ခုတလော နွမ်းလျအိမ်ပြန်ဆိုတဲ့ စကားလုံးလေးကိုပဲ တသသ ရေရွတ်နေမိတယ်။ ကိုယ် အင်မတန်ကြိုက်တဲ့ ၀တ္ထုနာမည်လေး။ နွမ်းလျအိမ်ပြန်..။ ဒီစကားလုံးလေးက ခုတလော ကိုယ့်ရဲ့ မက်မောရာ။ ဘာလို့ဆို ကိုယ်က နွမ်းလျသော်လည်း အိမ်မပြန်နိုင်သူကိုး။
ညနေခင်းတိုင်းတော့ အိမ်ကို ပြန်ရပါရဲ့။ ဒါပေမယ့် ကိုယ့်ခြေလှမ်းတွေ ဦးတည်ရတဲ့နေရာဟာ အိမ်မဟုတ်ပါဘူးဆိုရင်တော့ ကြားရသူတွေက အံ့သြကြမယ်။
ကိုယ့်အယူအဆကတော့ အမိုးအကာနဲ့ နံရံလေးဘက်လေးတန်ရှိတိုင်းလည်း အိမ်မဟုတ်ဘူး။ ပြန်လာတဲ့သူကို စိတ်လုံခြုံမှု၊ နွေးထွေးမှု တစ်ခုခု ပေးစွမ်းတဲ့အဆောက်အအုံကသာအိမ်။ ဒါကြောင့် ကိုယ်ပြန်ရတဲ့နေရာ၊ မြို့ပြမှာ ကိုယ် ခိုနားရတဲ့အဆောင်ဆိုတာဟာ အိမ်မဟုတ်ဘူးလေ။ အဝေးကအိမ်လောက်တော့ ဘယ်နေရာကမှ ကိုယ့်ကို မနွေးထွေးစေဘူးဆိုပါတော့။
အိမ်မဟုတ်တဲ့ အိမ်ကိုပြန်ရတဲ့ညနေတိုင်း ကိုယ်နွမ်းလျနေတယ်။ အရင့်အရင်က မသိသာပေမယ့် ခုတလော သိသာလာတယ်။ ကိုယ် မောပန်းခဲ့ပြီလား။
မှန်ကို အငေးသားကြည့်မိတိုင်းမှာတော့ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ထပ်ထပ် မေးမိတယ်။ ဟင့်အင်း...မမောသေးပါဘူး၊ ကိုယ့်မှာ စိတ်ခွန်အားတွေရှိသားပဲလို့ ဦးနှောက်က ဖြေတယ်။ နှလုံးသားကတော့ မော လိုက်တာလို့ ဖြေတယ်။ ဟုတ်လား...ကိုယ် တကယ် မောနေပြီလား။ အဖြေနှစ်ခုကြားမှာ ကိုယ့်ဘာသာ ပြုံးမိပါရဲ့။
ပြုံးသာပြုံးရတယ်။ ကိုယ့်နှုတ်ခမ်းက သိပ်ပြီး မကွေးညွတ်နိုင်ဘူး။ နှုတ်ခမ်းနှစ်ဖက်ကို အလိုက်သင့် ဆွဲဆန့်တာ အပြုံးမှမဟုတ်ဘဲ။ ကိုယ် မပြုံးတတ်တော့ပြန်ဘူးလား။ မနက်ခင်းပိုင်း နည်းနည်းပါးပါးပြုံးနိုင်သမျှဟာလည်း ညနေစောင်းတော့ အပြုံးက လျော့လျော့ရဲရဲ။
ကိုယ့်အပြန်လမ်းကလည်း ပြုံးချင်စရာ မကောင်းဘူးကိုး။ ညနေဘက်ဆို စိတ်ပင်ပန်း လူပင်ပန်းမို့ ဘာကိုမှ အထူးတလည် စိတ်အရှုပ်ခံချင်တော့တာ မဟုတ်ဘူး။ ဒါပေမယ့် အပြန်လမ်းက ကဗျာမဆန်ဘူးလေ။ တာမွေကနေ လှည်းတန်းထိ ငါးပိသိပ်သလို ထိုးထည့်ထားတဲ့ ကားထဲလိုက်လာရတာဟာ နေ့တဓူဝ တွေ့ရပေမယ့် ဘယ်တော့မှ အသားမကျတဲ့ကိစ္စ။ နေရာမရဘူးရယ်လို့ ရုံးဆင်းချိန်မှာ ကိုယ်တို့ ကားရွေးနေခွင့်မှ မရှိတာ။ မှတ်တိုင်လာရပ်တဲ့ကားပေါ် တိုးတိုက်ပြီး တက်ရတာပဲ။ မြို့မှာနေတာ တိုးတက်တယ်လို့ ရွာက လူတွေ မှတ်ချက်ချတာကြားရရင် ကိုယ့်စိတ်ထဲ လိုင်းကားပေါ် တက်ရတာကိုသာ မြင်ယောင်နေတော့တာ။
ဘတ်စကားပေါ်မှာ လက်ကိုင်တန်းကို လက်တစ်ဖက်တည်း ကိုင်ထားရုံနဲ့ ခပ်တည်တည်လိုက်နိုင်တာ ဘာကြာသေးလို့လဲ။ လွန်ခဲ့တဲ့ နှစ်တချို့တုန်းကတော့ ကိုယ်ဟာ နယ်မြို့သူမှန်း ပြောစရာ မလိုလောက်အောင် ကားဘရိတ် တစ်ချက်ဆောင့်ပြီး နင်းလိုက်တိုင်း အလဲလဲ အပြိုပြို။ ခုတော့ လူကျပ်တာကို စိတ်ရှုပ်တာကလွဲရင် ကျန်တာ မထူးဆန်းတော့ဘူး။ ညနေစောင်းပြီမို့ ချွေးတွေ သံတွေရွှဲနေတဲ့ လူပေါင်းစုံဆီက အနံ့အသက်ကိုလည်း ကိုယ် ခွင့်လွတ်တတ်ခဲ့ပြီ။ စပယ်ယာ အတင်းတွန်းတင်တာကိုတောင် ပြန်ပြီးရန်မလုပ်တတ်တော့ဘူး။
ဟော...ကိုယ်တို့ ဆင်းရမယ့် မှတ်တိုင်ရောက်တော့ သူက တွန်းချမတတ် ဆင်းခိုင်းပြန်ရော။ အိတ်က လူတွေကြားထဲ ညှပ်နေလို့ ဆင်းလုလုခြေလှမ်းကို ရပ်ပြီး နောက်ပြန်လှည့်ဆွဲရင်ပဲ အဆူအငေါက်ကို ခံရတော့မယ်။ အင်မတန် ဒေါသထွက်လွယ်တဲ့ ကိုယ့်ကို အစ်မတစ်ယောက်က နှစ်သိမ့်တရားချတတ်တယ်။
''ခွင့်လွတ်လိုက်ပါကွယ်၊ သူ့မှာ ဒီနေရာလေးမှာ ပြောဆိုအော်ဟောက်နေရတာကိုပဲ သူ့ကမ္ဘာထင်ပြီး ကျေနပ်နေတာ။ သူ့ကိုယ့်သူ ဟုတ်လှပြီထင်နေတာ တွေးတတ်ရင် သနားစရာပဲ''ဆိုပါလား။ အစ်မကပဲ ပြောတတ်လို့လား၊ ကိုယ်ကပဲ သည်းခံခြင်းတရား ပြည့်ဝလာသလား။ ခုနောက်ပိုင်းတော့ အတော်ပဲ အရေထူလာတော့တာ။ ကားပေါ်ကို လူတကာနဲ့အပြိုင် တိုးတက်တတ်သလို ကားပေါ်ကနေလည်း စပယ်ယာမအော်ခင် တိုးဆင်းတတ်ပြီ။
ကားပေါ်က ဆင်းတာနဲ့ ကိုယ့်ဦးတည်ရာဟာ အဆောင် မဟုတ်သေးဘူး။ တစ်ညနေခင်းလုံး ဟာနေတဲ့ ဗိုက်ကို ဖြည့်ဖို့လိုသေးတယ်ဆိုတာ အစာအိမ်က အကြိမ်ကြိမ် အချက်ပြတယ်။ ထုံးစံအတိုင်း မုန့်ဆိုင်တွေ ပေါများရာ လှည်းတန်းလမ်းပေါ်တို့၊ ဦးထွန်းလင်းခြံလမ်းတစ်ဝိုက်တို့ ရောက်ရတော့တာပေါ့။
ရွေးချယ်စားသောက်စရာ အင်မတန်များတဲ့ လှည်းတန်းမှာ ကိုယ် စွဲစွဲမြဲမြဲစားဖြစ်တာက မုန့်ဟင်းခါးရယ်။ ရန်ကုန်ရောက်ခါမှ ကြိုက်လာတဲ့ အစားအစာထဲမှာ အဲဒီ မုန့်ဟင်းခါးပါတယ်။ ညနေဘက်တွေမှာ ကိုယ် ကော်ဖီမသောက်တော့တာ များတယ်။ မုန့်ဟင်းခါးရယ်၊ ရေနွေးကြမ်းရယ်ဆို ကိုယ့်ညနေစာက လုံလောက်ပါတယ်။ အဲ...ညစာအတွက်တော့ စဉ်းစားရသေးတာပေါ့။
စဉ်းစားရတယ်ဆိုပေမယ့် ထွေထွေထူးထူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ လှည်းတန်းလို နေရာမျိုးမှာ ကိုယ်တို့လို အိမ်ဝေးသူတွေအတွက် ထမင်းဆိုင်လေးတွေ ပေါမှပေါ။ တစ်နပ်ကို ခြောက်ရာပဲသုံးမလား၊ ရှစ်ရာ၊ တစ်ထောင်လောက်အထိ သုံးမလား။ ကိုယ်သုံးမယ့် ငွေနဲ့ချိန်ပြီး စားနိုင်တဲ့ဆိုင်လေးတွေ ရှိပါ့။ ကိုယ့်အတွက်ကတော့ ရှစ်ရာလောက်ဆို လုံလောက်နေပြီ။
ထမင်းတစ်ထုပ်ရယ်၊ တစ်ခါတစ်ရံ ကြက်ဥကြော် ဒါမှမဟုတ် ဘဲဥအာလူးဟင်းတစ်ပွဲ၊ တစ်ခါတစ်ရံ အသီးအရွက်ကြော်နှစ်မျိုးလောက်ရယ်ဆို ကိုယ့်ညစာက အတော်ပဲ လှနေပြီ။ ပိတ်ရက်ဆို ကြော်ထားတတ်တဲ့ ငါးခြောက်ကြော်တို့ ဘာတို့ကလည်း အဆောင်မှာ ရှိသေးတာမဟုတ်လား။ တစ်ခါတလေတော့ လက်ဖက်ကလေး သုပ်စားရင်ပဲ ထမင်းစားဝင်သား။
ရန်ကုန်ရောက်စကတော့ ကိုယ်က အမေ့ကို မလိမ်ညာတတ်သေးဘူး။ အမေက ဖုန်းထဲမှာ ဒီနေ့ည ဘာဟင်းစားသလဲလို့ မေးလေ့ရှိတယ်။ ကိုယ်ကတော့ ကြက်ဥဖြင့် ကြက်ဥ၊ ငါးခြောက်ဖြင့် ငါးခြောက်၊ လက်ဖက်ဖြင့် လက်ဖက် ဖြေတတ်တာ။ ဒီလိုဆို အမေက စိတ်မကောင်းရှာသလို အသံက မူပျက်တော့တာပဲ။
''ဒါကြောင့်ပြောတာ။ ကိုယ့်ဘာသာ အားရှိအောင်လည်း စားဦး၊ အိမ်ကို ပေးဖို့ပဲ စဉ်းစားနေတာနဲ့ အာဟာရချို့တဲ့အောင် စားမနေနဲ့''
''အမေကလည်း သမီး စားပါတယ်။ အမေ့သမီးကဖြင့် ၀တောင်ဝနေပြီ။ သင်္ကြန်ပြန်လာမှ အမေ တွေ့လိမ့်မယ်''စသဖြင့် ပြေရာပြေကြောင်းပြောရတော့တယ်။
ဒါလည်းပဲ ကိုယ် ပိုက်ဆံပို့ရင် အမေက ဒီစကားမျိုးကို သတိတရပြောတုန်း။ ဒါပေမယ့် အချိန်တန်လို့မှ ကိုယ့်ဆီက ငွေကလေး ရောက်မလာရင် အမေ ဘယ်လောက်မောရမယ်ဆိုတာ ကိုယ်သိတာပေါ့။
နောက်ပိုင်းတော့လည်း အမေ့ကို ပိပိရိရိ လိမ်တတ်လာခဲ့တယ်။ ကြက်ဥနဲ့စားနေရင်တောင် ကြက်သားလို့ ပြောတတ်လာတယ်။ အမေ ကျေနပ်သွားတာကို ကြုံရတိုင်း လိမ်မိတဲ့ ကိုယ်က မျက်နှာပူတယ်။ တစ်ဖက်က တွေးပြန်တော့လည်း လိမ်တာ ဘယ်ဟုတ်လို့လဲ။ ကြက်ဥကြော်ကို ကိုယ်တို့ အဆောင်သူတွေက ကြက်ကောင်လုံးကြော်လို့ ခေါ်တာပဲဟာ။ ကြက်သား ခဏခဏ စားတယ်နော်လို့ အမေပြောရင်တော့ ကိုယ့်မှာ ငိုရမလို ရယ်ရမလိုပေါ့။
ဒီလိုပဲ ကိုယ်တစ်ယောက်တည်း လိမ်တတ်သလားဆိုတော့လည်း မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆိုတာလည်း အိမ်ကို စိတ်ချမ်းသာအောင် ထားချင်ကြတဲ့သူတွေ။ မိခင်၊ ဖခင်၊ မိသားစုကို ပူပန်ဖြည့်ဆည်းနေတဲ့သူတွေ။ ကိုယ်ကမှ လစာထဲက ချွေတာသုံးပြီး အထိုက်အလျောက် ပို့နိုင်တယ်ဆိုရမယ်။ တချို့ကတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ။
ကိုယ့်ဘေးအခန်းက သူငယ်ချင်းတစ်ယောက်ကတော့ ရုံးဆင်းချိန်ဆို အဆောင်မပြန်နိုင်ရှာဘူး။ လိုင်းကား နှစ်ဆင့်လောက်စီးပြီး စာသင်ရမယ့်အိမ်ဆီ ခရီးဆက်ရသေးတာ။ သူပြန်ရောက်ချိန်က ည ၉ နာရီပတ်ဝန်းကျင်။ ပြန်လာရင်လည်းပဲ သူ့မှာ မောဟိုက်လို့၊ ပင်ပန်းဆာလောင်လို့။ လမ်းမှာ ၀င်ပြီးဝယ်လာတဲ့ထမင်းထုပ်ရယ်၊ အဆောင်မှာ ရှိတဲ့ အခြောက်ကြော်တစ်ခုခုရယ်ကို အတင်းမြိုချတတ်တယ်။ ရေ တဂွပ်ဂွပ်သောက်တတ်တယ်။ ရုံးဆင်းကတည်းက ဘာမှမစားရသေးဘူးဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဖြစ်ရပါရဲ့။
''လမ်းမှာ မုန့်ဟင်းခါးတစ်ပွဲလောက်များ စားလိုက်ပါတော့ဟယ်''လို့ တစ်ခါကတော့ အလိုက်မသိပြောမိသေးတယ်။
''ဟယ်..သီခိုင်ရယ်။ တစ်ပွဲ သုံးရာ၊ လေးရာနဲ့ မစားပါဘူးဟယ်၊ ပြန်လာရင် ထမင်းစားလို့ရတာပဲဟာ''ဆိုတာနဲ့ နောက်တော့ ကိုယ်မပြောရက်တော့ဘူး။
သူက လကုန်လို့ အိမ်ကို ပိုက်ဆံပို့ရင်တော့ ကိုယ်တို့နဲ့ တန်းတူ ပို့နိုင်တဲ့သူ။ သူ့လစာနဲ့၊ သူ့အပိုဝင်ငွေနဲ့ ဒီလောက် ငွေပမာဏပို့နိုင်တယ်ဆိုတာ ဘယ်လောက်တောင် ခြိုးခြံချွေတာထားရမလဲလို့ ကိုယ်တို့ အချင်းချင်း မှန်းဆနိုင်ကြတယ်။ ဒါပေမယ့် သူ့အိမ်ကတော့ မသိဘူး။ သူလည်း ကိုယ်တို့လိုပဲ အိမ်ကို ညာတယ်။ သူ့အမေနဲ့ ဖုန်းပြောတာ တစ်ကြိမ် တေ့တေ့ဆိုင်ဆိုင်ကြားဖူးပါရဲ့။ သူပြောတဲ့လေသံဟာ ကိုယ်ပြောတဲ့ လေသံနဲ့လည်း ခပ်ဆင်ဆင်။ အပြုံးအပြည့်နဲ့ သူ့မျက်နှာကို မြင်ရတာဟာလည်း ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရသလိုပါပဲ။
ကိုယ့်မှာတော့ ကိုယ့်အပူကိုယ်မေ့ပြီး သူ့ကို ၀င်ပြီး စိတ်ပူပန်ပေးဖူးတယ်။ သူကတော့ အပြုံးမပျက်ပါလားကွယ်။ ဘာကိုမှ လိုချင်လှချည်ရဲ့ မရှိဘူး။ ဘာကို မရလိုက်ဘူးရယ်လို့ ၀မ်းနည်းစိတ်မရှိဘူး။ ဒါနဲ့ပဲ စိတ်ခိုင်မာလှချည်ရဲ့လို့ ကျိတ်ပြီး ချီးကျူးရတယ်။
ကိုယ်ကတော့ တစ်ခါတစ်ခါ စိတ်သိပ်မခိုင်လှဘူး။ မိတ်ကပ်ကောင်းကောင်း၊ နှုတ်ခမ်းနီကောင်းကောင်းကို စိတ်မ၀င်စားပေမယ့် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေတော့ မက်မောပြန်ရော။ အ၀တ်အစားသစ်၊ ဖိနပ်သစ်ထက် အိတ်အလှကိုတော့ လိုချင်တောင့်တရှိပြန်ရော။ လိုချင်ရက်နဲ့ မရပြန်ရင် ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တာ မဟုတ်ပေမယ့် သြော်...ငါ မ၀ယ်နိုင်ပါလားရယ်လို့ ၀မ်းနည်းတတ်ပြန်တယ်။
ဒါလည်း ခဏပါပဲ။ အိတ်တစ်လုံးဝယ်မယ့် ငွေတစ်သောင်းခွဲလောက်ဟာ အိမ်မှာဆိုရင်တော့ အမေ ဘယ်လောက်သုံးနိုင်မယ်လို့ တွေးရင် ကိုယ်မေ့သွားတတ်တယ်။ ဖိနပ် တစ်သောင်းတန် ၀ယ်စီးမယ့်အစား သုံးထောင်တန် လောက်စီးရင်လည်း ဖြစ်သားပဲလို့ ဆင်ခြင်တတ်တယ်။ ဦးထွန်းလင်းခြံလမ်းက ဖြတ်ပြန်တိုင်းတော့ ဆိုင်တွေမှာ ခင်းကျင်းထားတဲ့ အင်္ကျီအလှတွေ၊ ဖိနပ်တွေ၊ အိတ်တွေက မျက်စပစ်တာကို အကြည့်လွှဲရတယ်ဆိုတာ မိန်းကလေး တစ်ယောက်အတွက် လွယ်တာမှတ်လို့။
ဦးထွန်းလင်းခြံလမ်း ပတ်ဝန်းကျင်ဟာ ကိုယ်တို့ ရောက်စကထက် အများကြီး စည်ကားခဲ့ပြီ။ ဆိုင်တွေ တစ်နှစ်ထက် တစ်နှစ် ပေါများလာလိုက်တာကွယ်။ လက်ဖက်ရည်၊ ကော်ဖီကောင်းကောင်းသောက်မလား၊ စာအုပ်ရှာချင်သလား၊ ဖက်ရှင်အတွက်ပဲ ရွေးမလား ဆိုင်တွေမှ စုံလို့ စုံလို့။ နောက်ဆုံး သော့တူလုပ်တာ၊ ထီး၊ ဖိနပ်ပြင်တာ၊ လျှပ်စစ်ပစ္စည်းပြင်တာအထိ ရနိုင်တယ်။
လှည်းတန်းဟာ တစ်ချိန်ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။ ခုတော့ ရန်ကုန်မြို့ပြင်က တက္ကသိုလ်တွေမှာ တက်ရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အလုပ်အကိုင်အတွက် အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ လူငယ်လူရွယ်တွေ နေကြတဲ့အရပ်။ ဒီအရပ်မှာနေထိုင်ကျင်လည်ရတာကိုပဲ ကိုယ့်ရင်ခုန်သံဟာ ဘာကြောင့်မှန်းမသိ နွေးထွေးရတယ်။
ကိုယ် လှည်းတန်းကို စရောက်တုန်းက အချိန်တွေကိုတော့ ပြန်တွေးတိုင်း လွမ်းရတုန်းပဲ။ လမ်းသွယ်တွေထဲမှာ ကိုယ်ပိုင်ဝင်းခြံတွေပဲ များတဲ့ကာလ။ ကန်ထရိုက်တိုက်ဆိုတာ မရှိသလောက်ပဲ။ အိမ်တွေကတော့ အစဉ်အဆက် နေထိုင်လာခဲ့ကြဟန်နဲ့ ရိုးရိုးစင်းစင်း ငြိမ်းငြိမ်းချမ်းချမ်း။ ကျောင်းသားကျောင်းသူတွေ၊ ၀န်ထမ်းတွေခိုကိုးရာ အရပ်မို့ နှစ်ထပ်အိမ်တွေမှာ အိမ်ရှင်နဲ့ ကျောင်းသားပေါင်းနေကြတာလည်း မရှားဘူး။
ကိုယ်နေရတဲ့ အဆောင်လေးကလည်း နှစ်ထပ်ပျဉ်ထောင်အိမ်။ အပေါ်ထပ်မှာ ဖျာကလေးခင်းပြီး ကိုယ်တို့ အဆောင်သူတွေ တန်းစီအိပ်ရတာကို မှတ်မိသေးတယ်။ အဆောင်ရှင်အဘွားကလည်း တကယ့်အဘွားအရင်းလိုပါပဲ။ ကိုယ့်ကို ခေါ်တာ မယ်သီဆိုပဲ။ နာမည်ကို ဘယ်နှခါခါ ပြင်ပေး ပြင်ပေး မယ်သီပဲ ခေါ်တတ်တဲ့အဘွားကို ကိုယ် သံယောဇဉ်ရှိခဲ့ရတယ်။ လခထုတ်ရင် တန်ဖိုးကြီး မုန့်ပေးချင်ပေမယ့် မတတ်နိုင်တော့ ဈေးသိပ်မပေးရတဲ့ မြန်မာဘီစကစ်လောက်ပဲ ၀ယ်ပေးနိုင်တယ်။ ဒါကိုပဲ အဘွားက ဆုပေးလို့မဆုံးဘူး။ ကိုယ့်မှာလည်း အမေ့ဆီ ဖုန်းဆက်တိုင်း အဆောင်အိမ်က မိသားစုဆန်ကြောင်း ပြောပြလိုက်ရတာ အမော။
ဟော...မကြာပါဘူးကွယ်။ ကန်ထရိုက်တိုက်ရေစီးကြောင်းက လှည်းတန်းအရပ်ကို ဖြတ်စီးတဲ့နောက် ကိုယ်တို့တွေ အဘွားကို နှုတ်ဆက်ရတော့တယ်။ တစစ ယိုယွင်းလာတဲ့အိမ်ကလေးကို အဘွားက ပြင်ဆင်စရိတ်မတတ်နိုင်။ တစ်ဖက်မှာလည်း သားသမီးက များတာမို့ သူမရှိတဲ့နောက် အမွေရယ်လို့ အိမ်ခန်းကလေးတွေ ပေးချင်ပေါ့။ ဒါနဲ့ပဲ ကိုယ်တို့အဆောင်လေးဟာ အသွင်ပြောင်းရတော့မယ်။ ကိုယ်တို့တွေလည်း တစ်နေရာစီ ရွှေ့ပြောင်းကြရတော့တယ်။
ပျော်ရာမှာ မနေရဆိုတဲ့စကားလိုပဲ ကိုယ်ဟာ တော်ရာအဆောင်တစ်ခုကို ရောက်ရပါရော။ အဘွားရဲ့ မေတ္တာနဲ့ အသားကျခဲ့တဲ့ ကိုယ့်အတွက် အဆောင်ရှင်အသစ် အန်တီ့ကိုတော့ မပေါင်းသင်းတတ်ပြန်ဘူး။ နှုတ်ကတော့ အလွန်ချိုပါရဲ့။ ဒါပေမယ့် ပြောနေတဲ့စကားလုံးနဲ့ မျက်လုံးတွေဟာ အရောင်ကွာနေသလိုပဲ ကိုယ်ခံစားရတယ်။ အန်တီပြုံးတဲ့အချိန် မျက်လုံးတွေက အေးတိအေးစက်နဲ့။
အန်တီ့နည်းပရိယာယ်တွေကို အဆောင်နေသက် လချီကြာလာတာတောင် ကိုယ်က လိုက်မမီဘူး။ တစ်ခါတုန်းက ဘေးအခန်းက မိန်းကလေးက ပြောင်းပါလေရော။ သူ့အခန်းလေးကို ကိုယ်က အစကတည်းက လိုချင်စိတ် ရှိခဲ့တယ်။ တစ်ယောက်ခန်းလည်းဖြစ်တယ်၊ အလင်းရောင်ကောင်းပြီး လေ၀င်လေထွက်ကောင်းသလို မဆိုစလောက်လေး ကျယ်တာကလည်း ကိုယ့်အတွက် မက်မောစရာ။ စာရေးလို့ ကောင်းလိုက်မယ့်ဖြစ်ချင်းလို့ တသသရှိဖူးတယ်။
မိန်းကလေးကလည်း ကိုယ့်ကို ခင်တာမို့ ပြောင်းမယ့်အကြောင်း အန်တီပြီးရင် ကိုယ့်ကိုပဲ အရင် အသိပေးပါရဲ့။ အဆောင်မှာတော့ ဒီလိုပဲ အလျင်းသင့်သလို အခန်းချင်း ပြောင်းကြတာမဟုတ်လား။ အန်တီ့ကိုလည်း ဒီအခန်းကို ရွှေ့မယ့်အကြောင်း တစ်ကြိမ်ပြောပြီးတဲ့နောက် စိတ်ချလက်ချရှိနေခဲ့တော့တာ။
တကယ်တမ်း အခန်းလွတ်သွားတဲ့အခါ အောက်ထပ်က အဆောင်သူတစ်ယောက်က သူ့ပစ္စည်းတွေ အခန်းထဲ ရွှေ့လာတော့တာ ကြုံရပါရော။ ကိုယ့်မှာ အဆောင်သူချင်း ပြောနေတာထက် အဆောင်ရှင်ဆီ ပြောတာကပဲ ပိုသင့်တော်မယ်လို့ ဆုံးဖြတ်ရတယ်။
''သူက အရင်ပြောထားတာ သမီးရယ်။ ဒါကြောင့် သူ့ကို ပေးလိုက်ရတာ''
အန်တီ့နှုတ်က စကားသံချိုချိုဟာ ကိုယ့်ကို တွေဝေစေတယ်။ ဟိုတစ်နေ့တုန်းက အန်တီ ကိုယ့်ကို ဘာပြန်ပြောလိုက်သလဲ။ ခေါင်းပူအောင် ပြန်စဉ်းစားတော့ အန်တီ ပြုံးနေခဲ့တာသာ သတိရတော့တယ်။ နောက်ဆုံးတော့လည်း ကိုယ့်အခန်းဟောင်းလေးကိုသာ တပ်ခေါက်ပြီး လှည့်ပြန်လာရပါရဲ့။ ဒီအထိလည်း ထူးထူးထွေထွေတွေးမိသေးတာမဟုတ်ဘူး။
တစ်ရက်မှာတော့ ကိုယ်နဲ့ ဒီအဆောင်ရောက်မှ အဖွဲ့ကျလာရတဲ့ မမျိုးက ဖောက်သည်ချမှပဲ ဇာတ်စုံလင်းတော့တယ်။
''အန်တီကလေ တစ်ယောက်ခန်းတို့ ဘာတို့ လွတ်ရင် လေလံတင်သလိုပဲဟဲ့။ အခန်းကောင်းတွေပေါ့ဟယ်။ လက်ဆောင်ကောင်းကောင်းပေးနေကျလူတွေပဲ ရတာ။ အဲဒီ ကောင်မလေးက ပါတိတ်လုံချည်တစ်ထည်ရယ်၊ အိုဗာ တင်းတစ်ဘူးရယ် ပေးသတဲ့၊ ဒီအခန်းကို မပြောင်းရခင်က''
ကိုယ့်မှာ အံ့အားသင့်ပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်ရတယ်။ လောကကို လိုက်မီဖို့မပြောနဲ့၊ ဒီလို နေရာကွက်ကွက်လေးမှာတောင် ရိုးရိုးစင်းစင်းတွေးတာဟာ ကိုယ်ပဲ နောက်ကျကျန်ခဲ့ပါရောလား။ နေရာလေးတစ်နေရာအတွက်တော့ ကိုယ် အတင်းကာရော မပြိုင်ဆိုင်ချင်ပါဘူး။
အိပ်ရာကုတင် တစ်နေရာစာအခန်းလေးအတွက်ပဲ ဖြစ်ဖြစ်၊ လောကထဲက၊ အလုပ်ခွင်က နေရာအတွက်ပဲ ဖြစ်ဖြစ် ကိုယ်မတိုက်ခိုက်ချင်ဘူး။ ရှိပါစေလေ။ ကိုယ့်နေရာလေးကလည်း ကျဉ်းပေမယ့် မှောင်ပေမယ့် နေလို့ ဖြစ်သားပဲဟာ။ ခုတင်ဘေးကို လမ်းလျှောက်ဝင်ရင် ကိုယ်တစ်ခြမ်းစောင်းပြီး ၀င်ရတာကို မေ့ထားတတ်ရမှာပေါ့။ အဲ...နောက်ဆုံးတော့ အဲဒီအဆောင်လည်းပဲ ကန်ထရိုက်တိုက်ဆောက်ပါလေရော။ ဒီတစ်ခါတော့ ဘယ်သူ့မှ လွမ်းမနေဘဲ တော်ရာကို ရွှေ့ပြောင်းခဲ့တော့တယ်။
ကိုယ် အခုနောက်ဆုံး ရောက်လာရတဲ့နေရာကတော့ စိတ်ကို ချမ်းမြေ့စေပါတယ်။ အဆောင်ရှင်က အငြိမ်းစား ၀န်ထမ်း အန်တီကြီး။ ဘုရားတရားနဲ့ ခပ်အေးအေး နေတတ်တယ်။ အဆောင်သူတွေကလည်း ကျောင်းသူ၊ သင်တန်းသူနဲ့ ၀န်ထမ်းတချို့။ တိုတိုပြောရရင် ကိုယ်တို့အားလုံးဟာ ဘ၀တူတွေပဲ။ တချို့အဆောင်တွေမှာ ကြုံတတ်သလို အဆောင်သူချင်း စီးပိုးချင်တဲ့သူ တစ်ယောက်တစ်လေမှ မကြုံရဘူး။ လမ်းကျဉ်းကလေးထဲ ကုပ်ကုပ်ကပ် ကပ်လျှောက်ဝင်ရတာကလွဲရင် နေပျော်တဲ့နေရာလေ။ ဒီအဆောင်နေရာကတော့ ကန်ထရိုက်တိုက်ဆောက်နိုင်တဲ့အကွက်အကွင်းမျိုးမဟုတ်တာ ကျိတ်ပြီး ၀မ်းသာရသေးတယ်။
အဆောင်လခကတော့ ကိုယ်တို့ လှည်းတန်း စရောက်တဲ့နှစ်တွေနဲ့ယှဉ်ရင် သုံးဆကျော်မက ခုန်တက်ခဲ့ပြီ။ ဒါကတော့ အဆောင်တိုင်းပါပဲ။ ရန်ကုန်မှာက ကျောတစ်ခင်းစာက ပိုခက်ပေတာကိုး။ လူတစ်ယောက် လွတ်လို့များ နေရာချောင်မယ်မထင်လေနဲ့။ နောက်တစ်ရက်မှာ နောက်တစ်ယောက် ၀င်ပြီးသားပဲ။
ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာခက်တယ်ဆိုတော့ အလုပ်ကရော မခက်ဘူးလားဆို ခက်တာပါပဲ။ ၀ါသနာဆိုတာကတော့ ကိုယ်တို့ တက္ကသိုလ်ကျောင်းသူဘ၀ကတည်းက ခေါက်ထားရတော့တာပေါ့။ ကိုယ့်ဘွဲ့လေးနဲ့ ရရာအလုပ်သာ ၀င်ကြရတာ။ ကိုယ်တို့လို သာမန်ဘွဲ့ရလေးတွေဟာ အလုပ်ခွင်ထဲ တန်းဝင်ရလောက်တဲ့ လက်မှတ်တွေလည်း အပိုရဖို့ ကြိုးစားရသေးတယ်။ ဘွဲ့လက်မှတ်ထက် သင်တန်းဆင်းလက်မှတ်တွေက အရေးပါလေတာကိုး။
သင်တန်းသီးသန့်တက်နိုင်တဲ့သူတွေ မဟုတ်တော့ အလုပ်တစ်ဖက်နဲ့ ထမင်းချိုင့်လေးဆွဲပြီး သင်တန်းတက်တဲ့သူတွေလည်း မတွေ့ချင်မှအဆုံး။ အောက်ခြေ၀န်ထမ်း အလုပ်လေးတစ်ခုလောက် လုပ်ရင်းကနေ သင်တန်းတွေ တက်၊ တဖြည်းဖြည်းနဲ့မှ ပိုပြီး အဆင်ပြေလောက်မယ့်နေရာကို ပြောင်းဖို့ကြိုးစားတာဟာ မြို့ပြလူငယ်တွေရဲ့ အိပ်မက်ပေါ့။
ထမင်းနပ်မှန်တယ်ဆိုရုံ ဖြစ်သလိုစားခဲ့ဖူးတာ၊ ကော်ဖီမစ်တောင် တစ်ထုပ်စာအပြည့် မသောက်ရက်တာ စတဲ့ဘ၀ပုံရိပ်တွေကိုတော့ ကိုယ်ပြန်ပြောင်းပြီး တသ၀မ်းနည်းမနေတတ်ဘူး။ နောက်မှာ မိသားစုရှိတယ်ဆိုတဲ့စိတ်နဲ့ကျော် ဖြတ်လာခဲ့တာကိုး။ ခုတော့လည်း ဘ၀က နည်းနည်းတော့ အသားတကျရှိလာပါရဲ့။ မိသားစုကလည်း ကိုယ့်ကို အားကိုးအားထား ပြုလာနိုင်ပါရဲ့။ ဒါပေမယ့် ကိုယ့်စိတ်ကတော့ နွမ်းလျစပြုခဲ့ပြီ။
ကိုယ်ကျင်လည်နေရတဲ့မြို့ပြမှာ နေရာတစ်နေရာအတွက် သားရဲတွေလို တိုက်ခိုက်ကြရတာ မြင်ရဖန်များတော့ နှလုံးသားက အခါခါ နာကျင်တတ်လာတယ်။ ကိုယ်ကြုံရတာ မဟုတ်ဘူးဆိုရင်တောင် ကြားရတာနဲ့တင် စိတ်မချမ်းမြေ့စရာ။ ကိုယ့်မိတ်ဆွေတွေ ကြုံရတယ်ဆိုရင်တော့ ဘေးကနေ ၀င်ခံစားမိပြန်ရော။ ရုပ်ဝတ္ထုပစ္စည်းဟာ လူတွေကို ဘာကြောင့် ဒီလောက် လွှမ်းမိုးလာရသလဲ။ ဂုဏ်အရောင်အ၀ါအတွက်၊ ပိုင်ဆိုင်မှုအတွက် မိတ်ဆွေတွေကို ချနင်းဖို့ လိုသလား။ ခုနေသေရင်လက်ကို အခေါင်းပြင် ထုတ်ပြစရာမလိုလောက်အောင် လက်ဗလာဖြစ်တဲ့ ကိုယ်တို့အတွက်တော့ နားမလည်စရာ ပုစ္ဆာလိုဖြစ်ရတယ်။
ဆူညံသက်ဝင်နေတဲ့ လှည်းတန်းဈေးအနောက်ဘက် ဈေးလမ်းက ဖြတ်လာတာတောင် ကိုယ့်အတွေးက မရပ်ချင်ဘူး။ လူသံသူသံတွေကို ကိုယ်မကြားဘူး။ မနေ့ညက ကြားခဲ့ရတဲ့ ငိုသံတစ်စကို ပြန်ကြားနေတယ်။ နှစ်နှစ်လောက် တစ်ခန်းတည်းနေလာသူ အခန်းဖော်ရဲ့ မျက်ရည်စဟာ ကိုယ့်ကိုပါ နာကျင်စေခဲ့တာ။
ခုတလော မျက်နှာနွမ်းလျနေတာ တွေ့ပေမယ့် မစပ်စုမိဘူး။ သူကလည်း တစ်ဖက်သားကို အပူပေးတတ်သူ မဟုတ်တော့ ကိုယ့်မှာ သူ ရင်ဆိုင်နေရသမျှ မသိနိုင်ခဲ့ဘူးပေါ့။ အလုပ်က ပြန်လာရင်လည်း လူက ခွေလို့ပဲ။ မနေ့ကတော့ ထွက်စာတင်တော့မယ်ပြောတဲ့အခါ ကိုယ့်မှာ အံ့အားတသင့်နဲ့။ ညက သူ တိတ်တိတ်လေး ငိုနေတာကို မြင်တော့ ကိုယ်မနေနိုင်ဘူး။ နှစ်သိမ့်မိတဲ့အခါ သူ့နှုတ်ဖျားက စကားစတချို့ ထွက်ကျလာတယ်။
''အလုပ်မှာ တာဝန်ကျေရုံ၊ စည်းကမ်းလိုက်နာရုံနဲ့ လုံလောက်ပြီလို့ ငါထင်ခဲ့တာ။ လူတွေနဲ့ပါ အဆင်ပြေအောင် အလိုက်အထိုက်နေရဦးမယ်ဆိုတဲ့အတတ်ပညာကို ငါမတတ်ဘူး သီခိုင်ရယ်။ သူနဲ့ အဆင်ပြေအောင် မနေခဲ့မိတာ၊ သူများတွေလို မဖားတတ်ခဲ့တာ ငါ့အပြစ်ပဲထားပါတော့။ ဒါပေမယ့် အန်တီနဲ့ ငါ့ကြားမှာ သူ ဒီလောက် လှည့်ပတ်ထားလိမ့်မယ်လို့ ငါမထင်ခဲ့ပါဘူး။ သူနဲ့ငါက အထက် အောက် ရာထူးကွာပေမယ့် မိန်းမချင်းစာနာစိတ်တော့ရှိမယ် ထင်ခဲ့တာ''
အဖြစ်အပျက်ကို ကိုယ်က အစက သိခဲ့သူလည်းမဟုတ်တော့ သူပြောသလောက်ပဲ အင်းလိုက်ပြီး နားထောင်ရတယ်။ သူ မျက်ရည်အကျရပ်အောင် နှစ်သိမ့်ရတယ်။ သူ ၀မ်းနည်းတာ၊ မျက်ရည်ကျတာ ဘာကြောင့်ဆိုတာ ကိုယ်နားလည်နိုင်ပါရဲ့။ အလုပ်တစ်ခုကနေ တစ်ခုအကြား အချိန်နည်းနည်းစောင့်ရတာနဲ့အမျှ အိမ်အတွက် စိတ်ပူပင်ရတော့မယ်မဟုတ်လား။ သူဟာ မုဆိုးမ မိခင်အိုကို ထောက်ပံ့နေတဲ့သူ။ ညီမလေးရဲ့ကျောင်းစရိတ်ကို တာဝန်ယူထားတဲ့သူ။ နောက်ထပ်အလုပ်မရနိုင်တာမဟုတ်ပေမယ့် အချိန်တော့ စောင့်ရတော့မှာကိုး။
ကိုယ်တို့လို သာမန်ဝန်ထမ်းလေးတွေဟာ တစ်လစာ လစာကို ဒီမှာစားတာ၊ သုံးရတာရယ်၊ အိမ်ပို့တာရယ် ကွက် တိဖြစ်တတ်ကြတယ်။ အပိုအလျှံစုဆောင်းမိတာရယ်လို့လည်း ရှိကြတာမဟုတ်ဘူးကိုး။ သူ စိတ်ပူရင်လည်း ပူစရာ။
ညကတော့ သူလည်း ကုတင်ပေါ် လူးလိမ့်၊ ကိုယ်လည်း သူ့အတွက် စိတ်ပူလို့ပါပဲ။ ကိုယ်တို့တွေက မာနကြီးနိုင်တဲ့ဘ၀တွေလည်း မဟုတ်တော့ စဉ်းစားပါဦးလို့ ပြောပြချင်တယ်။ တစ်ဖက်မှာတော့ အဲဒီလို ပြောလိုက်ရမှာကိုပဲ နာကျင်နေပြန်ရော။ ဒါနဲ့ပဲ ညကရော မနက်ခင်းကပါ ဒီစကားကို ပြောမထွက်ဘူး။
ဒီနေ့တော့ နေ့ခင်းပိုင်းအလုပ်လုပ်နေရတဲ့အခါ သူ့ကို မေ့လျော့နေပါရဲ့။ ညနေခင်းရောက်တာနဲ့၊ အဆောင်အပြန်လမ်းပေါ် ရောက်တာနဲ့ တစ်ချက်တစ်ချက် သတိရတော့တာပဲ။ ကိုယ့်စိတ်က မောပန်းနွမ်းလျလာတော့တာပဲ။ အဆောင် ပြန်ရောက်ရင် သူ့ကို ဘယ်လို စကားလုံး သုံးပြီး နှစ်သိမ့်ရပါ့မလဲ။
ဈေးလမ်းလေးထဲ ဈေးဝယ်ရှောင်၊ ဈေးသည်ရှောင်ရင်း ကိုယ် တိုးဝှေ့လျှောက်လာခဲ့တယ်။ ဒီဈေးလေးဟာ မနက်ခင်းထက် ညနေခင်း ရုံးဆင်းချိန်များ ပိုစည်လေသလားပဲ။ စီစီညံနေတဲ့ ဈေးခေါ်သံ၊ စကားသံ၊ ရယ်သံတွေကြားက ကိုယ် တိုးထွက်လာခဲ့တယ်။ အဆောင်ဘက်ကို ချိုးကွေ့တဲ့ လမ်းသွယ်လေးကို မရောက်ခင် လမ်းတစ်ခုကို ဖြတ်ရသေးတယ်။
ကိုယ်တို့ အဆောင်လမ်းလေးကတော့ ထုံးစံအတိုင်း တိတ်ဆိတ်အေးချမ်းလို့ပဲ။ ဒီဘက်မှာတော့ ၀င်းခြံနဲ့နေတဲ့သူတွေပဲများတော့ ကန်ထရိုက်တိုက်များတဲ့လမ်းတွေလို လူဝင်လူထွက် စည်မနေဘူး။ အိမ်ဝေးသူတစ်ယောက်အတွက် သူစိမ်းမဆန်စေတဲ့လမ်းကလေး။
လမ်းကလေးပေါ်ကနေ လူနှစ်ယောက် သွားသာရုံ လမ်းကျဉ်းထဲ ချိုးကွေ့ရတယ်။ နှစ်ခြံမြောက်က နှစ်ထပ် တိုက်ခံအိမ်ဟာ ကိုယ်တို့အဆောင်။ ကိုယ့်ရဲ့ အိမ်မဟုတ်တဲ့အိမ်။ အဆောင်တံခါးသော့ကို တစ်ခါဖွင့်၊ အောက်ထပ်သော့ကို တစ်ခါဖွင့်။ အောက်ထပ်ကို ရောက်မှ ကိုယ့်အခန်းသော့ကို ဖွင့်။ အခန်းလေးက မှောင်ရီရီနဲ့ ကိုယ့်ကို ကြိုတယ်။
အခန်းမီးကို ဖွင့်ပြီး ပြတင်းပေါက်ကိုပါ တစ်ဆက်တည်းဖွင့်ရတယ်။ လေ၀င်လာတော့မှပဲ အိုက်စပ်စပ် ခံစားမှုက သက်သာတော့တာ။ ခါတိုင်းလို အိမ်နေရင်း အ၀တ်အစားလဲဖို့ ဒါမှမဟုတ် တစ်ခါတည်း ရေချိုးလိုက်ဖို့ လုပ်ချင်စိတ် မရှိလှဘူး။ ကုတင်ပေါ် လှဲချလိုက်တဲ့အခါမှာတော့ အမောက ကိုယ့်စိတ်ကို တံခါးခေါက်တယ်။ အပြန်လမ်းတစ်လျှောက် ကားပေါ်မှာ မွန်းကြပ်ခဲ့တာ၊ တစ်နေ့ခင်းလုံး အလုပ်မှာ စိတ်ဖိစီးခဲ့တာ ဒါတွေအကုန်လုံးဟာ ဒီလို စိတ်ပေါ့ပါးအောင် ဖျော့ချပြီး နားရတဲ့ခဏ နည်းနည်းတော့ နေသာပါရဲ့။ ပူပန်သောကကို လျှော့ချပြီး အသက်ရှင်တတ်ဖို့ကိုယ်လေ့လာရဦးမယ်။ မြို့ပြမှာသာ ကျင်လည်ရဖို့လမ်းကို ကိုယ်က ရွေးခဲ့ပြီကိုး။
ဘေးကုတင်ကို ငဲ့ကြည့်မိတော့ ကိုယ် သက်ပြင်းမချဘဲ မနေနိုင်ပြန်ဘူး။ သူ ပြန်လာနေကျအချိန်ကို ကျော်ခဲ့ပြီ။ စိတ်ညစ်လို့များ တစ်နေရာရာမှာ ထိုင်နေလေရော့သလား။ ပူပန်သောကကို လျှော့မယ်ဆိုမှ ကိုယ့်အပူကိုသာမက တစ်ပါးသူ အပူကိုပါ ကိုယ်က ၀င်ယူနေမိတယ်။ မတတ်နိုင်ဘူးလေ။ သူဟာ ကိုယ့်မိတ်ဆွေ၊ ဘ၀တူမိတ်ဆွေ။
မျက်လုံးအကြည့်ထပ်ရွှေ့တော့ ကိုယ့်ကုတင်ဘေးက စားပွဲလေးပေါ်မှာ အကြည့်တန့်တယ်။ စားပွဲပေါ်မှာတော့ အမေ့ဓာတ်ပုံဟာ စာအုပ်တွေရဲ့ ဘေးမှာ နေရာယူတယ်။ ဓာတ်ပုံထဲက အမေ့အပြုံးဟာ အေးချမ်းလို့။ ကိုယ့်ကို ခွန် အားပေးတဲ့အပြုံး။ လက်လျှော့ချင်တိုင်း၊ နောက်ဆုတ်ထွက်ပြေးချင်တိုင်း ထူမတ်ခဲ့တဲ့ မျက်နှာ။
မောလှပြီလို့ တစ်ခါတလေ ဒီဓာတ်ပုံလေးကိုငေးရင်း ကိုယ် ထုတ်ပြောမိတတ်တယ်။ သမီး မောပြီ အမေ...။ တကယ့်ပြင်ပမှာ မဟုတ်လေတော့ အမေက ပြုံးလို့ပဲ။ ဒီစကားကို ပြင်ပမှာတော့ အမေ့ရှေ့ ကိုယ်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်ဘူး။ မိဝေးဖဝေး အဝေးမှာ၊ မြို့ပြမှာ ရှင်သန်ကြတဲ့ ကိုယ်တို့တွေရဲ့ လက်သုံးစကားက တစ်ခွန်းတည်း။ 'အဆင်ပြေပါတယ်'...။ သမီး၊ သား နာမ်စားသာ ကွဲမယ်၊ ဒီ စကားလုံးဟာ ဘုံစကားလုံးပါပဲ။
ပိန်လာတယ်နော်လို့ ကိုယ်တို့ဇာတိက လူတွေ တစ်နှစ်တစ်ခါတွေ့လို့ ပြောကြရင် ကိုယ်က ပြုံးနေရတယ်။ သူတို့မြင်တာကတော့ ကိုယ်နေဟန် ပါးလျလာတာ။ ကိုယ့်ဘာသာပဲ ပြန်မြင်ရတာတော့ စိတ်တွေ၊ မာနတွေ ပါးလျလာတာ။
လေပြေအေး တစ်ချက်သုတ်လာတော့ ပြတင်းပေါက်က သံဇကာမှာ ချည်ထားတဲ့ ခြင်ထောင်ကြိုး ပလတ်စတစ်ကြိုးစလေးက လှုပ်နေတယ်။ စိတ်များနေချိန်ဆို အသံတွေကို အာရုံစိုက်သင့်တယ်ဆိုပဲ။ နားထောင်စမ်း..။ လေတိုးသံ၊ ငှက်သံ၊ စကားသံ၊ ရယ်သံ၊ ကားသံ၊ သီချင်းသံ၊ ခြေသံ၊ တံခါးဖွင့်သံ။
''သီခိုင်''
ကိုယ် ကုတင်ပေါ်က ငေါက်ကနဲ ထထိုင်မိတယ်။ သူ ပြန်ရောက်လာပြီ။
သူက လက်ကိုင်အိတ်ကို ကုတင်ပေါ် ချတယ်။ ထမင်းနဲ့ဟင်းထုပ်ကို သံမှာချိတ်တယ်။ နောက်ကျသွားတယ်ဟာတဲ့..။ သူ့အသံဟာ အဝေးက လွင့်လာသလိုပဲ။ ကိုယ် ဘာပြန်ပြောရမယ်မှန်းမသိဘူး။ ဘာမေးလိုက်ရမယ်မှန်းမသိဘူး။ ထွက်စာတင်ခဲ့ပြီလား..။ ဟင့်အင်း...။ ဒီမေးခွန်းဟာ ကိုယ့်နှုတ်ဖျားပေါ်ကို ရောက်မလာဘဲ စိတ်ထဲမှာတင် နာနာကျည်းကျည်း အငွေ့ပျံသွားတယ်။
''သီခိုင် ငါလေ..''
သူက စကားဆုံးအောင် မဆိုဘဲ ပင့်သက်ရှိုက်တယ်။ ကိုယ့်မျက်နှာကို တစ်ချက်ငေးတယ်။ ပြီးတော့ ပြုံးတယ်။ နှုတ်ခမ်းလှုပ်သွားလို့သာ အပြုံးလို့ နာမည်တပ်ရတဲ့ အပြုံး။ သူ့မျက်လုံးတွေက ငေးရီလို့ပါလား။ အို...မပြောပါနဲ့တော့။ ကိုယ် မပြောစေချင်ပေမယ့် သူက စကားဆက်ဖို့ ဟန်ပြင်လိုက်တယ်။
''ငါလေ ထွက်စာ မတင်ခဲ့ဘူးသိလား''
စိတ်ထဲ လှပ်ကနဲ ဟာဆင်းသွားတယ်။ သူ့မျက်နှာကို ကိုယ်ကြောင်ငေးနေမိတယ်။ သူကလည်း ကိုယ့်ကို တစ်ပြန်တစ်လှည့်ငေးလို့။
သူ ကိုယ့်ကို တကယ်မြင်သလား၊ မမြင်ဘူးလားဆိုတာတော့ ကိုယ်လည်း တပ်အပ်သေချာ မပြောနိုင်ဘူးလေ။
စံပယ်ဖြူနု
Treasure Land မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၃

10 comments:
တစ်ဖက်မှာတော့ အဲဒီလို ပြောလိုက်ရမှာကိုပဲ နာကျင်နေပြန်ရော။
လှတယ် အစ်မရယ်
အများကြီး စကားလုံးတွေ ခုန်ထွက်ကျကုန်တယ်
ဆန့်ကျင်နေတဲ့ အဖြစ်အပျက်တွေပေမယ့် ရင်ထဲ............ဟာ တယ်
သူသူ တစ်ပုဒ်ရေးဖြစ်ဦးမယ်..
အခု ဒီ ၀တ္တုကိုဖတ်တာ မျက်ရည်ကျတယ်ကော :"(
ဖတ်လို့ကောင်းတဲ့ လှည်းတန်း လူနေမူ ရင်ခုန်သံလေး။
ဘ၀တွေကမောလှတယ်ကွယ် ။ ကိုယ်လည်းအိမ်မပြန်နိုင်သေးဘူး ။ ဘယ်တော.များမှ..........
ကိုယ်တိုင်လည်း အိမ်မပြန်နိုင်သေးတဲ့ အဆောင်သူမို့ မြင်ရ၊ ခံစားရတာတွေကို ဖွဲ့ဖြစ်တဲ့စာပါ။ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်..။
ကိုယ့်အယူအဆကတော့ အမိုးအကာနဲ့ နံရံလေးဘက်လေးတန်ရှိတိုင်းလည်း အိမ်မဟုတ်ဘူး။ ပြန်လာတဲ့သူကို စိတ်လုံခြုံမှု၊ နွေးထွေးမှု တစ်ခုခု ပေးစွမ်းတဲ့အဆောက်အအုံကသာအိမ်။
ဒီစကားလုံးလေးကို အထူးစွဲငြိခဲ့ပါ့
ရင်ကိုဆို့နင့်စေတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါပဲ အမ။
ရန်ကုန်မြို့တော်မှာ ကျောတစ်နေရာစာရဖို့နဲ့ သွားရေးလာရေးဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသူမို့ ကိုယ်ချင်းစာမိတယ်။
ဒါမဲ့ စာရေးကောင်းတဲ့အမကြောင့် မျက်ရည်ဝဲသွားခဲ့တယ်။ :)
ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး
ဖတ်ရင်းနဲ့ တစ်ချို့နေရာတွေမှာ ကိုယ့်အဖြစ်ကိုယ်ပြန်မြင်နေရသလိုပါပဲ မမ ဖြူနုရေ.. အရေးအသားများကို အားကျလျှက် !
မောပန်းစွာလျှောက်လှမ်းနေကြတဲ့ ဘ၀တွေ.....
စာရေးသူရဲ့  လှပတဲ့ အရေးအသားတွေကြောင့် ကိုယ်ချင်းစာစိတ်များပေါ်လာစေပါတယ်.....
ကျွန်မတို့ဆိုရင် အိမ်တောင်ပျောက်နေခဲ့ပါပြီ ... ဘယ်ဟာက ကိုယ့်အိမ်မှန်းတောင်မသိတော့ပါဘူး :(
Post a Comment