခဲ့ဖူးသည်ကိုလည်း သတိရနေပါသည်။
”မောင်မောင်ကလည်း လက်ထပ်ချင်ပြီတဲ့။ ငါသူ့ကို မယူရဲပါဘူး ဖြူဖြူရယ်။ နှစ်ယောက်ပေါင်းဖို့က သူ့ မှာရော ငါ့မှာရော ငဲ့စရာတွေက များမှများ” ဟု မြယဉ်မွန်က   ပြောခဲ့သည်။ ဖုန်းပြောရတာလည်း ငါအရင်လို မနွေးထွေးနိုင်တော့ဘူးတဲ့။ မြယဉ်မွန် က အေးစက်လာသည်လား။
”တစ်နေ့တော့ လက်ထပ်မှာ မဟုတ်လား မြရယ်။ နင်သူ့ကိုပဲ လက် ထပ်မှာမဟုတ်လား။ ဒါမှမဟုတ် အိမ်ထောင်မပြုဖို့များ စဉ်းစားထားတာလား”
”မပြောတတ်သေးပါဘူးလေ။ ချစ်တုန်းကတော့ လက်ထပ်ဖို့ရည်ရွယ် ထားတာပါပဲ။ ခုတော့ ငါ့မှာစဉ်းစား စရာတွေက များလာတယ်။ နှစ်ယောက်ပျော်ရွှင်ရုံသက်သက်နဲ့ ငါအိမ် ထောင်ပြုသင့်ရဲ့လား စဉ်းစားနေတုန်း ပဲ။ ခုထိတော့ ဘာမှမသေချာသေးဘူး”။ မြယဉ်မွန်မှာ သူ့ဟန်အတိုင်း တွေး တွေးဆဆရှိပုံပေါ်ကာ နေသည်။ ကျွန်မကလည်း သည့်ထက်ပို၍ မေးမြန်းလိုစိတ် မရှိပါ။ ခင်မင်လှသည်ဆို ပေမယ့် သူတစ်ပါး အရေးကိစ္စများကိုတော့ လိုသည်ထက်ပို၍ မစူးစမ်းလို။  ကျွန်မရှေ့တွင် အေးစက်ချင်ဟန် စကားများပြောခဲ့ဖူးသော မြယဉ်မွန် သည် ဖုန်းခေါ်တိုင်းမှာတော့ မောင် မောင်နှင့်စကားဆိုမြဲ။ အားလပ်ရက် ညနေခင်းများမှာ ကျွန်မနှင့် အချိန်ကုန် ဆုံးမြဲ။ ဘဝတွင် သည်လိုသာပုံမှန် လည်ပတ်မြဲရှိဦးမည်ဟု ထင်ခဲ့ရသည်။ ပြောင်းလဲရဦးမည့် ကံကြမ္မာဆိုက် ရောက်လာဦးမည်ကို ဘယ်သူမျှမသိ နိုင်ခဲ့သေး။ သူကိုယ်တိုင်လည်း မသိ နိုင်ခဲ့ဘူးထင်ပါသည်။
ထိုစဉ်က အလုပ်တာဝန်နှင့် ကျွန်မရှမ်းပြည်နယ်က ရုံးခွဲဆီရောက် နေခဲ့သည်။ အဲသည်မှာ ငါးလခြောက် လမျှ ကြာခဲ့သည်။ အေးမြသောရာသီ တွင် အသား တကျဖြစ်ဆဲ၊ ရိုးသားသော တိုင်းရင်းသားများအပေါ် ခင်မင်နှစ်လိုဆဲ။ အချိန်တန်တော့လည်း တစ်ခဏမျှခိုနားရသော နေရာကို နှုတ်ဆက်ရသည်။ မြို့ပြဆီ လည်ပြန် ခရီးနှင်ခဲ့ရပါသည်။  အဆောင်မှာတော့ ကျွန်မမရှိ သောကာလများအတွင်း အပြောင်း အလဲတချို့ ဖြစ်ခဲ့သည်တဲ့။ အဆောင်က ခင်မင်ရသော သူငယ်ချင်းတစ်ဦး မြို့ပြကိုစွန့်ကာ နယ်မြို့ကအိမ်ဆီ အပြီးပြန်သွားခဲ့ပြီ။ ကျွန်မ၏အခန်းဖော် မမဦးတစ်ယောက်ကတော့ အူအတက်ပေါက်ကာ ဆေးရုံတက်ခဲ့ ရသည်။ ကျွန်မပြန်ရောက်တော့ အနားယူဆဲ။ အိပ်ရာပေါ်မှာပေမယ့် ပြုံးရွှင်လျက်။ သူ့မှာ ကျွန်မကိုပြောပြ စရာ သတင်းစကားတစ်ခုရှိနေပါ သည်။
”ဖြူဖြူရေ ညည်းသူငယ်ချင်း တော့ အိမ်ထောင်ပြုတော့မလို့တဲ့။ မြယဉ်မွန်လေ”
မမဦးကို တအံ့တသြပင် လှမ်း ကြည့်မိပါသည်။ မြယဉ်မွန်နှင့် ကျွန်မ သည်ကြားထဲ ဖုန်းအဆက်အသွယ် ပြတ်သလောက် ဖြစ်နေခဲ့သည်မဟုတ် လား။ သူ့ထံက ဘာသတင်းစကားကို မှ ကျွန်မ သိခွင့်မရခဲ့။ သို့သော် အံ့သြ စိတ်ကို ဝမ်းသာမှုက ခဏချင်းပင် အနိုင်ယူလိုက်ပါသည်။
”ကောင်းတာပေါ့ အစ်မရယ်။ ကျွန်မကဖြင့် မောင်မောင်နဲ့ သူ့ကို ယူစေချင်တာကြာပြီ”
”ဖုန်းဆက်နေတဲ့ တစ်ယောက် ကို ပြောတာမဟုတ်လား။ သူမဟုတ် ဘူး ဖြူဖြူရဲ့။ အခုက သူတို့မြို့ကပဲ တဲ့”
သည်တစ်ကြိမ်တော့ ကျွန်မအံ့အားတသင့်နှင့် ငေးငိုင်သွားမိပါသည်။ သည်အဖြစ်ကိုတော့ ကျွန်မဘယ်တုန်း ကမျှ မမျှော်လင့်ခဲ့ပါ။ မြယဉ်မွန် ဘာကြောင့်များ သည်လို ဆုံးဖြတ်ခဲ့ပါ သနည်း။ ကျွန်မနှင့် ဝေးနေသော ကာလများအတွင်း သူသည်လို ဆုံး ဖြတ်နိုင်အောင် ဘယ်အရာတွေကများ တွန်းအားဖြစ်စေခဲ့သလဲ။ မမဦးက လည်း သူ့အကြောင်းကို သည်မျှသာ ပြောပြနိုင်သည်။ ကျွန်မမှာတော့ ခရီးပန်းသည်ထက်ပင် မောပန်းလာပါ သည်။ ဖြစ်နိုင်လျှင်တော့ မြယဉ်မွန်ကို အဲသည်နေ့က တွေ့ချင် ခဲ့သည်။ သို့ သော် သူကတော့ အမေဖြစ်သူလိုက် လာသည့်အတွက် အမျိုးအိမ်တစ်အိမ် မှာ သွားနေရသည်တဲ့။ မြယဉ်မွန်၏ ရုံးကို နောက်တစ်နေ့မှာ ဆက်သွယ် တော့ လည်း ခွင့်ယူထားတယ်ဆိုပါ သည်။
တွေ့ချင်သူကို တွေ့ခွင့်ရဖို့ကြိုး စားဆဲ မမျှော်လင့်သူကို ညနေခင်း တစ်ခု၌ ဗြုန်းခနဲ ဆုံရသည်။ လှည်းတန်း၏ လူစည်ကားသော လမ်းသွယ် ထဲဖြတ်ကာ အဆောင်ပြန် လာစဉ် သူနှင့်ဆုံရခြင်းတည်း။ မောင်မောင် သည် ကျွန်မသိခဲ့သော မိတ်ဆွေတစ် ယောက် မဟုတ်ခဲ့သလိုပင် တစ်မူ ပြောင်းလဲကာ နေသည်။ စိတ်မသက် မသာဖြစ် ရခြင်းသည် သူ့မျက်နှာတွင် အထင်းသားပေါ်လွင်နေကာ မျက်နှာ ကလည်း ချောင်ကျနေသည်။ မြယဉ်မွန်၏ သတင်းစကားနှင့် ရန်ကုန်ကို လိုက်လာတယ်ဆိုပါသည်။ သူ့တွင် ကျွန်မကို မေးစရာမေးခွန်းများစွာ ရှိ နေသည်။ သို့သော် ကျွန်မကလည်း ဘာမျှ ရေရေရာရာ သိခဲ့သူမဟုတ်။
ကျွန်မတို့သည် ကော်ဖီဆိုင်တွင် ခေတ္တမျှထိုင်ရသည်။ မောင်မောင်က ရောက်တတ်ရာရာ မြယဉ်မွန်အ ကြောင်း စကားများစွာ ပြောသေး သည်။ မျက်ရည်များ ဝဲချင် သည်ကို မြင်ရသည်။ ကျွန်မမှာတော့ သူ့ကို စိတ်ပြေရာပြေကြောင်းလည်း ပြောပြ နိုင်သည်မဟုတ်။ ပြောပြဖို့ရာလည်း စကားပြောလိမ္မာသူ မဟုတ်ပါပေ။ ဒါနှင့်ပင် လမ်းခွဲကြရသည်။ ခေါင်း ငိုက်စိုက်နှင့်လှည့်ပြန်သွားသော မောင်မောင့်နောက်ကျောကိုသာ ကျွန်မငေး မောနေခဲ့မိသည်။ သည်မြင်ကွင်းကို မြင်လျှင် မြယဉ်မွန် ဘယ်သို့ နေမည် လဲ။
သို့သော် နောက်တစ်နေ့မှာပင် သတင်းစာ၌ နှစ်ဦးသဘောတူလက် မှတ်ရေးထိုးကြောင်း ကြော်ငြာပါလာ သည်ကို တွေ့ရသည်။ အဆောင်တွင် တော့ ပြောစရာ သတင်း အဆန်းတစ် ခု ရသလိုဖြစ်နေကြသည်။ ကျွန်မကို မေးလိုသူများစွာ ရှိသည်ကို ရှောင်ရ သေး၏။ ကျွန်မ ဘာမျှမသိခဲ့ဘူးဆို သည်ကို မယုံနိုင်ကြဘဲ ညာနေတယ် ထင်သူက ထင်သေးသည်။ ဘယ်သူ့ ကိုမှလည်း  ရှင်းမပြလိုပြီ။
သည်ကြားထဲ မောင်မောင်က အဆောင်ကို တစ်ရက်မှာ ရောက်ချ လာတော့ ပိုစိတ်ဝင်စားလာကြပြန် သည်။ ကျွန်မမှာ စိတ်ရှုပ်ထွေးသည့် ကြားကပင် မောင်မောင့်ကို ထွက်တွေ့ ရသည်။ သူဘာပြောမည်ကို ကြိုတင် တွေးမရဖြစ်ရသော်လည်း တကယ့် တကယ်မှာတော့ မောင်မောင်သည် ကျွန်မကို လာနှုတ်ဆက်ခြင်းမျှသာ။ သူပြန်ပါ   တော့မည်တဲ့။
”ငါ သူ့ကို တွေ့ဖို့မကြိုးစားတော့ ပါဘူးဟာ။ သူက အိမ်ထောင်နဲ့ ဖြစ်သွားပြီဆိုတော့ ငါ စောင့်ထိန်းရမှာ ပေါ့။ ပြီးတော့ သူ့ကိုလည်း စိတ်ဒုက္ခ မပေးချင်ဘူး”
ကျွန်မကတော့ မောင်မောင့် မျက်နှာတွင် မြင်တွေ့ရဆဲဖြစ်သည့် ချစ်ခြင်း၏ အရိပ်အယောင်များကိုပင် အားနာပါးနာ ငေးမောနေခဲ့ရပါသည်။ တကယ်တော့ နှစ်သိမ့်ဖို့ရာ လိုအပ်သည် မဟုတ်ပါ။ သူ့စကားများမှာပင် နှစ်သိမ့်နိုင်စွမ်းကို မြင်ခဲ့ရပြီမဟုတ်လား။ ရေစက်ပါ၍ ဆုံကြရသလိုပင် ရေစက်ကုန်တော့လည်း နှုတ်ဆက်ကြ ရသည်ဖြစ်ရာ အဲသည်နေ့ကစလို့ မောင်မောင့်ကို ထပ်မတွေ့ရတော့။ သူ့သတင်းလည်း မကြားရတော့ပါပေ။ မြယဉ်မွန်ကတော့ နောက်တစ်ပတ်မျှကြာလျှင် အဆောင်ကိုရောက် လာသေးသည်လို့ သိရပါသည်။ သို့သော် အဲသည်နေ့က ကျွန်မ မရှိ။ ရုံးဖွင့်ရက်မို့ မမဦးနှင့်သာ တွေ့သွားသည်။ ကျွန်မအတွက် လှပသော ဖိတ်စာလေး တစ်စောင်   ပေးခဲ့သည်ကို သာ တွေ့ရလေသည်။
အခန်းငယ်ထဲတွင် လေသည် တစ်မျိုးတည်းသော ရနံ့ဖြင့် မှုန်မှိုင်း ဝေ့ဝဲနေသည်။ အမွေးတိုင်နံ့နှင့် ပန်း ပွင့်များ၏ ရနံ့တို့ပေါင်းစပ်ထားသော ချိုအီအီရနံ့။ သည် အနံ့ကပင် သည်လို နေရာထိုင်ခင်းမျိုး၏ သင်္ကေတဖြစ်ရ လေသလား မသိ။ ခပ်ဆင်ဆင်ရနံ့ကို တစ်နေရာရာမှာ ရသည်ဆိုလျှင်ပင် ဝမ်းနည်းဖွယ်မြင်ကွင်းတို့ကို ကျွန်မမှာ ပြေး၍ မြင်ယောင်ပြီးဖြစ်နေသည်။ မမြင်ချင်သော်လည်း မြင်ရပြန်သော မြင်ကွင်းများ။ မကြားလိုသော်လည်း ကြားရတတ်သော အသံများ။ ယခု လည်း ကျွန်မသည် ဝမ်းနည်းဖွယ်အရိပ် တို့လွှမ်းသော နေရာတစ်ခုသို့ ရောက် နေပြီ။ လှပသော နှင်းဆီပွင့်များ၊ စံပယ် ပန်းများသည် မြယဉ်မွန်ကို ခြံရံထား သည်။ သူ့မျက်နှာက ပန်းသွေးရောင် ခြယ်သလျက်။ နှုတ်ခမ်းများကတော့ ပြုံးနေသည်လား မသေချာ။ သို့မဟုတ် စကားတစ်ခုခု ဆိုချင်သည့် နှုတ်ခမ်း များလား။ မျက်လုံးများ စေ့ပိတ်ထား ပုံကတော့ အရာရာကို စိတ်ချလက်ချ ရှိသွားတယ် ထင်ရပါသည်။
”ဒီတစ်ခါတော့ တကယ်ရေစက် ကုန်ပြီထင်ပါရဲ့ မြရယ်”
ကျွန်မတီးတိုးဆိုကာ ရှိုက်ငင်မိ ပါသည်။
မြယဉ်မွန် အဆောင်က ပြောင်း ရွှေ့သွားပြီး နောက်ပြန်တွေ့ဖြစ်သည် ကတော့ သူ့မင်္ဂလာဧည့်ခံပွဲမှာ ဖြစ်သည်။ သူကိုယ်တိုင် ဖုန်းနှင့်ပင် မပြောခဲ့သည့်အတွက် မင်္ဂလာပွဲကို မသွားဘူး စိတ်ကူးခဲ့သေးသည်။ နောက်ဆုံးတော့လည်း ကျောင်းတုန်း က ချည်နှောင်ခဲ့သော သံယောဇဉ် ကြိုးများစွာကို သတိတရရှိလာကာ မင်္ဂလာပွဲ ဆီ ရောက်ခဲ့သည်။ မြယဉ်မွန်သည် စိန်ရောင်၊ ရွှေ ရောင်တဖိတ်ဖိတ်တောက်ကာ ရှေးကထက် ပိုလှနေသည်ကို တွေ့ရသည်။ မိခင်ရော ညီမလေးတို့ကိုပါ တောက်ကြွား   သော အပြင်အဆင်များနှင့် ပြုံး ရွှင်နေသည်ကို မြင်ရလျှင် ကျွန်မ နားမလည်နိုင်ခဲ့သော မြယဉ်မွန်၏ လမ်းသစ်ထွင်ခြင်းအပေါ် နားလည်စ ပြုလာပါသည်။ ကျွန်မကို   တွေ့တော့ မြယဉ်မွန်မှာ မျက်ရည်များ ဝဲနေခဲ့သေးသည်။
”ငါ့ကို စိတ်ဆိုးနေသေးလားဟင်” ဟု တီးတိုးမေးသေး၏။
”ဘာလို့ စိတ်ဆိုးရမှာလဲ”
ကျွန်မ ရိုးစင်းစွာပြန်ပြောတော့ သူက မသဲမကွဲ ပြုံးလိုက်ပါသည်။
”ငါ နင့်ကို ဘာမှမပြောခဲ့ဘူးလေ၊ မဆက်သွယ်ခဲ့ဘူးလေ။ အမှန်အတိုင်း ပြောရရင် နင်နားလည်နိုင်မှာ မဟုတ်တော့ ရှင်းလည်းမပြချင်ဘူး။ ငါ့ကို နားလည်ပါလို့ မတောင်းဆိုချင်ပါဘူး”
နောက်တော့ ကျွန်မတို့ဘာမှ အထူးအထွေ မပြောဖြစ်တော့ပါ။ ပွဲ ထွက်တော့မည်မို့ မြယဉ်မွန်က သတို့သားကို လက်ချိတ်ရသည်။ တစ်ရပ် တည်းနေခဲ့ဖူးသော၊ အခု အချိန်မှာ တော့ ရန်ကုန်မှာ ရွှေ့ပြောင်းအခြေ ချလျက် စီးပွားရေးလုပ်ငန်း တစ်ခုကို ကောင်းစွာ ဦးစီးနေသည်ဆိုသော မြယဉ်မွန်၏ အမျိုးသားကို ပထမဆုံး အကြိမ်မြင် ဖူးတာ ဖြစ်သည်။ သူ မြယဉ်မွန်ကို ကြင်နာစွာ ငဲ့ကြည့်သည် ကို မြင်ရသည်။ မြယဉ်မွန် သူ့ကို ပြန် ကြည့်သော မျက်ဝန်းမှာတော့ ချစ်ခြင်း မေတ္တာပါလေသလား ကျွန်မ မသိပါ။
မြယဉ်မွန်နှင့် နောက်ဆုံးဟု ဆို ရမည့် တွေ့ဆုံမှုကတော့ သမီးလေး မွေးစဉ်က ဖြစ်သည်။ မြယဉ်မွန်သည် သားသည်အမေအဖြစ်လည်း လှပဆဲ။ အမေနှင့် ညီမလေးများကလည်း ရန်ကုန်မှာပင် အခြေချနေပြီမို့ မြယဉ် မွန်မှာ ခင်ပွန်းနှင့်၊ မိသားစုနှင့် စုံလင် နေသည်။ သူ ကျွန်မကိုတွေ့တော့ ဝမ်းသာအယ်လဲ ဖြစ်နေခဲ့သည်ကို ယခုတိုင် သတိတရရှိဆဲပင်။
သို့သော် နောက်ပိုင်းမှာတော့ ကိုယ့်ဘဝနှင့် ကိုယ်လည်ပတ်နေကြ သည်ဖြစ်၍ မဆုံဖြစ်ကြတော့။ တကယ့်တကယ် ဆုံမယ့်ဆုံတော့ လည်း ကောင်းသောဆုံစည်းခြင်း မဟုတ်တော့သည်ကို ယခုမှ ဝမ်းနည်းစွာ သိရပါသည်။ မြယဉ်မွန်သည် အားလုံးကို နှုတ်ဆက်ခဲ့ပြီ။ သမီးလေးက နှစ်နှစ်မပြည့်သေးသည်မို့ ငိုရန်ပင် မသိတတ်သေး။   မြယဉ်မွန်ကို မီးသင်္ဂြိုဟ်ရန် ပြင်တော့ ခင်ပွန်းသည်က သမီးလေးကို ယောက္ခမလက်ပြောင်းပေးကာ လိုက်ပါသွားသည်ကို တွေ့ရပါသည်။   စကားတစ်ခွန်းမျှ   ပြောခဲ့ ချင်သလို ထင်ရသော သူ့နှုတ်ခမ်းများ၏ နောက်ဆုံးပုံသွင်ကိုပင် ကျွန်မမှာ တရေးရေး မြင်ယောင်နေမိသည်။ မေးခွင့်ရမည် ဆိုလျှင်တော့ ဘဝမှာနောက်ထပ် သုံးနှစ်မျှ သာ အသက်ရှင်ခွင့်ရမည်လို့ သိခဲ့လျှင် မြယဉ်မွန်ဘယ်လမ်းကို ရွေးခဲ့လေမည်လဲ။ အပြင်ဘက်ရောက်၍ လှမ်းမျှော် ကြည့်လျှင်တော့ မီးခိုးငွေ့များက ခေါင်းတိုင်မှ တစ်ဆင့်   လေထဲသို့ လွင့် တက်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။

စံပယ်ဖြူနု

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More