တစ်ခန်းရပ်သို့ လည်ပြန်

သူ့ကို တွေ့လျှင် တွေ့ချင်း မြင်ဖူးလှချည်ရဲ့ဟု ကျွန်မ စိတ်မှာ အောက်မေ့မိလေသည်။
အဲသည် ညနေခင်းက သူသည် အဆောင်ဧည့်ခန်း ၌ ငယ်ငယ့်ကို လာတွေ့တာဖြစ်သည်။ အပေါ်ထပ်မှ ဆင်းလာလျှင် ဧည့်ခန်းက နှစ်ယောက်ထိုင်ဆက်တီမှာ သူတို့ကို တွေ့ရသည်။ မျက်နှာချင်းဆိုင်အနေအထား ဖြစ်၍ ငယ်ငယ်က ကျွန်မကို မြင်တော့ လှမ်းပြုံးပြသည်။ သည်မှာပင် ငယ်ငယ့်မျက်နှာပေါ် စိုက်နေသော သူ့မျက် ၀န်းအကြည့်များက ကျွန်မထံ ရွှေ့လာခဲ့တာဖြစ်ပါသည်။
ဝန်းပြည့်မလိုနှင့် သွယ်လျသော မျက်နှာ။ ပြီးတော့ မျက်ဝန်းညိုဖျော့ဖျော့များ။ ပထမတော့ မသိလိုက်မသိ ဘာသာပင် ကျော်ဖြတ်သွားဖို့ဖြစ်သော်လည်း ထိုမျက် နှာမှ အကြည့်ကို ရုတ်တရက် လွှဲဖယ်မရ။ အင်း...မြင် ဖူးလှချည်ရဲ့။ သို့သော် ဘယ်မှာ မြင်ဖူးတာပါလိမ့်။ အသေအချာမမှတ်မိပေ။ သူ့မျက်ဝန်းထဲမှာလည်း ကျွန်မ လိုပင် တွေဝေဟန်ကို အကဲခတ်မိသည်ဖြစ်၍ တစ်နေရာရာမှာတော့ ဆုံကိုဆုံဖူးမည်ဟု ယူဆရသည်။ အသေအချာဆက်ကြည့်ရမည်ကလည်း အားနာစရာဖြစ်သောကြောင့် ငယ်ငယ့်ကို ခေါင်းဆတ် နှုတ်ဆက်ကာ ဧည့်ခန်းထဲမှ ဖြတ်လာခဲ့ရသည်။
ရင်းနှီးသော ဟန်ပန်များကြောင့်ရော ငယ်ငယ့်မျက်နှာပေါ်မှာ တွေ့ရသည့် စိတ်နှလုံး ပူနွေးလှုပ်ရှားဟန် ကြောင့်ပါ သူတို့နှစ်ဦးမှာ ချစ်သူများဖြစ်မည်ဟု ကျွန်မထင်ပါသည်။ ငယ်ငယ့်ရယ်သံကလေး တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့လျှင် ကျွန်မ စိတ်ထဲ၌ ထိုဝေခွဲမရသော ပုစ္ဆာနှင့် ရင်းနှီးလှသော မျက်နှာကို မေ့လျော့ေ၀၀ါးခဲ့ပြီ။
သို့သော် မေ့လျော့မည်ပြင်ဆဲ အတိတ်ကို နှိုးဆွသတိတရရှိဖို့ ကြုံရပြန်လေသည်။
ညဘက်တွင် ငယ်ငယ်သည် ကျွန်မတို့ အခန်းဆီ သူ့ထုံးစံအတိုင်း ကူးလာသည်။ ကျွန်မ၏ အခန်းဖော် မိုးနှင့် အင်္ဂလိပ်စာသင်တန်းတစ်ခုကို အတူတက်နေကြ သည်ဖြစ်၍ သူတို့နှစ်ယောက်ကို စာဆွေးနွေးရင်း၊ ငြင်း ခုံရင်း ညများစွာ မြင်ရမြဲ။ ည ၉ နာရီလောက်မှသာ သူ့ အခန်းသူပြန်မြဲ။ ကလေးဆန်သော၊ ရိုးသားပွင့်လင်း သော ဟန်ပန်နှင့်ပင် နားငြီးနေမလားအစ်မရေဟု စာကျက်ရင်း မေးတတ်သေးရာ ကျွန်မမှာ ရယ်မောရမြဲဖြစ်ပါသည်။
သည်ညတော့ ငယ်ငယ့်ဟန်မှာ တစ်မူထူးနေသည်လို့ ကျွန်မ မြင်သည်။ သူတို့နှစ်ယောက်သည် တစ်ချက် တစ်ချက်တွင် တခစ်ခစ် ရယ်လိုက်ကြသေးသည်။ ကျွန် မမှာ စာအုပ်တစ်အုပ်နှင့် ကိုယ့်ကုတင်မှာသာ ငြိမ်နေမိ သည်။ ထိုခဏမှာပင် ကျွန်မထံ စကားလှမ်းစလိုက်တာ ဖြစ်သည်။
"မဖြူရေ ဒီမှာ ငယ်ငယ်ရယ် စာမကြည့်ဘူး၊ စကားပဲ များနေတယ်"
"အာ မဟုတ်ပါဘူး အစ်မရေ။ သိလား"
ပြောပြီး နှစ်ယောက်သား ရယ်နေကြပြန်သည်။ နှစ် ဆယ်ကျော်အရွယ် မိန်းကလေးများ၏ နုပျိုရွှင်လန်းမှုကို သူတို့မျက်နှာမှာ အတိုင်းသားမြင်ရပါသည်။
"အမှန်က စာထဲကို စိတ် မရောက်တာ မဖြူရဲ့။ သူ့ ချစ်ချစ်က ညနေက ရောက်လာသေးတာကိုး။ မိန်းမက ဒါပဲ စိတ်ကူးယဉ်နေတယ်"
ငယ်ငယ်က ရယ်၍ မိုး၏ ပုခုံးကို ဖျတ်ခနဲ လှမ်းရိုက်လိုက်သည်။
"ညနေက တစ်ယောက်လား"
"ဟုတ်ပါ့ မဖြူရေ။ မဖြူနဲ့တောင် ဆုံသေးတယ်ဆို။ မိတ်မဆက်ပေးဘူးလား"
"မိတ်ဆက်မပေးပါဘူး မိုးရယ်။ အစ်မလည်း မသိ ချင်ယောင်ဆောင်နေရတာပဲ"
ကျွန်မနှင့် မိုး အပြန်အလှန် စကားဆို၍ စနောက်လျှင် ငယ်ငယ့်မှာ ရယ်လို့ချည်းနေသည်။ ကလေးမက ပြုံးရယ်သည့်အခါ ပို၍ ချစ်စဖွယ်ကောင်းလှသည်။ စိတ်ရင်း ရိုးသားမှုက အပြုံးတွင် ခိုတွယ်လာသည်ကို မြင် သာလေသည်။ သူ့အသက်က နှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံးပဲ ရှိဦးမှာ။ ဘ၀မှာ အပူအပင်ကင်းဆဲ။ အရာရာကို အကောင်းမြင်တတ်ဆဲ။ ဖြူစင်မှုက အရိပ်လိုရှိသည်ဖြစ်သောမျက်နှာနုနုကို ကျွန်မ စိတ်မှာနှစ်လိုချစ်ခင်မိရသည်။
"နောက် ကြုံရင် မိတ်ဆက်ပေးမယ် အစ်မရဲ့ သိလား။ ဒါပေမယ့် ကိုကိုက မန္တလေးကပဲ ကျောင်းပြီး တာ အစ်မတောင် သိရင် သိနေမလား မပြောတတ်ဘူး။ အစ်မတို့ နိုင်ငံခြားဘာသာတက္ကသိုလ်ကပဲ။ အင်္ဂလိပ်စာ နဲ့ပြီးတာ။ ကိုကို့နာမည်က ကိုမင်းဟန်တဲ့"
"ဦးမင်းဟန်လို့ ပြော ငယ်ငယ်ရဲ့။ နင့်ထက် ငါးနှစ် လောက် ကြီးတယ်"
"မိုးစုတ် မိုးပဲ့"
သူတို့နှစ်ယောက်က ရယ်မော ငြင်းခုံ၍ ကောင်းဆဲ။ ကျွန်မမှာတော့ ပိတ်နေသော ကန့်လန့်ကာကို ဆွဲတင် လိုက်သလို အသိညဏ် ဖျတ်ခနဲ လင်းပွင့်ရသည်။ အင်္ဂလိပ်စာက မင်းဟန်။ တွေ့လျှင် တွေ့ချင်း မြင်ဖူးလှ ချည်ရဲ့ဟု ထင်နေမိသော မျက်နှာသည် အာရုံ၌ တရေး ရေးပေါ်လာသည်။ ဒါကြောင့်ပဲ ကမ္ဘာကြီးက ကျဉ်း တယ်ပြောကြတာဖြစ်မှာဟု တွေးရသည်။
ကျွန်မသည် သူ့ကို မြင်ဖူးရုံမျှမက မလှပသော အတိတ်ကိုပါ ကောင်းစွာ သိကျွမ်းခဲ့ဖူးလေသည်။
-----
ပြီးခဲ့သော အတိတ်တွင်တော့ သူသည် ကျွန်မနှင့် မန္တလေးတက္ကသိုလ်ဝင်းထဲမှာ တစ်ဆောင်တည်းနေခဲ့ရ သည့် သူငယ်ချင်း မြသီတာ၏ အလှတရားမှာ ပျော်ဝင်ကျဆုံးခဲ့သူများအနက် တစ်ယောက်သာဖြစ်ပါသည်။
မြသီတာထံ ရောက်လာတတ်သော အဆောင်အ ယောင်ပေါများသူ၊ ဟိတ်ဟန်များသူတွေနှင့် မတူဘဲ အ နေအထိုင် ရိုးစင်းဟန်ရှိသော သူ့ကို ကျွန်မတို့ အဆောင် သူများက ထူးထူးခြားခြား သတိထားခဲ့မိကြသည်။
ကျွန်မမှာ လေးယောက်ခန်းတွင် မြသီတာနှင့် ကုတင်ချင်း စားပွဲတစ်လုံးသာခြားပြီး နေရသူဖြစ်၍ အများ တကာထက် ပိုရင်းနှီးခဲ့ရသည်။ မြသီတာ၏ ပုံပြင်များကိုလည်း ညစဉ်ကြားနာခဲ့ရသည်။ ဒါနှင့်ပင် သူ့အပေါ် ထားသော မြသီတာ၏ သဘောထားကို သိရပြန်သည်။
မြသီတာသည် သူ့ကို ရှိတယ်လည်း မထင်။ အဆောင်ကို ရောက်လာလျှင်လည်း ထွက်တွေ့ချင်မှသာ တွေ့သည်။ ရံဖန်ရံခါ သီချင်းနားထောင်နေလျက်နှင့်ပင် အိပ်နေတယ်ဟု တစ်ယောက်ယောက်ကို အပြောခိုင်းတတ်သူဖြစ်သည်။
သူသည် အဆောင်ရှေ့က အုတ်ခုံမှာ ထိုင်စောင့် နေတတ်ပြီး မြသီတာက ထွက်မတွေ့လျှင်လည်း ခပ် အေးအေးသာ လှည့်ပြန်သွားတတ်တာ တွေ့ရသည်။
တစ်ခါကတော့ အဲသည်လို လှည့်ပြန်မည့် သူနှင့် အဆောင်တံခါးဝမှာ ဆုံမိကြလျှင် မျက်နှာကို တိတ် တဆိတ် အကဲခတ်ခဲ့မိသေးသည်။ အနေအေးဟန်ရှိသော သူ့အသွင်မှာ မပြောင်းမလဲ တည်ငြိမ်မြဲဖြစ်တာ မြင်ရသည်။ မျက်နှာမူရာက ညှိုးလျလို့ရှိသည်။ မာနက တော့ အနည်းနှင့်အများ ပွန်းပဲ့ရမှာပဲ။ သို့သော် ဘာ ကြောင့်များ မြသီတာအပေါ် စိတ်မကုန်နိုင်ရတယ်မသိ။ အချိန်တန်လျှင်တော့ သူ့ကို အဆောင်ရှေ့မှာ တွေ့ရ ပြန်လေသည်။
မြသီတာသည် ပတ်ဝန်းကျင်တွင် အစဉ်အလာမပျက်ကျော်ကြားမြဲ။ အလှတရားက တောက်ပထင်ပေါ် မြဲ။ ချစ်လိုသူတို့အပေါ်မှာတော့ သွေးအေးနိုင်မြဲဖြစ် သည်။ သူ့ကို မျက်နှာများတယ်ဟု ဆိုသူတို့က ဆိုကြသည်။ အဆောင်မှာ အချင်းချင်း စကားလုပ်ပြောစရာ ဖြစ်နေတတ်သော မြသီတာ၏ ပုံပြင်များပင်။
မြသီတာ၏ ပုံပြင်တို့တွင် မင်းဟန်သည် အဆောင်မှာတော့ အထင်ရှားဆုံးဖြစ်ကာနေသည်။ မြသီတာနှင့် တွေ့လိုကြောင်း အသင့်တွေ့ရသည့် တစ်ယောက် ယောက်ကိုပြောပြီးလျှင်  အဆောင်ရှေ့တွင် ငြိမ်သက်၍ စောင့်စားတတ်သောသူ့ကို အချိန်မှန်ရထားဟု အ ဆောင်သူတို့က အမည်ပေးထားကြသည်။ မြသီတာ ဘယ်လို ကစားဦးမယ်မသိဟုလည်း စိတ်ဝင်တစားရှိ ကြပြန်သည်။ သို့သော် မြသီတာကတော့ ဥပေက္ခာပြု နိုင်အားဆဲ။
ကျွန်မသည် မြသီတာကို ချစ်ခင်သော်လည်း သူ့ စိတ်နှလုံးကို တစ်ခါတစ်ရံ နားမလည်နိုင်ဖြစ်ရသည်။ စိတ်နောက်ကိုယ်ပါ လုပ်တတ်လှသူလို့ ဆိုရမလား။ သူ့ အလှတရားကို ကိုးကွယ်သည့် ချစ်လိုသူတို့ကို လိုက် လျောပြုံးရယ်သည့်အခါလည်းရှိ၍ လှည့်မကြည့်ဘဲ နေသည့်အခါ နေပြန်သည်။
သည်ကြားထဲ မင်းဟန်သည် မြသီတာကို စိတ်မပျက်ဘဲ မစွန့်မခွာရှိတာ မြင်ကြရသည်။ မြသီတာက လိုက်လိုက်လျောလျော စကားပြောသည်ဖြစ်စေ၊ နှင်သည်ဖြစ်စေ ရစ်ဝဲမြဲရှိတာ မြင်ကြရလေသည်။
မြသီတာရှိပါလျက်နှင့် မရှိဘူးဟု ထွက်ပြီး ညာပေးရသည်မှာ သုံး၊ လေးကြိမ်မကရှိပြီဖြစ်၍ သူနှင့်ပင် ကျွန်မ က မျက်မှန်းတန်းမိနေပြီ။ သူသည် မြသီတာတို့ မေဂျာကပင်ဖြစ်လျက် အတန်းမှာတော့ တစ်နှစ်ငယ်လေသည်။ ကျောင်းတွင်တော့ ရိုးသားကြိုးစားသူဟု လူသိများကြောင်း တစ်ဆင့်စကားဖြင့် ကြားရသည်။ ကဗျာရေးလည်း ကောင်းသားပဲဟု မြသီတာက စိတ်လိုလက်ရ  ရှိလျှင် ချီးကျူးတတ်သေးသည်။ မြသီတာထံ၌ သူပေးထားသော ကဗျာများစွာရှိသည်လို့ သိရပြန်သည်။
"မြ သူ့ကို သဘောမကျဘူးလားဟင်"
တစ်ခါကတော့ မြသီတာ မျက်နှာကြည်လင်နေချိန် ၌ ကျွန်မ စူးစမ်းရပါသည်။
"ဟင့်အင်း။ အေးတော့ အေးသားပဲ။ မြ တစ်ခုခု လို အပ်ရင်လည်း ကူညီပေးတာမှပျာလို့။ ဒါပေမယ့် မြ သူ့ကို မကြိုက်ဘူး"
မြသီတာက ရယ်မောလို့နေသည်။ ပြီးလျှင် အခါ များစွာကထက် တည်ငြိမ်သော မျက်နှာမူရာနှင့် စကား ဆက်ပြန်သည်။
"သူလည်း တခြားလူတွေလိုပဲ ရှိမှာပါ။ မြ လှတာကို ပဲ သူတို့လိုချင်ကြတာပဲ။ တကယ်တမ်းက ဘာအချစ် မှ မပါပါဘူး။ အခွံတွေပဲ။ မြကလည်း အခွံပဲ ပြန်ပေး တယ်။ မြမှာ အချစ်မရှိဘူး"
"မြ လူတွေကို မယုံတတ်တော့တာများလား"
"ဟုတ်မယ်ထင်ပါရဲ့။ ငယ်ကတည်းက သံသယနဲ့ ကြည့်တတ်လာတာပဲ ထင်တယ်။ ကြာတော့ တစ်ဖက် သားကို ယုံရကောင်းမှန်းမသိတော့ပါဘူး"
မြသီတာတွင် ကျွန်မ မသိသေးသော နောက်ခံအ ကြောင်းတရားများ ရှိဦးမည်ဟု ထင်ရပါသည်။ ကလေး ဘ၀ ပုံရိပ်များ၊ မိသားစုပုံရိပ်များ သူ့မှာ လွှမ်းမိုးနေသ လားမသိ။ သို့သော် သည့်ထက် ပို၍လည်း မစူးစမ်းလို ပြီ။ ကိုယ့်အယူအဆနှင့်ကိုယ်သာ လူတိုင်း လွတ်လပ်စွာ အသက်ရှင်လိုကြသည်မဟုတ်လား။
မင်းဟန်တစ်ယောက်လည်း တစ်နေ့တော့ မြသီတာကို လက်လျှော့စွန့်ခွာရဦးမှာပဲဟု အများက မျှော်လင့် ဆဲ စိတ်ထင်ရာ လုပ်တတ်လှသော မြသီတာက သူ့ကို အရေးပေးစပြုလာတာ မြင်ကြရသည်။
အဆောင်ကို ရောက်လာတတ်သည့် ညနေခင်းများတွင် သူတို့နှစ်ယောက်ကို စကားဆို ရယ်မောလျက်ရှိ တာတွေ့လာရသည်။ တချို့သောညနေခင်းများမှာတော့ ကျောင်းဝင်းထဲက တမာရိပ်မိုးသော လမ်းသွယ်များမှာ အေးအေးလူလူ လမ်းလျှောက်လို့ရှိကြပြန်သည်။ မင်း ဟန်အလှည့်ရောက်ပြီထင်ပါရဲ့ဟု မြသီတာပုံပြင်များကို စိတ်ဝင်စားသူတို့က ပြောစပြုပြီ။
တစ်ကြိမ်မှာတော့ ကျွန်မ အပြင်က ပြန်လာသည့်အခါ အဆောင်ဝင်းဝက အုတ်ခုံလေးတွင် သူတို့နှစ် ယောက်ကို တွေ့ရသည်။ ပြုံးရွှင်ရယ်မောလို့ပါပဲ။ နှုတ်ဆက်ရမှာ အားနာသည်ဖြစ်၍ စက်ဘီးတွန်းကာ ခြံထဲ ၀င်ဖို့ပြင်လျှင် မြသီတာက ပြန်လာပြီလားတဲ့။ ဒါနှင့်ပင် သူတို့ကို ပြုံးရယ်နှုတ်ဆက်ရသည်။
မင်းဟန်၏ မျက်နှာမှာ တွေ့မြင်နေကျ ညှိုးလျမှုကို မတွေ့ရ။ အဲသည်အစား ယုံကြည်သေချာမှုကို တွေ့ရ သည်ဟု ကျွန်မမြင်ပါသည်။ ပြီးတော့ သူ့မျက်ဝန်းတွင် ချစ်ခြင်းမေတ္တာကို အထင်အရှားတွေ့ရသည်ဟု ထင် သည်။ မြသီတာပြောသလိုဆို အခွံမဟုတ်ဘူးပေါ့။ သည်တစ်ခါတော့ မြသီတာ အချစ်ကိုတွေ့ပြီထင်ပါရဲ့ ဟု အဲသည်ညနေခင်းက တွေးခဲ့မိတာ အမှတ်ရသည်။
သို့သော် တစ်ရက်မှာ သူ့အကြောင်း စကားစပ်မိ လျှင် ထိုအမြင် မှားယွင်းလျက်ရှိတာ သိရပြန်သည်။
"သူက တခြားလူတွေလို မဟုတ်တာတော့ အမှန်ပါ ပဲ။ မြကို တော်တော်ချစ်တယ်၊ ရိုးသားတယ်။ ဒါပေမယ့် မြ သူ့ကို မချစ်ပါဘူး"
မြသီတာ၏ မျက်ဝန်းများက တောက်ပလက်ဖြာ အောင် ပြုံးရယ်ဆဲ။
"ဒါဖြင့် သူ့ကို ဘာလို့ တွဲသလဲမြရယ်"
မြသီတာသည် စူးစမ်းရန်ကောဟု သဘောပါ ကောင်းပါမည့်မျက်လုံးများနှင့် ကျွန်မကို လှမ်းကြည့်သည်။ သူ စိတ်ဆိုးသွားပြီလားဟု ကျွန်မ စိတ်ထဲ ထင့် ကနဲဖြစ်သွားပါသည်။ တကယ်ဆို သူတစ်ပါးအရေးသာ မဟုတ်လား။ ဘာလို့များ မနေနိုင်ဘဲ ၀င်ပြီး စွက်ဖွက်မိပါလိမ့်။ ကျွန်မသည် တွေဝေငြိမ်သက်နေဆဲမှာပင် မြသီတာကပဲ ရယ်ရယ်မောမော စကားစပြန်သည်။
"သူ့ကို တွဲရတာ မြအတွက် အန္တရာယ်ကင်းတယ်လေ။ ခုဆို မင်းဟန်နဲ့လို့ ထင်တဲ့သူက ထင်ကြတော့ မြမှာ တော်တော်နားအေးရတယ်။ မြကို ချစ်တယ်ဆိုတဲ့ စကားတွေကို မုန်းလှပြီ။ အင်းလေ...သူကတော့ မြကို ဘာဒုက္ခမှ ပေးမှာမဟုတ်ဘူး၊ မြသိတယ်"
မြသီတာ၏ မျက်နှာတွင် ပိုင်နိုင်သေချာမှုကို ကျွန်မ မြင်ရသည်။ ပြီးတော့ မျက်ဝန်းတွင် ထီမထင်သော အ ရိပ်များကို တွေ့ရသည်ဟု ထင်ပါသည်။
"မြက သူ့ကို ချစ်ပါ့မယ်လို့ ကတိပေးထားတာမှမ ဟုတ်ဘဲ၊ ဒီအတိုင်းပဲ တွဲဖြစ်ကြတာပဲ၊ ဒါကိုမှ မြကို အပြစ်ပြောရင်လည်း မတတ်နိုင်တော့ဘူးကွယ်။ မြမှာ အချစ်မှ မရှိဘဲဟာ"
မင်းဟန်၏ မျှော်လင့်ချက်ကတော့ တစ်ရက်ထက် တစ်ရက် ရင့်သန်လာတာ အထင်အရှားပင်ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ မြသီတာက သေဆိုသေ၊ ရှင်ဆို ရှင် ဖြစ်နေလေသလားမသိ။ မြသီတာ၏ မျက်နှာကို အစဉ်အမြဲ အရိပ်တကြည့်ကြည့်ရှိလေသည်။
ကျွန်မနှင့်မြသီတာသည် မေဂျာ မတူသော်လည်း တစ်ကျောင်းတည်းပင်ဖြစ်၍ မေဂျာတူ သူငယ်ချင်းများ က မင်းဟန်နှင့် မြသီတာအကြောင်း စူးစမ်းလျှင် မသိပါဘူးဟုသာ ဖြေရသည်။ မကြာပါဘူး၊ ကွဲဦးမှာပဲဟု သူငယ်ချင်းတစ်ယောက်က ပြောသေးသည်။ ကျွန်မ ဘာမှတ်ချက်မှတော့ မပေးမိ။ သို့သော် တစ်နေ့နေ့တော့ မြသီတာထံပါးက လွင့်ရဦးမှာပဲ စိတ်ထဲ အလိုလို ထင်နေခဲ့သည်။
ဒုတိယနှစ်၏ ပထမနှစ်ဝက် စာမေးပွဲများ စတင်ခါ နီးလျှင် ကျွန်မသည် ကျောင်းစာများအကြား နစ်မြုပ်ရ ပြန်သည်ဖြစ်၍ ပတ်ဝန်းကျင်ကို မေ့မေ့လျော့လျော့ဖြစ်ရသည်။ အဆောင်မှာတော့ စာကျက်သံများ ညံစီလျက် ပင်။ တစ်ခန်းနှင့်တစ်ခန်း ကူးလူးစာကျက်ကြတာ မြင်ရသည်။ ကျွန်မမှာတော့ ဂျပန်ဘာသာစကား အဓိကယူ သူ မေဂျာတူ သူငယ်ချင်းမရှိ၍ ၃၈ လမ်းမှာ အဆောင်နေသည့် သူငယ်ချင်းထံ စာသွားကြည့်ဖြစ်ပြန်သည်။
စာမေးပွဲရက်များက တစ်ရက်ပြီးတစ်ရက် ကျော် ဖြတ်ဆဲ။ မန္တလေး၏ ကျော်ကြားသော မိုးရက်များက လည်း စွေနိုင်အားဆဲ။ မြသီတာကို စာကြည့်စားပွဲမှာ မြဲလျက်ရှိတာ တွေ့ရသည်။ စာမေးပွဲရက်များ၌ မင်း ဟန်သည်လည်း အဆောင်ဘက် ခြေဦးလှည့်လာတာ မတွေ့ရပေ။
စာမေးပွဲပြီး၍ ခွဲခွာကြရမည့်နေ့တွင် ကျွန်မသည် အတန်းထဲက သူငယ်ချင်းများနှင့် ရူဘီလက်ဖက်ရည် ဆိုင်တွင် ထိုင်ဖြစ်သေးသည်။ ကျောင်းပိတ်ရက် နှစ်လ တာ ဝေးကွာကြရမည်ဖြစ်၍ စကားလက်ဆုံ ပြောမကုန် ပြန်။
နှုတ်ဆက်ခွဲခွာကြ၍ အဆောင်ပြန်လာလျှင်တော့ အဆောင်ရှေ့ အုတ်ခုံလေးမှာ မြသီတာနှင့် သူ့ကို တွေ့ ရသည်။ သည်တစ်ခါတော့ နှစ်ယောက်သား မျက်နှာ သာယာဟန်မရှိတာနှင့် အဆောင်ထဲ တိတ်တဆိတ်သာ ၀င်ခဲ့ရသည်။ မြသီတာကတော့ မျက်နှာထား ခက်မာမြဲ။ မင်းဟန်၏မျက်နှာမှာ ညှိုးလျဟန်စွက်လျက်ရှိတာ အမှတ်ထင်ထင် သတိထားခဲ့မိလေသည်။
အဲသည် ညဘက်တွင် မိုးသည်းသည်း ရွာလျက်ရှိ တာလည်း ကျွန်မ ယခုတိုင် သတိရဆဲဖြစ်လေသည်။ အဆောင်မှာတော့ စာမေးပွဲကြောင့် ပင်ပန်း၍ အနားယူလိုသူတို့က စောစီးစွာ အိပ်ရာဝင်ကြပြီ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်စပြုပြီ။
ကျွန်မသည် တစ်ဖက်ခန်းက သူငယ်ချင်းက ဖိတ်ခေါ်၍ သူတို့အခန်းဆီ ရောက်နေခဲ့သည်။ လက်ဖက် သုပ်စားကြရင်း စကားဖောင်ဖွဲ့၍ ကောင်းနေဆဲ မိုးသံကို ထွင်းဖောက်လာသည့် အသံတစ်ခုကို အားလုံးကြား ကြရသည်။ မြ....သီ....တာ....တဲ့။
ခပ်ကျယ်ကျယ်အော်သည်ဖြစ်၍ ကျွန်မတို့အားလုံး အထိတ်တလန့်ဖြစ်သွားခဲ့ကြသည်။ ခြေသံများ တ၀ုန်း ၀ုန်းနှင့် ပြတင်းနား တိုးကပ်ကာ ၀င်းအပြင်ဘက် လှမ်း ကြည့်လျှင် အဆောင်ရှေ့လမ်းပေါ်၌ လူတစ်ယောက် ရပ်လျက်ရှိတာ တွေ့ရသည်။ ကျွန်မတို့ ငေးကြောင် ကြည့်နေဆဲ အသံက ထပ်ပေါ်လာပြန်သည်။ မြသီတာ ဟု အော်ရင်း ခန္ဓာကိုယ် တစ်ချက်ယိုင်တာ တွေ့ရသေးသည်။ အရက်များ သောက်လာလေသလား။
လမ်းမီးရောင် ကျနေသည့်ဘက်ခြမ်းဆီ သူ့မျက်နှာ နည်းနည်းလှည့်သွားလျှင် သူ ဘယ်သူဖြစ်သည်ဆိုတာ ကျွန်မ ချက်ချင်း မှတ်မိသွားပါသည်။
"မင်းဟန်ပါလား၊ ဘယ်လိုဖြစ်တာပါလိမ့်"
သူသည် တစ်ကိုယ်လုံး မိုးရေများ ရွှဲစိုလျက်ရှိလေ သည်။ သူ့မှာ စက်ဘီးပင်မပါ။ တစ်ယောက်တည်း ဘယ်လိုများ ရောက်လာတာပါလိမ့်။ ပြီးတော့ ဘယ်လို အတွေးမျိုးနှင့်များ သည်လို လုပ်ရတာပါလိမ့်။
"ကြည့်ရတာ ဖြုတ်ချခံရပြီနဲ့တူပါရဲ့"
သူငယ်ချင်းတစ်ယောက်က တီးတိုးပြောသည်။ ကျွန်မသည် အခန်းဆီ ရုတ်တရက် မပြန်လို။ မြသီတာ ကို ဘာကြောင့်မှန်းမသိ အားနာကာနေသည်။ သည်လို နာမည်နှင့်လာ၍အော်ဟစ်သည့်အတွက် ရှက်နေမှာပဲ ဟု တွေးမိသည်။ အခန်းတံခါးဖွင့်သံပင်မကြားရ၍ မြသီတာ ငြိမ်သက်နေမည်ဟု ထင်ပါသည်။ 
နောက်နှစ်ခွန်း၊ သုံးခွန်းမျှ ဆက်အော်ပြီးလျှင်တော့ သူသည် မိုးရေထဲမှာ ခေါင်းငိုက်စိုက်နှင့် လှည့်ပြန်သွား တာ တွေ့ရသည်။ သည်တော့မှပင် အားလုံး ပင့်သက်ချမိကြသည်။ အထူး စကားစရှာစရာမလိုဘဲ အဲသည် ညက အဆောင်တွင် ပြောစမှတ်ဖြစ်ရသည့်ခေါင်းစဉ်သည် မြသီတာနှင့် မင်းဟန်သာဖြစ်သည်။
နောက်ရက်တွင်တော့ မြသီတာသည် အိမ်က လာကြိုသည်နှင့် ဘယ်သူ့ကိုမှ နှုတ်ဆက်မနေဘဲ ပြန်လိုက် သွားခဲ့တာ တွေ့ကြရသည်။
ကျောင်းပိတ်ရက် နှစ်လတာ ကုန်ဆုံး၍ အဆောင် ပြန်ရောက်သည့်အခါ သူငယ်ချင်းများနှင့် အတူတကွ ပြန်ဆုံခိုက် စကားများစွာ ပြောစရာ ကြုံလျှင် ပြီးခဲ့သည့် ဖြစ်ရပ်တို့ကို အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်စပြုပြီ။
မြသီတာကိုလည်း ပြုံးရွှင်မူရာနှင့် မြင်ရပြန်သည်။ သူ့အပါးမှာတော့ ချစ်လိုသူတို့ ရှိမြဲ။ အလှဂုဏ်ကလည်း ထင်ရှားမြဲပင်။
သည်ကြားထဲ ကျောင်းတစ်ဝိုက်မှာ မင်းဟန်နှင့် ဆုံ လျှင် အမှတ်မဲ့ အကဲခတ်မိသေးသည်။ သူသည် တည် ငြိမ်စတော့ ပြုပြီထင်သည်။ ကျောင်းပြီးသည်အထိ မြသီတာကို ဒုက္ခပေးသည်ဟု မကြားရ။ အဆောင်တစ် ၀ိုက်မှာလည်း အရိပ်လို မမြင်ကြရတော့ပေ။
------
ခုတော့ ဘ၀တစ်ကွေ့မှာ သူ့ကို အမှတ်မထင် ပြန် ဆုံရပြီ။ သည်လို ဆုံရဖို့ ကျွန်မ ဘယ်တုန်းကမှ မတွေး ခဲ့ဖူးပါ။ ပြောဖူးသော စကားကို ထပ်ပြောရလျှင်တော့ ကမ္ဘာဟာ ကျဉ်းလှပါရဲ့။ ခုလောက်ဆို သူသည်လည်း ကျွန်မကို ဆက်စပ်မှတ်မိနေလောက်ပြီ။ သူ ဘယ် လောက်များ စိတ်ရှုပ်ထွေးနေမှာပါလိမ့်။ မလှပခဲ့သော အတိတ်ကို ကျွန်မ အစဖော်လိုက်မှာတော့ စိုးရိမ်လှမည် ထင်သည်။ သို့သော် ကျွန်မမှာ သူတစ်ပါး၏ မလှပသော ဘ၀အကြောင်းအရာတို့ကို စကားစပ်၍ ပြောလိုသော ၀ါသနာ မရှိပေ။
နောက်ပိုင်းရက်များမှာတော့ မိတ်ဆက်ပေးဦးမယ် ဟု ငယ်ငယ်က ဆိုတိုင်း နေပါစေဟုသာ ပြောမိမြဲ။ ဧည့် ခန်းမှာ သူတို့ကို မြင်လျှင် တိတ်တဆိတ်သာ ကျော်ဖြတ် မြဲ။ မျက်နှာချင်းဆိုင် မဆုံမိအောင် ရှောင်ရှားမြဲဖြစ်လေ သည်။ တေ့တေ့ဆိုင်ဆိုင် ဆုံရလျှင်တော့ ဘယ်တုန်းက မှ မမြင်မတွေ့ဖူးသူတွေလို သရုပ်ဆောင်နိုင်စွမ်း ကျွန်မ မှာ မရှိဘူးထင်သည်။ ပြီးတော့ သူလည်းများစွာ အနေ ရခက်မည်ဟု တွေးရလေသည်။
ငယ်ငယ့်ကိုတော့ အခါများစွာကထက် သက်ဝင်ရွှင် လန်းလျက်ရှိတာ သည်ရက်ပိုင်းမှာ မြင်ကြရသည်။ အ ပြုံးက ပို၍ နုသစ်လတ်ဆတ်လာသလို။ မျက်ဝန်းများက ပို၍ ရီလဲ့နူးညံ့လာသလို။ တစ်ခါတစ်ရံ စိတ်လိုလက်ရ နှင့် တေးသီချင်း သီလျက်ရှိတာ ကြားကြရသည်။
"လူတွေဟာ အချစ်နဲ့ တွေ့ရင် ပြောင်းလဲသွားကြ တယ်ထင်ပါရဲ့"ဟု မိုးက မှတ်ချက်ချသေးသည်။
တစ်ခါကတော့ ညဘက်မှာ စကားစမြည်ဆိုကြရင်း ငယ်ငယ့်ကို စူးစမ်းရလေသည်။
"သူက ငယ်ငယ့်အချစ်ဦးလားဟင်"
"ဟုတ်တယ် အစ်မရဲ့။ ကိုကိုက ငယ့်အချစ်ဦး၊ ကိုကို့ အတွက်တော့ ငယ်က အချစ်ဦးဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမယ့် ငယ်က အချစ်ဆုံးတဲ့"
"ဘယ်သူက ပြောတာတုံး"
မိုးက ၀င်၍ စနောက်လျှင်တော့ ငယ်ငယ်က ရယ် မောလေသည်။ ကိုကိုပဲ ပြောတာပေါ့တဲ့။ ကျွန်မသည် နုနယ်ရွှင်ကြည်သော မျက်နှာလေးကို ငေးမောကာ မင်း ဟန်တစ်ယောက် ကံကောင်းပါတယ်ဟု တွေး၍နေသည်။ တစ်ချိန်က အချစ်မှာ ရှုံးနိမ့်ခဲ့သူ။ ခုတော့ ဖြူစင် စွာချစ်တတ်သော မိန်းကလေးကို ပိုင်ဆိုင်နေပြီမဟုတ် လား။
"သူ ရန်ကုန်ရောက်တာကြာပြီလား"
"ကိုကို ဒီမှာ အလုပ်ဝင်နေတာ နှစ်နှစ်လောက်တော့ ရှိပြီတဲ့ အစ်မရဲ့။ ငယ်နဲ့ တွေ့တာတော့ တစ်နှစ်လောက် ပဲ ရှိပါသေးတယ်"
သြော်...။ သူသည် ကျွန်မတို့ထက် တစ်တန်းငယ် သည်ဖြစ်၍ ကျောင်းပြီးတာ သုံးနှစ်ကျော် လေးနှစ်အ တွင်း ရှိခဲ့ပြီပေါ့။ ပထမနှစ်လောက်က အရူးအမူးချစ်ရသော အချစ်ဦးနှင့် ဆေးရောင်မစုံခဲ့သော ဘ၀ရုပ်ပုံလွှာကို မေ့လျော့အနည်ထိုင်စေခဲ့ပြီထင်သည်။ သူ့အသွင်မှာ ပို၍ တည်ငြိမ်ဟန်ရှိလာတာ တွေ့ရသည်။ ငယ်ငယ့်ကိုလည်း ဂရုတစိုက်ရှိသည်ဟု ကျွန်မ မြင်ပါသည်။
တစ်ခါတစ်ရံတော့ ကျွန်မ သိခဲ့သော အတိတ်ကို မသိလေဟန် ငယ်ငယ့်ရှေ့၌ ဟန်ဆောင်ပြောဆိုရသည် ကို လိပ်ပြာမလုံသလို ခံစားရသည်။ ဖြူစင်ရိုးသားသူအပေါ် ကျွန်မတို့ လိမ်ညာသလို ဖြစ်နေခဲ့ပြီလား။
သူသည်လည်း ငယ်ငယ့်ကို ဖွင့်ပြောပြဟန်မတူ။ သူက ဘယ်သို့သော အတွေးနှင့် ထိမ်ဝှက်သလဲ မသိ။ ကျွန်မ၏ စိတ်အတွေးမှာတော့ ငယ်ငယ် စိတ်ပျော်ရွှင်နေတာပဲ မြင်လိုခြင်း သက်သက်ပင်။ တချို့သော အ ကြောင်းအရာတို့သည် မသိစဉ်မှာသာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်မဟုတ်လား။ သည်အတိုင်းလေးပဲ ရှိနေပါ စေတော့။
ကျွန်မသည် ဘ၀ကို ပုံသေကားကျသာ တွက်တတ်သူပီပီ ငယ်ငယ်တို့ အချစ်ဇာတ်လမ်းကို ရိုးရိုးစင်းစင်း သာရှိနေဦးမည်ဟု တွေးထင်မြဲ။ တစ်နေ့မှာ ပေါင်းကြလေသတည်းဟု ၀တ္ထု၊ ရုပ်ရှင်များစွာကလို နိဂုံးရောက် မည်ဟု ယုံကြည်မြဲ။ တကယ့်အဖြစ်များမှာတော့ ကံကြမ္မာက မမြင်သာသည်ဖြစ်၍ အံ့သြဖွယ် လှည့်ကွက် များလည်း ကျန်ရှိသေးသည်ကို အချိန်တန်လျှင်တော့ သိမှတ်ရလေသည်။
နွေဦးရက်များ စတင်ပြီးနောက် ဧပြီလအတင်း ရောက်လျှင် ကျွန်မသည် ခွင့်ရက်ရှည်ရ၍ ဇာတိမြို့လေးဆီ ပြန်ရသည်။ အမေ့အိမ်မှာ နွေးထွေးစွာ ခိုနားရသည်။ သည်ခဏမှာတော့ မြို့ပြကို မေ့လျော့ရလေသည်။
သို့ပေမယ့် ခွင့်ရက်များ ကုန်ဆုံးတော့လည်း အမေ့အိမ်ကို ကျောခိုင်းနှုတ်ဆက်ရပြန်သည်။ ရန်ကုန်သည် ပူပြင်းစပြုလျက်ရှိတာ တွေ့ရသည်။ အဆောင်မှာတော့ အရာရာ မပြောင်းမလဲ လည်ပတ်မြဲ။
မပြောင်းမလဲဟု ထင်မြင်မိသော်လည်း ညနေခင်း မိုးပြန်ရောက်၍ ဆုံကြမှပင် ငယ်ငယ့်ပြောင်းလဲခြင်းကို သိခွင့်ကြုံလေသည်။
"ငယ်ငယ့်ကိုကိုရယ် ဘာဖြစ်တယ်မသိပါဘူး မဖြူ ရယ်။ ဒီကြားထဲ သိပ်မလာပြန်ဘူး။ လာတော့လည်း ၀တ္တရားကျေပုံစံနဲ့လို့ မိုး ထင်တာပဲ။ ငယ်ငယ်က ဒီရက်တွေမှာ မျက်နှာမကောင်းရှာဘူး။ မဖြူ မေးတော့မမေး နဲ့နော်။ မသိသလိုသာနေ"
"အေးပါ မိုးရယ်၊ ဒီတစ်ယောက် ဘယ်လိုများဖြစ် ရပြန်တာလဲ"
ညဘက်တွင် ငယ်ငယ်နှင့်ဆုံလျှင် မျက်နှာညှိုးလျဟန်ရှိတာ သတိထားမိသည်။ ပြန်ရောက်ပြီလားဟု နှုတ်ဆက်တော့ ကျွန်မ အလိုက်သင့်သာ ပြန်ပြောရသည်။ မိုးပြောသလိုဆို မသိသလိုသာပေါ့။ စိတ်အတွင်းမှာတာ့ မျက်နှာနုငယ်ငယ်မှာ သောကရိပ်ထင်စပြုတာ စာနာခဲ့ရသည်။
သည်လိုနှင့် ရက်များက သစ်ရွက်တဖြုတ်ဖြုတ် ကြွေသလို အလွယ်တကူကုန်ဆုံးဆဲ။ မမျှော်လင့်သည့် တစ်ရက်တွင် ကျွန်မသည် အတိတ်ကို တစ်ကျော့ပြန် မြင်ခွင့်ကြုံလေသည်။
အဲသည်နေ့က ဆူးလေ မီးပွိုင့်တွင် ကားလမ်းကူး ရန် မီးအစိမ်း စောင့်၍နေစဉ် ထင်မှတ်မထားသူတို့ကို တစ်ဖက်လမ်း၏ ပလက်ဖောင်းပေါ်၌ တွေ့ရသည်။ မင်းဟန်နှင့် မြသီတာ။
ကျွန်မသည် စက္ကန့်ပေါင်းများစွာ ငေးမောငြိမ်သက် ၍ နေမိသည်။ မင်းဟန်သည် မြသီတာ၏ လက်ကို ဆုပ်ကိုင်ကာ လူအများကြားထဲ တိုး၍ သွားနေသည်။ မျက်နှာများတွင် အပြုံးကို အထင်အရှားတွေ့ရသည်။ မြသီတာမှာ လှပမြဲပင်။
ကျွန်မမှာ နှစ်နှင့်ချီ၍ ကွဲကွာခဲ့သော အခန်းဖော် မြသီတာကို ဗြုန်းကနဲ တွေ့ရသော်လည်း ၀မ်းသာဖို့ကိုပင် မေ့လျော့ကာနေသည်။ စိတ်အတွင်း၌ အံ့အားသင့်မှုနှင့် ဒေါသတရားသည် တစ်လှည့်စီ ကူးလူး၍နေလေသည်။
တစ်ဖက်ကားလမ်းကို အလျင်အမြန်ကူးလိုလှသော်လည်း မီးကနီနေဆဲ။ ကားများ မီးနီကြောင့် တုံ့ကနဲရပ် ၍ တစ်ဖက်က မီးစိမ်းပြမှပင် လမ်းကို မပြေးရုံတမည် ကူးရသည်။ သူတို့သွားမည်ထင်သည့်ဘက်ကို တိုး၍ လျှောက်မိသည်။ သို့သော် သူတို့နှစ်ယောက်ကို အရိပ်ပင် မမြင်ရတော့ပေ။ နေပါဦး...တွေ့တော့ရော ကျွန်မ တတ်နိုင်တာ ဘာများ ရှိလို့ပါလိမ့်။ မတရားခံရသည် ထင်သောဘက်က ရပ်ချင်သည့်စိတ်သည် တစ်ခါတစ် ခါတော့ အတော်ပင် ခက်လှသည်။
နောက်ဆုံးတော့လည်း တစ်ယောက်တည်း ယောင်ချာချာ ကျန်ရစ်ရင်းက ငယ်ငယ့်ကို ပြင်းစွာ သတိရမိ လေသည်။ သည်အဖြစ်ကို ဘယ်လို ပြောပြရပါ့မယ်။ ပြောမထွက်၊ ပြောလည်းမပြောရက်ပေ။ သို့ပေမယ့် မသိသလို ကြည့်နေရမည့် ဒုက္ခကလည်း ပင်ပန်းလှပါရဲ့။
တစ်ခန်းရပ်ပြီဟု ကျွန်မ ထင်မြင်ယုံကြည်ခဲ့သော ဇာတ်လမ်းသည် ခုတော့ တစ်ကျော့ပြန် အစပြုနေပြီ ထင်သည်။ အချစ်ဦးကို မေ့ရန်ခက်ခဲလှတာ နားလည်သော်လည်း ဘာကြောင့်များ သတိရဖို့မကောင်းသည့် အချစ်ဦးဆီ မင်းဟန် လည်ပြန်လှည့်ကြည့်တာပါလိမ့်။ တစ်ကြိမ်နှင့်ပင် မနာကျင်နိုင်သေးဘူးလား။ ရိုးစင်းသူလေးကို သတိတရမရှိတော့ဘူးလား။
လောကသည် အပြောကျယ်သည်နှင့်အမျှ ကျွန်မ မသိနိုင်သေးသော ပုစ္ဆာများစွာ ရှိဦးမည်ဟုသာ တွေးရ ပါသည်။
မိန်းကလေးဆောင်၏ တချို့သော ညနေခင်းများတွင်တော့ ငယ်ငယ်သည် တစ်စုံတစ်ယောက်ကို စောင့် စားမျှော်လင့်ဟန်အား မပိမရိ ဖုံးကွယ်လျက် ဧည့်ခန်းထဲ စာအုပ်တစ်အုပ်နှင့် ငြိမ်သက်နေတတ်တာ တွေ့ရမြဲဖြစ်လေသည်။
စံပယ်ဖြူနု
(မေလ၊ ၂၀၀၉၊ အပျိုစင်မဂ္ဂဇင်း) 

1 comments:

ယောင်္ကျားလေးတွေက အချစ်ဦးဆို အသဲစွဲ ထင်ပါရဲ့

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More