ချောင်းကလေး ပုံပြင်

သည်နေရာတွင် ချောင်းကလေး တစ်ခု ရှိခဲ့ဖူးကြောင်း ယခုမှ ရွာကို ရောက်ဖူးသူ ဆိုလျှင် ကျွန်မတို့ ပြောပြဖို့ လိုအပ်ပါမည်။ သူစိမ်းများ အဖို့ တွေ့မြင်ရမည့် ပစ္စုပ္ပန်မြင်ကွင်းမှာ စိမ်းလန်းသော မြက်ခင်းများ၊ သစ်ပင်ပျိုများ၊ ခြေတံရှည် အိမ်များ။

မြို့ကလေး နေမကောင်းပါ

ခုတစ်လော မြို့ကလေး နေမကောင်းပါ။ မြို့ကလေး သည်လို နေမကောင်းသည့် အကြောင်းကိုလည်း ကျွန်မ ကိုယ်တိုင်မြင်၍ သိရသည် မဟုတ်။

ထမင်းဆိုင်

တံခါးများစေ့ ပိတ်၍ ငြိမ်ချက်သား ကောင်းနေသော ထမင်းဆိုင်လေးကို စပြီး သတိထား မိသည့် ပထမတစ်ရက်၊ နှစ်ရက်မှာတော့ ကျွန်မ စိတ်ထဲ ထူးထူးခြားခြား မရှိလှပါပေ။.

အရိပ်ပျောက် ရှာသူ

အိမ်ကို လွမ်းတတ်သူချင်း ဆုံမိကြပြီဆိုလျှင် မိခင် ဘွဲ့လွမ်းချင်း၊ အိမ်လွမ်းချင်းများစွာ ကြားဖူးလှပြီ ဖြစ်သော်လည်း သူတစ်ယောက် ကတော့ဖြင့် ထူးကို ထူးလှသည်ဟု ကျွန်မ မြင်ပါသည်။

အိပ်မက်မက်သူ

ရိုး မလိုနှင့် ချစ်စဖွယ် ဖြစ်သော စုနှင်းဆီ ဆိုသည့် အမည်ပိုင်ရှင် မိန်းကလေးကို စတင် သိကျွမ်းရစဉ် အစဦး ရက်များ ကတည်းက သည် မိန်းကလေးမှာ သိုဝှက်သော စိတ်နှလုံး ရှိမည်ဟု ကျွန်မ အလိုလို တွေးထင်ခဲ့ဖူး ပါသည်။

အခွဲအခွာ

ဆောင်းနှောင်းခဲ့ပြီ။ ကချင်ပြည်နယ်၏ ချမ်းမြသော ဆောင်းရာသီက နှင်းကြွင်းပင် မကျန်တော့အောင် နှုတ်ဆက်ပြီ။ နွေဦးသို့ ချဉ်းနင်းဝင်ရောက်တော့မည့် အရိပ်အယောင်များ မြင်သာစပြုသည့် တစ်ခုသောရက်တွင် မွေးရပ်မြေသို့ သမီး ပြန်ရောက်လာလေသည်။

နေထိုင်ကျင်လည်ရာ မြို့ပြအား ခေတ္တခဏ နှုတ်ဆက် ရခြင်း၊ နေပျော်ခင်တွယ်ရာအရပ်သို့ ခြေချရခြင်းသည် အချိန်ကာလအားဖြင့် တိုတောင်းလှသည်။ သမီးရသော အခွင့်သည် ရက်အားဖြင့် နည်းလှ၏။ သို့ပေမယ့် တစ်နေ့ ပြန်လည်ခွဲခွာရမည့် အချိန်စက်ဝန်းတစ်ခု နောက်ကျော၌ ကပ်ပါမြဲဖြစ်သည်ကို မေ့လျော့ထားမည်ဆိုလျှင်တော့ စိတ် လက်ပေါ့ပါးရသည်မှာ အမှန်ပင်။

ခြံကလေးသည် အေးချမ်းသော မြင်ကွင်းဖြင့် သမီးကို ဆီးကြိုနှုတ်ဆက်နေ၏။ သမီးငယ်စဉ်မှစ၍ နေထိုင်ကြီးပြင်းခဲ့သော အိမ်ငယ်သည် အိုဟောင်းခဲ့ပြီ။ သည်နယ်တစ်ဝိုက်က ရွာများတွင် ဆောက်တတ်သော ခြေတံရှည်အိမ်။ ထရံများမှာ ရေနံသား ၀လျက်။ သွပ်မိုးသည်လည်း သံချေးရောင်လွှမ်းလျက်။ သမီးတို့အိမ်သည် အဝေးမှကြည့်လျှင် မှုန်ကုပ်ကုပ်ရပ်နေသောကလေးတစ်ယောက်အလား။ သည်အိမ်ကို မြင်လိုက်ရသည့်ခဏ စိတ်အတွင်း ငြိမ်းချမ်းရခြင်းကတော့ ဆိုဖွယ်မရှိပြီ။

အိမ်ပြန်ရောက်ပြီ။ အိမ်ပြန်ရောက်ပြီဆိုသော အသိမှာ မိုင်ပေါင်းရာချီဖြတ်သန်းလာရသော အဖြစ်ကိုလည်း မေ့လျော့စေခဲ့ပြီတည်း။
သမီးတို့ ခြံထဲတွင်ကား ပန်းပင်များ မရှိသလောက် နည်းခဲ့ပြီ။  တစ်ချိန်ကတော့ နှင်းဆီ၊ စံပယ်၊ ဒေစီ စသည်ဖြင့် ပန်းပင်တို့သည် အိမ်ရှေ့တွင် နေရာယူမြဲ။ ထိုပန်းပင်များသည် အမေ့အသက်။ အမေ့စိတ်တို့ တည်ရာ။ ခုတော့ အမေ မရှိတော့သည့်နောက် ပန်းပင်ဟူ၍ ဂရုတစိုက်ပြုစရာ မလိုသော ငွေပန်းပင်များသာ ရေဘုံဘိုင်အနီး၌ ငေါင်စင်းစင်း ကျန်ရစ်နေတော့သည်။

သြော်...ပျဉ်းမပင်လည်း ကျန်ပါသေးသည်။ အိမ်ခေါင်းရင်းတွင် စိုက်ပျိုးထားသော ပျဉ်းမသည် သမီး နှစ်သက်သော ခရမ်းရောင်ပန်းပွင့်တို့ ဝေေ၀ဆာဆာ ပွင့်တတ်သည်မို့ ပန်းပင်များ၌ ထည့်သွင်းရေတွက်ရလေမည်လား။ ခြံထဲတွင် အထင်အရှား နေရာယူထားသည်ကတော့ အဖေ့ စားပင်သီး ပင်များသာတည်း။ သရက်၊ တညင်းတို့နှင့်အပြိုင် လဲမှို့ပင်များကိုပင် တွေ့နိုင်သေးသည်။
အိမ်ပြန်ရောက်သည့်နေ့တွင်ပင် ခြံ၏ အိုဟောင်းခြင်းကို သမီး မြင်လာရသည်။ ခြံစည်းရိုးသည် ယိုင်နဲ့လျက်။ နွေဦးမို့ သစ်ရွက်များသည် ခြံအနှံ့ ကြွေသက်နေ၏။ တစ်လမ်းလုံး ပင်ပန်းခဲ့သည်မို့ အိမ်ရောက်လျှင် နားပါမည်ဟု  တွေးခဲ့သော်လည်း ထိုင်မနေနိုင်ပြီ။ ရေမချိုးမီ တံမြက်စည်း တစ်ချောင်းဆွဲကာ သစ်ရွက်ကြွေများကို တရွှမ်းရွှမ်းလှဲခတ်တော့ အဖေက မနေနိုင်။

"နားနားနေနေနေတာ မဟုတ်ဘူးကော။ ဒီအရွက်တွေဟာ ကနေ့ညဘက် လေတိုက်ရင် ကြွေဦးမှာပဲ။ မနက်ကျ တော့ အဖေ လှဲမှာပေါ့"ဟု ဆိုသည်ကို ရယ်မောငြင်းဆန်ကာ ခြံကိုတော့ တစ်ညနေခင်းအတွင်းမှာပင် လှည်းကျင်းသန့်စင်လိုက်သည်။ ခြံကလည်း ကျယ်ဝန်းလှသည်မှ မဟုတ်ဘဲ။
လှဲကျင်းရသမျှသစ်ရွက်ကြွေများကို ခြံထောင့်၌စုပုံကာ နံနက်စောစောမှ မီးရှို့ရန် စိတ်ကူးရသည်။
ရေချိုးရန်ပြင်တော့ အုတ်ကန်ငယ်တွင် ရေအပြည့်။ အသက်ခြောက်ဆယ်ကျော် အဖေသည် အိုမင်းမစွမ်းဆိုသော စကားလုံးကို တော်လှန်လိုသူမို့ ဘုံဘိုင်က ရေကို ကိုယ်တိုင် နှိပ်၍ သုံးတတ်သူ။ ခုလည်း သမီးအတွက်ပင် ချိုးရေလောက်ငှအောင် ချန်ခဲ့သေးသည်။ ရေအေးမြမြကို တစ်ခွက်ချင်း လောင်းချိုးနေစဉ်တွင်တော့ သမီးသည် မြို့ပြ၌ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရသမျှ မြူမှုန်တစ်စ မကျန်တော့သလို မေတ္တာဓာတ်ဖြင့် အေးမြလန်းဆန်းလာခဲ့ပါသည်။
-----

ညဦးသည် ရာသီအေးမြခြင်းအကြွင်းအကျန်ကို ဆောင်ကာ ဆိုက်ရောက်လာခဲ့ပြီ။
သမီးတို့ရွာသည် လျှပ်စစ်မီး မရောက်လေသော ရွာကလေးပင်မို့ ရပ်ရွာကိုယ်ထူကိုယ်ထ မီးအလင်းသာ အိမ်၌ လင်းလျက်ရှိစဉ် သားအဖနှစ်ဦး ညစာလက်ဆုံစားကြသည်။ ပြန်လာမည့်ရက်ကို ကြိုတင်အကြောင်းကြားခဲ့၍ အဖေသည် သမီးအတွက် ညစာကို ဖွယ်ဖွယ်ရာရာဟု ဆိုရအောင် စီစဉ် ထားရှာ၏။ အဖေချက်သော ထမင်းဟင်းကိုတော့ သမီး ခုမှ စားခွင့်ကြုံရသည်ပင်။
ထမင်းသည် အနည်းငယ် ပျော့၍နေ၏။ ကြက်သားဟင်းကား မဆိုစလောက်ငန်လျက်။ ဟင်းရည်မှာမူ ဘာအရသာဟု ပြောမပြနိုင်။

သမီးသည် ထမင်းလုတ်ကို ခပ်ဖြည်းဖြည်းဝါးရင်း တစ်ဝက် တစ်ပျက်မြင်ရသည့် မီးဖိုခန်းမြင်ကွင်းကို ငေးနေမိသည်။
မီးဖိုခန်းကျဉ်းကျဉ်းလေးကား မီးရောင်မှိန်မှိန်အောက်မှာပင် ဖရိုဖရဲဟန်အပြည့်။ ပြာမှုန့်များသည် မီးဖိုပတ်လည်၌ ပွယောင်းလျက်။ လက်နှီးကား မီးဖိုနှင့် မလှမ်းမကမ်းတွင် ပုံကျနေ၏။ ငရုတ်ဆုံတွင် ငရုတ်ကျည်ပွေ့ကို တပ်လျက်သား။ စဉ်းနှီးတုံးပေါ်တွင်ကား ဓားမတိုကို ခရမ်းချဉ်သီးတစ်ခြမ်းနှင့်အတူ တွေ့ရ၏။ ရေအင်တုံကတော့ စဉ်းနှီးတုံးဘေးမှာ။
အရင့်အရင်ကတော့ အမေမို့ ထမင်းဟင်းချက်ပြုတ်ပြီးပြီဆိုလျှင် လက်စလက်န မကျန်ရလေအောင် သေသပ်မြဲ။ သမီးမြင်နေကျ အမေ့မီးဖိုခန်းနှင့် လောလောဆယ်မြင်တွေ့နေရသည်ကတော့ ဆန့်ကျင်ဘက် တစ်မျိုးတစ်ဘာသာ။ အဖေတစ်ယောက်သာ အိမ်၌ အနေမြဲရသည်ကို မြင်သာစေသောရိပ်ပုံမျှပင်။

ဧည့်ခန်းကြမ်းပြင်ပေါ်သို့ ခြေချစဉ်မှာပင် ခံစားသိလိုက်သော သဲတရှပ်ရှပ် အထိအတွေ့သည် မီးဖိုခန်းတွင်လည်း နေရာယူဆဲ။ သက်ပြင်းကို ကျိတ်၍ ရှိုက်မိစဉ်မှာတော့  မကျက်တကျက်အနာတစ်ခုကို အရေခွံဆွဲလှန်ရသလို ရင်၌ နာကျင်လာသည်။
အဖေကား စကားတပြောပြောနှင့်ပင် သမီးပန်းကန်သို့ ဟင်းတစ်ဇွန်းပြီး တစ်ဇွန်း ခပ်ထည့်ပေးလျက်။ မီးရောင်အောက်၌ အဖေ့ မျက်နှာပေါ်က အရေးအကြောင်းတို့မှာ ပို၍ပင် မြင်သာနေသလို။ အဖေသည် ထမင်းကို တစ်လုပ်ချင်းဝါးလျက်။ သူ့ဟင်းလျာကို အရသာ ခွဲခြား မသိဟန်။ အရသာလည်း မခံစားတတ်တော့ဟန်။ မျက်နှာမူရာကမူ ပြုံးမြလျက်။
ထမင်းပန်းကန်တွင်း ဇွန်းနှင့်တစ်ချက် နှစ်ချက် မွှေနေရင်း အဖေ့ကို သမီး တိတ်တဆိတ်အကဲခတ်နေသည်။

အဖေကား အမေ့လက်ရာကို မြိန်ရည်ရှက်ရည်ရှိလှသူ။ စားကောင်းသောက်ဖွယ်ကိုမှ ခုံမင်တတ်သူ။ အစစအရာရာ ပြုစုလုပ်ကိုင်ပေးခဲ့သူ ဇနီးကလည်း တစ်သက်တာ ခွဲခွာချန်ထားချိန်၊ တစ်ဦးတည်းသော ရင်သွေးငယ် သမီးကလည်း အဝေးမှာရှိချိန်အတွင်း အစိမ်းသက်သက်နေ့ရက်များကို မည်သို့ ရှင်သန်ကျော်ဖြတ်ခဲ့ပါသနည်း။    
ဖုန်းပြောချိန်တိုင်းတော့ သမီးမေးမြန်းသမျှကို အဆင်ပြေပါတယ်ဟု ဖြေတတ်မြဲ။ ထမင်းတွေ၊ ဟင်းတွေတောင် တော်တော် အဆင်ပြေပြေ ချက်တတ်နေပြီဟု တစ်ခါတုန်းက ပြောခဲ့ဖူးသေးသည်။ စားလို့ကောင်းလိုက်တာဆိုပဲ။ ပြီးတော့ ခပ်သဲ့သဲ့ရယ်မောလိုက်ပုံ။

"သမီး စားလေ၊ ဘာလဲ စားမကောင်းဘူးလား"
အဖေ့အသံအကြား၌ သမီး သတိပြန်ဝင်လာရသည်။ အိမ်ငယ်လေးက ညစာဝိုင်းသို့ စိတ်နှင့်ကိုယ်ကပ်လျက် ပြန်ရောက်လာသည်။
"ကောင်းပါတယ် အဖေရဲ့"
အဖေ ကျေနပ်အောင် ထမင်းတစ်လုတ်ကို ပါးစပ်ထဲ သွက်သွက်ထည့်ရသည်။ ကမန်းကတန်းဝါးရသော ထမင်းလုတ်မှာ လည်ချောင်းဝတွင်ပင် နင်၍နေသည်။ ဟင်းရည်တစ်ဇွန်းကို အပြေးအလွှားခပ်သောက်ရသော် ထမင်းနင်ခြင်းကြောင့် မဟုတ်ဘဲ သမီး မျက်ရည်ဝဲလာခဲ့ပါသည်။   
------

နံနက်ခင်း၏ ထင်းလင်းသော အလင်းရောင်သည် အိမ်၏အတွင်းတွင် နေရာယူထိုးဖောက်လျက်။ ညက နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်မို့ နံနက်ခင်း၌ သမီး ရွှင်လန်းစွာ နိုးထလာခဲ့သည်။
လူက နိုးသော်လည်း စောင်ပုံထဲက ရုတ်တရက် မထွက်နိုင်သေး။ အရင့်အရင်တုန်းကတော့ သည်လိုနံနက်ခင်းမျိုးဆိုလျှင် မီးဖိုခန်းထဲက လှီးချွတ်ခုတ်စင်းသံများ၊ ကြော်လှော်ချက်ပြုတ်သံများ ကြားရမြဲ။ ဟင်းနံ့များသည် သမီးရှိရာ အိပ်ခန်းသို့တိုင် ပျံ့လွင့်လာမြဲ။

အမေက အိပ်ရာစောစော ထတတ်သူ။ နံနက် ၅ နာရီ ဆိုလျှင် မီးစမွှေးပြီ။ သမီး နိုးတတ်သော နံနက် ၇ နာရီတွင်ကား နံနက်စာသည် အဆင်သင့်ဖြစ်ပြီ။ သမီးအတွက် ကော်ဖီတစ်ခွက်သည်လည်း အသင့်ဖျော်ပြီးသား။ အဖေ့အတွက်လည်း နံနက် ၈ နာရီဆိုလျှင် ထမင်းဝိုင်းပြင်ပြီးသားပင်။
ငယ်စဉ်တုန်းကတော့ အမေချက်ပြုတ်လျှင် ဘေးမှ ကူပေးရတတ်သော်လည်း ရန်ကုန်တွင် အလုပ်ဝင်ချိန်၊ ရွာသို့ ခေတ္တခဏသာ ပြန်လာရချိန်တွင် အမေသည် သမီးကို ဘာတစ်ခုမှ လုပ်ခွင့်မပေးတော့ပေ။ နားရက်ရသည့်အခိုက် အပြည့်အ၀ နားစေချင်ရှာသည်။ အနီး၌ သမီး တွတ်တီးတွတ်တာ လုပ်ရုံမျှဖြင့် အမေက ကျေနပ်သူပင်။

ခုတော့လည်း အရာရာ ပြောင်းလဲခဲ့ပေပြီ။ အိမ်ပြန်ချိန်၌ အမေ့ကို မမြင်မတွေ့ရတော့ဘူးဆိုသည်မှာ အတွေးနှင့်ပင် ပြိုလဲစဖွယ်။ သည်တစ်နှစ် အိမ်မပြန်ချင်။ မပြန်ဘူးဟုပင် တွေးခဲ့သေးသည်။ သို့သော် အဖေတစ်ယောက်တည်းဆိုသော လွမ်းဆွတ်စာနာစိတ်က သမီးကို အိမ်ပြန်ပို့ခဲ့ပြီ။
စောင်ပုံထဲက ထထိုင်တော့မှပင် မီးဖိုခန်းမှ အသံချိုးချိုးချွတ်ချွတ်ကို ကြားတော့သည်။ ရေဒီယိုသံသည်လည်း မီးဖိုခန်းဘက်မှ မှန်မှန်ပေါ်ထွက်လျက်။ အဖေသည် အမေ့လိုပင် သမီးကို နံနက်စာ ပြင်ပေးတော့မည်လား။
မီးဖိုခန်းဘက်သို့ ရောက်လျှင်တော့ အဖေတစ်ယောက် တကယ်ပင် တကုပ်ကုပ် အလုပ်များနေရှာသည်ကို တွေ့ရလေသည်။

"အေး သမီးရေ နိုးပြီလား၊ ဒီမှာ ကော်ဖီ ဖျော်ထားပြီ။ အခု ထမင်းကြော်မလို့ပဲ၊ မျက်နှာသစ်ပြီးရင် စားကြတာပ"
"အဖေကလည်း ထားခဲ့ပါ၊ သမီးလုပ်မှာပေါ့"
အဖေသည် မီးဖိုဝင်ရန် ပြင်သောသမီးကို  လက်တကာကာနှင့် မျက်နှာသစ်ရန်သာ ဆိုနေသည်။ မီးဖိုရှေ့ကမူ မခွာ။
မီးခိုးများ တလူလူလွင့်နေသော မီးဖိုခန်းသည် မှုန်မှိုင်းလျက်။ မီးဖိုပေါ်က ဒယ်အိုး၌ ဆီသည် ပူလျက်ရှိပြီ။ ဆီပူသို့ အဖေ ကြက်သွန်ထည့်လိုက်ဟန်၊ ထမင်းကြမ်းထည့်ဟန်ကို သမီး ငေးနေမိပြီးမှ အိမ်အောက်သို့ ဆင်းလာခဲ့သည်။

ခြံသည် မနေ့ကထက်တော့ ရှင်းလင်း၍ နေသည်။ သို့သော်လည်း ညက လေအနည်းငယ်တိုက်ခဲ့သေးသည်မို့ သစ်ရွက်တို့ ဟိုဟိုသည်သည် ကြွေသက်လျက်။ တံမြက် စည်းကိုင်ကာ ခဏမျှ ရှင်းလင်းပြီးမှ မျက်နှာသစ်ရသည်။ ရေဘုံဘိုင်အနီးက ရေချိုးခုံပေါ်တွင် သမီးအတွက် ကိုယ်တိုက်ဆပ်ပြာအသစ်၊ သွားတိုက်ဆေးအသစ်များ။ အဖေကတော့ ခုထိ ကာဘော်လစ်ဆပ်ပြာသုံးဆဲ။
ဒုတိယမြောက် စားရသော အဖေ့လက်ရာသည် သမီး၏ စိတ်ကို လှုပ်ခတ်စေဆဲ။ ထမင်းကြော်သည် ဆား မဆိုစလောက်ငန်လျက်။ ကော်ဖီကမူ အခါးပေါ့ပေါ့။ သည်နံနက်ခင်းတော့ အဖေ့စားသောက်ဟန်ကို စိတ်မကောင်းသော မျက်နှာပေးနှင့် မငေး။ မငေးမိ။ မနေ့ညကထက်တော့ သမီး နေသားကျခဲ့ပြီ။

နံနက်စာ စားသောက်ပြီးပြီဆိုသည်နှင့် အဖေက ဟင်းချက်ရန် ပြင်တော့သည်။ သည်တစ်ကြိမ်တော့ သမီး မနေသာပြီ။ အတန်တန် ပြောမရသည့်အဆုံးတွင်မှ အဖေသည် မီးဖိုခန်းက ခွာ၏။ အိမ်ရှေ့ဝရန်တာက ပက်လက်ကုလားထိုင်တွင် ရေဒီယိုနှင့် ငြိမ့်နေတော့သည်။
ဒါကမှ အဖေ့ဟန်အစစ်။ အမေရှိစဉ်ကတော့ အဖေသည် အိမ်ပေါ်သို့ ရေ၊ ထင်း သယ်ယူပေးသည်မှအပ ချက်ရေး ပြုတ်ရေး၌ ၀င်ပါသည်မဟုတ်။ သည်အထဲ ဟိုဟင်းမစား၊ သည်ဟင်းမစားဟုပင် ကြေးများလိုက်သေးသည်။ အမေကတော့ အဖေ့အပေါ် အရာရာ အနွံတာခံသူ။ တစ်ယောက်တည်း နေထိုင်ရှင်သန်ရသည့်နေ့ရက်များကိုတော့ အဖေ ဘယ်သို့ ဘယ်ပုံ ဖြတ်ကျော်နေရှာပါလိမ့်။ တွေးမြဲဖြစ်သော အတွေးကပင် ထပ်၍ထပ်၍ ပေါ်လာပြန်သည်။

မီးဖိုချောင်သည် လွန်ခဲ့သော တစ်နှစ်ကျော်ကအထိ သူ့ကို အသုံးပြုခဲ့သည့် အိမ်ရှင်မကို လွမ်းဆဲရှိမည်လား။ ထင်းမီးတောက်များမှ လွင့်သော မီးခိုးမျှင်များနောက်သို့ သမီးစိတ်က လိုက်ပါရန်ပြင်သည်။
တစ်ချက်မျှ လွင့်လိုက်သေးသော စိတ်အာရုံတွင်တော့ လွန်ခဲ့သည့်နှစ် ဆောင်းရာသီက ပြန်ချိန်မတန်သေးဘဲ အမေ့ နောက်ဆုံးအချိန်မီရန် အိမ်သို့ ရောက်လာရသည့်ပုံရိပ်များ၊ ရက်ပိုင်းအတွင်းတွင်ပင် အမေ့ကို လက်လွတ်ခဲ့ရသည့်ပုံရိပ် များကို မြင်ယောင်လာသည်။

အမေ့ရက်လည်ပြီးလျှင်တော့ အဖေ့ကို ခွဲခွာရပြန်လေသည်။ မြို့ပြအလုပ်ခွင်သည် သမီးကို ကြိုနှင့်ပြီ။ ဘ၀သည် သမီးတို့လို လူအများအား လွမ်းဆွတ်နာကျင်ရန် အချိန်များစွာ ပေးသည်မဟုတ်။
နေအိမ်တွင် အဖေတစ်ယောက်တည်းပင် ကျန်ရစ်သော်ငြား ရွာ၌ အမျိုးအဆွေတို့လည်း ရှိသည်မို့ တစ်ဖက်တွင်တော့ စိတ်ချစဖွယ်။ သို့ပေမယ့် မတွေးဘဲမနေနိုင်သည်မှာတော့ အဖေ့ကို နေ့စဉ် ဘယ်သူ ချက်ပြုတ်ပြုစုပါမည်နည်း။ အဖေခုနေ ကျန်းမာပါသေးရဲ့၊ မကျန်းမာချိန်တွင် မည်သူ ဂရုတစိုက် ရှိပါမည်နည်း။  

အဖေအိုကို ထားခဲ့မလို့လားဟု မသိဆိုးရွားစွာ မေးတတ်သော မေးခွန်းများကတော့ သမီးရင်ကို မြားအစင်းများစွာ ထိုးခတ်သည့်နှယ်။
ရက်လည်ပြီးနောက် မြင်ရသော အဖေ့မျက်နှာသည် ရင်နာစဖွယ်။ လောကတွင် တွယ်ဆုပ်ရာ မရှိတော့သူအလား မျက်နှာသွင်ပြင်က မှုန်မှိုင်းလျက်။ မျက်ဝန်းများကတော့ အရောင်မှိန်ဖျော့သွားသည်မှာ ဆိုဖွယ်မရှိ။ သို့သော် သမီးရှေ့တွင်မူ မည်သို့မျှမဖြစ်လေဟန် နေတတ်ပြန်သည်။
သမီးသည် ရွာမှမထွက်ခွာမီ တစ်ရက်က အဖေ့ရှေ့ မျက်ရည်ကျမိမည်စိုးသည်နှင့် အဒေါ်အိမ်တွင် အချိန်ကြာကြာနေခဲ့မိသည်။ အဒေါ်လုပ်သူရှေ့တွင်ပင် မျက်ရည်ကျရသည်။

"ဒေါ်ညိုတို့လည်း ရှိတာပဲ မိခိုင်ရယ်။ ကိုသန်းဆွေက သူ့ရွာပြန်နေလည်း ရတာပဲ၊ ဟိုမှာ သူ့အမျိုးတွေရှိတာပဲကော။ သူမှမပြန်ချင်ဘဲ။ ဒီမှာ နေချင်တယ်ဆိုလည်း နေပစေ။ မမ မရှိတော့လည်း ဒေါ်ညိုတို့ မောင်နှမတွေ ရှိတာပ။ သမီးလည်း မသွားလို့ ရွာမှာ ဘာလုပ်မလဲ။ ဒီမှာ လယ်စိုက်တာကလွဲပြီး ဘာအလုပ်လည်းမရှိ"

"ရွာကိုအပြီး ပြန်လာလို့လည်းမဖြစ်၊ အဖေ့ကို ခေါ်ထားပါလားဆိုတော့လည်း အိမ်ကို ဒီလောက်ပြန်ပို့နိုင်တာတောင် တော်တော်ချွေတာနေရတာ။ ဒါကိုပဲ စိတ်မကောင်းဘူး ဒေါ်ညိုရဲ့"
ထိုညနေခင်းက နာနာကျင်ကျင် ငိုရှိုက်ခဲ့မိသည်ကို ပြန်တွေးတိုင်း သတိတရရှိဆဲ။ အမေ့အလောင်း မြေကျစဉ်က ငိုသည့်အလား။ သို့သော် အဖေ့ရှေ့ ပြန်ရောက်လျှင်ကား သမီးမျက်ဝန်းတွင် မျက်ရည်တစ်စ မရှိတော့ပေ။

သည်လိုနှင့် အချိန်တန်တော့လည်း အိမ်ကို ကျောခိုင်းရသည်။ အဖေ့ကို ကန်တော့ရသည်။ ကန်တော့စဉ် မျက်ရည်ကျချင်သည်ကို အတော်ပင် ထိန်းခဲ့ရသည်။ အိမ်နှင့် တစစ ဝေးကွာလျှင်ကား စက်လှေပေါ်၌ တိတ်တဆိတ် မျက်ရည် ကျမိပြန်သည်။

ရွာနှင့် တစ်မိုင်ချင်းဝေးကွာလျှင် မြို့ပြနှင့် တစ်မိုင်ချင်း နီးကပ်လာခဲ့သည်။ သမားရိုးကျနေ့ရက်များကို ဖြတ်သန်းရပြန်သည်။ ရက်များ တစ်ရက်ပြီးတစ်ရက်ကုန်လွန်ခဲ့သည်။ ခုတော့လည်း ရာသီစက်ဝန်းက တစ်ကျော့လည်ရန် ပြင်ပြီမို့ နွေဦးသည် သမီးကို အိမ်ပြန်ပို့ခဲ့ပြီ။  
အိမ်သို့ ရောက်သော် အရာရာ အသစ်ဖြစ်ရပြန်သည်။   

အမေ့ကို လွမ်းတစိတ်သည် ယခုပင် ရင်၌လှိုက်ခတ်ကာနေသည်။ ဟင်းအိုးကို မွှေနေရင်းက မီးခိုးကြောင့်ဟု တွေးမိမလို မျက်ရည်ကျချင်လာသည်။ သို့သော် အိမ်ရှေ့ဝရန်တာက ရေဒီယိုသံကို ကြားတော့ စိတ်ကအလိုလို တင်းနှင့်ပြန်သည်။ 

နေ့လယ်စာစားချိန်တွင်တော့ သမီးလက်ရာများ အဖေ့ကို ကျွေးမွေးနိုင်ပြီ။ အမေ့ထက် မပိုစေကာမူ တစ်နည်းတစ်ဖုံ စားမြိန်မည့်ဟင်းလျာများ။  ခေါင်းမဖော်စတမ်း စားသောက်သော
အဖေ့ဟန်ကို မြင်ရလျှင်တော့ ဒါသည် လများစွာအတွင်း ပထမဆုံးပေလားဟု မတွေးဘဲ မနေနိုင်။ ထိုအတွေးက သမီးကို နာကျင်စေပါသည်။
-----

သမီးသည် အိမ်ရှေ့ဝရံတာတွင်  ငေးငေးရီရီ ရပ်လျက် ရှိ၏။ ရှေ့တွင်တော့ နေ့အလင်းရောင် ကောင်းစွာပက်ဖြန်းဝင်ရောက်နေသော ဧည့်ခန်းမြင်ကွင်း။
လွန်ခဲ့သော တစ်နှစ်ဝန်းကျင်၏ အရှေ့ပိုင်းကာလများကတော့ သမီးတို့အိမ်သည် ကျေးလက်က အိမ်ငယ်လေးများတွင် ရှိတတ်သော
သာမန်အဆောင်အယောင်များသာ ဖြည့်ဆည်းထားစေကာမူ သေသပ်နေပျော်ဖွယ်။ အိမ်၏ ကြမ်းပြင်တွင် ဖုန်မရှိ။ အမေသည် အိမ်ရှင်မ ပီသလှသူ။ သမီးကတော့ အမေ့ခြေရာပင် မနင်းနိုင်။ မြို့ပြတွင် နှစ်အချို့ ကြာအောင် အဆောင်နေလာရလေရာ အိမ်မှုကိစ္စအတော်များများသည် သမီးနှင့် သူစိမ်းပြင်ပြင်။
အိမ်သို့ တစ်နှစ်တစ်ကြိမ် ပြန်ရောက်တိုင်းတော့ အမေ့ စီမံမှုအောက်၌ သပ်ရပ်အေးချမ်းနေသော အိမ်ငယ်သည်  သမီးကို ပြန်မသွားချင်လောက်အောင် ဆွဲဆောင်မြဲ။ အတိတ်က အိမ်။ ပစ္စုပ္ပန်တွင်တော့ မြင်ကွင်းသည် ပြောင်းလဲခဲ့ပြီ။

သမီးသည် အိမ်ပြန်ရောက်ပြီး နောက်ရက်တွင်ပင် အိမ်သန့်ရှင်းရေးကို အစပြုရသည်။ အဖေကား တားမြစ်လိုဟန်။ သို့သော် သမီးလက်သမီးခြေ လုပ်ကိုင်သမျှကိုတော့ ပီတိအပြုံးနှင့် ငေးလျက်။
အိမ်ကြမ်းပြင်တို့သည် နှစ်ရက်မျှ တိုက်ချွတ်ပြီးသော် အရောင်နည်းနည်း ထွက်လာပြီ။ အနည်းငယ်စုတ်နေပြီဖြစ်သော ဖျာကိုပင် ခင်း၍ အဖေက ဧည့်ခန်း၌ အိပ်တတ်လေရာ သည်ဖျာကို အသစ်လဲပေးရ၏။ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တို့ကိုလည်း လျှော်တန်တာလျှော်၊ လဲတန်တာ လဲရသည်။ အဖေ့အလိုဖြင့်တော့ သေတ္တာထဲတွင်သာ ပစ္စည်းအသစ်တို့ ခိုအောင်းနေရတော့မည်။ သိသိသာသာ ပြဲနေလျက်က အဖေ ၀တ်မြဲဖြစ်သော အင်္ကျီဟောင်းတို့ကိုလည်း အစ ဖျောက်ပစ်ရသည်။
ဧည့်ခန်းထောင့်က စားပွဲပေါ်တွင်ကား မည်သို့ ပွယောင်းနေသည်ဟုပင် ပြောပြတတ်မည်မဟုတ်။ စာအုပ်များ၊ ဖယောင်းတိုင်အတိုအစ၊ မီးခြစ်၊ ဆေးပေါ့လိပ်၊ ကွမ်းဘူး၊ သာရေးနာရေးဖိတ်စာအဟောင်းများ၊ မြန်မာဆေးအချို့ စသည် စသည်တို့သည် စားပွဲပေါ် သူတစ်လူ ငါတစ်မင်း ဖရိုဖရဲ နေရာယူလျက်။ စားပွဲကား ညစ်ထေးထေးအရောင်ပင် ပေါက်နေပြီ။

ကာလများစွာက မြင်နေကျလို စားပွဲကို ပစ္စည်းပစ္စယများ နေရာတကျနှင့် ရှင်းလင်းပြီးသော် အိမ်နံရံထက်က ဓာတ်ပုံဟောင်းများကို ဖုန်သုတ်ရသည်။ သမီးတို့ မိသားစု သုံးယောက်၏ ဓာတ်ပုံ၊ သမီး မန္တလေးတွင် ဘွဲ့ယူစဉ်က ဓာတ်ပုံများ။ မိသားစုဓာတ်ပုံရိုက်စဉ်ကတော့ သမီး ဆယ်တန်းအောင်ပြီးစ။ အဖေနှင့် အမေသည် ဓာတ်ပုံရိုက်ခဲလှသူများ။ သည်တစ်ပုံ ရိုက်ဖြစ်ကြဖို့ပင် အတော်စည်းရုံးယူခဲ့ရသည်ကို သတိရနေသည်။ သမီးသည် မိဘများ အလယ်တွင် ရပ်လျက်။ တောက်ပသော အပြုံးပန်း သုံးပွင့်။
နွေဦးလေပြေ ဝေ့၀ဲတိုက်ခတ်သလို သမီး  သက်ဝင်လှုပ်ရှားသော် အိမ်သည် တဖြည်းဖြည်း ရုပ်လုံးပီလာ၏။ ဘုရားစင်သည် ဆီမီး၊ ပန်း၊ ရေချမ်းနှင့်။ အိမ်၌ ပစ္စည်းအသေးအမွှားကအစ သူ့နေရာနှင့်သူ။ တောရွာကလေးက အိမ်ပေမယ့် ရိုးဂုဏ်နှင့် နေပျော်စဖွယ်။ အရင်ကလိုပေါ့။

"ဒါမျိုးနေရဖို့ သမီး ပြန်လာမှပဲဟေ့"ဟု အဖေက သူ့ မိတ်ဆွေများကို ပြောပြလျှင်တော့ သမီးသည် ၀မ်းနည်း သည့်ကြားက ပြုံးနေရသည်။
အိမ်အောက်တွင်ကား နေ့ခင်းဘက်ဆို အဖေ့မှာ အားလပ်သည်မရှိ။ ဖုန်းတစ်လုံးချကာ အ၀င်ဖုန်းမှန်သမျှ ခေါ်ပေးသည်။ ဖုန်းဆက်သူလာကလည်း ဆက်ပေတော့။ အဲ... ဖုန်းပြောပြီးလျှင်ကား သူတို့သည် အဖေနှင့်လည်း စကားပြတ်ကြသည်မဟုတ်။ ရပ်အကြောင်း ရွာအကြောင်းသည် အိမ်ပေါ်သို့ပင် ပျံ့လွင့်လာတတ်ပေသည်။

အမေရှိစဉ်ကလည်း အဖေက သည်သို့ပင်။ အစိုးရ၀န်ထမ်းဘ၀မှ အနားယူစဉ် အဖေ့တွင် အချိန်ပိုများစွာ။ စက်ဘီးတလွှားလွှားနှင့် ဖုန်းခေါ်ပေးသည်ကို သမီး မြင်စက မကြည်ဖြူပေ။ သမီးလုပ်သူက မြို့မှာ အလုပ်လုပ်နေရက်နဲ့ ရှက်စရာ။
"ဒါလေး လုပ်နေမှ သူ့ကိုယ်သူ အလုပ်လုပ်နေတယ်လို့ ပျော်တာ သမီး၊ နေပါစေ"ဟု ရပ်ရွာတွင် စပါးပေး၊ ပဲပေး အနည်းငယ်လုပ်တတ်၍ ငွေရွှင်သော အိမ်ရှင်မ အမေက ချစ် ခင်ခွင့်လွတ်ပြုံးနှင့် နှစ်သိမ့်တတ်သည်ကို ခုတော့ သတိရစရာဖြစ်လာသည်။

အမေ့ ရက်လည်ပြီးနောက် သမီးမြို့သို့ ပြန်ရောက်၍ နှစ်လ၊ သုံးလမျှရှိလျှင် အဖေက တစ်မျိုးဆန်းသစ်လာသည်မှာ နောက်နှစ် နွေပေါက်လျှင် အအေးရောင်းမတဲ့။ ဒါကိုတော့ သမီးက ကန့်ကွက်ရသည်။ ရွာမှာ ဘယ်သူက အအေးတွေ ဘာတွေ တခုတ်တရ လာသောက်မှာမို့လဲ။ အလကား သက်သက်ပင်ပန်းလို့။ သမီး ဒီထက်ပိုပြီး ငွေပို့နိုင်အောင် ကြိုးစားမှာပေါ့။

အဖေနှင့်သာ အတိုက်အခံလုပ်ပြောရသော်လည်း သည်ဆန္ဒမှာ ငွေ၌ အရင်းမခံသည်ကို နားလည်နေပြန်သည်။ အိမ်တွင် လူအ၀င်အထွက် မပြတ်မှသာ အထီးကျန်မှုက အဖေ့ကို အရိပ်ထိုးမည်မဟုတ်။ အဖေ့မှာ နောက်ကျောဘက် ငဲ့ကြည့်လျှင်ပင် အရိပ်တစ်စ မမြင်ရသည့်နေ့လည်းရှိရှာမည် မဟုတ်လား။

နောက်ပိုင်းတွင်တော့ အဖေသည် အအေးဆိုင် ဖွင့်ရေး၊ မဖွင့်ရေးကို သမီးထံ အရေးမဆိုတော့။ သမီးကလည်း အစမဖော်။ စိတ်ထဲက ကျိတ်၍တွေးမိလာသည်မှာတော့ စိတ်ချမ်းသာမယ်ထင်တာသာ လုပ်ပါစေ။
သို့သော်လည်း နွေဦးပေါက် သမီး အိမ်ပြန်လာချိန်တွင်တော့ အိမ်၌ အအေးဆိုင် မတွေ့ရ။ နှစ်နှစ်ဝန်းကျင် အခြေကျခဲ့သည့် အထိုင်ဖုန်းတစ်လုံးနှင့်သာ အဖေ အလုပ်ရှုပ်နေသည်ကို တွေ့ရတော့သည်။
-----

"မိခိုင်ရေ နင်ပြန်ရင် နင့်အဖေကတော့ လွမ်းနေမှာပဲဟေ့"

ရွာလယ်လမ်းကို ဖြတ်လာစဉ် သည်စကားသံတို့သည် သမီး၏ အရှေ့အနောက်တောင်မြောက်အရပ်တို့ဆီမှ ပျံ့လွင့်လာသလိုပင်ရှိတော့သည်။ သည်ညနေခင်း အဘွား အိမ်ရှိရာ ရွာမြောက်ပိုင်းသို့ သွားပြီးအပြန်၌ ရွာလယ်လမ်းကို ဖြတ်လာရသည်။ လမ်းတွင်တွေ့သမျှ အသိအကျွမ်းများကို နှုတ်ဆက်ရသည်။ အဆွေအမျိုး၊ ဆွေရိပ်မျိုးရိပ်မကင်းသော နေအိမ်တို့ဆိုလျှင် ခဏမျှ ရပ်လျက် စကားဆိုရသည်။ စကား ၁၀ ခွန်းပင် ဆိုဖြစ်သည်ရှိစေဦး၊ နောက်ဆုံးတစ်ခွန်းကတော့ သည်စကားသာဖြစ်ပါသည်။

ခွဲခွာဖို့ ရက်တဖြည်းဖြည်းနီးကပ်လာပြီ။ ပြန်ရတော့မည်။ ရွာမှပြန်ရတော့မည်။ သမီး မတွေးဘဲနေသော အတွေးကို သူတို့ အစဖော်ကြသည်။ သည်စကားကို အကြိမ်ကြိမ် ကြားရလျှင်တော့ ပြုံးရုံသာ တုံ့ပြန်ဖြစ်တော့သည်။ သမီး နှုတ်ဆွံ့ရလေပြီ။

သမီး ချစ်ခင်သော ဇာတိမြေကား နှစ်များစွာကလိုပင် သေ၀ပ်ငြိမ်းချမ်းမြဲပင်။ သမီးတို့ ကလေးသာသာအရွယ်၌ ငြိမ်းခဲ့သော စစ်မီးက တစ်ကျော့ပြန် တောက်လောင်ရသော်လည်း သည်အရပ်သို့မူ မီးစကလေးပင် မစင်ဘူးဆိုရမည်။ ခုချိန်အထိ အေးချမ်းနေမြဲ။
တောင်သူလယ်လုပ်သူတို့ အဓိကနေထိုင်သော ရွာကလေးပေမို့ အချိန်တန်လျှင် လယ်ထဲ ဆင်းကာ လယ်ထဲက တက်တော့လည်း အဆောင်အယောင် မရှိသော အိမ်ငယ်လေးများ၌ ရိုးရိုးကုပ်ကုပ် နေပျော်ကြမြဲ။ တစ်နှစ်တစ်နှစ် ကြွေးမတင်ရုံသာ လည်ပတ်နေကြရသော်လည်း လယ်ပြင်တောတစ်ခွင် စိမ်းမြမြရွှေရောင်သန်းသည်နှင့်ပင် ပြုံးရွှင်စရာ ဖြစ်ရသည်။ ရောင့်ရဲခြင်းသည် တောသူတောင်သားတို့၏ ဘ၀အဖော်တည်း။

ကလေးတို့သည် စာမေးပွဲများမှ အနားရပြီမို့ ရွာလယ်
လမ်းပေါ် ပြေးလွှားဆော့ကစားလျက်ရှိကြသည်။ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကလေးငယ်များ။ သည့်ထက် နည်းနည်းကြီးလျှင်တော့ မိဘများ လယ်ထဲယာထဲဆင်းလျှင် တတ်နိုင်သည့်ဘက်က ကူရပြီမို့ သည်လို ကလေးပီပီ ဆော့ကစားနေသည်ကို တွေ့ရမည်မဟုတ်ပေ။

ဖုန်အလိမ်းလိမ်းနှင့် ဆော့ကစားနေသည့် ကလေးတို့သည် သူတို့အနီးက ဖြတ်လျှောက်လေသော သမီးကို အထူးအဆန်းသဖွယ် ငေးနေကြသေးသည်။ ကျောင်းပြီး၍ ငါးနှစ်ကျော်ခဲ့သည့်ကာလအတွင်း တစ်နှစ်လျှင် လေး၊ ငါးရက်မျှ သာ နေရပ်ပြန်နိုင်သည့်သမီးကို သူတို့ သိကြမည်မဟုတ်ပေ။ အပြစ်ကင်းစင်လှသောမျက်နှာလေးများက စူးစမ်းရိပ်ကို သမီး အပြုံးနှင့် တုံ့ပြန်မိသည်။
သည်ကလေးတွေ ကလေးပီပီ ကြီးပြင်းကြပါစေ။ သမီးလို၊ သမီး၏ သူငယ်ချင်းများစွာလို မိဘနှင့်၊ ချစ်ခင်သူနှင့် ဝေးကွာလွန်းသောအရပ်၌ နေထိုင်ရှင်သန်ရခြင်းလည်း မရှိပါစေနှင့်။ ဇာတိရပ်ရွာ၌ သက်ကြီးရွယ်ကြီးအမိအဖတို့ကို နောက်ဆံတင်းလျက် ချန်ရစ်ရခြင်းသည် တမြည့်မြည့်နာကျင်ရသော ဒဏ်ရာတစ်မျိုးဖြစ်ကြောင်း သမီး ကောင်းစွာ သိခဲ့ပြီ။ သို့သော် ထိုဒဏ်ရာသည် လွဲရှောင်ရနိုင်သောဒဏ် ရာလည်းမဟုတ်။ တမြည့်မြည့်နာလျက်က တွယ်ဖက်ရသည့်ဒဏ်ရာ။

ခြံနှင့် တဖြည်းဖြည်းနီးလာ၍ မျှော်ကြည့်လျှင်တော့ ခြံစည်းရိုး အသစ်ကာရန်အတွက် ၀ါးခြမ်းပြားများ အချောသပ် ပြင်ဆင်နေသော အဖေ့ကို လှမ်းမြင်ရ၏။ ခြံစည်းရိုးအဟောင်းမှာကား ကျိုးတိုးကျဲတဲပင်မို့ ခြံဝိုင်းအတွင်းသို့ လမ်းပေါ်မှပင် မြင်သာနေသည်။
အဖေသည် သူ့အလုပ်ကိုသူ အာရုံထားလျက် ဘေးဘီကိုပင် အမှုမထားဟန်။ တစ်ချိန်က သမီးခိုစီးခဲ့ဖူးသော၊ ခုတော့ ပျော့ပျောင်းတွဲကျနေပြီဖြစ်သော အဖေ့ လက်မောင်းကြွက်သားများကလည်း စည်းချက်ညီညီလှုပ်ခတ်လျက်။ အနီးကပ် ကြည့်လျှင်တော့ အရေးအကြောင်းများ အပြိုင်းပြိုင်းထနေသည့် မျက်နှာ၌ ချွေးတို့ စိုလက်နေသည်ကို မြင်ရပေမည်။

"အဖေကလည်း ခြံကာတာပဲ လူငှားပြီး ကာလိုက်တာ မဟုတ်ဘူး"ဟု နံနက်တုန်းက ပြောမိတော့ အဖေက ရယ်၏။ လက်အစုံ တဖျတ်ဖျတ်လှုပ်ရှားလျက် လုပ်လက်စအလုပ်ကိုမူ မရပ်။
"ဒီဘက်မှာ အငယ်ပိုင်းက ဘယ်လောက်ရှားသွားပြီလဲ ဆိုတာ မသိဘူးလားအေး။ ခြံစည်းရိုးကာဖို့ နေနေသာသာ၊ သူများတွေ လယ်တစ်ခါ ထွန်ရေးစရင်တောင် သူရင်းငှား ရှာရတာ ဘယ်လောက် ခက်တယ်မှတ်လို့လဲ။ တို့ရွာဟာ အဘိုးကြီးအဘွားကြီးတွေ၊ ကလေးတွေ နေတဲ့ရွာပ"

သမီးသည် အဖေ့စကားကို တုံ့ပြန်ရန် စကားစရှာမရ။ ဘာပြန်ပြောရမည်မသိ၍ ပြုံးလိုက်ရသော အပြုံးကလည်း အသက်ကင်းမဲ့နေလေမလား။ သည်အပြုံးကိုတော့ အဖေက ခေါင်းငုံ့၍ အလုပ်များနေချိန်မို့ တွေ့မြင်ခဲ့မည်မဟုတ်ပါပေ။
-----

မီးရောင်အောက်တွင် ရွှေအဆင်းသည် ၀င်းပလျက်ရှိ၏။ ဆွဲကြိုးတစ်ကုံး။ တစ်နည်းအားဖြင့် ပွဲလမ်းရှိမှ အမေ ထုတ်ဆွဲတတ်သော ဆွဲကြိုး။
သမီးသည် လက်ထဲရောက်နေသော ဘူးကလေးကို တွေတွေဝေေ၀ငုံ့ကြည့်နေသည်။ အဖေ့ကို ရုတ်တရက် စကား ပြန်မဆိုနိုင်။ သည်ဆွဲကြိုး သမီးအတွက်ဆိုပဲ။

"သမီး ယူသွားတော့။ ဟိုမှာ ငွေလေးဘာလေးလိုတော့ ရောင်းရတာပ။ အဖေ့မှာ ပေးစရာလည်း ဘာမှမရှိ"
စကားစရှာမရသည်နှင့်အမျှ သမီး မျက်ရည်ဝဲလာသည်။ အမေရှိစဉ်ကလည်း သည်လိုပဲလေ။ သမီး မြို့ပြန်ချိန်တိုင်း သည်ဆွဲကြိုးကို ထည့်ပေးရန် မကြာခဏ ကြိုးစားရှာသည်။ သမီးက ခေါင်းတခါခါ လက်တခါခါ ငြင်းဆန်လျှင် အမေ့မှာ မျက်နှာမကောင်း။

"အမေ့ကြိုးကြီးကဖြင့် လှလည်းမလှဘဲနဲ့၊ ဒီလို ပုံစံမျိုး သမီးမကြိုက်ပါဘူး။ ပြီးတော့ ရန်ကုန်မှာ ရွှေက ခေတ်မစားဘူး၊ ပလက်တီနမ်တို့ဘာတို့မှ ခေတ်စားတာ"ဟု စကား အလိမ္မာသုံးလျှင်လည်း အမေက မလျှော့သေး။ ငွေလိုရင် ရောင်းသုံးပေါ့တဲ့။သမီး အတန်တန် ငြင်းဆန်မှ သေတ္တာထဲ က နဂိုနေရာ ပြန်ရောက်တော့သည်။

ခုလည်း အဖေက သမီးထံ သည်ဆွဲကြိုးလက်ကမ်းရန် ကြိုးစားနေပြီ။ ဆွဲကြိုးဘူးလေးကို အဖေ့ထံ ပြန်ပေးတော့ အဖေက လက်မခံ။ ခေါင်းခါမဆုံး။ သို့သော် သမီးက မလျှော့။ သည်တစ်ကြိမ်လည်း မလျှော့နိုင်။ ရုတ်တရက် ငွေလိုမည် ဆိုလျှင် တစ်အိမ်လုံး၌ သည်ပစ္စည်းတစ်ခုသာ ထုခွဲစရာရှိတာ သမီး မသိတာမှမဟုတ်ဘဲ။ 
အဖေပဲ လိုရမယ်ရသိမ်းထားပါဟု အထပ်ထပ်ဆိုတော့ သမီး၏ မျက်ဝန်းအရိပ် ခိုင်မာမှုကို နားလည်ဟန်ဖြင့် သက်ပြင်းချရှာသည်။ အဖေ့ မျက်ဝန်းမှာ စိုလက်နေ၏။

ညက တဖြည်းဖြည်း ရင့်ရော်လာလျှင်တော့ သားအဖ နှစ်ဦး စကားနည်းသထက် နည်းလာရသည်။ သည်တစ်ညသည် အိမ်၌ သမီးနောက်ဆုံးရှိမည့်ည။ မနက်ဖြန်မနက် ရွာက ထွက်ရမည်။ မြို့မှတစ်ဆင့် အဝေးပြေးကားဖြင့် ခရီးဆက်ရမည်။
ညဦးပိုင်းတုန်းကတော့ အဒေါ်မိသားစုက အိမ်သို့ ရောက်လာကြသေးသည်။ မနက်ပိုင်းတော့ လယ်တောသွားကြမည်မို့ ညကတည်းက အကြိုနှုတ်ဆက်ရန်။

အဒေါ်လုပ်သူ ရောက်လာစဉ် သမီးသည် မီးဖိုခန်းတွင် အလုပ်များ၍နေသည်။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက် သမီးပြန်ရောက်ချိန် အမေ လုပ်ပုံကိုင်ပုံအတိုင်း တစ်ညနေခင်းလုံး မီးဖိုခန်းတွင်သာ။ ဟင်းလျာများစွာ ကြော်လှော်ရသည်။ သည်နေ့တော့ မြို့ဈေးက အသားငါး လှမ်းမှာခဲ့သည်မို့ အဖေ့ကို ပို၍ပင် ဖွယ်ဖွယ်ရာရာချက်ကျွေးနိုင်ခဲ့သည်။ ညစာစားပြီးလျှင်လည်း မနားနိုင်သေး။ ကြော်လှော်ထားသမျှ ဟင်းလျာတို့ကို လက်စသတ်ပြင်ဆင်ဆဲ။

"ဟင်းတွေ ထည့်နေတာပဲအေး။ ဘာလဲ မိခိုင် ယူသွားဖို့ လား"ဟု ဒေါ်ညိုက မေးလျှင် သမီးက တစ်ချက်ရယ်မောမိသည်။
"မဟုတ်ဘူး ဒေါ်ညိုရေ။ ဒါ အဖေ့အတွက် ကြော်ပေးခဲ့တာ။ သမီး ဒီတစ်ခါ ဘာမှယူမသွားတော့ဘူး"
စကားပြောလက်စနှင့်ပင် မီးဖိုခန်းက စင်လေးပေါ်သို့ ဟင်းကြော်ဘူးများ အစီအရီ တင်ရသည်။ ပုစွန်ခြောက်ကြော်၊ ငါးမွကြော်၊ ငါးရံ့ခြောက်ထောင်းကြော် စသည်စသည်ဖြင့်။ ဒါကတော့ ကာလရှည်စားရန်။ သမီးပြန်စ ရက်ပိုင်းအတွင်း စားသောက်နိုင်မည့် ကြက်သားပြုတ်ကြော်၊ ၀က်သားကြော် တို့ကတော့ ချိုင့်ထဲမှာ။

"အိမ်မှာ လာစားလို့ပြောရအောင်ကလည်း ဒေါ်ညိုတို့က လယ်ထဲမှာ အနေများတယ်ကော။ တစ်ခါတလေ ဟင်းကောင်းလေး ချက်ရင်တော့ ကလေးတွေ လာပို့ခိုင်းတယ်။ ပြောသာပြောရတာ ဟင်းကလည်းအေး ဒေါ်ညိုတို့က ဟင်းလှော်ပေါင်းလေး ဘာလေးပဲ လုပ်စားတာများတော့ ကိုသန်းဆွေက ဒါမျိုးတွေ စားတတ်တာလည်းမဟုတ်နော့"ဟု ဒေါ်ညိုက ဆိုလျှင် ကိုယ့်အဖေ့အကြောင်း ကောင်းကောင်း သိသည့် သမီးမှာ ပြုံးနေရ၏။

အိမ်ရှေ့ဘက်သို့ ရောက်လျှင်တော့ အဖေနှင့် ဒေါ်ညို့ခင်ပွန်းတို့ စကားကောင်းနေကြသည်ကို မြင်ရ၏။ လေးနှစ်ကျော်မျှ ရှိသေးသော ညီမငယ်လေးသည် သူ့ဖခင်ကို မှီနွဲ့ ကာ သမီးထံ လှမ်း၍ ပြုံးရယ်ပြနေသည်။
"အိမ်လည်းရှင်းသွားတာပ။ အမှိုက်မရှိ၊ ဖုန်မရှိ၊ ဘာမရှိ။ ကြည့်စမ်း ဆေးတွေလည်း ၀ယ်ထားခဲ့ပေးတာလား"
စားပွဲပေါ်တွင် အစီအရီရှိနေသော မြန်မာဆေး၊ အင်္ဂလိပ်ဆေးများကို ဒေါ်ညိုက တစ်ဘူးချင်းကိုင်ကြည့်နေသည်။ အဖေက သွေးတိုးရှိသူ။ ရံဖန်ရံခါလည်း အစာအိမ်က နှောင့် တတ်ပြန်သည်။ အစာမကြေ ရင်ပြည့်ခြင်းကတော့ အဖေနှင့် အသားကျလျက်ရှိ၏။ 
"လူကြုံမရှိဘူးဆိုပြီး အဖေ ပေတေနေမှာစိုးလို့"
ဒေါ်ညိုကြားသာရုံ သမီး တိုးတိုးဆိုရသည်။

ဝရံတာဘက် အကြည့်ရွှေ့သော် အဖေသည် ညီမငယ်လေးနှင့် စနောက်ရယ်မောလျက်။ ရယ်သံက ခပ်လွင်လွင်။ အဖေ့အပြုံးမျက်နှာကို မနက်ဖြန်မနက် ဒီလိုမြင်ခွင့်ရပါ့မလား။
အရင့်အရင် အိမ်မှ ခွဲခွာရတုန်းကတော့ မိဘနှစ်ပါးကို ချန်ခဲ့ရစဉ် နောက်တစ်နှစ်ပြန်လာမှာပဲဟု ဖြေတွေးတွေးနိုင်ခဲ့သည်။ ခုတော့ သည်အတွေးကို သမီးကိုယ်တိုင်လည်း မတွေးနိုင်။ အစစအရာရာ နောက်ဆံတင်းလျက်။ အဖေ့မျက်နှာရိပ်ကို တစ်နေကုန်အကဲခတ်နေရသည်။ အဖေကား ၀မ်းနည်းဟန်ကိုပင် မပြပါတကား။  
အဒေါ်မိသားစု နှုတ်ဆက်ပြန်ကြလျှင်တော့ အိမ်၌သား အဖနှစ်ဦးသာ ကျန်ရသည်။ အဖေသည် ရေဒီယိုကို ဟိုလှည့်သည်လှည့်ဖြင့် ၀ရံတာက ခုံတွင် မြဲလျက်။ သမီးကို စကား မစ။ သမီးကလည်း အခန်းတွင်း၌ ခရီးဆောင်အိတ်ပြင်လျက်။ 

ခဏအကြာတွင်တော့ ၀ရံတာက ခွာသည့် အဖေ့ခြေသံကို ကြားရသည်။ ရေဒီယိုသံကမူ တိတ်ခဲ့ပြီ။ 
"သမီး ကော်ဖီလေး သောက်ဦးမလားဟေ့။ အဖေဖျော် လိုက်မယ်"
"သောက်တာပေါ့ဗျာ"ဟု ငယ်တုန်းကဖြေနေကျ လေသံနှင့်ဆိုတော့ အဖေ့ရယ်သံကို ကြားရ၏။
အဖေ့ ခြေသံတရှပ်ရှပ်သည် ဧည့်ခန်းကို ဖြတ်သွားသည်။ မီးဖိုခန်းတံခါးကို တွန်းဝင်သံ။ ငါ့နှယ်၊ ကော်ဖီလေး ကိုယ်တိုင်ဖျော်လိုက်ရမှာ။

ခရီးဆောင်အိတ်ကို အသာထားကာ မီးဖိုခန်းဆီသို့ သမီးလျှောက်လာသည်။ ကော်ဖီဘူး၊ သကြားဘူး စသည်တို့ ဖွင့်သံ၊ ကော်ဖီခွက်နှင့် ဇွန်းထိခတ်သံလည်း ပေါ်ထွက်မလာသေး။ အဖေ မမြင်မစမ်းများ ဖြစ်နေလေသလား။ မီးဖိုခန်းဝမှ အတွင်းသို့ သမီး ခေါင်းပြူကြည့်လိုက်သည်။
အဖေ...။

ခေါ်သံသည် ရင်ထဲမှသာ လှိုက်တက်လာသည်။ နှုတ်ဖျားသို့မူ ရောက်မလာ။ တစ်စုံတစ်ခုက ဆုပ်ဆွဲလိုက်သလို နှလုံးက ဆို့နင့်နာကျင်စပြုလာသည်။
အဖေသည် သမီးကို မတွေ့သေး။ ရှေ့သို့ ငေးလျက်။ သမီး အစီအရီတင်ထားခဲ့သည့်ဟင်းဘူးလေးများကို ထိတွေ့စမ်းသပ်လျက်။ အဖေ့လက်များကား တုန်ယင်စွာ။

စံပယ်ဖြူနု
ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၄

ပါးလျလျ မြို့သူ

ခုတလော နွမ်းလျအိမ်ပြန်ဆိုတဲ့ စကားလုံးလေးကိုပဲ တသသ ရေရွတ်နေမိတယ်။ ကိုယ် အင်မတန်ကြိုက်တဲ့ ၀တ္ထုနာမည်လေး။ နွမ်းလျအိမ်ပြန်..။ ဒီစကားလုံးလေးက ခုတလော ကိုယ့်ရဲ့ မက်မောရာ။ ဘာလို့ဆို ကိုယ်က နွမ်းလျသော်လည်း အိမ်မပြန်နိုင်သူကိုး။
   
ညနေခင်းတိုင်းတော့ အိမ်ကို ပြန်ရပါရဲ့။ ဒါပေမယ့် ကိုယ့်ခြေလှမ်းတွေ ဦးတည်ရတဲ့နေရာဟာ အိမ်မဟုတ်ပါဘူးဆိုရင်တော့ ကြားရသူတွေက အံ့သြကြမယ်။
   
ကိုယ့်အယူအဆကတော့ အမိုးအကာနဲ့ နံရံလေးဘက်လေးတန်ရှိတိုင်းလည်း အိမ်မဟုတ်ဘူး။ ပြန်လာတဲ့သူကို စိတ်လုံခြုံမှု၊ နွေးထွေးမှု တစ်ခုခု ပေးစွမ်းတဲ့အဆောက်အအုံကသာအိမ်။ ဒါကြောင့် ကိုယ်ပြန်ရတဲ့နေရာ၊ မြို့ပြမှာ ကိုယ် ခိုနားရတဲ့အဆောင်ဆိုတာဟာ အိမ်မဟုတ်ဘူးလေ။ အဝေးကအိမ်လောက်တော့ ဘယ်နေရာကမှ ကိုယ့်ကို မနွေးထွေးစေဘူးဆိုပါတော့။
   
အိမ်မဟုတ်တဲ့ အိမ်ကိုပြန်ရတဲ့ညနေတိုင်း ကိုယ်နွမ်းလျနေတယ်။ အရင့်အရင်က မသိသာပေမယ့် ခုတလော သိသာလာတယ်။ ကိုယ် မောပန်းခဲ့ပြီလား။
   

မှန်ကို အငေးသားကြည့်မိတိုင်းမှာတော့ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ထပ်ထပ် မေးမိတယ်။ ဟင့်အင်း...မမောသေးပါဘူး၊ ကိုယ့်မှာ စိတ်ခွန်အားတွေရှိသားပဲလို့ ဦးနှောက်က ဖြေတယ်။ နှလုံးသားကတော့ မော လိုက်တာလို့ ဖြေတယ်။ ဟုတ်လား...ကိုယ် တကယ် မောနေပြီလား။ အဖြေနှစ်ခုကြားမှာ ကိုယ့်ဘာသာ ပြုံးမိပါရဲ့။ 
   
ပြုံးသာပြုံးရတယ်။ ကိုယ့်နှုတ်ခမ်းက သိပ်ပြီး မကွေးညွတ်နိုင်ဘူး။ နှုတ်ခမ်းနှစ်ဖက်ကို အလိုက်သင့် ဆွဲဆန့်တာ အပြုံးမှမဟုတ်ဘဲ။ ကိုယ် မပြုံးတတ်တော့ပြန်ဘူးလား။ မနက်ခင်းပိုင်း နည်းနည်းပါးပါးပြုံးနိုင်သမျှဟာလည်း ညနေစောင်းတော့ အပြုံးက လျော့လျော့ရဲရဲ။

ကိုယ့်အပြန်လမ်းကလည်း ပြုံးချင်စရာ မကောင်းဘူးကိုး။ ညနေဘက်ဆို စိတ်ပင်ပန်း လူပင်ပန်းမို့ ဘာကိုမှ အထူးတလည် စိတ်အရှုပ်ခံချင်တော့တာ မဟုတ်ဘူး။ ဒါပေမယ့် အပြန်လမ်းက ကဗျာမဆန်ဘူးလေ။         တာမွေကနေ လှည်းတန်းထိ ငါးပိသိပ်သလို ထိုးထည့်ထားတဲ့ ကားထဲလိုက်လာရတာဟာ နေ့တဓူဝ တွေ့ရပေမယ့် ဘယ်တော့မှ အသားမကျတဲ့ကိစ္စ။ နေရာမရဘူးရယ်လို့ ရုံးဆင်းချိန်မှာ ကိုယ်တို့ ကားရွေးနေခွင့်မှ မရှိတာ။ မှတ်တိုင်လာရပ်တဲ့ကားပေါ် တိုးတိုက်ပြီး တက်ရတာပဲ။ မြို့မှာနေတာ တိုးတက်တယ်လို့ ရွာက လူတွေ မှတ်ချက်ချတာကြားရရင် ကိုယ့်စိတ်ထဲ လိုင်းကားပေါ် တက်ရတာကိုသာ မြင်ယောင်နေတော့တာ။
   
ဘတ်စကားပေါ်မှာ လက်ကိုင်တန်းကို လက်တစ်ဖက်တည်း ကိုင်ထားရုံနဲ့ ခပ်တည်တည်လိုက်နိုင်တာ ဘာကြာသေးလို့လဲ။ လွန်ခဲ့တဲ့ နှစ်တချို့တုန်းကတော့ ကိုယ်ဟာ နယ်မြို့သူမှန်း ပြောစရာ မလိုလောက်အောင် ကားဘရိတ် တစ်ချက်ဆောင့်ပြီး နင်းလိုက်တိုင်း အလဲလဲ အပြိုပြို။ ခုတော့ လူကျပ်တာကို စိတ်ရှုပ်တာကလွဲရင် ကျန်တာ မထူးဆန်းတော့ဘူး။ ညနေစောင်းပြီမို့ ချွေးတွေ သံတွေရွှဲနေတဲ့ လူပေါင်းစုံဆီက အနံ့အသက်ကိုလည်း ကိုယ် ခွင့်လွတ်တတ်ခဲ့ပြီ။ စပယ်ယာ အတင်းတွန်းတင်တာကိုတောင် ပြန်ပြီးရန်မလုပ်တတ်တော့ဘူး။
   

ဟော...ကိုယ်တို့ ဆင်းရမယ့် မှတ်တိုင်ရောက်တော့ သူက တွန်းချမတတ် ဆင်းခိုင်းပြန်ရော။ အိတ်က လူတွေကြားထဲ ညှပ်နေလို့ ဆင်းလုလုခြေလှမ်းကို ရပ်ပြီး နောက်ပြန်လှည့်ဆွဲရင်ပဲ အဆူအငေါက်ကို ခံရတော့မယ်။ အင်မတန် ဒေါသထွက်လွယ်တဲ့ ကိုယ့်ကို အစ်မတစ်ယောက်က နှစ်သိမ့်တရားချတတ်တယ်။
   
''ခွင့်လွတ်လိုက်ပါကွယ်၊ သူ့မှာ ဒီနေရာလေးမှာ ပြောဆိုအော်ဟောက်နေရတာကိုပဲ သူ့ကမ္ဘာထင်ပြီး ကျေနပ်နေတာ။ သူ့ကိုယ့်သူ ဟုတ်လှပြီထင်နေတာ တွေးတတ်ရင် သနားစရာပဲ''ဆိုပါလား။ အစ်မကပဲ ပြောတတ်လို့လား၊ ကိုယ်ကပဲ သည်းခံခြင်းတရား ပြည့်ဝလာသလား။ ခုနောက်ပိုင်းတော့ အတော်ပဲ အရေထူလာတော့တာ။ ကားပေါ်ကို လူတကာနဲ့အပြိုင် တိုးတက်တတ်သလို ကားပေါ်ကနေလည်း စပယ်ယာမအော်ခင် တိုးဆင်းတတ်ပြီ။
   

ကားပေါ်က ဆင်းတာနဲ့ ကိုယ့်ဦးတည်ရာဟာ အဆောင် မဟုတ်သေးဘူး။ တစ်ညနေခင်းလုံး ဟာနေတဲ့ ဗိုက်ကို ဖြည့်ဖို့လိုသေးတယ်ဆိုတာ အစာအိမ်က အကြိမ်ကြိမ် အချက်ပြတယ်။ ထုံးစံအတိုင်း မုန့်ဆိုင်တွေ ပေါများရာ လှည်းတန်းလမ်းပေါ်တို့၊ ဦးထွန်းလင်းခြံလမ်းတစ်ဝိုက်တို့ ရောက်ရတော့တာပေါ့။
   
ရွေးချယ်စားသောက်စရာ အင်မတန်များတဲ့ လှည်းတန်းမှာ ကိုယ် စွဲစွဲမြဲမြဲစားဖြစ်တာက မုန့်ဟင်းခါးရယ်။ ရန်ကုန်ရောက်ခါမှ ကြိုက်လာတဲ့ အစားအစာထဲမှာ အဲဒီ မုန့်ဟင်းခါးပါတယ်။ ညနေဘက်တွေမှာ ကိုယ် ကော်ဖီမသောက်တော့တာ များတယ်။ မုန့်ဟင်းခါးရယ်၊ ရေနွေးကြမ်းရယ်ဆို ကိုယ့်ညနေစာက လုံလောက်ပါတယ်။ အဲ...ညစာအတွက်တော့ စဉ်းစားရသေးတာပေါ့။
   

စဉ်းစားရတယ်ဆိုပေမယ့် ထွေထွေထူးထူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ လှည်းတန်းလို နေရာမျိုးမှာ ကိုယ်တို့လို အိမ်ဝေးသူတွေအတွက် ထမင်းဆိုင်လေးတွေ ပေါမှပေါ။ တစ်နပ်ကို ခြောက်ရာပဲသုံးမလား၊ ရှစ်ရာ၊ တစ်ထောင်လောက်အထိ သုံးမလား။ ကိုယ်သုံးမယ့် ငွေနဲ့ချိန်ပြီး စားနိုင်တဲ့ဆိုင်လေးတွေ ရှိပါ့။ ကိုယ့်အတွက်ကတော့ ရှစ်ရာလောက်ဆို လုံလောက်နေပြီ။
   
ထမင်းတစ်ထုပ်ရယ်၊ တစ်ခါတစ်ရံ ကြက်ဥကြော် ဒါမှမဟုတ် ဘဲဥအာလူးဟင်းတစ်ပွဲ၊ တစ်ခါတစ်ရံ အသီးအရွက်ကြော်နှစ်မျိုးလောက်ရယ်ဆို ကိုယ့်ညစာက အတော်ပဲ လှနေပြီ။ ပိတ်ရက်ဆို ကြော်ထားတတ်တဲ့ ငါးခြောက်ကြော်တို့ ဘာတို့ကလည်း အဆောင်မှာ ရှိသေးတာမဟုတ်လား။ တစ်ခါတလေတော့ လက်ဖက်ကလေး သုပ်စားရင်ပဲ ထမင်းစားဝင်သား။
   

ရန်ကုန်ရောက်စကတော့ ကိုယ်က အမေ့ကို မလိမ်ညာတတ်သေးဘူး။ အမေက ဖုန်းထဲမှာ ဒီနေ့ည ဘာဟင်းစားသလဲလို့ မေးလေ့ရှိတယ်။ ကိုယ်ကတော့ ကြက်ဥဖြင့် ကြက်ဥ၊ ငါးခြောက်ဖြင့် ငါးခြောက်၊ လက်ဖက်ဖြင့် လက်ဖက် ဖြေတတ်တာ။ ဒီလိုဆို အမေက စိတ်မကောင်းရှာသလို အသံက မူပျက်တော့တာပဲ။
   
''ဒါကြောင့်ပြောတာ။ ကိုယ့်ဘာသာ အားရှိအောင်လည်း စားဦး၊ အိမ်ကို ပေးဖို့ပဲ စဉ်းစားနေတာနဲ့ အာဟာရချို့တဲ့အောင် စားမနေနဲ့''
   
''အမေကလည်း သမီး စားပါတယ်။ အမေ့သမီးကဖြင့် ၀တောင်ဝနေပြီ။ သင်္ကြန်ပြန်လာမှ အမေ တွေ့လိမ့်မယ်''စသဖြင့် ပြေရာပြေကြောင်းပြောရတော့တယ်။
 ဒါလည်းပဲ ကိုယ် ပိုက်ဆံပို့ရင် အမေက ဒီစကားမျိုးကို သတိတရပြောတုန်း။ ဒါပေမယ့် အချိန်တန်လို့မှ ကိုယ့်ဆီက ငွေကလေး ရောက်မလာရင် အမေ ဘယ်လောက်မောရမယ်ဆိုတာ ကိုယ်သိတာပေါ့။
   

နောက်ပိုင်းတော့လည်း အမေ့ကို ပိပိရိရိ လိမ်တတ်လာခဲ့တယ်။ ကြက်ဥနဲ့စားနေရင်တောင် ကြက်သားလို့ ပြောတတ်လာတယ်။ အမေ ကျေနပ်သွားတာကို ကြုံရတိုင်း လိမ်မိတဲ့ ကိုယ်က မျက်နှာပူတယ်။ တစ်ဖက်က တွေးပြန်တော့လည်း လိမ်တာ ဘယ်ဟုတ်လို့လဲ။ ကြက်ဥကြော်ကို ကိုယ်တို့ အဆောင်သူတွေက ကြက်ကောင်လုံးကြော်လို့ ခေါ်တာပဲဟာ။ ကြက်သား ခဏခဏ စားတယ်နော်လို့ အမေပြောရင်တော့ ကိုယ့်မှာ ငိုရမလို ရယ်ရမလိုပေါ့။
   
ဒီလိုပဲ ကိုယ်တစ်ယောက်တည်း လိမ်တတ်သလားဆိုတော့လည်း မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆိုတာလည်း အိမ်ကို စိတ်ချမ်းသာအောင် ထားချင်ကြတဲ့သူတွေ။ မိခင်၊ ဖခင်၊ မိသားစုကို ပူပန်ဖြည့်ဆည်းနေတဲ့သူတွေ။ ကိုယ်ကမှ လစာထဲက ချွေတာသုံးပြီး အထိုက်အလျောက် ပို့နိုင်တယ်ဆိုရမယ်။ တချို့ကတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ။
   

ကိုယ့်ဘေးအခန်းက သူငယ်ချင်းတစ်ယောက်ကတော့ ရုံးဆင်းချိန်ဆို အဆောင်မပြန်နိုင်ရှာဘူး။ လိုင်းကား နှစ်ဆင့်လောက်စီးပြီး စာသင်ရမယ့်အိမ်ဆီ ခရီးဆက်ရသေးတာ။ သူပြန်ရောက်ချိန်က ည ၉ နာရီပတ်ဝန်းကျင်။ ပြန်လာရင်လည်းပဲ သူ့မှာ မောဟိုက်လို့၊ ပင်ပန်းဆာလောင်လို့။ လမ်းမှာ ၀င်ပြီးဝယ်လာတဲ့ထမင်းထုပ်ရယ်၊ အဆောင်မှာ ရှိတဲ့ အခြောက်ကြော်တစ်ခုခုရယ်ကို အတင်းမြိုချတတ်တယ်။ ရေ တဂွပ်ဂွပ်သောက်တတ်တယ်။ ရုံးဆင်းကတည်းက ဘာမှမစားရသေးဘူးဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဖြစ်ရပါရဲ့။
   
''လမ်းမှာ မုန့်ဟင်းခါးတစ်ပွဲလောက်များ စားလိုက်ပါတော့ဟယ်''လို့ တစ်ခါကတော့ အလိုက်မသိပြောမိသေးတယ်။
   
''ဟယ်..သီခိုင်ရယ်။ တစ်ပွဲ သုံးရာ၊ လေးရာနဲ့ မစားပါဘူးဟယ်၊ ပြန်လာရင် ထမင်းစားလို့ရတာပဲဟာ''ဆိုတာနဲ့ နောက်တော့ ကိုယ်မပြောရက်တော့ဘူး။
   

သူက လကုန်လို့ အိမ်ကို ပိုက်ဆံပို့ရင်တော့ ကိုယ်တို့နဲ့ တန်းတူ ပို့နိုင်တဲ့သူ။ သူ့လစာနဲ့၊ သူ့အပိုဝင်ငွေနဲ့ ဒီလောက် ငွေပမာဏပို့နိုင်တယ်ဆိုတာ  ဘယ်လောက်တောင် ခြိုးခြံချွေတာထားရမလဲလို့ ကိုယ်တို့ အချင်းချင်း မှန်းဆနိုင်ကြတယ်။ ဒါပေမယ့် သူ့အိမ်ကတော့ မသိဘူး။ သူလည်း ကိုယ်တို့လိုပဲ အိမ်ကို ညာတယ်။ သူ့အမေနဲ့ ဖုန်းပြောတာ တစ်ကြိမ် တေ့တေ့ဆိုင်ဆိုင်ကြားဖူးပါရဲ့။ သူပြောတဲ့လေသံဟာ ကိုယ်ပြောတဲ့ လေသံနဲ့လည်း ခပ်ဆင်ဆင်။ အပြုံးအပြည့်နဲ့ သူ့မျက်နှာကို မြင်ရတာဟာလည်း ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရသလိုပါပဲ။
   
ကိုယ့်မှာတော့ ကိုယ့်အပူကိုယ်မေ့ပြီး သူ့ကို ၀င်ပြီး စိတ်ပူပန်ပေးဖူးတယ်။ သူကတော့ အပြုံးမပျက်ပါလားကွယ်။ ဘာကိုမှ လိုချင်လှချည်ရဲ့ မရှိဘူး။ ဘာကို မရလိုက်ဘူးရယ်လို့ ၀မ်းနည်းစိတ်မရှိဘူး။ ဒါနဲ့ပဲ စိတ်ခိုင်မာလှချည်ရဲ့လို့ ကျိတ်ပြီး ချီးကျူးရတယ်။
   

ကိုယ်ကတော့ တစ်ခါတစ်ခါ စိတ်သိပ်မခိုင်လှဘူး။  မိတ်ကပ်ကောင်းကောင်း၊ နှုတ်ခမ်းနီကောင်းကောင်းကို စိတ်မ၀င်စားပေမယ့် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေတော့ မက်မောပြန်ရော။ အ၀တ်အစားသစ်၊ ဖိနပ်သစ်ထက် အိတ်အလှကိုတော့ လိုချင်တောင့်တရှိပြန်ရော။ လိုချင်ရက်နဲ့ မရပြန်ရင် ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တာ မဟုတ်ပေမယ့် သြော်...ငါ မ၀ယ်နိုင်ပါလားရယ်လို့ ၀မ်းနည်းတတ်ပြန်တယ်။
   
ဒါလည်း ခဏပါပဲ။ အိတ်တစ်လုံးဝယ်မယ့် ငွေတစ်သောင်းခွဲလောက်ဟာ အိမ်မှာဆိုရင်တော့ အမေ ဘယ်လောက်သုံးနိုင်မယ်လို့ တွေးရင် ကိုယ်မေ့သွားတတ်တယ်။ ဖိနပ် တစ်သောင်းတန် ၀ယ်စီးမယ့်အစား သုံးထောင်တန် လောက်စီးရင်လည်း ဖြစ်သားပဲလို့ ဆင်ခြင်တတ်တယ်။ ဦးထွန်းလင်းခြံလမ်းက ဖြတ်ပြန်တိုင်းတော့ ဆိုင်တွေမှာ ခင်းကျင်းထားတဲ့ အင်္ကျီအလှတွေ၊ ဖိနပ်တွေ၊ အိတ်တွေက မျက်စပစ်တာကို အကြည့်လွှဲရတယ်ဆိုတာ မိန်းကလေး တစ်ယောက်အတွက် လွယ်တာမှတ်လို့။

ဦးထွန်းလင်းခြံလမ်း ပတ်ဝန်းကျင်ဟာ ကိုယ်တို့ ရောက်စကထက် အများကြီး စည်ကားခဲ့ပြီ။ ဆိုင်တွေ တစ်နှစ်ထက် တစ်နှစ် ပေါများလာလိုက်တာကွယ်။ လက်ဖက်ရည်၊ ကော်ဖီကောင်းကောင်းသောက်မလား၊ စာအုပ်ရှာချင်သလား၊ ဖက်ရှင်အတွက်ပဲ ရွေးမလား ဆိုင်တွေမှ စုံလို့ စုံလို့။ နောက်ဆုံး သော့တူလုပ်တာ၊ ထီး၊ ဖိနပ်ပြင်တာ၊ လျှပ်စစ်ပစ္စည်းပြင်တာအထိ ရနိုင်တယ်။        
လှည်းတန်းဟာ တစ်ချိန်ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။ ခုတော့ ရန်ကုန်မြို့ပြင်က တက္ကသိုလ်တွေမှာ တက်ရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အလုပ်အကိုင်အတွက် အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ လူငယ်လူရွယ်တွေ နေကြတဲ့အရပ်။ ဒီအရပ်မှာနေထိုင်ကျင်လည်ရတာကိုပဲ ကိုယ့်ရင်ခုန်သံဟာ ဘာကြောင့်မှန်းမသိ နွေးထွေးရတယ်။
   

ကိုယ် လှည်းတန်းကို စရောက်တုန်းက အချိန်တွေကိုတော့ ပြန်တွေးတိုင်း လွမ်းရတုန်းပဲ။ လမ်းသွယ်တွေထဲမှာ ကိုယ်ပိုင်ဝင်းခြံတွေပဲ များတဲ့ကာလ။ ကန်ထရိုက်တိုက်ဆိုတာ မရှိသလောက်ပဲ။ အိမ်တွေကတော့ အစဉ်အဆက် နေထိုင်လာခဲ့ကြဟန်နဲ့ ရိုးရိုးစင်းစင်း ငြိမ်းငြိမ်းချမ်းချမ်း။ ကျောင်းသားကျောင်းသူတွေ၊ ၀န်ထမ်းတွေခိုကိုးရာ အရပ်မို့ နှစ်ထပ်အိမ်တွေမှာ အိမ်ရှင်နဲ့ ကျောင်းသားပေါင်းနေကြတာလည်း မရှားဘူး။

ကိုယ်နေရတဲ့ အဆောင်လေးကလည်း နှစ်ထပ်ပျဉ်ထောင်အိမ်။ အပေါ်ထပ်မှာ ဖျာကလေးခင်းပြီး ကိုယ်တို့ အဆောင်သူတွေ တန်းစီအိပ်ရတာကို မှတ်မိသေးတယ်။ အဆောင်ရှင်အဘွားကလည်း တကယ့်အဘွားအရင်းလိုပါပဲ။ ကိုယ့်ကို ခေါ်တာ မယ်သီဆိုပဲ။ နာမည်ကို ဘယ်နှခါခါ ပြင်ပေး ပြင်ပေး မယ်သီပဲ ခေါ်တတ်တဲ့အဘွားကို ကိုယ် သံယောဇဉ်ရှိခဲ့ရတယ်။ လခထုတ်ရင် တန်ဖိုးကြီး မုန့်ပေးချင်ပေမယ့် မတတ်နိုင်တော့ ဈေးသိပ်မပေးရတဲ့ မြန်မာဘီစကစ်လောက်ပဲ ၀ယ်ပေးနိုင်တယ်။ ဒါကိုပဲ အဘွားက ဆုပေးလို့မဆုံးဘူး။ ကိုယ့်မှာလည်း အမေ့ဆီ ဖုန်းဆက်တိုင်း အဆောင်အိမ်က မိသားစုဆန်ကြောင်း ပြောပြလိုက်ရတာ အမော။
   

ဟော...မကြာပါဘူးကွယ်။ ကန်ထရိုက်တိုက်ရေစီးကြောင်းက လှည်းတန်းအရပ်ကို ဖြတ်စီးတဲ့နောက် ကိုယ်တို့တွေ အဘွားကို နှုတ်ဆက်ရတော့တယ်။ တစစ ယိုယွင်းလာတဲ့အိမ်ကလေးကို အဘွားက ပြင်ဆင်စရိတ်မတတ်နိုင်။ တစ်ဖက်မှာလည်း သားသမီးက များတာမို့ သူမရှိတဲ့နောက် အမွေရယ်လို့ အိမ်ခန်းကလေးတွေ ပေးချင်ပေါ့။ ဒါနဲ့ပဲ ကိုယ်တို့အဆောင်လေးဟာ အသွင်ပြောင်းရတော့မယ်။ ကိုယ်တို့တွေလည်း တစ်နေရာစီ ရွှေ့ပြောင်းကြရတော့တယ်။
ပျော်ရာမှာ မနေရဆိုတဲ့စကားလိုပဲ ကိုယ်ဟာ တော်ရာအဆောင်တစ်ခုကို ရောက်ရပါရော။ အဘွားရဲ့ မေတ္တာနဲ့ အသားကျခဲ့တဲ့ ကိုယ့်အတွက် အဆောင်ရှင်အသစ် အန်တီ့ကိုတော့ မပေါင်းသင်းတတ်ပြန်ဘူး။ နှုတ်ကတော့ အလွန်ချိုပါရဲ့။ ဒါပေမယ့် ပြောနေတဲ့စကားလုံးနဲ့ မျက်လုံးတွေဟာ အရောင်ကွာနေသလိုပဲ ကိုယ်ခံစားရတယ်။ အန်တီပြုံးတဲ့အချိန် မျက်လုံးတွေက အေးတိအေးစက်နဲ့။ 
   

အန်တီ့နည်းပရိယာယ်တွေကို အဆောင်နေသက် လချီကြာလာတာတောင် ကိုယ်က လိုက်မမီဘူး။  တစ်ခါတုန်းက ဘေးအခန်းက မိန်းကလေးက ပြောင်းပါလေရော။ သူ့အခန်းလေးကို ကိုယ်က အစကတည်းက လိုချင်စိတ် ရှိခဲ့တယ်။ တစ်ယောက်ခန်းလည်းဖြစ်တယ်၊ အလင်းရောင်ကောင်းပြီး လေ၀င်လေထွက်ကောင်းသလို မဆိုစလောက်လေး ကျယ်တာကလည်း ကိုယ့်အတွက် မက်မောစရာ။ စာရေးလို့ ကောင်းလိုက်မယ့်ဖြစ်ချင်းလို့ တသသရှိဖူးတယ်။
 မိန်းကလေးကလည်း ကိုယ့်ကို ခင်တာမို့ ပြောင်းမယ့်အကြောင်း အန်တီပြီးရင် ကိုယ့်ကိုပဲ အရင် အသိပေးပါရဲ့။ အဆောင်မှာတော့ ဒီလိုပဲ အလျင်းသင့်သလို အခန်းချင်း ပြောင်းကြတာမဟုတ်လား။ အန်တီ့ကိုလည်း ဒီအခန်းကို ရွှေ့မယ့်အကြောင်း တစ်ကြိမ်ပြောပြီးတဲ့နောက် စိတ်ချလက်ချရှိနေခဲ့တော့တာ။
တကယ်တမ်း အခန်းလွတ်သွားတဲ့အခါ အောက်ထပ်က အဆောင်သူတစ်ယောက်က သူ့ပစ္စည်းတွေ အခန်းထဲ ရွှေ့လာတော့တာ ကြုံရပါရော။ ကိုယ့်မှာ အဆောင်သူချင်း ပြောနေတာထက် အဆောင်ရှင်ဆီ ပြောတာကပဲ ပိုသင့်တော်မယ်လို့ ဆုံးဖြတ်ရတယ်။
   

''သူက အရင်ပြောထားတာ သမီးရယ်။ ဒါကြောင့် သူ့ကို ပေးလိုက်ရတာ''
   
အန်တီ့နှုတ်က စကားသံချိုချိုဟာ ကိုယ့်ကို တွေဝေစေတယ်။ ဟိုတစ်နေ့တုန်းက အန်တီ ကိုယ့်ကို ဘာပြန်ပြောလိုက်သလဲ။ ခေါင်းပူအောင် ပြန်စဉ်းစားတော့ အန်တီ ပြုံးနေခဲ့တာသာ သတိရတော့တယ်။ နောက်ဆုံးတော့လည်း ကိုယ့်အခန်းဟောင်းလေးကိုသာ တပ်ခေါက်ပြီး လှည့်ပြန်လာရပါရဲ့။ ဒီအထိလည်း ထူးထူးထွေထွေတွေးမိသေးတာမဟုတ်ဘူး။
   
တစ်ရက်မှာတော့ ကိုယ်နဲ့ ဒီအဆောင်ရောက်မှ အဖွဲ့ကျလာရတဲ့ မမျိုးက ဖောက်သည်ချမှပဲ ဇာတ်စုံလင်းတော့တယ်။
   
''အန်တီကလေ တစ်ယောက်ခန်းတို့ ဘာတို့ လွတ်ရင် လေလံတင်သလိုပဲဟဲ့။ အခန်းကောင်းတွေပေါ့ဟယ်။ လက်ဆောင်ကောင်းကောင်းပေးနေကျလူတွေပဲ ရတာ။ အဲဒီ ကောင်မလေးက ပါတိတ်လုံချည်တစ်ထည်ရယ်၊ အိုဗာ တင်းတစ်ဘူးရယ် ပေးသတဲ့၊ ဒီအခန်းကို မပြောင်းရခင်က''
   

ကိုယ့်မှာ အံ့အားသင့်ပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်ရတယ်။ လောကကို လိုက်မီဖို့မပြောနဲ့၊ ဒီလို နေရာကွက်ကွက်လေးမှာတောင် ရိုးရိုးစင်းစင်းတွေးတာဟာ ကိုယ်ပဲ နောက်ကျကျန်ခဲ့ပါရောလား။ နေရာလေးတစ်နေရာအတွက်တော့ ကိုယ် အတင်းကာရော မပြိုင်ဆိုင်ချင်ပါဘူး။
   
အိပ်ရာကုတင် တစ်နေရာစာအခန်းလေးအတွက်ပဲ ဖြစ်ဖြစ်၊ လောကထဲက၊ အလုပ်ခွင်က နေရာအတွက်ပဲ ဖြစ်ဖြစ် ကိုယ်မတိုက်ခိုက်ချင်ဘူး။ ရှိပါစေလေ။ ကိုယ့်နေရာလေးကလည်း ကျဉ်းပေမယ့် မှောင်ပေမယ့် နေလို့ ဖြစ်သားပဲဟာ။ ခုတင်ဘေးကို လမ်းလျှောက်ဝင်ရင် ကိုယ်တစ်ခြမ်းစောင်းပြီး ၀င်ရတာကို မေ့ထားတတ်ရမှာပေါ့။ အဲ...နောက်ဆုံးတော့ အဲဒီအဆောင်လည်းပဲ ကန်ထရိုက်တိုက်ဆောက်ပါလေရော။ ဒီတစ်ခါတော့ ဘယ်သူ့မှ လွမ်းမနေဘဲ တော်ရာကို ရွှေ့ပြောင်းခဲ့တော့တယ်။
   

ကိုယ် အခုနောက်ဆုံး ရောက်လာရတဲ့နေရာကတော့ စိတ်ကို ချမ်းမြေ့စေပါတယ်။ အဆောင်ရှင်က အငြိမ်းစား ၀န်ထမ်း အန်တီကြီး။ ဘုရားတရားနဲ့ ခပ်အေးအေး နေတတ်တယ်။ အဆောင်သူတွေကလည်း ကျောင်းသူ၊ သင်တန်းသူနဲ့ ၀န်ထမ်းတချို့။ တိုတိုပြောရရင် ကိုယ်တို့အားလုံးဟာ ဘ၀တူတွေပဲ။ တချို့အဆောင်တွေမှာ ကြုံတတ်သလို အဆောင်သူချင်း စီးပိုးချင်တဲ့သူ တစ်ယောက်တစ်လေမှ မကြုံရဘူး။ လမ်းကျဉ်းကလေးထဲ ကုပ်ကုပ်ကပ် ကပ်လျှောက်ဝင်ရတာကလွဲရင် နေပျော်တဲ့နေရာလေ။ ဒီအဆောင်နေရာကတော့ ကန်ထရိုက်တိုက်ဆောက်နိုင်တဲ့အကွက်အကွင်းမျိုးမဟုတ်တာ ကျိတ်ပြီး ၀မ်းသာရသေးတယ်။
   

အဆောင်လခကတော့ ကိုယ်တို့ လှည်းတန်း စရောက်တဲ့နှစ်တွေနဲ့ယှဉ်ရင် သုံးဆကျော်မက ခုန်တက်ခဲ့ပြီ။ ဒါကတော့ အဆောင်တိုင်းပါပဲ။ ရန်ကုန်မှာက ကျောတစ်ခင်းစာက ပိုခက်ပေတာကိုး။ လူတစ်ယောက် လွတ်လို့များ နေရာချောင်မယ်မထင်လေနဲ့။ နောက်တစ်ရက်မှာ နောက်တစ်ယောက် ၀င်ပြီးသားပဲ။

ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာခက်တယ်ဆိုတော့ အလုပ်ကရော မခက်ဘူးလားဆို ခက်တာပါပဲ။ ၀ါသနာဆိုတာကတော့ ကိုယ်တို့ တက္ကသိုလ်ကျောင်းသူဘ၀ကတည်းက ခေါက်ထားရတော့တာပေါ့။ ကိုယ့်ဘွဲ့လေးနဲ့ ရရာအလုပ်သာ ၀င်ကြရတာ။ ကိုယ်တို့လို သာမန်ဘွဲ့ရလေးတွေဟာ အလုပ်ခွင်ထဲ တန်းဝင်ရလောက်တဲ့ လက်မှတ်တွေလည်း အပိုရဖို့ ကြိုးစားရသေးတယ်။ ဘွဲ့လက်မှတ်ထက် သင်တန်းဆင်းလက်မှတ်တွေက အရေးပါလေတာကိုး။
 သင်တန်းသီးသန့်တက်နိုင်တဲ့သူတွေ မဟုတ်တော့ အလုပ်တစ်ဖက်နဲ့ ထမင်းချိုင့်လေးဆွဲပြီး သင်တန်းတက်တဲ့သူတွေလည်း မတွေ့ချင်မှအဆုံး။ အောက်ခြေ၀န်ထမ်း အလုပ်လေးတစ်ခုလောက် လုပ်ရင်းကနေ သင်တန်းတွေ တက်၊ တဖြည်းဖြည်းနဲ့မှ ပိုပြီး အဆင်ပြေလောက်မယ့်နေရာကို ပြောင်းဖို့ကြိုးစားတာဟာ မြို့ပြလူငယ်တွေရဲ့ အိပ်မက်ပေါ့။
   

ထမင်းနပ်မှန်တယ်ဆိုရုံ ဖြစ်သလိုစားခဲ့ဖူးတာ၊ ကော်ဖီမစ်တောင် တစ်ထုပ်စာအပြည့် မသောက်ရက်တာ စတဲ့ဘ၀ပုံရိပ်တွေကိုတော့ ကိုယ်ပြန်ပြောင်းပြီး တသ၀မ်းနည်းမနေတတ်ဘူး။ နောက်မှာ မိသားစုရှိတယ်ဆိုတဲ့စိတ်နဲ့ကျော် ဖြတ်လာခဲ့တာကိုး။ ခုတော့လည်း ဘ၀က နည်းနည်းတော့ အသားတကျရှိလာပါရဲ့။ မိသားစုကလည်း ကိုယ့်ကို အားကိုးအားထား ပြုလာနိုင်ပါရဲ့။ ဒါပေမယ့် ကိုယ့်စိတ်ကတော့ နွမ်းလျစပြုခဲ့ပြီ။
   
ကိုယ်ကျင်လည်နေရတဲ့မြို့ပြမှာ နေရာတစ်နေရာအတွက် သားရဲတွေလို တိုက်ခိုက်ကြရတာ မြင်ရဖန်များတော့ နှလုံးသားက အခါခါ နာကျင်တတ်လာတယ်။ ကိုယ်ကြုံရတာ မဟုတ်ဘူးဆိုရင်တောင် ကြားရတာနဲ့တင် စိတ်မချမ်းမြေ့စရာ။ ကိုယ့်မိတ်ဆွေတွေ ကြုံရတယ်ဆိုရင်တော့ ဘေးကနေ ၀င်ခံစားမိပြန်ရော။ ရုပ်ဝတ္ထုပစ္စည်းဟာ လူတွေကို ဘာကြောင့် ဒီလောက် လွှမ်းမိုးလာရသလဲ။ ဂုဏ်အရောင်အ၀ါအတွက်၊ ပိုင်ဆိုင်မှုအတွက် မိတ်ဆွေတွေကို ချနင်းဖို့ လိုသလား။ ခုနေသေရင်လက်ကို အခေါင်းပြင် ထုတ်ပြစရာမလိုလောက်အောင် လက်ဗလာဖြစ်တဲ့ ကိုယ်တို့အတွက်တော့ နားမလည်စရာ ပုစ္ဆာလိုဖြစ်ရတယ်။
   

ဆူညံသက်ဝင်နေတဲ့ လှည်းတန်းဈေးအနောက်ဘက် ဈေးလမ်းက ဖြတ်လာတာတောင် ကိုယ့်အတွေးက မရပ်ချင်ဘူး။ လူသံသူသံတွေကို ကိုယ်မကြားဘူး။ မနေ့ညက ကြားခဲ့ရတဲ့ ငိုသံတစ်စကို ပြန်ကြားနေတယ်။ နှစ်နှစ်လောက် တစ်ခန်းတည်းနေလာသူ အခန်းဖော်ရဲ့ မျက်ရည်စဟာ ကိုယ့်ကိုပါ နာကျင်စေခဲ့တာ။
   
ခုတလော မျက်နှာနွမ်းလျနေတာ တွေ့ပေမယ့် မစပ်စုမိဘူး။ သူကလည်း တစ်ဖက်သားကို အပူပေးတတ်သူ မဟုတ်တော့ ကိုယ့်မှာ သူ ရင်ဆိုင်နေရသမျှ မသိနိုင်ခဲ့ဘူးပေါ့။  အလုပ်က ပြန်လာရင်လည်း လူက ခွေလို့ပဲ။ မနေ့ကတော့ ထွက်စာတင်တော့မယ်ပြောတဲ့အခါ ကိုယ့်မှာ အံ့အားတသင့်နဲ့။ ညက သူ တိတ်တိတ်လေး ငိုနေတာကို မြင်တော့ ကိုယ်မနေနိုင်ဘူး။ နှစ်သိမ့်မိတဲ့အခါ သူ့နှုတ်ဖျားက စကားစတချို့ ထွက်ကျလာတယ်။
   

''အလုပ်မှာ တာဝန်ကျေရုံ၊ စည်းကမ်းလိုက်နာရုံနဲ့ လုံလောက်ပြီလို့ ငါထင်ခဲ့တာ။ လူတွေနဲ့ပါ အဆင်ပြေအောင် အလိုက်အထိုက်နေရဦးမယ်ဆိုတဲ့အတတ်ပညာကို ငါမတတ်ဘူး သီခိုင်ရယ်။ သူနဲ့ အဆင်ပြေအောင် မနေခဲ့မိတာ၊ သူများတွေလို မဖားတတ်ခဲ့တာ ငါ့အပြစ်ပဲထားပါတော့။ ဒါပေမယ့် အန်တီနဲ့ ငါ့ကြားမှာ သူ ဒီလောက် လှည့်ပတ်ထားလိမ့်မယ်လို့ ငါမထင်ခဲ့ပါဘူး။ သူနဲ့ငါက အထက် အောက် ရာထူးကွာပေမယ့် မိန်းမချင်းစာနာစိတ်တော့ရှိမယ် ထင်ခဲ့တာ''
   
အဖြစ်အပျက်ကို ကိုယ်က အစက သိခဲ့သူလည်းမဟုတ်တော့ သူပြောသလောက်ပဲ အင်းလိုက်ပြီး နားထောင်ရတယ်။ သူ မျက်ရည်အကျရပ်အောင် နှစ်သိမ့်ရတယ်။ သူ ၀မ်းနည်းတာ၊ မျက်ရည်ကျတာ ဘာကြောင့်ဆိုတာ ကိုယ်နားလည်နိုင်ပါရဲ့။ အလုပ်တစ်ခုကနေ တစ်ခုအကြား အချိန်နည်းနည်းစောင့်ရတာနဲ့အမျှ အိမ်အတွက် စိတ်ပူပင်ရတော့မယ်မဟုတ်လား။ သူဟာ မုဆိုးမ မိခင်အိုကို ထောက်ပံ့နေတဲ့သူ။ ညီမလေးရဲ့ကျောင်းစရိတ်ကို တာဝန်ယူထားတဲ့သူ။ နောက်ထပ်အလုပ်မရနိုင်တာမဟုတ်ပေမယ့် အချိန်တော့ စောင့်ရတော့မှာကိုး။
 ကိုယ်တို့လို သာမန်ဝန်ထမ်းလေးတွေဟာ တစ်လစာ လစာကို ဒီမှာစားတာ၊ သုံးရတာရယ်၊ အိမ်ပို့တာရယ် ကွက် တိဖြစ်တတ်ကြတယ်။ အပိုအလျှံစုဆောင်းမိတာရယ်လို့လည်း ရှိကြတာမဟုတ်ဘူးကိုး။ သူ စိတ်ပူရင်လည်း ပူစရာ။
   

ညကတော့ သူလည်း ကုတင်ပေါ် လူးလိမ့်၊ ကိုယ်လည်း သူ့အတွက် စိတ်ပူလို့ပါပဲ။ ကိုယ်တို့တွေက မာနကြီးနိုင်တဲ့ဘ၀တွေလည်း မဟုတ်တော့ စဉ်းစားပါဦးလို့ ပြောပြချင်တယ်။ တစ်ဖက်မှာတော့ အဲဒီလို ပြောလိုက်ရမှာကိုပဲ နာကျင်နေပြန်ရော။ ဒါနဲ့ပဲ ညကရော မနက်ခင်းကပါ ဒီစကားကို ပြောမထွက်ဘူး။
   
ဒီနေ့တော့ နေ့ခင်းပိုင်းအလုပ်လုပ်နေရတဲ့အခါ သူ့ကို မေ့လျော့နေပါရဲ့။ ညနေခင်းရောက်တာနဲ့၊ အဆောင်အပြန်လမ်းပေါ် ရောက်တာနဲ့ တစ်ချက်တစ်ချက် သတိရတော့တာပဲ။ ကိုယ့်စိတ်က မောပန်းနွမ်းလျလာတော့တာပဲ။ အဆောင် ပြန်ရောက်ရင် သူ့ကို ဘယ်လို စကားလုံး သုံးပြီး နှစ်သိမ့်ရပါ့မလဲ။
   

ဈေးလမ်းလေးထဲ ဈေးဝယ်ရှောင်၊ ဈေးသည်ရှောင်ရင်း ကိုယ် တိုးဝှေ့လျှောက်လာခဲ့တယ်။ ဒီဈေးလေးဟာ မနက်ခင်းထက် ညနေခင်း ရုံးဆင်းချိန်များ ပိုစည်လေသလားပဲ။ စီစီညံနေတဲ့ ဈေးခေါ်သံ၊ စကားသံ၊ ရယ်သံတွေကြားက ကိုယ် တိုးထွက်လာခဲ့တယ်။ အဆောင်ဘက်ကို ချိုးကွေ့တဲ့ လမ်းသွယ်လေးကို မရောက်ခင် လမ်းတစ်ခုကို ဖြတ်ရသေးတယ်။  
   
ကိုယ်တို့ အဆောင်လမ်းလေးကတော့ ထုံးစံအတိုင်း တိတ်ဆိတ်အေးချမ်းလို့ပဲ။ ဒီဘက်မှာတော့ ၀င်းခြံနဲ့နေတဲ့သူတွေပဲများတော့ ကန်ထရိုက်တိုက်များတဲ့လမ်းတွေလို လူဝင်လူထွက် စည်မနေဘူး။ အိမ်ဝေးသူတစ်ယောက်အတွက် သူစိမ်းမဆန်စေတဲ့လမ်းကလေး။
 လမ်းကလေးပေါ်ကနေ လူနှစ်ယောက် သွားသာရုံ လမ်းကျဉ်းထဲ ချိုးကွေ့ရတယ်။ နှစ်ခြံမြောက်က နှစ်ထပ် တိုက်ခံအိမ်ဟာ ကိုယ်တို့အဆောင်။ ကိုယ့်ရဲ့ အိမ်မဟုတ်တဲ့အိမ်။ အဆောင်တံခါးသော့ကို တစ်ခါဖွင့်၊ အောက်ထပ်သော့ကို တစ်ခါဖွင့်။ အောက်ထပ်ကို ရောက်မှ ကိုယ့်အခန်းသော့ကို ဖွင့်။ အခန်းလေးက မှောင်ရီရီနဲ့ ကိုယ့်ကို ကြိုတယ်။
   

အခန်းမီးကို ဖွင့်ပြီး ပြတင်းပေါက်ကိုပါ တစ်ဆက်တည်းဖွင့်ရတယ်။ လေ၀င်လာတော့မှပဲ အိုက်စပ်စပ် ခံစားမှုက သက်သာတော့တာ။ ခါတိုင်းလို အိမ်နေရင်း အ၀တ်အစားလဲဖို့ ဒါမှမဟုတ် တစ်ခါတည်း ရေချိုးလိုက်ဖို့ လုပ်ချင်စိတ် မရှိလှဘူး။ ကုတင်ပေါ် လှဲချလိုက်တဲ့အခါမှာတော့ အမောက ကိုယ့်စိတ်ကို တံခါးခေါက်တယ်။ အပြန်လမ်းတစ်လျှောက် ကားပေါ်မှာ မွန်းကြပ်ခဲ့တာ၊ တစ်နေ့ခင်းလုံး အလုပ်မှာ စိတ်ဖိစီးခဲ့တာ ဒါတွေအကုန်လုံးဟာ ဒီလို စိတ်ပေါ့ပါးအောင် ဖျော့ချပြီး နားရတဲ့ခဏ နည်းနည်းတော့ နေသာပါရဲ့။ ပူပန်သောကကို လျှော့ချပြီး အသက်ရှင်တတ်ဖို့ကိုယ်လေ့လာရဦးမယ်။ မြို့ပြမှာသာ ကျင်လည်ရဖို့လမ်းကို ကိုယ်က ရွေးခဲ့ပြီကိုး။
   

ဘေးကုတင်ကို ငဲ့ကြည့်မိတော့ ကိုယ် သက်ပြင်းမချဘဲ မနေနိုင်ပြန်ဘူး။ သူ ပြန်လာနေကျအချိန်ကို ကျော်ခဲ့ပြီ။ စိတ်ညစ်လို့များ တစ်နေရာရာမှာ ထိုင်နေလေရော့သလား။ ပူပန်သောကကို လျှော့မယ်ဆိုမှ ကိုယ့်အပူကိုသာမက တစ်ပါးသူ အပူကိုပါ ကိုယ်က ၀င်ယူနေမိတယ်။ မတတ်နိုင်ဘူးလေ။ သူဟာ ကိုယ့်မိတ်ဆွေ၊ ဘ၀တူမိတ်ဆွေ။
   
မျက်လုံးအကြည့်ထပ်ရွှေ့တော့ ကိုယ့်ကုတင်ဘေးက စားပွဲလေးပေါ်မှာ အကြည့်တန့်တယ်။ စားပွဲပေါ်မှာတော့ အမေ့ဓာတ်ပုံဟာ စာအုပ်တွေရဲ့ ဘေးမှာ နေရာယူတယ်။ ဓာတ်ပုံထဲက အမေ့အပြုံးဟာ အေးချမ်းလို့။ ကိုယ့်ကို ခွန် အားပေးတဲ့အပြုံး။ လက်လျှော့ချင်တိုင်း၊ နောက်ဆုတ်ထွက်ပြေးချင်တိုင်း ထူမတ်ခဲ့တဲ့ မျက်နှာ။
   

မောလှပြီလို့ တစ်ခါတလေ ဒီဓာတ်ပုံလေးကိုငေးရင်း ကိုယ် ထုတ်ပြောမိတတ်တယ်။ သမီး မောပြီ အမေ...။ တကယ့်ပြင်ပမှာ မဟုတ်လေတော့ အမေက ပြုံးလို့ပဲ။ ဒီစကားကို ပြင်ပမှာတော့ အမေ့ရှေ့ ကိုယ်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်ဘူး။ မိဝေးဖဝေး အဝေးမှာ၊ မြို့ပြမှာ ရှင်သန်ကြတဲ့ ကိုယ်တို့တွေရဲ့ လက်သုံးစကားက တစ်ခွန်းတည်း။ 'အဆင်ပြေပါတယ်'...။ သမီး၊ သား နာမ်စားသာ ကွဲမယ်၊ ဒီ စကားလုံးဟာ ဘုံစကားလုံးပါပဲ။
 ပိန်လာတယ်နော်လို့ ကိုယ်တို့ဇာတိက လူတွေ တစ်နှစ်တစ်ခါတွေ့လို့ ပြောကြရင် ကိုယ်က ပြုံးနေရတယ်။ သူတို့မြင်တာကတော့ ကိုယ်နေဟန် ပါးလျလာတာ။ ကိုယ့်ဘာသာပဲ ပြန်မြင်ရတာတော့ စိတ်တွေ၊ မာနတွေ ပါးလျလာတာ။
   

လေပြေအေး တစ်ချက်သုတ်လာတော့ ပြတင်းပေါက်က သံဇကာမှာ ချည်ထားတဲ့ ခြင်ထောင်ကြိုး ပလတ်စတစ်ကြိုးစလေးက လှုပ်နေတယ်။ စိတ်များနေချိန်ဆို အသံတွေကို အာရုံစိုက်သင့်တယ်ဆိုပဲ။ နားထောင်စမ်း..။ လေတိုးသံ၊ ငှက်သံ၊ စကားသံ၊ ရယ်သံ၊ ကားသံ၊ သီချင်းသံ၊ ခြေသံ၊ တံခါးဖွင့်သံ။
   
''သီခိုင်''
   
ကိုယ် ကုတင်ပေါ်က ငေါက်ကနဲ ထထိုင်မိတယ်။ သူ ပြန်ရောက်လာပြီ။
   

သူက လက်ကိုင်အိတ်ကို ကုတင်ပေါ် ချတယ်။ ထမင်းနဲ့ဟင်းထုပ်ကို သံမှာချိတ်တယ်။ နောက်ကျသွားတယ်ဟာတဲ့..။ သူ့အသံဟာ အဝေးက လွင့်လာသလိုပဲ။ ကိုယ် ဘာပြန်ပြောရမယ်မှန်းမသိဘူး။ ဘာမေးလိုက်ရမယ်မှန်းမသိဘူး။ ထွက်စာတင်ခဲ့ပြီလား..။ ဟင့်အင်း...။ ဒီမေးခွန်းဟာ ကိုယ့်နှုတ်ဖျားပေါ်ကို ရောက်မလာဘဲ စိတ်ထဲမှာတင် နာနာကျည်းကျည်း အငွေ့ပျံသွားတယ်။
   
''သီခိုင် ငါလေ..''
   
သူက စကားဆုံးအောင် မဆိုဘဲ ပင့်သက်ရှိုက်တယ်။ ကိုယ့်မျက်နှာကို  တစ်ချက်ငေးတယ်။ ပြီးတော့ ပြုံးတယ်။ နှုတ်ခမ်းလှုပ်သွားလို့သာ အပြုံးလို့ နာမည်တပ်ရတဲ့ အပြုံး။ သူ့မျက်လုံးတွေက ငေးရီလို့ပါလား။ အို...မပြောပါနဲ့တော့။ ကိုယ် မပြောစေချင်ပေမယ့် သူက စကားဆက်ဖို့ ဟန်ပြင်လိုက်တယ်။
   

''ငါလေ ထွက်စာ မတင်ခဲ့ဘူးသိလား''
   
စိတ်ထဲ လှပ်ကနဲ ဟာဆင်းသွားတယ်။ သူ့မျက်နှာကို ကိုယ်ကြောင်ငေးနေမိတယ်။ သူကလည်း ကိုယ့်ကို တစ်ပြန်တစ်လှည့်ငေးလို့။
   
သူ ကိုယ့်ကို တကယ်မြင်သလား၊ မမြင်ဘူးလားဆိုတာတော့ ကိုယ်လည်း တပ်အပ်သေချာ မပြောနိုင်ဘူးလေ။
   

စံပယ်ဖြူနု
Treasure Land မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၃
   
   
   
     

နောက်ကွယ်ရင်ရိပ်

ထွက်ပြေးချင်လိုက်တာ..။ ဘယ်ကို ထွက်ပြေးရမလဲကွယ်။ ကမ္ဘာကြီးကပဲ ကျဉ်းလေသလား။ နုမေရဲ့ လောကကပဲအကန့်အသတ်များလေသလား။ လောလောဆယ်တော့ စိတ်ထဲရှိသမျှ လွတ်လွတ်လပ်လပ် ပြောပြနိုင်တာဟာ  ထွက်ပြေးချင်တယ်ဆိုတဲ့ စကားလုံးတစ်ခုပါပဲ။

ဒါပေမယ့် ဒီစကားကိုတောင် နုမေ ဘယ်သူ့ကိုမှ ပြောရဲတာမဟုတ်ဘူး။ ကြားသာရုံ တစ်ယောက်တည်း ပြောကြည့်ရင်တောင် ကိုယ့်ဘာသာ ပြန်ထိတ်လန့်လို့။ ပတ်ဝန်းကျင်က ကြားရင်တော့အံ့အားသင့်ကြမယ်။ နုမေဟာ နှလုံးသားတောင် မရှိသူလို့လည်း ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမယ့် ထွက်ပြေးချင်တာတော့ ဘယ်လိုလုပ်ရမလဲ။
   
အိမ်ထဲမှာ ရှိနေရင်ပဲ ဖြစ်ဖြစ် အပြင်မှာရှိနေတာပဲ ဖြစ်ဖြစ် နုမေဟာ လေထဲမှာ လွင့်မျောနေတဲ့ ၀ါဂွမ်းတစ်စလိုပဲ။ စိတ်နဲ့ကိုယ်နဲ့ဟာ ကပ်မှ ကပ်ရဲ့လားမသိ။ အသိမိတ်ဆွေတွေ့ရင်တော့ ပြုံးပြတတ်ပါတယ်။ ဒါကတော့ ဦးနှောက်က နှုတ်ခမ်းကို အမိန့်ပေးတာသက်သက်ပဲ။ စိတ်ထဲမှာတော့ ပြုံးဖို့ကိုတောင် စိတ်မသက်မသာရှိလှပါရဲ့။
   

အကြောင်းသိသူတချို့တလေတော့ နုမေကို တွေ့ရင်ဘယ်လိုများ တွေးကြလေမလဲ။ သိပ်သနားစရာကောင်းတဲ့ မိန်းမလား၊ ဒါမှမဟုတ် သိပ်ညံ့တဲ့ မိန်းမလား။ ဘယ်လိုပဲ သတ်မှတ်ကြစေဦးတော့ အချိန်တန်တော့လည်း နုမေတစ်ယောက်သာ အရှိတရားကို ရင်ဆိုင်ရတာပဲ။ ပတ်ဝန်းကျင်ဆိုတာ မှတ်ချက်တွေ၊ ဝေဖန်စကားတွေ ပြောတာလောက်ပဲ တာဝန်ရှိကြတယ်။ သူတို့သနားတယ်ဆိုတာဟာ တကယ်တော့ နုမေကို စိတ်သက်သာရာရစေမယ့်အစား ပိုပြီးတော့တောင် ၀န်လေးပင်ပန်းစေတယ်။
   

''ကလေး မျက်နှာကို ကြည့်ဦး''လို့ မေမေ တီးတိုးဆုံးမတုန်းကတော့ နုမေက ပြုံးနေခဲ့တယ်။
   
လောကကို ဘာမှမသိတတ်သေးတဲ့ သမီးလေးရဲ့ မျက်နှာကို နုမေ မကြည့်ရဲတာ၊ မကြည့်ရက်တာ မေမေ မသိဘူးနော်။ သမီးလေး ပြုံးလိုက်ရင် ရင်နာလိုက်တာ။ လောကကို ခုမှ စူးစမ်းတုန်း။ မျက်လုံးလေးတွေက ကြည်လဲ့လို့။ အပြစ်ကင်းလှတဲ့ မျက်နှာလေးကို နုမေမှာ ရင်မဆိုင်ရဲသလိုဖြစ်ရတယ်။ တကယ်တော့ နုမေမှာ ဘာအပြစ်မှမရှိပါပဲ။ အပြစ်ရှိတယ်ဆိုရင်တောင် သမီးလေးကို လောကထဲ ခေါ်မိတဲ့ အပြစ်တစ်ခုပဲ ရှိပါတယ်။
   

သမီးလေးကို နမ်းရှိုက်မိရင်တော့ နုမေအဖို့ လောကကို ခဏမေ့လျော့သလိုပဲ။ သမီးပါးပြင်က နူးညံ့တဲ့အထိအတွေ့လေး၊ သမီးရယ်သံလေးဟာ ရင်ကို တစ်ခဏတော့ ကြည်နူးနှစ်သိမ့်စေတယ်။ နုမေရဲ့ တစ်ခုတည်းသော ထွက်ပေါက်ကလေး။
   

ဘယ်လိုပဲ စွန့်ခွာထွက်ပြေးချင်တယ်ဆိုဦးတော့ နှလုံးသည်းပွတ်တစ်ခုလို၊ ကြိုးတစ်ချောင်းလို  နှောင်ငင်ထားတဲ့ ဒီမျက်နှာလေးက နုမေကို တုံ့ဆိုင်းစေတယ်။ ခြေလှမ်းတွေကို တွန့်ဆုတ်စေတယ်။ မာနကို မေ့လျော့စေတယ်။  နောက်ဆုံးတော့ စိတ်နှလုံးနာကျင်လွန်းတဲ့အခါ တစ်ယောက်တည်း ငိုချဖို့ ကြိုးစားဖူးသေးတယ်။ ဒါပေမယ့် မျက်ရည်တစ်ပေါက်မှ မကျတတ်တော့တာ အံ့သြစရာ။ နုမေ မငိုတတ်တော့ဘူးလား။
   
ဒါပေမယ့် မဟုတ်သေးဘူး။ နုမေလည်းလူပဲ၊ စိတ်နှလုံးနူးညံ့တဲ့ မိန်းမသားပဲ။ ငိုတတ်သေးတာပေါ့။ ငိုခဲ့ဖူးတာပေါ့။

လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကတော့ သံသယ မီးပွားတစ်ခု လွင့်စင်ကျလာတဲ့အခါ နုမေ ငိုခဲ့ရတယ်။

---------
အဲဒီနေ့က နုမေရဲ့ မွေးနေ့။ အရင်က မွေးနေ့ရယ် ဘာရယ် သိသိမှတ်မှတ်မရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ အသက် ၃၀ ပြည့်တာမို့ ဘာရယ်မဟုတ်ဘဲ မှတ်တိုင်တစ်ခုလို သဘောထားချင်တယ်။ အထိမ်းအမှတ်တစ်ခုခုပေါ့လေ။ ဘယ်သူနဲ့ ဘယ်ဝါနဲ့ရယ်မဟုတ်ဘဲ သမီးရယ်၊ မောင်ရယ်ပါတဲ့ ညစာစားပွဲလေးဖြစ်ဖြစ် လုပ်ချင်ခဲ့တာပါ။
ဒါပေမယ့် မောင့်ကိုတော့ ကြိုမပြောခဲ့ဘူး။
   

အဲဒီနေ့က အိမ်မှာ မောင်ကြိုက်တတ်တဲ့ ဟင်းလျာတွေကို နုမေကိုယ်တိုင် စီစဉ်တယ်။ ညစာကို ဖွယ်ဖွယ်ရာရာလို့ ဆိုရအောင် အသေးစိတ်စီစဉ်ထားတယ်။ တစ်အိမ်လုံးလည်း အလှဆင်၊ သန့်ရှင်းရေးတွေလုပ်လို့။
နှင်းဆီပန်းအနီလေးတွေတောင် အခန်းထောင့်က စားပွဲပေါ်မှာ ပန်းအိုးရှည်နဲ့ အလှဆင်လိုက်သေးတယ်။ ညနေရဲ့ နှုတ်ဆက်နေခြည်က အဲဒီပန်းအိုးကလေးပေါ် ဖြာကျနေတာကို ကဗျာဆန်တယ်ထင်လို့။ ဧည့်ခန်းထဲ နုမေ ပြင်ဆင်ထားသမျှကို သမီးလေးက လက်တပြင်ပြင်နဲ့မို့ တဟဲ့ဟဲ့လုပ်ခဲ့ရသေးတာကိုလည်း ခုထိမှတ်မိနေတယ်။
   

နာရီကို အဲဒီနေ့ကလောက် ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးဘူးထင်ပါရဲ့။ ညနေ ၅ နာရီခွဲပြီဆိုကတည်းက နာရီကို သတိရတိုင်း ကြည့်နေခဲ့တာ။ တစ်မိနစ်ကို တစ်ကြိမ်တောင် ကြည့်ခဲ့မိသလားမဆိုနိုင်ဘူး။
   
အဲဒီနာရီလေးရဲ့ လက်တံ တရွေ့ရွေ့သွားနေတာနဲ့အမျှ နုမေ ရင်ခုန်နေတယ်။ မောင်က နုမေ မွေးနေ့ကို မေ့နေမှာပဲ။ ယောက်ျားတွေဟာ ဘယ်တော့မှ အမှတ်မထားတတ်ကြဘူးလားမသိ။ အမေနဲ့အဖေမှာလည်း အမေကသာ နုမေမွေးနေ့ကို မှတ်မိတတ်တယ်။ မောင်လေးဆိုလည်း ဝေလာဝေး။ ဇူလိုင်လလို့မှတ်မိတာတောင် ကျေးဇူးတင်ရတယ်။ အဲ...နုမေရဲ့မောင်ကတော့ ဇူလိုင်ဆိုတာတောင် မှတ်မိမယ်မထင်ဘူး။
   

မင်္ဂလာသက်တမ်း လေးနှစ်ပြည့်တဲ့နေ့တုန်းကလည်း ဒီလိုပဲ ညစာစားပွဲလေး နုမေ လုပ်ခဲ့သေးတယ်။ မောင်က ပြန်လာတော့ အံ့သြနေလိုက်တာ။ ဧည့်ခန်းတစ်ခုလုံး လင်းကျင်းလှပလို့။ စားသောက်ဖွယ်ရာတွေကလည်း ထမင်းစားခန်းမှာ စုံစုံလင်လင်။ မောင်က ပြုံးပြုံးရွှင်ရွှင်နဲ့။ ပြီးတော့ ဇဝေဇ၀ါအမူအရာနဲ့။ ဒီနေ့ဘာနေ့လဲလို့ နုမေ မေးတော့ ရယ်တယ်။

''သောကြာနေ့ဆိုတာကလွဲပြီး မောင် ဘာမှမမှတ်မိဘူးကွာ။ စိတ်လည်းမဆိုးနဲ့ဦး''လို့ဖြေတော့ နုမေမှာ ၀မ်းနည်းစိတ်ကတစ်ဖက်၊ ဒေါသစိတ်က တစ်ဖက်။
   
ဒါပေမယ့်လည်း ဒါက သူတို့သဘာဝပဲလေလို့ ဖော့တွေးလိုက်တော့ စိတ်ချမ်းသာသားပဲ။ မောင်က နုမေ မျက်နှာ ကြည်လင်လာအောင် သမီးလေးနဲ့ လှည့်ပတ်ချော့မော့ခဲ့တာလည်း ပါတာပေါ့။ ထားပါတော့။ အဲဒီနေ့ကိုတော့ နုမေ မေ့ထားခဲ့ပါပြီ။
   

ခုကတော့ မွေးနေ့မဟုတ်လား။ မောင်မှတ်မိလိမ့်မယ်လို့ နုမေ မမျှော်လင့်ခဲ့ပါဘူး။ တစ်ခုခုလုပ်ချင်ရင် ကြိုတင်အသိမပေးဘဲ လုပ်တတ်တဲ့ ဓလေ့အတိုင်းသာ လုပ်လိုက်ရတာ။ ပြီးတော့ မောင်က မမှတ်မိသည်ပဲဖြစ်စေ ညနေ ပြန်နေကျအချိန်ရောက်လာမှာပေါ့။ ဒီတော့လည်း မြင်တာနဲ့ အထိမ်းအမှတ်နေ့တစ်ခုဆိုတာ မှန်းဆမိလိမ့်မယ်။ တွေးတတ်ရင်တော့ နုမေ မွေးနေ့ဆိုတာ တန်းသိလိမ့်မယ်။ ရယ်သံတွေနဲ့ အသက်ဝင်နေမယ့် ဧည့်ခန်းလေး၊ ထမင်းစားခန်းလေးကို မြင်ယောင်ရင်း နုမေက တေးသီချင်း တညည်းညည်းနဲ့။

ပြန်မတွေးချင်ရင်အောင် တစ်ခါတလေ အတွေးရောက်မိတိုင်း အဲဒီ ညနေခင်းက မြင်ကွင်းတွေကို နုမေ ပြန်မြင်ယောင်နေတုန်းပဲ။
   
ဧည့်ခန်းမှာ သမီးလေးကို အဖော်ပြုရင် နာရီကို မကြာခဏ မော့ကြည့်နေခဲ့တာ၊ တိုက်ခန်း လှေကားထစ်တွေပေါ် နင်းတက်လာတဲ့ ခြေသံတိုင်းကို နားစွင့်နေတာ၊ တံခါးခေါက်သံကို စောင့်နေခဲ့တာ။ တစ်ခုချင်းကို အသေးစိတ်မှတ်မိနေတယ်။ မောင် ပြန်ရောက်လာတဲ့အချိန်မှာ စားသောက်ဖွယ်ရာတွေ အကုန်အေးစက်လို့နေတာကိုလည်း မမေ့ဘူး။   

အဲဒီညက တွေ့ရတဲ့ မောင့်အပြုံးဟာ အပြစ်ရှိသူတွေ ပြုံးတတ်တဲ့အပြုံးများလား။ မောင်က လိမ်ညာတဲ့ အဖြေတစ်ခုပေးလိမ့်မယ်လို့ နုမေထင်ခဲ့ပေမယ့် မောင်မလိမ်ခဲ့ဘူး။ ညစာ စားဖို့ ဖိတ်ခေါ်လို့ နောက်ကျရတယ် ဆိုပါလားကွယ်။ အဲဒီစကားကို ပြောပြနေတုန်း မောင့် မျက်နှာကို နုမေ ငေးနေမိတာ အသက်တောင်ရှူမိရဲ့လားမသိ။ 
   
လူတွေဟာ ကြည်နူးစရာနဲ့ဒဏ်ရာ ဘာကို ပိုပြီး မှတ်မိတတ်ကြပါသလဲ။ နုမေကတော့ ဒဏ်ရာကို ပိုလို့အမှတ်ရတတ်တယ်။ စိတ်နှလုံးထဲမှာ အမြစ်တွယ်တဲ့အထိ ဒဏ်ရာကို သိမ်းထားတတ်တယ်။
   

အဲဒီနေ့ကလည်း ဒဏ်ရာကို နုမေ သိမ်းထားလိုက်တယ်။ မောင့်ကွယ်ရာမှာ တိတ်တဆိတ်ကျမိတဲ့ မျက်ရည်တွေကိုလည်း သိမ်းထားလိုက်ရတယ်။ တကယ်တော့ နုမေရဲ့ ကြည်နူးရှင်သန်ရတဲ့ ဘ၀ တစစ ညိုးလျော်တော့မယ်ဆိုတာ ခုမှ ရိပ်မိရတာလည်း မဟုတ်ဘူး။

-------
   
မကြာသေးဘူး၊ မကြာသေးဘူးလေ။
   
ဒီနှစ်နွေဦးရဲ့ တစ်ခုသောညတုန်းကလည်း မောင် နုမေကို ကြိုမပြောဘဲ အိမ်အပြန်နောက်ကျခဲ့တယ်။ ပုံမှန်တော့နောက်ကျမယ်ဆို ကြိုပြောနေကျမဟုတ်လား။ ညနေ ပြန်နေကျအချိန် ပြန်ရောက်မလာတော့ နုမေ ဘယ်လောက်မျှော်ခဲ့ရသလဲ။ သမီးကိုသာ ထမင်းခွံ့ပြီး ကိုယ်ကတော့ ထမင်းမစားဘဲ စောင့်နေခဲ့တာ။
   

တဖြည်းဖြည်း အမှောင်ဦးက ရောက်လာပါရော။ ပတ်ဝန်းကျင်မှာ လမ်းမီးတွေလည်း လင်းကျင်းပြီ။ ညချမ်းကလည်း အသက်ဝင်စပြုလာပြီ။ ဒါပေမယ့် မောင်က ပြန်မရောက်သေးဘူးလေ။
   
ရောက်မယ့်ရောက်တော့လည်း ည ၉ နာရီကျော်ခဲ့ပြီ။ သမီးတောင် အိပ်နေပြီ။
   
အဲဒီညက မောင့်ကို တံခါးဝမှာ တွေ့လိုက်ရတုန်းက စိတ်ထင့်သွားခဲ့ရတာကို အခုထိ မှတ်မိနေတုန်းပါပဲ။ ဘယ်လို ခံစားမှုမျိုးရယ်တော့ မပြောတတ်ဘူး။
   

မောင့်ပုံစံဟာ ဟိုတစ်ကြိမ် ဖျားပြီး ပြန်ပျောက်စတုန်းကလိုပဲ။ အားမရှိတော့သလိုပဲ။ တစ်ခုခုကို မှီပြီး ယိုင်ချလိုက်တော့မလိုပဲ။ နုမေကို ကြည့်နေတဲ့အကြည့်ကတစ်မျိုးပဲ။ အကဲခတ်ဖို့ ပြင်တုန်းမှာပဲ မောင့်မျက်နှာမှာ အပြုံးက ဖျတ်ခနဲထင်လာတယ်။ စောစောက အမူအရာပျောက်ပြီး အိမ်ကို ပေါ့ပေါ့ပါးပါး ပြန်ရောက်လာတဲ့ အိမ်ထောင်ဦးစီးဟန်သာ ရှိတော့တယ်။
   
ထမင်းပွဲပြင်လိုက်မယ်ဆိုတော့ မောင်က မစားတော့ဘူးတဲ့။ ဒါနဲ့ နုမေ တစ်ယောက်တည်း ညစာ စားရတော့တာပဲ။ ထမင်းအတူစားဖို့စောင့်နေရာက ထမင်းစား နောက်ကျရတဲ့ နုမေကို မောင်က အားနာစကား တစ်ခွန်း ဆိုဖော်မရဘူး။ တကယ်တော့ မောင် ဘာကိုမှ စိတ်မ၀င်စားနိုင်သလို ဖြစ်နေတာပဲဆိုတာ အဲဒီတုန်းကတော့ နုမေ မသိခဲ့ဘူးပေါ့လေ။
   

''ဒီနေ့ ကြိုမပြောဘဲ ထူးထူးခြားခြား အိမ်အပြန် နောက်ကျပါလားမောင်ရယ်၊ ဘယ်ကို သွားနေလို့တုံး'' လို့ နုမေက မေးရိုးမေးစဉ် မေးမိတယ်။
   
''လေဆိပ်သွားလို့ပါ နုမေရယ်၊ မောင် လှမ်းပြောမလို့ဟာ မပြောမိဘူး''   

မောင့်အဖြေစကားကို ကြားတဲ့အချိန်အထိလည်း နုမေက ခပ်အေးအေးပဲ။ ကော်ဖီနှစ်ခွက်ကို ဖျော်စပ်ရင်းက မောင့်ကို တစ်ချက်ပဲ လှမ်းကြည့်မိတယ်။ မောင်က ဧည့်ခန်းထဲက ဆိုဖာပေါ် မလှုပ်မယှက်ထိုင်လို့။ ဒီတော့မှ နုမေ မျက်မှောင်ကျုံ့မိတယ်။ ရှေ့က တီဗွီကို ငေးနေတဲ့ မောင့်မျက်လုံးတွေဟာ တကယ့်တကယ်တော့ ဘာကိုမှ မမြင်တော့တဲ့ မျက်လုံးတွေလိုပဲ။ သက်ပြင်းတစ်ချက်၊ နှစ်ချက် ရှိုက်လိုက်သလိုပဲ။
   
မောင် ဘာဖြစ်နေသလဲ။
   

မောင်မပြောတာကို မစပ်စုဘဲ နေနေကျ နုမေက မေးခွန်းကို ရင်ထဲ မြိုသိပ်ရင်း ကော်ဖီခွက်သာ ကမ်းပေးမိတယ်။ ကော်ဖီခွက်ကို လှမ်းယူတဲ့ မောင့်လက်နဲ့ နုမေ လက်က ထိခတ်တယ်။ ဘုရား...လက်တွေက အေးစက်လို့ပါလားကွယ်။
   
''နုမေ''
   
ကော်ဖီခွက်ကို စားပွဲပေါ်တင်ရင်း မောင်က တီးတိုးခေါ်တယ်။ မောင့်အသံဟာ အဝေးက ပျံ့လွင့်လာသလား။ ဘာကြောင့်မှန်းမသိဘဲ နုမေ ရင်တဒိတ်ဒိတ်ခုန်လာခဲ့တယ်။
   
''သူနဲ့ သူ့အမေ ရန်ကုန်ကို အပြီးပြောင်းလာတယ် သိလား နုမေ။ ကိုယ် ဒီညနေ သူ့ကို သွားကြိုခဲ့တာ''

အဲဒီတစ်ခဏမှာ နုမေ လက်ထဲက ခွက်ကလေး လွတ်ကျတော့မလို့ပဲ၊ လူကလည်း ယိုင်နဲ့တော့မလို့ပဲ။ နုမေအဖြစ်က ဘယ်လိုဥပမာပေးရမလဲဆိုတော့ မထင်မှတ်ထားတဲ့ခဏမှာ လက်သီးပုန်းအထိုးခံလိုက်ရသလိုပဲ။
   
နုမေဟာ အသက်မဲ့နေသလို မျက်လုံးတွေနဲ့မောင့်ကို ငေးနေခဲ့တာ အတော်ကြာတယ်။ မောင်ကတော့ နုမေ မျက်လုံးတွေကို ရင်ဆိုင်မကြည့်ဘူး။ ကော်ဖီခွက်ကိုသာ ငေးနေခဲ့တယ်။

-------
   
ခြောက်အိပ်မက်ဆန်ဆန်ကာလတွေကို ဘယ်လိုများ ဖြတ်သန်းခဲ့ပါလိမ့်။ ခုနေ ပြန်တွေးတော့လည်း စိတ်နှလုံးပျော့ညံ့တဲ့ သာမန် မိန်းမတစ်ယောက်သာဖြစ်တဲ့ နုမေဟာ တိုက်ဆိုင်လာပြန်တော့ စိတ်နှလုံးက ခက်မာသားပါပဲ။ ရက်တွေကို နေ့ရက်တွေကို သွေးအေးအေး ကုန်ဆုံးနိုင်ခဲ့တယ်။ သံသယကို ပိုက်ထားရတာတောင် ခပ်ပြုံးပြုံးပဲ။ မောင်ကတော့ ပြုံးနေတယ်ပဲ ထင်လိမ့်မယ်။
   

အချစ်ဦးကို မမေ့နိုင်တဲ့မောင့်အပေါ် သနားချစ်နဲ့ချစ်မိတာဟာ ခုတော့လည်း ကျိန်စာဖြစ်ခဲ့ပြီ။ မောင့်ကို နုမေက စချစ်ခဲ့သလား။ အင်းလေ..နုမေက စချစ်ခဲ့တယ်ပဲဆိုပါစို့။ မောင်က လက်ကမ်းလာတော့ လက်ပြန်လှမ်းဖို့ တစ်ချက်တောင် ၀န်မလေးခဲ့ဘူး။ အချစ်ဟောင်းကို အကြောင်းတိုက်ဆိုင်တိုင်း မောင် တိတ်တခိုး တသတတ်တယ်ဆိုတာ ချစ်သူသက်တမ်း နည်းနည်းရလာတော့ အလိုလို သိလာပါရဲ့။ ဒါပေမယ့် နုမေ နားလည်ပေးခဲ့ပါတယ်။ မောင်က စိတ်ကူးယဉ်တတ်သူ၊ နူးညံ့သူပီပီ အချစ်ကို တန်ဖိုးထားခဲ့သူမဟုတ်လား။
မောင်တို့ဟာ အချစ်ဆုံးသူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀ ကူးပြောင်းခဲ့သူတွေဆိုတော့ သံယောဇဉ်က ကြိုးနဲ့ချည်နှောင်ထားသလို ခိုင်မာခဲ့လိမ့်မယ်။ မောင့်မိခင်က သဘောမမျှလို့သာ ခွဲခွာကြရတယ်ဆိုတာဟာလည်း ဇာတ်လမ်းပုံပြင်တွေလို သနားစရာအတိမဟုတ်လား။ အကြောင်းတိုက်ဆိုင်ရင် သတိမရဘဲ ဘယ်လိုနေပါ့မလဲ။ တကယ်တော့ ကိုယ့်အနားရှိနေရင်၊ ကိုယ့်လက်ကို မြဲမြဲကိုင်ထားရင် တော်ပါပြီလို့ နုမေက ပိုချစ်တတ်သူပီပီ တွေးခဲ့တယ်။  
   

ဒီလိုနဲ့ပဲ နုမေဟာ သိပ်နားလည်ပေးတတ်တဲ့ ချစ်သူဘ၀ကနေ သိပ်နားလည်ပေးတတ်တဲ့ ဇနီးသည်ဘ၀ကို ရောက်လာခဲ့ပါတယ်။
   
ခုတော့လည်း နုမေရဲ့ နားလည်နိုင်စွမ်းကို မောင်က ယုံကြည်အားကိုးဟန်တူပါရဲ့။ အချစ်ဟောင်းနဲ့ ပြန်ဆုံတာကိုတောင် နုမေကို ဖွင့်ဟပြောပြတယ်။ သူငယ်ချင်းက တစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်နေရတဲ့အခိုက်မို့ အကူအညီတွေလိုအပ်တဲ့အခါတော့ ကူညီပါရစေတဲ့။ မောင်တို့ ရိုးသားတာကို ယုံပါတဲ့။ နုမေက ခေါင်းသာညိတ်ပြီး ပြုံးပြခဲ့မိတယ်။ နုမေဘက်က လိုက်လျောလွန်းလို့ပဲ မောင်ဟာ ခြေလှမ်းတွေကို တစ်လှမ်းချင်း ရှေ့တိုးလေသလား။
   

''သူက သမီးလေးကို တွေ့ဖူးချင်လို့တဲ့''လို့ ပြောတဲ့  တစ်ရက်မှာ နုမေရဲ့ မြိုသိပ်တတ်မှု၊ နားလည်မှုတွေဟာ အရည်ပျော်ကျသွားခဲ့တယ်။ ရုတ်တရက် အော်ဟစ်ချင်စိတ်တွေဟာ လည်ချောင်းထဲက အလုအယက်တိုးထွက်လာသလိုပဲ။ နှလုံးသားကို အင်မတန်ကြမ်းမာတဲ့ လက်တစ်စုံနဲ့ ဆုပ်ညစ်လိုက်သလို နာကျင်လှတယ်။
   
ဒေါသစိတ်နဲ့ ဆတ်ခနဲလှည့်ကြည့်တော့ မောင်က မျက်နှာပျက်တယ်။
   

''နုမေကိုလည်းပဲ တွေ့ချင်တာပါ။ ဒါပေမယ့် နုမေက တွေ့ချင်မယ်မထင်လို့ မောင် ဘာမှမပြောခဲ့ဘူး။ သမီးကိုတော့ တစ်ရက်ခေါ်လာမယ်ပြောထားတယ်''
   
''နုမေ သူ့ကို တွေ့ချင်တယ်''
   

နုမေ ကိုယ့်အသံတောင် ကိုယ်ပြန် ထိတ်လန့်သွားတယ်။ အေးစက်စက်၊ ကြမ်းရှရှ။ လည်ချောင်းကို အနိုင်နိုင်ဖြတ်လာတဲ့အသံလား။ ဒေါသကို မြိုချလိုက်ရလို့ ခုလုလုဖြစ်သွားတဲ့အသံလား။ ဟင့်အင်း..မသိတော့ဘူး။ နုမေ သိတာက မောင့်မျက်နှာကို စေ့စေ့ကြည့်နေတဲ့အခိုက် စဉ်းစားမိတာ တစ်ခုတည်းပဲ။ ရှာဖွေမိတာ တစ်ခုတည်းပဲ။
   
မောင်မျက်လုံးမှာ နုမေအတွက် အရိပ်ကလေးများ ကျန်သေးသလား၊ မကျန်တော့ဘူးလား။ မောင့်စိတ်မှာ နုမေရှိသေးသလား၊ မရှိတော့ဘူးလား။
   
မောင့်မျက်နှာမှာ ကြံရခက်တဲ့ အရိပ်ကလေးဖြတ်သွားတော့ နုမေ မျက်နှာလွှဲလိုက်တယ်။ ဒီလောက်ဆို ဒီမေးခွန်းအတွက် အဖြေကို နုမေ စောင့်ဖို့ မလိုတော့ဘူး။
   

သမီးကတော့ ဘာမှ မသိတတ်သေးတဲ့ ပီဘိကလေးငယ်ပီပီ နုမေအပေါ် ကုပ်ကပ်တွယ်တက်လာလို့ ထွေးပိုက်ထားလိုက်ရတယ်။ အဲဒီနေ့က နုမေ ပြန်ပြီး သွေးအေးတည်ငြိမ်သွားတော့တာ သမီးလေးကြောင့်များလားလို့ နောက်မှပြန်တွေးရတယ်။ မောင့်ကို အော်ချင်တာတောင် မအော်မိဘူး။ စကားနာထိုး ရန်စချင်တာတောင် မလုပ်မိဘူး။ မြိုချရပါများတော့လည်း ရင်ဘတ်တစ်ခုလုံး အနာတွေနဲ့ တင်းကျပ်ဆို့နင့်လာတယ်။
သမီးလေးကို တင်းတင်းဖက်ရင်း မောင့်ကို ကျောခိုင်းရတယ်။ ဒါကို မောင်က မလျှော့ဘူး။
   

''နုမေ သူနဲ့တွေ့ချင်ရင်လည်း တစ်ရက် အိမ်အလည်ခေါ်တာပေါ့။ သမီးလေးကိုတော့ ဒီတစ်ပတ် ဆန်းဒေး မောင်သွားဖြစ်ရင် ခေါ်သွားလိုက်မယ်နော်'' တဲ့။ နုမေ မောင့်ကို လှည့်ကြည့်တယ်။ ပြီးတော့ ကိုယ့်ဘာသာတောင် မသိလိုက်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မိတယ်။ ရယ်သံကတော့ ခြောက်ကပ်ကပ်နိုင်နေမလားပဲ။   
မောင်က နုမေ မျက်လုံးတွေကို ရင်ဆိုင်မကြည့်ရဲသလို မျက်နှာပျက်ပြန်တယ်။ ရယ်သံတွေကိုရော ထိတ်လန့်နေလေမလား။ နုမေ ရယ်တာကို ရပ်လို့မရဘူး။ ထပ်ထပ်လို့ရယ်မိတယ်။ ဒဏ်ရာတွေတော့ သိမ်းထားမိတော့မယ်ဆိုတာ ရယ်ရင်းနဲ့ကိုယ့်ဘာသာသိနေတယ်။
   

သမီးက မျက်လုံးလေးတွေ ၀ိုင်းပြီး အမေကို ငေးနေတာ မြင်မှ အရယ်ကိုရပ်လိုက်ရတယ်။ 

''သမီးကိုခေါ်သွားစရာမလိုပါဘူး။ မောင့်ကို သူတွေ့နေရတာပဲ။ မောင့်သမီးက မောင်နဲ့ချွတ်စွပ်တူတယ်လို့သာ ပြောပြလိုက်ပါ။ မောင့်မျက်နှာကို သူကြည့်ပါစေပေါ့''
   

မောင့်မျက်နှာ ပျက်ယွင်းနီရဲသွားတော့ နုမေရဲ့ ဒဏ်ရာက တဆစ်ဆစ်နာလာတယ်။ ကျောခိုင်းခဲ့တဲ့နောက် အခန်းထဲ မောင်ဘယ်လို ကျန်ခဲ့သလဲမသိ။ ၀ရန်တာမှာ သမီးကို ပွေ့ဖက်ချော့မြူရင်းက နုမေ ငိုချင်လာတယ်။ ငိုချလိုက်ရမလား။ အံ့သြစရာကောင်းတာက စိတ်ကို လွှတ်ပေးလိုက်ရင်တောင် မျက်ရည်တစ်စ ကျမယ်မထင်ဘူး။ နုမေရဲ့ မျက်ရည်တွေ ဘယ်ရောက်သွားသလဲ။
မျက်ရည်ဆိုတာ ခန်းတတ်တဲ့ အချိန်ရှိသလား။ နုမေ မသိဘူး။ 

-------   
ဖုန်းခွက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားရင်းက နုမေ မျက်ရည်ကျချင်နေတယ်။ ဒါပေမယ့် တစ်ဖက်က သူငယ်ချင်း စိတ်ပူပင်ရမှာစိုးစတ်နဲ့ သွေးပူလှုပ်ရှားတာကို ထိန်းရတယ်။ နုမေရဲ့ အသံကို ပေါ့ပေါ့ပါးပါးပါပဲလို့ သူက ထင်မှာပဲ။

''အေးဟယ် အဲဒီတစ်ယောက် ရန်ကုန်ရောက်နေပြီလေ။ နင်တွေ့တာ သူပေါ့''
   
''ငါတွေ့တာ တစ်ခါတည်းဆိုရင် ဒီလို မပြောပါဘူး နုနုရယ်။ ငါက ဒီလိုမျိုး နောက်ကွယ်မှာ ပြောရတာကို မကြိုက်ဘူးဟယ်။ ဒါပေမယ့် အခုက ပြောဖို့လိုသလားလို့လေ။ သူတို့ကို ကြည့်ရတာ ရင်းနှီးနေသလားလို့။ ငါတွေ့တာလည်း သုံးကြိမ်လောက်ရှိပြီ''
   

သုံးကြိမ်..။ ဖုန်းခွက်ကိုတောင် ယောင်ယမ်းလွှတ်ချလိုက်မိတော့မလိုပဲ။ နှလုံးကလည်း ဒိတ်ကနဲ ဆောင့်ခုန်တယ်။
''အဲဒီတစ်ယောက်က ခပ်ချောချောဆို။ ငါတော့ ဓာတ်ပုံပဲ မြင်ဖူးတာ''
   
ကိုယ်နဲ့မဆိုင်တဲ့ အကြောင်းအရာတစ်ခုပြောသလို နုမေ အသံက ခပ်ပေါ့ပေါ့ပဲလို့ သူငယ်ချင်းက ယုံကြည်နေလောက်ပါရဲ့။
   

''အေး ဟုတ်ပါတယ်။ တော်တော်ချောပါတယ်။ ပထမတစ်ခါတုန်းက ၀ါဆိုလပြည့်နေ့ဟဲ့။ ရွှေတိဂုံဘုရားမှာတွေ့တာ။ နောက်နှစ်ခေါက်စလုံးကတော့ မြေနီကုန်းက စီးတီးမတ်မှာ။ အဲဒီမှာတော့ ငါ့စိတ်ထဲ တစ်မျိုးပဲ။ သီဟက လှည်းကလေး တွန်းလို့။ အမျိုးသမီးက ပစ္စည်းတွေ လှည်းထဲ ရွေးထည့်လို့။ သူတို့ ဈေးဝယ်နေပုံဟာ ငါ ဘယ်လိုပြောရမလဲဟယ်၊ ရင်းနှီးနွေးထွေးနေတယ်''
   

ကျောင်းတုန်းကတည်းက ကဗျာတွေ၊ စာတွေ ရေးဖို့ အင်မတန်စိတ်ထက်သန်တဲ့သူမို့လားမသိ။ မြင်ကွင်းကို ပုံဖော်ပြောပြတာများ ခုတောင် နုမေ ရှေ့ရောက်လာသလိုပဲ။
   
ဝါဆိုလပြည့်နေ့က မောင်က မအားဘူးလို့ပြောခဲ့တာကို သတိရတယ်။ နုမေကလည်း အဲဒီနေ့က ဘုရား သွားချင်တယ်လို့ ပြောခဲ့မိသေးတာပဲ။ ခါတိုင်းတော့ အခါကြီးရက်ကြီးဆို နုမေကိုယ်တိုင် လူများလို့ သွားလေ့မရှိဘဲ ကြားရက်သာ သွားတတ်တာ။ အဲဒီနေ့ကတော့ ဘုရားကို သွားဖို့ တိုက်တွန်းမိတယ်။ မောင်က မအားဘူးဆိုတုန်းကလည်း နုမေက ထူးထူးထွေထွေ မတွေးဘူးလေ။ အရင်ကလည်း ဒီလိုပဲအလုပ်သိပ်များတဲ့အခါဆိုရင် နုမေရယ်၊ သမီးရယ်ဟာအမြဲလို နောက်ဆုတ် ပေးရတတ်တာမဟုတ်လား။ နုမေအတွက်တော့ မဆန်းဘူး။
   

အခုလို မသိလိုက်ရခင်အထိ မဆန်းဘူးဆိုရမလားပဲ။ အဲဒီနေ့က ဖုန်းကို ဘယ်လိုချလိုက်မိသလဲ။ ဘာတွေ ဆက်ပြောမိသလဲ နုမေ မမှတ်မိတော့ဘူး။ လူကလည်း ၀ါဂွမ်းဆိုင်လို လွင့်မျောနေသလို။ နုမေရဲ့ မှီတွယ်ဖမ်းဆုပ်ရာက ဘာပါလိမ့်။
   
နောက်ဆုံးတော့လည်း နုမေဟာ အိပ်နေတဲ့ သမီးလေးရဲ့ဘေးကိုသာ ရောက်ခဲ့ရတယ်။ ပါးပြင်နုနုလေးကို နိုးမှာလည်း စိုးရင်းက ခိုးနမ်းရတယ်။ အဲဒီအခိုက်အတန့်ကလေးကသာ နုမေရဲ့ကယ်တင်ရာဖြစ်မလားပဲ။
   
ဒဏ်ရာကတော့ တစစ်စစ်နာနေတုန်းပဲဆိုတာ မျက်လုံးစုံမှိတ်ထားတဲ့၊ သမီးပါးပြင်လေးပေါ် နှာခေါင်းဖျား ဖိကပ်ထားတဲ့အခိုက်မှာတောင် သိနေပါတယ်။

-------
   
မေမေ့မျက်နှာကို မြင်လိုက်ရတဲ့နေ့ကတော့ နုမေရဲ့ ထိန်းချုပ်မှုမှန်သမျ လေနဲ့အတူ လွင့်ပါသွားသလိုပါပဲ။မေ့မေ့ရင်ခွင်မှာ ကလေးတစ်ယောက်လို ခေါင်းထိုးပြီး ငိုမိတယ်။ နုမေ ဘာလုပ်ရမလဲ မေမေ..။ နုမေ ဘာလုပ်ရမလဲ။
သမီးလုပ်သူက ချစ်ခင်နှစ်သက်လို့ လက်ထပ်ခဲ့တဲ့သူအပေါ် သားတစ်ယောက်လို သဘောထားချစ်ခင်ပေးခဲ့တဲ့ မေမေ့ကို အားနာသနားပါရဲ့။ အပူလည်း မပေးချင်ပါဘူး။ ဒါပေမယ့် မောင်တို့အကြောင်း အစအဆုံး သိလေတဲ့ မောင့်အမေက မရှိတော့ဘူးကိုး။ နုမေ ဘယ်သူ့ကို တိုင်တည်ရမလဲ။ မခံစားနိုင်တော့တဲ့အဆုံးတော့ တိုင်တည်ရာဟာ မေမေပဲ ဖြစ်လာတယ်။ ဖေဖေ့ရှေ့မှာ မပြောမဆိုချင်တာကြောင့် မေမေပဲ နုမေအိမ်ကို ရောက်လာခဲ့ရတယ်။
   

အဲဒီနေ့က ရုံးဖွင့်ရက်မို့ မောင်က အိမ်မှာမရှိဘူး။ မေမေရှေ့မှာ နုမေ ဘာမဆို လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ အနေအထားပေါ့။ ဒါပေမယ့် နုမေရဲ့ရင်ဟာ မွန်းကျပ် နာကျင်လို့။ ရက်များစွာသိမ်းထားရတဲ့ စကားလုံးတွေဟာ ဘယ်လို လွင့်ပျောက်ကုန်ပါသလဲ။ စကားလုံးအစား မျက်ရည်တွေသာ သွင်သွင်စီးကျလာခဲ့တယ်။
နောက်ဆုံးတော့ မေမေ့ကို ပြောပြမိတဲ့စကားလုံးတွေဟာ အစီအစဉ်ကျရဲ့လား၊ ရှေ့နောက်ညီရဲ့လားတောင် မသိနိုင်တော့ဘူး။ နုမေဟာ မျက်ရည်စီးကျနေတဲ့ကြားကပဲ မောင့်အကြောင်း ပြောပြမိတယ်။ နုမေကြားဖူးနားဝ တွေနဲ့ကွဲလွဲနေတဲ့ မောင့်ဇာတ်လမ်းဟာ ဖြေရှင်းရခက်တဲ့ အခင်းအကျင်းဆိုတာ မေမေ နားလည်သလား။ သက်ပြင်းရှိုက်သံတစ်ချက်နဲ့အတူ နုမေရဲ့ ခေါင်းကို ညင်ညင်သာသာလေး သပ်လိုက်တယ်။
   

''သမီး ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ဘူး မေမေရယ်။ သူတို့ အခုအချိန်မှာ ရိုးသားကြတယ်ဆိုတာ သမီး ယုံပါတယ်။ စကားနာသာ ထိုးမိပေမယ့် ခုချိန်အထိ သမီး သူ့ကို ယုံပါတယ်မေမေ။ ဒါပေမယ့် တစ်ချိန်က ပတ်သက်ခဲ့ဖူးတဲ့သူနှစ်ယောက် ခုလို မကြာမကြာ တွေ့ကြဖို့ဖြစ်နေတာကိုတော့ သမီး မခံစားနိုင်ဘူး။ မခံစားနိုင်တော့ဘူး''
   

သူတို့မှာ သမီးလိုက်မမီတဲ့ သံယောဇဉ်တစ်မျိုးရှိနေတယ် မေမေ...။ နုမေ တစ်ချက်ရှိုက်ငင်ရင်း ဆက်ပြောချင်တဲ့စကားတွေကို မြိုသိပ်ရတယ်။ နုမေရဲ့သောကအပူဟာ မေမေ့ကို ကူးစက်ပြီလား။ မေမေ့မျက်နှာ ညှိုးလျတဲ့အခါ နုမေ စိတ်မကောင်းဖြစ်ရပြန်တယ်။ မေမေ့ကို လှမ်းခေါ်မိလေခြင်းကို နောင်တရလာတယ်။
   
''သမီး ဘာလုပ်ချင်သလဲဆိုတာပဲ မေမေ့ကို ပြော''   
မေမေ့မျက်လုံးတွေက နုမေကို ကြင်ကြင်နာနာ ငုံ့မိုးကြည့်လို့။
   

''သမီး ဒီအတိုင်းလည်း ငြိမ်မနေချင်တော့ဘူး''   
''အဲဒီတော့ ကွာရှင်းဖို့အထိ တွေးနေပြီလား။ ဒီလိုလည်း မဖြစ်ဘူး သမီးရဲ့။ တစ်ခုခုကို ဆုံးဖြတ်ချင်ရင် ကလေးမျက်နှာကို ကြည့်ဦး''   
သမီးလေး အိပ်ပျော်နေတဲ့ အိပ်ခန်းဆီ လှမ်းမျှော်ကြည့်တော့ နုမေရဲ့ ရင်ဘတ်ထဲမှာ ဆတ်ကနဲ နာတယ်။ 
   

''အကောင်းဆုံးကတော့ ကိုယ့်ဘက်က လိမ်မာပါစေ၊ ဘယ်တော့မှ မကြမ်းတမ်းမိစေနဲ့၊ တစ်ဖက်ကို တွန်းပို့မယ့်အပြုအမူမျိုး သမီး မလုပ်မိစေနဲ့၊ တစ်ခုခုဆို မေမေ့ကို ပြော၊ မဆုံးဖြတ်ခင်၊ မလုပ်မိခင် မေမေ့ကိုပြော''   
နုမေ ခေါင်းညိတ်လိုက်တယ်။ မျက်ရည်တွေကိုသုတ်ရင်း မေမေ့ရင်ခွင်ထဲ ခိုနေရာက တိုးထွက်လိုက်တယ်။ မေမေ့မျက်နှာကို စူးစိုက်မိတဲ့အခိုက် မေးခွန်းတစ်ခုက နုမေရင်ထဲကနေ ရုန်းထလာတယ်။
   

''ဒီလိုမျိုး ဆုံးဖြတ်ရတဲ့ခက်တဲ့အချိန်မျိုး မိန်းမတိုင်း ကြုံရတာပဲလား မေမေ''
   
မေမေရောလို့ထည့်ပြောလုဆဲဆဲ စကားကို နုမေ ရပ်လိုက်တယ်။ မေမေက ပြုံးတယ်။ မေမေ့မျက်ဝန်းမှာ အသိရခက်တဲ့ အရိပ်ကလေးဖြတ်ပြေးတယ်။ နုမေရဲ့ မေးခွန်းကို မေမေက နှုတ်က မဖြေဘူး။ မေမေ့ရဲ့ အသံတိတ်အဖြေကိုပဲ နုမေ ငေးနေခဲ့ရတယ်။

-------   
ထွက်ပြေးချင်လိုက်တာ..။ ဘယ်ကို ထွက်ပြေးရမလဲကွယ်။ ကမ္ဘာကြီးကပဲ ကျဉ်းလေသလား။ နုမေရဲ့ လောကကပဲ အကန့်အသတ်များလေသလား။
   
တဖြည်းဖြည်း ညဥ့်နက်လာတာနဲ့အမျှ နုမေရဲ့ ရင်ခုန်သံဟာ တဒိတ်ဒိတ်တိုးလို့ ကျယ်လောင်လာတော့တယ်။ စိတ်လှုပ်ရှားမှုကနေ နာကျင်မှုဆီ ကူးပြောင်းစပြုတယ်။ နှလုံးက တဆတ်ဆတ် ခုန်တာနဲ့အမျှ လက်ချောင်းလေးတွေတောင် တုန်ယင်လာသလို။ အသက်ရှူသံကလည်း မမှန်တော့ဘူး။ ဘာဆက်လုပ်ရမလဲ။ နုမေ  ဘာဆက်လုပ်ရပါ့မလဲ။ သမီး ဆက်မခံစားနိုင်တော့ဘူး မေမေ..။ မေမေ့ကို သတိရစိတ်ကလေး လူးလွန့်လာတော့ နုမေ မျက်ရည်ဝဲရတယ်။
   

တစ်နေ့ကတင် မေမေ့ ဖျောင်းဖျစကားတွေကို ခေါင်း ညိတ်လက်ခံခဲ့တဲ့ နုမေဟာ ဒီတစ်ညမှာတော့ ကိုယ့်စိတ်ကိုယ် မနိုင်တော့ဘူး။ ဘယ်လိုပဲ ဖြေတွေးသည်ဖြစ်စေ နောက်ဆုံးမှာတော့ လုပ်ရက်လေခြင်းဆိုတဲ့ ဘူတာမှာပဲ အဆုံးသတ်တော့တယ်။ နာကျင်မှုကိုသာ တလိပ်လိပ် တက်လာစေတော့တယ်။
   
နေ့လယ်ကတည်းက တရှိန်ရှိန်ပူနွေးလာတဲ့ ခန္ဓာကိုယ်ဟာ အခုညမှာလည်း အပူက လျော့မသွားဘူး။ ခေါင်းထဲက အုံခဲနေတာက ခံရခက်လှတယ်။ နုမေ ဖျားနေပြီ။ ဆေးကလေး တစ်လုံး၊ နှစ်လုံးလောက် သောက်ပြီး ဆေးခန်းဆီတော့ ခြေဦးမလှည့်ခဲ့မိဘူး။ ဆေးခန်းသွားမှပဲလို့ နေ့လယ်ဆီက တွေးခဲ့မိတဲ့အတွေးဟာ ညနေခင်းလည်း ရောက်ရော ကြက်ပျောက်ငှက်ပျောက် ပျောက်တော့တာပါပဲ။ မောင်က ပုဂ္ဂလိက ဆေးရုံတစ်ခုဆီ ရောက်နေတယ်ဆိုပါလား။
   
မျက်နှာချင်းဆိုင်ပြောရင်တော့ မောင့်မျက်နှာ ဘယ်သို့ ဘယ်ပုံ ပျက်ယွင်းမှာကို သိနိုင်ပေမယ့် ဖုန်းထဲမှာတော့ မောင့်အသံက ပုံမှန်ပါ။ ကိုယ်တိုင် ဖုန်းဆက်ပြောတာကိုတောင် ကျေးဇူးတင်ရဦးမလို  နုမေ လှောင်ပြောင် ရယ်မောချင်နေခဲ့တယ်။
   

''သူ့အမေ ရုတ်တရက် မူးလဲလို့ ကိုယ် ဆေးရုံလိုက် ပို့ရတယ် နုမေရဲ့။ သူက တကယ်တမ်း စိတ်ပူနေတာနဲ့ ဘာမှလည်း မစီစဉ်တတ်ဘူးလေ။ ကိုယ်မပါလို့ မဖြစ်တော့ ကူညီနေရတယ်။ နုမေ စိတ်မပူနဲ့နော်။ ကိုယ် စီစဉ်စရာတွေ စီစဉ်ပြီးရင် ည ပြန်လာမယ်။ နည်းနည်းတော့ ညဥ့်နက်မယ်ထင်တယ်''   

နုမေ နေမကောင်းဘူးလေလို့ အားကိုးတကြီး ပြောပြချင်တဲ့ စကားလုံးတွေဟာလည်း လေထဲမှာ လွင့်သွားပြီလား။ ဘာစကားမှ အထူးအထွေ မပြောမိဘဲ သူဖုန်းချသွားတဲ့အထိ အလိုက်သင့်နားထောင်နေခဲ့တယ်။ ဒီကတည်းက နှလုံးက တဒိတ်ဒိတ်ခုန်လှုပ်လာတော့တာ။ ဖုန်းခွက်ကို ကိုင်ထားတဲ့ လက်ချောင်းတွေတောင် တဆတ်ဆတ်တုန်ယင်လို့။ ရပ်နေရတာ မမြဲသလို အမြန် ထိုင်ချလိုက်ရတယ်။
   
ပြောရရင်တော့ ဒီညနေခင်းဟာ နုမေရဲ့ ရိုးစင်းလှတဲ့ ညနေခင်းများစွာထဲက တစ်ခုပါပဲ။ သမီးရဲ့ ဝေယျာဝစ္စတွေနဲ့ လုံးထွေးနေရင်းက နေမကောင်းဘူးဆိုတဲ့ အဖြစ်ကိုတောင် မေ့လျော့စပြုတယ်။ ဆေးခန်းသွားချင်စိတ်ကလည်း စောစောက ဖုန်းထဲက စကားသံတွေနဲ့တင် ပျောက်ခဲ့ပြီ။ သမီးရဲ့တီတီတာတာအသံလေးတွေသာ မရှိရင် နုမေ ပုံလဲသွားလေမလား။
   

ညနေခင်းလွန်မြောက်လို့ ရောက်လာတဲ့ညဟာ နုမေ အတွက် ပုံမှန်ညချမ်းထက် ချောက်ချားစရာကောင်းလာပြန်တယ်။ ကိုယ်အပူက ကျမသွားဘူး။ သမီးကို သိပ်ပြီးတာနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ် ခွေခွေလေးလှဲနေမိတယ်။
နည်းနည်းညဥ့်နက်မယ်နော်..။ စကားသံကို ပြန်ပြီး ကြားယောင်တော့ ရယ်ချင်စိတ်က နုမေ ရင်ထဲက ရုန်းကြွလာတယ်။ ညဥ့်နက်မယ်ဆိုတာ ဘယ်နှနာရီကို မောင် ဆိုလိုပါသလဲ။ နံရံပေါ်က နာရီကတော့ ၁၀ နာရီကျော်ခဲ့ပြီလေ။ 
   

ခေါင်းက မူးဝေနေတုန်း။ နုမေ မျက်လုံးအစုံကို မှိတ်ထားတယ်။ နှလုံးက စိတ်လှုပ်ရှားမှုနဲ့ အခုန်မြန်နေတုန်း။ ပေါက်ကွဲချင်စိတ်ကို ထိန်းထားရတယ်။ လူက တုန်ယင်ချင်တုန်း။ ငိုချင်စိတ်ကို မြိုသိပ်ထားရတယ်။
   
မျက်လုံးတွေ မှိတ်ထားပေမယ့် အမျိုးသမီးနဲ့ မောင့်ကို အာရုံမှာ တွဲလျက် မြင်လာတော့ မခက်ဘူးလား။ အားငယ်နေတဲ့သူအနားမှာ မောင်က ချော့မော့နှစ်သိမ့်နေရမှာပေါ့။ သူ့အတွက် မောင်ဟာ အားကိုးဖွယ်ရာ ချစ်သူဟောင်းမိတ်ဆွေ။ မောင့်အတွက်လည်း သူဟာ ပစ်ထားလို့မရတဲ့ သံယောဇဉ်ကြိုးတစ်မျှင်။ နုမေရှိတာကို မောင်တို့နှစ်ယောက် မေ့လျော့ခဲ့ပြီလား။
   

မူးနေတဲ့ကြားက နုမေ ကျုံးထလိုက်တယ်။ အိပ်ခန်းထဲကို လှမ်းဝင်လာတယ်။ ကုတင်အောက်မှာ ထားလေ့ရှိတဲ့ ခရီးဆောင်အိတ်ကို ယူပြီး ကုတင်ပေါ်တင်တယ်။ အိတ်ထဲကို သမီးအ၀တ်လေးတွေ၊ အသုံးအဆောင်လေးတွေ စထည့်တယ်။ နုမေရဲ့အ၀တ်လည်း သုံး၊ လေးစုံယူရမယ်။ ဒီအချိန် တံခါးခေါက်သံကြားရရင်၊ နုမေကိုတွေ့ရင် မေမေ အံ့သြသွားမလား။ မေမေကတော့ အိမ်ပြန်ဖို့ ဖျောင်းဖျမှာပဲ။ ဒါပေမယ့် သမီးမခံစားနိုင်တော့ဘူး မေမေ..။  
   

အိတ်ကို ဇစ်ဆွဲပိတ်လိုက်တော့ သမီးက တစ်ချက် လူးလွန့်တယ်။ လက်ကလေးတွေနဲ့ မျက်နှာကို တစ်ချက် ပွတ်လိုက်တယ်။ မျက်လုံးကို မဖွင့်သေးဘဲ နှုတ်က တစ်ချက် အသံထွက်လာတယ်။ သမီးလေး ယောင်တာလေ။ နုမေရဲ့ နှလုံးဟာ စောစောကထက် ပိုခုန်လာတယ်။ ၀မ်းနည်းစိတ်၊ နာကျင်စိတ်ဟာ နှလုံးသွေးကို ဆောင့်တိုးစေသလိုပဲ။ ငိုချချင်စိတ်နဲ့ သမီးမျက်နှာကို နုမေ ငေးနေတယ်။ အပြစ်ကင်းကင်း အိပ်ပျော်နေတဲ့ သမီးလေး။ အိပ်နေချိန်မှာတောင် ယောင်ရတာ ဖေဖေတဲ့..။ ညဦးအချိန်အထိ အဖေကို မျှော်နေခဲ့တာမို့ အိပ်နေတာတောင်ပဲ စိတ်က စွဲနေဟန်တူရဲ့။
   

သမီးရဲ့ ပါးပြင်လေးကို ဖွဖွ နမ်းရှိုက်ရင်း နုမေ မျက်လုံးအိမ်က မျက်ရည်ပေါက်ကလေး စီးကျစပြုတယ်။ လန့်နိုးမှာစိုးစိတ်နဲ့ သမီးမျက်နှာဆီက အမြန်ခွာရတယ်။
   
မျက်နှာနုနုလေးကို ငေးနေတဲ့အခိုက် နုမေ မေမေ့ကို ပြင်းပြင်းပျပျ သတိရလာတယ်။ မေမေရော သမီးကို ခိုးနမ်းရင်း တိတ်တဆိတ် မျက်ရည်ကျခဲ့ဖူးသလား။ တစ်ကြိမ်တော့ဖြစ်ဖြစ် ဒီမေးခွန်းလေး မေးကြည့်ချင်လိုက်တာ။ ဒီလိုဆိုရင် မေမေက ထုံးစံအတိုင်း ပြုံးနေဦးမယ်။
   

ညက တဖြည်းဖြည်း ခရီးဆက်တုန်း။ နာရီသံ တချက်ချက်ကို နုမေ နားစွင့်နေတယ်။ နာကျင်မှုဟာ နာရီလက်တံပေါ် ဟီးလေးခိုရင်း စီးမိုးငုံ့ကြည့်နေသလိုပဲ။
   
မောင်ပြန်ရောက်လာတော့ နုမေက ထုံးစံအတိုင်း တံခါးဖွင့်ပေးပြီး ကြိုတယ်။ နုမေရဲ့ မျက်နှာကို အမိအရ လိုက်ဖတ်နေတဲ့ မောင့်မျက်လုံးတွေမှာ ဘယ်လိုအရိပ်တွေပါဝင်နေပါသလဲ။ မောင့်အပြုံးမှာရော ဘယ်လိုအရိပ်တွေ စွန်းထင်းနေပါသလဲ။ လောလောဆယ်တော့ အရိပ်တွေကို သရုပ်မခွဲဘဲ နုမေ ပြုံးနေတယ်။
   

''နုမေ နေကောင်းရဲ့လား၊ မျက်နှာ နည်းနည်း နွမ်းနေသလားလို့'' 
''နေကောင်းသားပဲ မောင်''
 နုမေ ပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်ပြန်တယ်။
မောင် အိပ်ခန်းထဲ ၀င်သွားတာကို လှမ်းကြည့်နေမိတယ်။ သမီးလေးကို ချစ်စနိုး နမ်းလိုက်တဲ့ ဖခင်၊ တစ်ချက်လူးလွန့်ရင်းက ဖခင်ရဲ့ရင်ခွင်ကြားမှာငြိမ်သက်သွားပြန်တဲ့သမီးလေး။
   

အဲဒီမြင်ကွင်းကို ငေးနေမိတဲ့အခိုက်အတန့်မှာတော့ ကုတင်အောက်က နဂိုနေရာဆီ ပြန်ရောက်နေတဲ့ ခရီးဆောင်အိတ်လေးကို နုမေ လှမ်းမကြည့်ရဲဘူး။
   

စံပယ်ဖြူနု
(ကလျာမဂ္ဂဇင်း၊ ၂၀၁၃ သြဂုတ်လ)

အလှမ်းဝေးခဲ့သည်

ဆည်းဆာနေခြည်က ၀ရံတာပေါ် ဖြာကျလျက်ရှိလေသည်။ အ၀တ်များ ခြောက်ပြီမို့ အိမ်ခန်းအတွင်း ပြောင်းကာ ချိတ်ရလျှင် ၀ရံတာသည် ကျယ်ကျယ်လွင့်လွင့်ရှိလာပြန်သည်။
ဒေါ်ရွှေကျော့သည် ပက်လက်ကုလားထိုင်ကို ၀ရံတာဘက် ထုတ်လာ၏။ တိုက်ခန်းထဲထက်စာ လျှင်တော့ လေကို လွတ်လွတ်လပ်လပ်ရှူရှိုက်နိုင်သေးသည်မို့ ၀ရံတာကို သူအတော်နှစ်ခြိုက်ပါသည်။ အိမ်၌ သူနှစ်သက်သည့် တစ်ခုတည်းသော နေရာ။

ပက်လက်ကုလားထိုင်လေးပေါ် ထိုင်ရင်း ဘေးက သံပန်းကွက်များကို ဆုပ်ကိုင်ကာ အောက်ဘက် လှမ်း ကြည့်လျှင်တော့ လမ်းသွယ်လေးပေါ် လူတွေ ခပ်လှုပ်လှုပ် သွားလာလှုပ်ရှားနေတာမြင်ရသည်။ ညနေ အလုပ် ဆင်းချိန်၊ အိမ်ပြန်ချိန်။ သည်လူများအကြား သမီးလေးလည်း ပါလာမည်မို့ သူ မျှော်နေပေသည်။
သမီးက တိုက်အောက်ရောက်လျှင် ခေါင်းလောင်း ကြိုးကလေးလှုပ်ကာ အချက်ပြတတ်သည်။ ယခု အချိန် အထိတော့ ၀ရံတာရှိ ခေါင်းလောင်းလေးက ငြိမ်သက်ဆဲ။ အခြားသော အခန်းအရပ်ရပ်က ခေါင်းလောင်း သံတို့ကတော့ ရံဖန်ရံခါ ပျံ့လွင့်လျက်။ သူ ရောက်စကတော့ ခေါင်းလောင်းကလေး တချွင်ချွင်မြည်တိုင်း သမီးက ၀ရံတာဘက် အပြေးထွက်ကြည့်သည်ကို အံ့သြခဲ့သေးသည်။

“အဲဒါ ဒီအခန်းကို ခေါ်တာပေါ့ အမေရဲ့။ ဧည့်သည် လာတာတို့ ဘာတို့ တစ်ခုခုပေါ့”ဟု သမီးလုပ်သူက ရှင်းပြလျှင်တော့ “ဟေ့ မယ်ရွှေကျော့ရေ”ဟု ခြံဝက လှမ်းခေါ် တတ်သည့် မိတ်ဆွေတို့ကို မြင်ယောင်လာသည်။ တစ်ခါတလေများတော့ လှမ်းတောင် ခေါ်မနေပါဘူး။ ခြံဝိုင်း ထဲသာ တန်းဝင်ခဲ့တော့တာပဲ။ ထိုအရပ်တွင် ခြံစည်းရိုးဆိုသည်မှာ လူရိုသေရှင်ရိုသေ ခတ်ထားရုံမျှသာပင်။  ခြံ တံခါးကို သော့ခတ်ရသည်မရှိ။ အိမ်တံခါးမကိုသာ ချက်ချ အိပ်ရသည်။ တချို့များတော့ တံခါးမကြီးပင် ရှိသည် မဟုတ်။

သည်မှာတော့ တိုက်ခန်းလှေကားတောင် သော့ခတ်ထားရတယ်ဆိုလား။ သမီးသည် ပြန်လာလျှင် သော့ များ တချွတ်ချွတ်ဖွင့်ရရှာသည်။ လှေကားသော့ တစ်ခါ ဖွင့်ရသည်။ လှေကားထစ်အထပ်ထပ် တက်လာပြီး အခန်းရှေ့ရောက်လျှင် သော့နှစ်ဆင့် ဖွင့်ရသေးသည်။ သမီးရယ် သော့တစ်လုံးသာ ခတ်ပါဆိုတော့ အမေတစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချဘူးဆိုပါလား။
သမီးသည် နံနက်ခင်းတိုင်း အလုပ်မသွားမီ မိခင်ကို စိတ်ပူစွာ မှာကြားတတ်သည်။ ပြောမြဲစကားကိုပင် နေ့ စဉ်ပြောတတ်ရှာသည်။

“အမေ ဘယ်သူ့ကိုမှ တံခါးသော့ ဖွင့်မပေးရဘူးနော်။ သမီးနဲ့သိတယ် ဘာညာဘယ်လောက်ပြောပြော အမေ မယုံရဘူးနော် သိလား”
“အေးပါကွယ်”
ဒေါ်ရွှေကျော့ကလည်း ဆိုမြဲစကားကိုပင်ဆိုရသည်။

ထို့နောက်တွင်တော့ သူ့နေ့စဉ်ဘ၀သည် ပုံမှန်လို  အစပြုတော့သည်ပင်။ သမီးလေး လမ်းထဲ လျှောက် သွားသည်ကို ၀ရံတာက လှမ်းမျှော်ကြည့်ရသည်။ အိမ်မှာ ငြိမ်ငြိမ်နေပါဟု သမီးက မှာမြဲဖြစ်သော်လည်း အလုပ်မသွားခင် ချက်ပြုတ်ပြီး ချထားတတ်သော ပန်းကန်ခွက်ယောက်အချို့ ကျန်သည်ကို ဆေးကြော ရသည်။ အခန်းတစ်ဝိုက်ကို လှည်းကျင်းရသည်။ ဖုန်သုတ်ရသည်။ အ၀တ်ဟောင်းများရှိလျှင် ရှာဖွေ လျှော်ဖွပ်သည်။ အ၀တ်စိုများ၊ မနေ့က မခြောက်သေး သည့် အ၀တ်စိုဖန့်ဖန့်များကို နေပြရသည်။
တစ်ချက်မျှ ထိုင်နေသည်၊ နားနေသည်မရှိဘဲ တ တောက်တောက် လုပ်နေလိုက်သည်မှာ နေ့လယ်စာစား ချိန်သာတိုင်ပါရော။ ထို့နောက်တော့ နေ့လယ်ခင်း တီဗီက လွှင့်သော တရားနာသည်။ ပြီးလျှင် တရေးတမော အိပ်လိုက်သေးသည်။ ညနေခင်းရောက်လျှင်လည်း ဟင်းအိုးကလေး နွှေးတာမျိုးကအစ အိမ်ထဲ ဟိုဟိုသည်သည် ဘာရယ်လို့ ခေါင်းစဉ်တပ်စရာ မယ်မယ်ရရမရှိဘဲ အ လုပ်မရှိ အလုပ်ရှာနေတတ်သည်မှာ ၀ရံတာ၌ သမီး အပြန် မျှော်ရချိန်အထိတိုင်ပင်။

သမီးကလေးကတော့ သူ တကုပ်ကုပ်လုပ်ထားနှင့် သည်များကို မြင်လျှင် နှုတ်က စူပွပွ ရေရွတ်မြဲ။ သို့သော် လည်း အမေလုပ်သူမှာတော့ ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်နေရတာထက် သည်လိုအလုပ်ကလေးတွေ လုပ်နေရမှ နေသာသည်ကို သိရှာမည်မဟုတ်။ တစ်နေကုန်နေလို့မှ စကားပြောဖော်မရှိသော အခန်းထဲ ဘယ်သို့ နေပျော်အောင် ကြိုးစားရသည်ကို သမီးလေး သိရှာမည်မဟုတ်ပါပေ။

သည်မြို့ပြ၀န်းကျင်၌ တစ်ဦးနှင့် တစ်ဦး အတော်ပင် သူစိမ်းဆန်နိုင်ကြသည်ကို ဒေါ်ရွှေကျော့က ယခုတိုင် အံ့အားသင့်ဆဲ။
မျက်နှာချင်းဆိုင်အခန်းကိုပင် သမီးတို့က ၀င်ထွက်သည်ကို မကြုံဖူးသလို သူတို့တတွေလည်း ခြေဦးလှည့် သည်ကို မမြင်ရ။ ရောက်စကတော့ သီးသန့်နေတတ်ကြသည်ကို အထူးအဆန်းဖြစ်ရသေးသည်။ မရင်းနှီးကြ ဘူးလားသမီးရယ်ဆိုတော့ ၀တ်ကျေတန်းကျေပြုံးပြတာမျိုးတော့ ရှိပါသည်ဆိုလား။

ဒေါ်ရွှေကျော့က ရင်ဘတ်ဖိကာ အံ့အားသင့်လျှင် “မြို့မှာ ဒီလိုပဲလေ အမေရဲ့” ဟု သမီးက ရယ်မော၏။ရန်ကုန်၌ ခုနစ်နှစ်၊ ရှစ်နှစ်မျှ နေထိုင်ကျင်လည်ခဲ့သော သမီးအတွက်တော့ မိခင်၏အံ့သြတကြီးနိုင်မှုများသည် ရယ်မောဖွယ်များသာတည်း။

ခုတော့လည်း သမီး ငယ်စဉ်တုန်းက လက်ညိုးကလေး တညွှန်ညွှန်နှင့် မေးခွန်းများစွာမေးတတ်သလို သူက တစ်ပြန်တစ်လှည့် မေး မြန်းနေရသည်။ မြို့ပြစာသင်ခန်းတွင် သူသည် ယောင်ချာချာ။
သည်မှာ နေထိုင်ခဲ့သော ခြောက်လအတွင်း ဒေါ်ရွှေကျော့ နေပျော်သည့်အချိန်မှာ သမီးလုပ်သူနှင့် စကားစ မြည်ပြောရချိန်များသာတည်း။ သို့သော်လည်း သမီးက သူ့အတွက် အချိန်များများပေးနိုင်တော့သည်မဟုတ်။ အိမ်ပြန်လာလည်းပဲ အလုပ်က ပါလာတတ်သည်ဆို လား။ ကွန်ပျူတာဟု ယခုတော့ နာမည် ခေါ်တတ်ပြီဖြစ်သည့် စက်များရှေ့ တကုပ်ကုပ်အလုပ်ရှုပ်လျှင် သူ့မှာ သနားနေရသည်။ သည်အသက်အရွယ်ရောက်လည်းပဲ စာကျက်ရသေးသည်ကို သနားမဆုံးရှိရသည်။ ဒါနှင့်ပင် ဒေါ်ရွှေကျော့သည် မြို့ပြဘ၀အပေါ် ဘယ်လောက် စိတ်ပင်ပန်းသော်ငြား သမီးကို လေသံမျှ ဟခဲ့သည်မရှိပေ။

ဘယ်လိုပင် သူ အနေရခက်သည်ဖြစ်သော်လည်း ကြိုးစား၍ နေထိုင်ခဲ့သည်ပင်။ အခန်းကျဉ်းသည်ကို တဖြည်းဖြည်းနှင့် သည်းခံနိုင်လာသည်။ လေသန့်သန့် မရှူရှိုက်ရသည်ကို မေ့လျော့နိုင်လာသည်။ ကောင်းကင် ကျယ်ကျယ်ပြောပြောမမြင်ရခြင်း၊ သစ်ပင်များ စိမ်းစိမ်းလန်းလန်း ပေါပေါများများ မတွေ့မြင်ရခြင်းကို မျက်ကွယ်ပြုနိုင်လာသည်။ အစားအသောက်ပုံစံ ကွာဟသည်ကိုမပြောတတ်သလောက်ဖြစ်လာသည်။ သို့သော် သူ ယခုတိုင် နေသားမကျသည်မှာတော့ တံခါးတစ်ချပ် ပိတ်လိုက်သည်နှင့် ပြင်ပလောကနှင့်ကင်းကွာတော့မလို သီးသန့်ဆန်လှသည့် ဘ၀ကိုသာတည်း။

“ငတို့ရွာမှာတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ”ဟု ဒေါ် ရွှေကျော့က တစ်ယောက်ယောက်ကို ပြောနေသလို တီး တိုးရေရွတ်မိသည်။ ဘေးဘီတွင် မိတ်ဆွေပေါင်းဖော်များရှိသလို တစ်ခဏ ထင်ယောင်မှားမိသေးသည်။ သို့သော် အသေအချာ ငဲ့ကြည့်လျှင်တော့ ကိုယ်တစ်ယောက်တည်းပါလားကွယ်။
တစ်ယောက်တည်းဟု အမှန်ကို သိမြင်သော်လည်း တွေးလက်စ အတွေးကိုကား မရပ်နိုင်။ ဒေါ်ရွှေကျော့ သည် သက်ပြင်းတစ်စကို လေးလေးတွဲ့တွဲ့ချမိသည်။ သူ့မျက်ဝန်းတွင်ကား ရွာကလေးကို ပုံဖော်မြင်ယောင် လျက်။

လွန်ခဲ့သော ခြောက်လကျော် ခုနစ်လလောက်ကတော့ ဒေါ်ရွှေကျော့၏ မြန်မာနိုင်ငံမြောက်ပိုင်းက ဇာတိ ရွာကလေးတွင် အများသူငါ စိတ်ဝင်စားကြသော သတင်းတစ်ရပ်ဖြစ်ထွန်းခဲ့လေသည်။ ဒေါ်ရွှေကျော့ ရန် ကုန်ပြောင်းမလို့တဲ့ဟေ့ဟု ရွာကလူများသည် အချင်းချင်း လက်တို့ကြရ၏။ သူတို့အားလုံးသည် ကိုယ့် မိတ်ဆွေရောင်းရင်းမို့ ကြိုတင်လွမ်းဆွတ်ရသည်က တစ်ဖက်ဖြစ်သော်လည်း အားကျတာကတော့ ပိုပေ သည်။ တကယ်တော့ ရန်ကုန်ဆိုသည်မှာ သူတို့အတွက် အိပ်မက်မြို့တစ်ခုပမာ။ ရွှေတိဂုံဘုရားကို ဖူးရလျှင် သေပျော်ပြီဟု သူတို့ပြောတတ်ကြသည်မဟုတ်လား။ တိုက်တာအဆောက်အအုံများ၊ ကားအလှလေးများကို ဗီဒီယိုဇာတ်ကားများ၌ ငေးမောချင်စဖွယ် မြင်ရတတ် သည့်ရန်ကုန်မဟုတ်လား။ ယခုတော့ ထိုရန်ကုန်တွင် ဒေါ်ရွှေကျော့က အခြေချရမည်တဲ့။ ဒါသည် အားကျစရာပေပဲ။

“ဟေ့ မယ်ရွှေကျော့ရေ..သမီးလေးက ဒီလို သိတတ်တာ တကယ်ဝမ်းသာစရာပဲကော...ကိုယ့်အမေကို မြို့ ကြီးပြကြီးမှာ လုပ်ကျွေးပြုစုမယ်ဆိုတာ နည်းနည်းနော သိတတ်တာမှ မဟုတ်ဘဲနော့”ဟု တစ်ဖက်ခြံက ငယ် သူငယ်ချင်း မယ်နှင်းယုံကဆိုလျှင် သူ့မှာ ပြုံးသာနေရသည်။

တကယ့်တကယ်မှာတော့ သူသည် ရွာက ခွာချင်သည်မဟုတ်။ အဝေးက သမီးလုပ်သူကို လွမ်းဆွတ်လှ တာမှန်သော်လည်း သည်လို ဇာတိချက်မြုပ်ရွာကို စွန့်ခွာရမည်ဆိုတော့ အတော်ပင် ၀မ်းနည်းရလေသည်။
ခြံထဲမှ ပန်းပင်၊ သစ်ပင်လေးများကလည်း ခုမှပင် ပို၍ စိမ်းမြလှပလာလေသလားမသိ။ မိတ်ဆွေတို့က လည်း တိုး၍ ခင်တွယ်စရာကောင်းလာသည်။ မိုးရာသီ၌ ဗွက်ထကာ နွေရာသီတွင် ဖုန်ထူမြဲဖြစ်သော ရွာလမ်းမ ပေါ်၌ လျှောက်ရစဉ်မှာပင် သည်လမ်းပေါ် နောင် ဘယ် သောအခါ ပြန်ရောက်မည်မသိဟု ၀မ်းနည်းနေသည်။

သည်လမ်းပေါ်သူတို့ကလေးဘ၀က ပြေးလွှားဆော့ကစားခဲ့ကြသည်။ ကျောင်းတက်ခဲ့ကြသည်။ ကျောင်းကထွက်လို့ လယ်ထဲဆင်းရချိန်မှာလည်း သည် လမ်းကပဲ လယ်ပြင်တောကို သွားခဲ့ကြရသည်။ ဟော... အပျိုအရွယ်ရောက်လို့ ချစ်ခင်ရသူနှင့် တွေ့ကြုံရတော့လည်း သည်လမ်းပေါ်မှာ လသာချိန် စကားပြောဖူးရ ပြန်သည်။ အိမ်ထောင်ကျ၊ သားသမီးများရလာချိန်မှာလည်း ကလေးတို့သည် ကျောင်းတက်ရာ၊ ဆော့ကစားရာတွင် သည်လမ်းမပေါ်ပင် ကျင်လည်ကြပြန်သည်။ သံသရာ တစ်ပတ်လည်ခြင်း။

ခုတော့လည်း ရာသီအလီလီပြောင်းခဲ့ပြီကော။ သားနှင့် သမီးပင် ပညာစုံခဲ့ပြီ။ သားကတော့ သည်ရွာ ကလေးတည်ရှိသည့် ခရိုင်မြို့မှာပင် အိမ်ထောင်ကျကာ အခြေချနေပြီ။ သားသမီးပင် ထွန်းကားနေပြီ။
မိဘများရှိသည့်ရွာသို့ တစ်နှစ်လျှင် မိသားစု အစုံအလင်တစ်ကြိမ်၊ သူတစ်ယောက်တည်း ငါးကြိမ်၊ ခြောက်ကြိမ်တော့ ရောက်တတ်သည်။ တစ်နယ်တည်းမှာပင် ရှိသည်မို့ အဝေးရောက်နေသော သမီးလောက်တော့ မလွမ်းရတာအမှန်ပင်။

သမီးလေးကတော့ ပညာပို၍ ထက်မြက်ပြီး ရည်ရွယ်ချက်ကလည်း အစ်ကိုထက် မြင့်မားသူ။ မန္တလေး တက္ကသိုလ်တွင် ဘွဲ့ရချိန်ကတည်းက ရန်ကုန်မြို့၌  အခြေချတော့သည်။ မြို့ကလေးသို့ ပြန်မလာပြီ။ တစ်နှစ်လျှင် တစ်ကြိမ်သာ အနိုင်နိုင် ပြန်လာနိုင်ရှာသည်။ အပြန်ခက်သော လမ်းကို ရွေးသည့်အတွက်တော့ သမီးလေးကို သူဘယ်တော့မှ အပြစ်မမြင်ခဲ့ပါပေ။ရံဖန်ရံခါတော့ သတိရလွမ်းဆွတ်လှပေသည်။           
သမီးကြိုက်တတ်သော ဟင်းကလေးများ ချက်ရချိန်တိုင်း ကျွေးမွေးချင်စိတ်ပေါ်ရမြဲ။ သမီးဖုန်းဆက်မည်ဆိုသောနေ့များ၌ လည်ပင်းရှည်အောင် မျှော်ရမြဲ။ သမီး ပြန်လာတတ်သည့် သင်္ကြန်ပိတ်ရက်ကတော့ အပျော်ဆုံးကာလများပါပဲ။

သို့သော်လည်း အလုပ်ပိတ်ရက် ကုန်ဆုံး၍ ရွာမှ သမီးပြန်ချိန်တိုင်း ဒေါ်ရွှေကျော့ တိတ်တဆိတ် မျက် ရည်ကျရပါသည်။ သမီးကလေး အိမ်က မထွက်ခင်အထိ သူ ပြုံးနေတတ်သော်လည်း သမီးကို တင်သွား သည့် ဆိုင်ကယ် တဖြည်းဖြည်းဝေးပြီဆိုလျှင်တော့ မျက်ရည်ကျမိတတ်၏။ အဘိုးကြီး မြင်မည်စိုးသည်နှင့် ဟန်ဆောင်ရပြန်သည်။ သို့သော်လည်း နှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး အရိပ်ကြည့်ခဲ့သူမဟုတ်လား။ မျက်နှာကို အကဲခတ်ရုံနှင့်ပင် စိတ်ကို အလွယ်တကူ သိနိုင်သူ။
သူကတော့ ယောက်ျားသားမို့ ခံစားချက်ကို ဖော်ပြတတ်သူမဟုတ်ပေ။ ဒေါ်ရွှေကျော့ကိုပင် တစ်ပြန်တစ် လှည့်နှစ်သိမ့်တတ်သေး၏။

“ကလေးတွေဟာ ငှက်ကလေးတွေလိုပါပဲ ရွှေကျော့ရယ်။ အတောင်စုံရင် အသိုက်ကို ဘယ်ပြန်လာပါ့မလဲ” ဟု အဘိုးကြီးက ပြောတတ်မြဲ။
တကယ်ပင် တစ်နှစ်တစ်ကြိမ်တော့ မှန်မှန်ပြန်လာတတ်သော သမီးသည် ရန်ကုန်၌ပင် အိမ်ထောင်ကျ၍ အခြေကျပြီးချိန်မှာတော့ မိဘများဆီ နှစ်စဉ် ပုံမှန် ပြန်မရောက်နိုင်ပြီ။ ဒေါ်ရွှေကျော့သည် သမီး ပြန်မလာ တတ်သော နွေဦးရာသီများတွင် ဘယ်ကို မျှော်ရမည်မသိ ယောင်တောင်တောင်ဖြစ်ရသေးသည်။
သို့သော် နောက်ဆုံးတော့ သူ မမျှော်တော့ပါပေ။ အဝေးမှာပေမယ့်လည်း သမီးလေးဘ၀ လှပနေဖို့ လို ရင်းမဟုတ်လားကွယ်။ သားမက်လုပ်သူကလည်း ရိုးသားအေးချမ်းသူ၊ ကြိုးစားသူမို့ သမီးကို စိတ်ချရပေပြီ။

“နောက်ဆုံးတော့လည်း မင်းနဲ့ ငါနဲ့ပဲ ကျန်ခဲ့တာပေါ့ ရွှေကျော့ရယ်”ဟု ပြောတတ်သော အဘိုးကြီးသည် လည်း ခုတော့ ဒေါ်ရွှေကျော့ကို ထားရစ်ခဲ့ပေပြီ။
သုံးနှစ်ဆိုသည်မှာ တစ်ယောက်တည်း ကျော်ဖြတ်ရချိန်တွင်တော့ ကာလ ပိုရှည်သား။ သို့သော် အဆွေအမျိုး မဟုတ်လည်း နွေးထွေးဂရုစိုက်ကြသော ချစ်စဖွယ်အလေ့ကြီးစိုးသည့် ရွာကလေးတွင် သူ နေပျော်ခဲ့သားပင်။

အသက်ကလည်း ခြောက်ဆယ်စွန်းပြီမို့ နားအေးပါးအေးသာ နေတတ်လာသည်။ လယ်ယာကိုလည်း တူ၊ တူမတို့လက်အပ်ကာ လှည့်မကြည့်ဘဲနေနိုင်သည်မို့ ပူစရာမလို။ အသက်လည်း ကြီးလှပြီ။ ဘာများ အပိုကုန်စရာရှိလို့လဲ။ သားနှင့် သမီးက ပို့ပေးတတ်သော ငွေကြေးများနှင့်လည်း လှူတန်းနိုင်သေးသည်။ တရားအလုပ် လုပ်နိုင်သေးသည်။ သည့်ထက် စိတ်ချမ်းသာစရာဘ၀ ရှိမည်မထင်။
သို့သော်လည်း သမီးလုပ်သူက အမေကို အဝေးမှာ မထားလိုတော့ဘူးဆိုပါလား။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တစ်ကြိမ် သေကောင်ပေါင်းလဲ ဖျားနာလိုက်ကတည်းက သမီးက သည်စကားကို တဖွဖွ ပြောတတ်လာ သည်။ သားကလည်း ထို့အတူ။
နောက်ဆုံးမှာတော့ သမီးကိုသာ ပို၍ အားကိုးသည်မို့ သမီးဆုံးဖြတ်သမျှ နာခံရတော့သည်။ ဒါနှင့်ပင် ရွာကို စွန့်ခွာဖို့ ဆုံးဖြတ်ရသည်။

တကယ်တော့လည်း ရွာကို စွန့်ခွာဖို့ဆိုသည်မှာ အပြောတော့ အလွယ်သား။ သမီးကို ချစ်ခင်အားကိုး၍ သာ ပြောမထွက်သည်။ သို့သော် ဒေါ်ရွှေကျော့က ရွာက မခွာချင်ပြီ။ ရွာမှာသာ ခေါင်းချလိုသည်။
ရပ်ရွာကတော့ သမီးအစီအစဉ်ကို ထောက်ခံကြသည်လေ။ တစ်ယောက်တည်းမို့ ရပ်ရွာက ကြည့်ရှုနိုင်သော်ငြား သမီးရင်းလောက်တော့ ဘယ်သူက ကောင်းနိုင်မည်လဲ။ ဘေးဘီက နားချသည့် စကားများနှင့် နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချရသည်။ ရွာကို စွန့်ပါမည်။
ငယ်ကတည်းက လူမှန်းသိတတ်စကတည်းက လည်ပင်းဖက်ပေါင်းလာသည်ဖြစ်သော ငယ်သူငယ်ချင်း မိတ်ဆွေရင်းတို့ကတော့ ၀မ်းသာခြင်းတစ်ဖက် ၀မ်းနည်းခြင်းတစ်ဖက်ပါတကား။ သွားရပါတော့မည် ဆိုသည့် နေ့ရက်မတိုင်မီ မယ်နှင်းယုံနှင့် မယ်ငွေစိုးတို့သည် နေ့စဉ်နှင့်အမျှဆိုသလို သူ့အိမ်ဆီ ရောက်လာ တတ်ကြသည်။ သူတို့တွင် ပြောစရာ စကားမကုန်။ ရောက်တတ်ရာရာဟုဆိုနိုင်သော်လည်း စင်စစ်တော့ ကြိုတင်လွမ်းနှင့်သော စကားများပါပေ။

“ငတို့ဆီ စာလေး ဘာလေးတော့ ရေးပါဦးနော့။ ငတို့လည်း ဘုရားဖူးလေး လာချင်သား။ လာရင်တော့ တွေ့ရတာပကွယ်”
မယ်နှင်းယုံက လွမ်းလွမ်းဆွေးဆွေးပြောလျှင်တော့ မျက်ရည်ဝဲချင်သည်။

“စာရေးတော့လည်း အဘွားက စာဖတ်နိုင်မှာမို့လား”ဟု မယ်နှင်းယုံ၏ မြေးကလေးက ၀င်ပြောလျှင်တော့ သူတို့သည် မျက်ရည်ဝဲကာ အလွမ်းဇာတ် ခင်းချင်သည်ကို မေ့လျော့ရယ်မောရသည်။
“မဖတ်နိုင်လည်း မင့်ဖတ်ခိုင်းမှာပေါ့ ဒီကောင်လေးဟာ”

သူငယ်ချင်း ရောင်းရင်းတို့သည် ဒေါ်ရွှေကျော့တစ်ယောက် ပစ္စည်းပစ္စယများ သိမ်းဆည်းစပြုလျှင်ပဲ မျက်နှာမကောင်းနိုင်။ ငယ်ကတည်းက စိတ်အင်မတန်နုသော မယ်ငွေစိုးကတော့ ပို၍ မျက်နှာမကောင်းဖြစ်ရှာသည်။ တစ်ချက်တစ်ချက် မျက်ရည်အ၀ဲသား ဖြစ်ရှာသည်။
ထိုရက်များထဲ သမီးလုပ်သူကတော့ ရောက်မလာသေး။ စောင့်စားရဆဲ။ ပစ္စည်းများကိုတော့ သိမ်းဆည်း ပြီးပြီ။ အိမ်ကိုတော့ ဘယ်သောအခါပြန်ရောက်မည်မသိနိုင်လေရာ တူမလက်သို့သာ အပ်ရသည်။ သားကလည်း ရွာကို ခြေဦးလှည့်နိုင်မည်မဟုတ်။

“အရီးပြန်လာချင်တဲ့အချိန် ပြန်လာနော့။ အရီးမရှိ တုန်းတော့ စိတ်ချ ဒီအိမ်ကို ကျွန်မ ကြည့်ထားမယ်”
“အိုကွယ်...ရန်ကုန်လို မြို့ရောက်မှတော့ မယ်ရွှေကျော့ တောပြန်လာစရာလား”
“အရီးငွေကလည်း ကျွန်မတို့ ရွာလောက် ဘယ်မှာ ပျော်စရာကောင်းပါ့မလဲ”ဟု မြို့ပေါ်ပင် အကြိမ်ရေ အ နည်းငယ်သာ ရောက်ဖူးသော တူမက အံ့အားသင့်စရာ စကားဆိုသည်။ သည်တုန်းကတော့ ဒေါ်ရွှေကျော့က  တူမချောစကားကို ပြုံးသာနေခဲ့သည်။

“ခုတော့လည်း အေးသာစကား သတိရသေးတော့တယ်”
သည်တစ်ကြိမ်တော့ တစ်ယောက်တည်း ဖြစ်မှန်းသိသိနှင့် စကားတီးတိုးဆိုမိသည်။ ဘေးဘီကိုလည်း ဘယ်သူရှိနိုး ယောင်ယမ်းလှည့်မကြည့်တော့ပါ။ တစ်ယောက်တည်းဆိုသည်ကို သတိရပေပြီ။
ဒေါ်ရွှေကျော့၏ မှိုင်းညို့ညို့မျက်ဝန်းများတွင်တော့ ရွာမှ သူထွက်ခွာခဲ့သည့် နေ့ကို ပြန်လည်မြင်ယောင်နေ သည်။ စက်လှေထဲ သူရောက်သည်အထိ မိတ်ဆွေတို့က လိုက်ပို့ကြသည်။ ထို့နောက် ကမ်းစပ်တွင် ငေးမောရပ်ကျန်ရစ်သည်။ လက်ပြနှုတ်ဆက်ကြသည်။ မယ်နှင်းယုံနှင့် မယ်ငွေစိုးတို့ တရှုံ့ရှုံ့နှင့် မျက်ရည် သုတ်ကြသည်ကို ၀ိုးတ၀ါးမြင်ရသည်။ သူ့မျက်ဝန်းမှာလည်း မျက်ရည်ရစ်ဝိုင်းသည်မို့ မြင်ကွင်းက မကြည်လင်တော့ပါပေ။

သမီးလက်ကလေးကို ဆုပ်ကိုင်ရင်း ထိုမြင်ကွင်းကို ငေးမောနေလိုက်သည်မှာ စက်လှေ ကမ်းက ခွာသည် အထိပါပဲ။ ထို့နောက်မှာတော့ စက်လှေအခုတ်တွင် ရွာမြင်ကွင်းသည် တရိပ်ရိပ်နောက်မှာ ကျန်ရစ်၏။ ရွာဦး စေတီကို အဖြတ်၌ လက်အုပ်ချီမိုး ကန်တော့ရသည်။ ဒါသည် နောက်ဆုံးပေလား။ သူ မပြောတတ်နိုင်။
စိမ်းမြသော လယ်ပြင်တော၊ ကိုင်းပင်များ၊ ချောင်း ရေပြင်ထက် ပျံဝဲသော ငှက်ငယ်များ၊ ရေစီးမှာ မျောပါသော ဗေဒါအုပ်များ၊ ရွာစဉ်တန်းများ။ မြင်ကွင်းအားလုံးသည် လွမ်းဖွယ်အတိသာတည်း။

ခုတော့လည်း မြို့ပြနေ့ရက်သည် ခြောက်လသို့ပင် တိုင်ခဲ့လေပြီ။ သားမက်လုပ်သူမှာ နိုင်ငံရပ်ခြားတွင် အ လုပ်လုပ်ရန် ထွက်ခွာခဲ့ပြီဖြစ်၍ အိမ်တွင် သမီးနှင့် ဒေါ်ရွှေ ကျော့နှစ်ဦးတည်းသာ။ သမီးကလည်း အလုပ်တစ်ဖက် နှင့်မို့ နောက်ဆုံးတော့ တစ်ယောက်တည်းပါပဲ။
သမီးသည်လည်း မိခင်ကိုတော့ ရတတ်သမျှ အချိန် လေးမှာ ကြိုးစား၍ ဂရုစိုက်ရှာသည်။ ခုတလောတော့ စာမေးပွဲတစ်ခု ရှိသည်ဆိုလား။ အိမ်ပြန်ရောက်လည်းပဲ စာအုပ်နှင့် ကွန်ပျူတာနှင့် အလုပ်များတတ်သည်မှာ မိခင်ကြီး စကားပြောလိုသည်ကိုပင် မေ့လျော့နေရှာသည်ထင်ပါရဲ့။ ဒေါ်ရွှေကျော့မှာတော့ ငယ်တုန်းကလို သမီးစာကျက်ချိန် ဘေးကနေ ယပ်ကလေး ခတ်ပေးချင်သား။ သို့သော်ပန်ကာက တ၀ီဝီလည်ကာ အအေးဓာတ်ပေးလေသည်။
လျှပ်စစ်မီးအလင်းအောက်၌ သမီးလေး၏ မျက်နှာအလှကို ငေးရသည်နှင့်ပင် နေ့ခင်းချိန်တိုင်း အထီးကျန် သမျှလည်း ပျောက်ပါရော။

“အေးအေးလူလူ နားနေပါ အမေရယ်”ဟု သမီးက ပြောမြဲဖြစ်သော်လည်း ဒေါ်ရွှေကျော့မှာ ဘာများ လုပ် ပေးရပါ့ဟု သမီးအနား ရစ်သီတတ်သည်။ လက်ဖက်ကလေးများ သုပ်ကျွေး၍ သမီးက နှစ်နှစ်ခြိုက်ခြိုက် စားလျှင် သူ့မှာ ကျေနပ်နေရသည်။ ကော်ဖီဖျော်ပေးရလျှင်လည်း နှစ်သိမ့်ပီတိဖြစ်မဆုံး။
တကယ်တော့ သမီးကို ငယ်တုန်းကလိုပင် ဒေါ်ရွှေကျော့က ကိုယ့်ခြေကိုယ့်လက် ပြုစုလိုသေးသည်။ သို့သော် သမီးက အမေကို ခွင့်မပြုပြီ။ လျှပ်စစ်နှင့်သာ ချက်ပြုတ်သုံးစွဲရသည်မို့လည်း ဒေါ်ရွှေကျော့က မ၀ံ့ရဲ။ သူသည် တစ်သက်လုံး ထင်းမီးနှင့်သာ ချက်ပြုတ်လာသူ။ တစ်ခါတစ်ရံတော့သမီးကို သူ့လက်ရာကလေးများ ချက်ကျွေးချင်သေးသည်။ သို့သော် ယခုအထိတော့ သူသည် ကလေးငယ်ပမာ တစ်ကျော့ပြန် ဖြစ်လျက် သမီးလေးက လုပ်ကိုင်ပေးသမျှကိုသာ ခံယူနေရသည်။ 
ကြာတော့လည်း လူပိုတစ်ယောက်ပမာ ခံစားချက်သည် မကြာခဏဆိုသလို တိုးဝင်လာတတ်ပါသေးသည်။ သို့သော် သမီးရှေ့တွင် မည်သည့်အခါမျှ မဖွင့်ဟ။ မနေပျော်သော မြို့ပြတွင် မနေပျော်သည်ကို လည်း နှုတ်က မဟပါပေ။

“သမီးနဲ့နေရတာ ပျော်တယ်မဟုတ်လား အမေရယ်”ဟု သမီးလေးက မေးတိုင်း ရယ်မော ခေါင်းညိတ် မြဲ။ 
နံနက်ခင်းရောက်ပြီဆိုလျှင်တော့ ဒေါ်ရွှေကျော့၏ အထီးကျန်ဇာတ်သည် တစ်ပတ်လည်မြဲပင်။
သမီးသည် ထုံးစံလိုပင် မိခင်ကို မှာတမ်းများစွာ မှာကြားကာ အိမ်က ထွက်တတ်သည်။ သော့မဖွင့်ပေးဖို့ အတန်တန်မှာသည်ကို ဒေါ်ရွှေကျော့က နားမလည်။ သို့သော်လည်း သမီးစကားကိုတော့ နာခံကာ မည်သူ့ကိုမျှ သော့ဖွင့်မပေးပေ။

တစ်ခါတစ်ရံတော့လည်းအလှူခံများသည် လေးထပ်အထိ မောမောပန်းပန်းတက်လာသည်ကို ရေက လေးတစ်ပေါက်မျှ မတိုက်နိုင်ဘဲ တံခါးပင် ဖွင့်မပေးနိုင်ဘဲ သံပန်းတံခါးမှ လက်လှမ်းကာ အလှူငွေပေးရသည် ကို အားနာနေသည်။ သို့သော် သူတို့မျက်နှာတွင်တော့ ဘာမှလည်း အဆန်းတကြယ်အမူအရာ မတွေ့ရ။ သမီးကတော့ ဒါမြို့လေ အမေရဲ့ဟု ဆိုဦးမလားမသိ။
တစ်ခါတလေတော့လည်း ပစ္စည်းလာရောင်းသည် ဆိုသော လူငယ်လူရွယ်များ ရောက်လာတတ်သေး သည်။ မယူသေးပါဘူးကွယ်ဟု ဆိုရတိုင်းလည်း အားနာနေပြန်သည်။ သူတို့ မမောကြဘူးလားကွယ်ဟု ကြံ ကြံဖန်ဖန် သနားနေပြန်သည်။

ဒေါ်ရွှေကျော့သည် တစ်နေ့လုံးနေလို့မှ အောက်ထပ်သို့ တစ်ကြိမ်ပင် ဆင်းသည်မဟုတ်။ ဆင်းစရာလည်း အကြောင်းမပေါ်။ သမီးက သူ အောက်ဆင်းရသည်မရှိအောင်ပင် ပြည့်စုံအောင် ထားခဲ့သည်။ သမီးရုံးပိတ်သော ရက်တွင်တော့ ဈေးလေးဘာလေးရောက်သားပဲ။ ညနေခင်းများ၌ လမ်းလျှောက်ဖြစ်သားပဲ။ ရွှေတိဂုံဘုရားသို့လည်း သမီးက ရံဖန်ရံခါ လိုက်ပို့တတ်သည်။
ရွှေတိဂုံဘုရားကို ဖူးရတိုင်းတော့ ဒေါ်ရွှေကျော့သည် ရွာက မိတ်ဆွေတို့ကို တမ်းတတတ်လေသည်။ သူတို့ သည် ရွှေတိဂုံကို ဖူးမြော်လိုကြသည်။ ရွှေတိဂုံကို ဖူးရရင် သေပျော်ပါပြီဟု အခါခါမြည်တမ်းတတ်ကြသည် မဟုတ်လား။ ထိုမိတ်ဆွေတို့ကို လက်ဆွဲခေါ်ကာ ဘုရားဖူးစေချင်ခဲ့သည်။ ခုတော့လည်း လက်ဆွဲခေါ်နိုင် လျှင်ပင် ဆွဲခွင့်မသာတော့ပြီ။ 

“သြော်...မယ်နှင်းယုံ...မယ်နှင်းယုံ”
မယ်နှင်းယုံ၏မျက်နှာပြည့်ပြည့်ဝန်းဝန်းက ရှေ့တွင်ပင် ထင်းလင်းနေသလို ဒေါ်ရွှေကျော့စိတ်၌ထင်လာ သည်။ မျက်ရည်ဝဲချင်သည်ကို ထိန်းကာ ပင့်သက်ရှိုက်မိ၏။
ခုတော့လည်း တစ်လကျော်မျှရှိခဲ့ပြီမို့ ခံစားသမျှ ဟောင်းနွမ်းခဲ့ပြီဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် တိုက်ဆိုင်ချိန်တိုင်းတော့ နိုးထတတ်ပေသည်။

ဒေါ်ရွှေကျော့၏ စိတ်သည် လွန်ခဲ့သော တစ်လခန့်ဆီ လွင့်မျောစပြုသည်။ ထိုစဉ်က ညနေခင်းတစ်ခုတွင် သူသည် သမီးထံက သတင်းတစ်ခုရပေသည်။ မယ်နှင်းယုံအိမ်က သမီးဆီ ဖုန်းဆက်တယ်ဆိုပါလား။
“အရီးနှင်းယုံ နေမကောင်းဘူးတဲ့”ဟုသာ သမီးက အသိပေးသော်လည်း စင်စစ်တော့ သည့်ထက် ပိုမည်ဟု မျက်နှာကို မြင်ရုံနှင့် ဒေါ်ရွှေကျော့က သိနေပါပြီ။ အကျေအလည် အစ်အောက်မေးမှပင် နေ့လားညလား စောင့်စားနေရပြီဆိုသည်ကို သိရ၏။
“ဘယ်လိုများ ဖြစ်ရသလဲ မဆိုနိုင်ဘူး”ဟု ရေရွတ်ကာ ဒေါ်ရွှေကျော့ မျက်ရည်ကျရသည်။

သူ့စိတ်တွင်တော့ သူ့အပေါ် အလွန်အနွံအတာခံခဲ့သော သူငယ်ချင်းကို မြင်ယောင်နေသည်။ ရွာကို နှုတ် ဆက်ရသည့်နေ့က ကမ်းပါးတွင် ရပ်နေသော အသွင်ကို မြင်ယောင်နေသည်။ နောက်တစ်ကြိမ် ပြန်တွေ့ရပါ ဦးမလားကွယ်ဟု စိတ်ပူပန်နေသည်။ သတင်းကြားပြီးချိန်ကစ၍ မယ်နှင်းယုံကို သတိရတသနေရသည်မှာ ပြောဖွယ်မရှိ။

“ရွာ ခဏပြန်ချင်တယ်ကွယ်” ဟု တီးတိုးဆိုသော် သမီးက မျက်နှာ မကောင်းပေ။
“အလုပ်က ခွင့်ရဖို့ မလွယ်ဘူး အမေရဲ့။ အမေတစ်ယောက်တည်းလည်း သမီး စိတ်မချဘူး”
မြန်မာနိုင်ငံ မြောက်ဖျားနှင့် တောင်ပိုင်းမှာ သည်မျှ ဝေးကွာသည်တဲ့လား။ နောက်ဆုံးတော့ ဒေါ်ရွှေကျော့ က ပင့်သက်ရှိုက်ငင်ကာ လက်လျှော့ရသည်။ ဘ၀ကူးကောင်းစေဖို့သာ ဘုရားထံပါး ဆုတောင်းရသည်။ စိတ်ပူပန်ရသည့်ကာလသည် တကယ်တော့ သုံးရက်မျှသာကြာသည်။ ဒေါ်ရွှေကျော့၏ စိတ်တွင်တော့ သုံးရာသီမက ကြာသည်သို့တည်း။

သုံးရက်မြောက်နေ့တွင်တော့ မျှော်လင့်ထားပြီးသား စကားကို သမီးထံက ကြားရပေသည်။ သူ မယ်နှင်းယုံ ကို ဘယ်သောအခါမှ တွေ့ခွင့်မသာတော့ပြီ။
ညဦးချိန်တွင်တော့ သမီးက မျက်နှာ အရိပ်တကြည့်ကြည့်ရှိသည်မို့ ဟန်တင်းနေရသည်။ အိပ်စက်ရာ အခန်း လေးထဲ အရောက်တွင်ကား မျက်ရည်တို့ကို မထိန်းနိုင်ပြီ။
ဒေါ်ရွှေကျော့၏ နားထဲတွင် သူငယ်ချင်း၏ ရယ်သံကို ပြန်လည်ကြားယောင်နေသည်။ သည်အသက်အ ရွယ်သို့ ရောက်လာကြသည့်တိုင် သူ့အပေါ် ညီမငယ်တစ်ယောက်ပမာ ဂရုစိုက်ချစ်ခင်ခဲ့သည်ကို သတိရနေ သည်။ ရွာကျောင်းဆီ အတူ လက်တွဲပြေးလွှားခဲ့ဖူးသော အချိန်များ၊ ရွာ့အပြင် လယ်ပြင်တောဆီ အတူလျှောက် ခဲ့ကြသော နေ့ရက်များ၊ သူ့လယ် ကိုယ့်လယ် လယ်ယာ အလုပ်များထဲ အတူပင်ပန်းခဲ့သော ကာလများ၊ သားသမီးများကြောင့် စိတ်ပင်ပန်းချိန် အတူအားပေးခဲ့မှုများ၊ ခင်ပွန်းသည်ဆုံးပါး၍ မုဆိုးမများ ဖြစ်လာချိန် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှင်သန်ခဲ့မှုများ။ အို...အမှတ်တ ရများက ဆုံးပဲ မဆုံးနိုင်။

ဒေါ်ရွှေကျော့သည် “မယ်နှင်းယုံရေ” ဟု တိုးသဲ့သဲ့ ညည်းတွားကာ မျက်ရည်တွေတွေ ကျရသည်။ ရွာကသာ မထွက်လာရင် မယ်နှင်းယုံရဲ့ နောက်ဆုံးအချိန်မှာ အတူရှိရမှာပေါ့။ အခုတော့ နောက်ဆိုရင်လည်း ဘယ် သူပဲ နေမကောင်းတယ်ဆိုဆို၊ ဆုံးတယ်ဆိုဆို၊  ငါ့မှာ တွေ့ခွင့်သာမယ်မဟုတ်ဘူး။ အတွေးများ တဝေ့ဝေ့ လည်ကာ အဲသည်ညက အိပ်မပျော်။ သို့သော် နောက်တစ်ရက် မိုးလင်းလျှင်တော့ သမီး စိတ်ပူပန်မည်စိုးသည် နှင့် ပုံမှန်မျက်နှာရိပ်ကို ဆင်နေရသည်။

နေ့ရက်များကတော့ ပုံမှန်လည်ပတ်ဆဲ။ ဒေါ်ရွှေကျော့၏ မြို့ပြနေ့ရက်များသည်လည်း ပုံမှန်သာ တရွေ့ရွေ့ ကုန်ဆုံးမြဲပင်။
သမီးလေး နံနက်ခင်း အလုပ်သွားရန် အိမ်က ထွက်ခွာသည်နှင့် ဒေါ်ရွှေကျော့၏ နေ့ရက်တို့သည် သမား ရိုးကျ ပြုနေကျကိစ္စများနှင့်သာ ထုံမွှမ်း၏။ စိတ်ကို အအားမပေးချင်။ စိတ်သည် နည်းနည်းမျှ အားလပ် လိုက်သည်နှင့် လေလို လွင့်ချင်လေ၏။

လွင့်မျောသွားသော စိတ်အစုံ၌ ရွာကို ရောက်ချင်သည်။ လယ်ပြင်တောထဲက လေကို ရှူရှိုက်ချင် သည်။ ချောင်းရေ ချိုးချင်သည်။ ပျဉ်ခင်း ထရံကာသည်ဖြစ်သော အိမ်ငယ်ကလေးမှာပဲ နေချင်သည်။ အိမ်ထဲက သီးပင်စားပင်ကလေးတွေကို ပျိုးနေချင်သည်။ ပန်းကလေးများ ပွင့်လာသည်ကို ကြည်နူးလို သည်။ မိတ်ဆွေ ငယ်ပေါင်းတို့နှင့် ရေနွေးကြမ်းအိုး ရှေ့ချကာ ရှေးဖြစ်ဟောင်းအောက့်မေ့ဖွယ်ပြောချင် သည်။ ရွာဦးစေတီကို ဖူးချင်သည်။ ရွာဦး ဘုန်းကြီးကျောင်းတွင် မိတ်ဆွေတို့နှင့် တရားနာချင်သည်။ ဥပုသ် သီလယူချင်သည်။ မဆုံးနိုင်သော ဆန္ဒများနောက် စိတ်က လိုက်ပြီးသော် လက်တွေ့ဘ၀နှင့် အလှမ်းကွာသည်မို့ ကိုယ်၌ အမောများသာ ကျန်လေသည်။
နောက်ဆုံးတော့လည်း စိတ်ကို လျှော့ချသော် ၀ရံတာကိုတော့ ခင်တွယ်ရာ အရပ်ဟု မြင်တတ်လာသည်။ 

သည်ဝရံတာမှ ညနေခင်း နေအေးချိန်တိုင်း လမ်းပေါ်သို့ မျှော်ကြည့်လျှင် မြို့ပြညနေကို လှမ်းမြင်ရသည်။ လူငယ်လူရွယ်တို့သည် အိမ်အပြန်လမ်းသို့ ဦးတည်လျက်။ ကလေးတို့သည် လမ်းပေါ်တွင် ပြေးလွှားလျက်။ ညနေစာစားသောက်ပြီးပုံရသူတချို့တလေလမ်းပေါ် အေးအေးလူလူ လျှောက်နေဟန်ကိုလည်း မြင်ရသည်။
 မျက်နှာချင်းဆိုင်သို့ အကြည့်ရွှေ့လျှင်တော့ သူ့လိုပင် သားသမီး မျှော်ဟန်တူသော အမေအိုကို ၀ရံတာ တွင်  တွေ့ရသည်။ ထိုမိခင်သည်လည်း တစ်နေကုန် တစ်နေခမ်း စကားပြောဖော် မရှိသူလားမသိ။ မြေး ငယ်တို့လည်း ရှိကောင်းရှိမည်။ သို့သော် မြို့က ကလေးငယ်တို့သည် ကျူရှင်နှင့် ကျောင်းနှင့် မအားလပ်ဘူးဆိုပါလား။

ရွာမှာတော့ ကလေးငယ်တို့သည် ပြေးလွှားဆော့ကစားကာ အဘိုးအဘွားများအနီး စကားတွတ်ထိုးကာ ရှိတတ်မြဲ။ သည်မှာတော့ အဘိုးအဘွားလုပ်ရသည်မှာ အထီးကျန်နိုင်လေမည်လား။ သူ့တွင်တော့ သမီးက ရင် သွေးမယူသေးသည်မို့ ကြိုမသိနိုင်သေး။ မြေးရသည်အထိ အသက်ရှင်လျှင်တော့ တွေ့ရသေးတာပေါ့ကွယ်။
သို့သော်လည်း သမီး၏ ရှေ့ရေးအစီအစဉ်တွင်တော့ ရင်သွေးယူရေးက လားလားမျှမပါဝင်သေးပေ။  အဆင်သင့်မဖြစ်သေးဘူးအမေရယ်ဆိုတော့လည်း ဒေါ် ရွှေကျော့က နားမလည်ပြန်။ ကလေးတစ်ယောက်ယူ ဖို့ရာ တို့တုန်းက ဒီလိုတော့ မတွေးခဲ့ရပါဘူး။ ရတနာရယ်လို့ ချစ်မြတ်နိုးရတာကိုသာ သတိရနေသည်။

မြို့ပြမှာတော့ ဒေါ်ရွှေကျော့ နားမလည်နိုင်သည့် ပုစ္ဆာတို့က ပိုများတယ် ထင်သည်။ လူမှုရေးရာ နေထိုင် ဆက်ဆံသော ၀န်းကျင်ကိုလည်း နားမလည်။ တယ်လည်း သူစိမ်းဆန်ပါလားကွယ်ဟု မကြာမကြာ ရေရွတ် ချင်သည်။ 
ဧည့်သည် အလွန်မင်သော ကျေးလက်တွင် လူဖြစ်ခဲ့သော ဒေါ်ရွှေကျော့သည် အခန်းတွင်း နေရသည်ထက် ဟိုဟိုသည်သည်လေး သွားလာ မိတ်ဖွဲ့ကာ စကားဆိုကာ နေချင်သည်။ ရှေ့က မျက်နှာချင်းဆိုင်အခန်းမှာ လည်း သူ့လိုပင် အမေအိုတစ်ယောက်ရှိသည်မဟုတ်လား။

သမီးလေးထွက်ချိန် တံခါးစောင့်ပိတ်တိုင်း ထိုအခန်းဘက်အကြည့်ရောက်လျှင် မျက်လုံးချင်း ဆုံရတတ် သည်။ မျက်မှန်းတန်း၍ ပြုံးပြသည်နှင့် စိတ်မှာ နွေးထွေးရသည်။ ရွာကငယ်ပေါင်းတို့လိုမဟုတ်သော်လည်း မိတ်ဆွေတော့ တွေ့ပါပြီဟု ထင်ခဲ့သည်။ နှစ်ယောက်သား နေ့ခင်းနေ့လယ် စကားဆိုကာ နေရမည်ထင်ခဲ့ သည်။ 
သို့သော် သည်အကြောင်း သမီးကို ပြောပြသော် အိပ်မက်က ပျက်ပါပကော။

“အမေရယ် အဲဒီအခန်းက အခန်းရှင်က သမီးတို့ကို ခပ်တန်းတန်းပဲ သိပ်မရင်းနှီးဘူးလေ။ သူ့အမေကြီးကတော့ အမေ့ကို ခင်ပုံပဲ။ ဒါပေမယ့် အမေ မသွားပါနဲ့။ သူတို့ ကြိုက်မှာမဟုတ်ဘူး”

ဒါနှင့်ပင် နောက်တော့လည်း မျက်မှန်းတန်းလျှင် ပြုံးပြခြင်းနှင့်သာ ကျေနပ်ရသည်။ မျက်ဝန်းများမှာ အထီးကျန်ခြင်းကို ပျပျမြင်ရလေသလားမသိ။ ကိုယ်ချင်းစာနာစဖွယ်။ ဒေါ်ရွှေကျော့ကမှ အောက်ကို ဆင်းနိုင်ပြုနိုင်သေးသည်။ ထိုအမေကတော့ လူတွဲပါမှသာ လှုပ်ရှားသွားလာနိုင်တော့သည်ကို မြင်ဖူး၏။ သည်လို စိတ်သွားတိုင်း ကိုယ်မပါတော့သည့်ဘ၀ဆိုလျှင်တော့ ကျဉ်းမြောင်းသည့် တိုက်ခန်းအတွင်းက ၀န်းကျင်သည် ပို၍ပင် စိတ်ကို မွန်းကြပ်စေမည်လား။

ဒေါ်ရွှေကျော့သည် မရည်ရွယ်ပါဘဲ ပင့်သက်ရှိုက်ရသည်။ ခုတော့ဖြင့် အိမ်ထဲ တတောက်တောက် သွားနိုင် လာနိုင်ပါသေးရဲ့။ ကိစ္စ၀ိစ္စလေးများရှိလျှင် အောက်ပင် ဖြည်းဖြည်းချင်း ဆင်းနိုင်ပါသေးရဲ့။ စိတ်က ဆောင်သလောက် လူကလည်း ပါနိုင်သေးရဲ့။
တကယ့်တကယ် အိုမင်းမစွမ်းချိန် အိပ်ရာပေါ် ပက်လက်လဲချိန်မျိုး သည်အခန်းထဲ ရှိနေလျှင်ရော။ မမြင်သာ သောအနာဂတ်ကို စိတ်စောပူပန်ဖွယ်ရာ။  သမီးကို ပြောကာရွာသို့ ပြန်လျှင်ရော။ သို့သော် သမီးလေးက သည် မှာ တစ်ယောက်တည်း ကျန်ခဲ့ရှာမည်လေ။ သမီးသည် မြို့ပြတွင်သာ ကျင်လည်ရမည့်သူ။ ပြီးတော့လည်း တည်ဆောက်ခဲ့သော မိသားစုဘ၀သည်လည်း မြို့ပြတွင်သာတည်း။ သူခင်တွယ်သော ရွာသို့ သမီးသည် အလည်သဘောထက်ပို၍ ရောက်နိုင်မည်မဟုတ်။           

ရွာမှာတော့လည်း ပြန်နေဖြစ်လျှင်ပင် မိမိ တစ်ယောက်တည်းပါပဲ။ သို့သော်ရွာတွင်တော့ ကိုယ့်ဆွေမျိုး သားချင်းအပြင် ရပ်ဆွေရပ်မျိုးကပါ သိုက်သိုက်ဝန်းဝန်း ရှိသည်မို့ သည်အတိုင်း ဘယ်သူမှ ပစ်ထားမယ်မဟုတ်။ ဒေါ်ရွှေကျော့သည် ရွာတွင် သူနေခဲ့သော ကာလရှည်ကို ပြန်မြင်ယောင်နေသည်။ ဘယ်တုန်းကမှ ဘ၀ကို ညည်းငွေ့စဖွယ် မထင်မြင်စဖူး။ ရွာကအိမ်တွင် တစ်ယောက်တည်းနေရစဉ်က သားသမီးကို လွမ်းတာမှန်သော်လည်း အထီးကျန်ခြင်းက သည်တိုက်ခန်းတွင်း ကျန်ခဲ့ချိန်လောက် ပြက်ပြက်ထင်ထင်မရှိပါပေ။

သည်ရက်များထဲတော့ ဒေါ်ရွှေကျော့သည် ရွာသို့ ပြန်ရန် အကြိမ်ကြိမ်စဉ်းစားခဲ့သည်။ စိတ်ကူးတွင် ရွာ အပြန်လမ်းကို အကြိမ်ကြိမ်မြင်၏။ သို့သော် သမီး၏ မျက်နှာကို မြင်လျှင်ပင် စိတ်ကူးက အကြိမ်ကြိမ်ပျက် ပြယ်သည်။ သူသည်လို တွေးနေတတ်မှန်း သမီးသိလျှင် စိတ်မကောင်းဖြစ်၍ဆုံးမည်မဟုတ်။ နောက်ဆုံးတော့လည်း စိတ်ဆန္ဒများစွာကို ဟန်လုပ်ဖုံးကွယ်ရသည်မှာ ရက်အချို့ လွန်ခဲ့ပေပြီ။

ဒေါ်ရွှေကျော့သည် လမ်းပေါ်ကို ငေးကြည့်နေရာက သမီးပုံရိပ်ကလေးကို ဖျတ်ခနဲမြင်သည်။
ခေါင်းလောင်းကလေး တချွင်ချွင်လှုပ်ခတ်လာသည်။ လှေကားတစ်လျှောက် နင်းတက်လာမည့် ခြေသံ ကိုနားစွင့်စဉ် ညနေခင်းတိုင်း သမီးမျက်နှာမြင်လျှင် သာယာကြည်နူးမြဲဖြစ်သော စိတ်ကလေးက တစ်ကျော့ ပြန်လှုပ်ခတ်လာ၏။

တံခါးမှ လှမ်းဝင်လာသော သမီး၏ မျက်နှာကလေးမှာ ပင်ပန်းမှုကြောင့် နွမ်း၍နေသည်။ သမီး မတားနိုင်မီ မှာပင် ဒေါ်ရွှေကျော့သည် ရေတစ်ဖန်ခွက်ကို ခပ်နှင့်ပြီး ဖြစ်နေသည်။ သမီးလေး အမောတကော ရေသောက်ချသည်ကို အငေးသားကြည့်နေမိသည်။ ဘ၀အမောများကြား သမီးလေးကို သည်လို မြင်တွေ့ရလျှင်တော့ စောစောက တွေးတတ်သည့် ရောက်တတ်ရာရာ အတွေးတို့သည် ဘယ်ဆီဘယ်ဝယ်လွင့်ပျယ်ပြီမသိ။

“အမေရေ ဒီနေ့ခင်းက အရီးငွေက ဖုန်းဆက်တယ် သိလား။ သမီးရုံးကို”
“ဘာများဖြစ်လို့တုန်းကွယ်”
“ဘာမှမဖြစ်ပါဘူး အမေရဲ့။ သူ နေကောင်းကြောင်း ပြောပေးပါတဲ့၊ အမေ အဆင်ပြေရဲ့လားဆိုတာလည်း သိချင်လို့တဲ့”
“အဆင်ပြေတယ် ပြောလိုက်ပါ သမီးရယ်။ အမေ ဒီမှာ အဆင်ပြေပါတယ်လို့”
ဒေါ်ရွှေကျော့သည် သမီး၏ မျက်နှာကို ငေးမြဲငေးဆဲ။ နှုတ်ခမ်းများကတော့ ပြုံးနေပေမည်။
စံပယ်ဖြူနု
(ကလျာမဂ္ဂဇင်း မတ်လ ၂၀၁၃)

ရေစီးထဲ စုန်ဆန်မျောပါ


လိပ်စာအရတော့ သည်တိုက် ပါပေ။
စာရွက်လေးပေါ် ချရေးလာ သောလိပ်စာကို သေချာအောင် ကျွန်မ နောက်တစ်ကြိမ် ဖတ်လိုက် ပါသည်။ တိုက်အမှတ်လည်း မှန်နေ ပြီ။ ညွှန်းထားသော စတိုးဆိုင်လေး သည်လည်း မြေညီထပ်မှာ။ ဒါဆို ခုနစ်လွှာအထိ တက်သွားရုံပေါ့။
ကျဉ်းမြောင်းသော လှေကား ထစ်လေးများပေါ် ခြေချနင်းတက် ရင်း ကျွန်မရင်ထဲ တငြိမ့်ငြိမ့်လှုပ်ခုန်စ ပြုလာပါသည်။ ကာလအချို့ကြာ အောင် ဝေးကွာခဲ့သော၊ တစ်ချိန် က စိတ်နှလုံးချင်း ရင်းနှီးနီးကပ်ခဲ့သော မိတ်ဆွေကို တွေ့ရတော့မည်မဟုတ် လား။ သူရှိသည့်လိပ်စာကို ပြီးခဲ့သည့် တစ်ရက်ကမှ အမှတ်မထင် ရခဲ့ပါ သည်။ လိပ်စာကို အမှတ်မထင် ရခဲ့သလို သူနှင့်ပတ်သက်သည့် ဝမ်းနည်းစဖွယ် သတင်းတစ်ခုကို လည်း မျှော်လင့်မထားသော ပုံစံမျိုး နှင့် ကြားနာခဲ့ရသည်။
ထိုခဏ၌ ကျွန်မစိတ်ထဲ နောင် တရမဆုံးသည်မှာ ဘာကြောင့်များ ကာလရှည်ကြာ သူနှင့် အဆက် အသွယ် မလုပ်မိပါလိမ့်။ သူက စဆက်သွယ်မလို ကိုယ်က စဆက် သွယ်မလိုနှင့် သူ့ဘဝ ကိုယ့်ဘဝများ ထဲ ကျင်လည်ရင်းက တဖြည်းဖြည်း ဝေးကွာမြဲဖြစ်သည့် မြို့ပြလူမှု ဝန်းကျင်သည် ကျွန်မတို့နှင့် အသား ကျခဲ့သည်လား မသိ။
ခုတော့ ကျွန်မ၏ စိတ်နှလုံး သည် မိတ်ဆွေကို သတိတရနိုးထခဲ့ ပြီ။ သည်အားလပ်ရက်၌ မတွေ့လျှင် လည်း နောင်တစ်ကြိမ် မတွေ့တွေ့ အောင်ရှာရန် စိတ်ပိုင်းဖြတ် ထားခဲ့ ပြီ။လှေကားထစ်လေးများပေါ် ကျွန်မ ဆက်၍ဆက်၍ နင်းတက်လာ ခဲ့ပါသည်။
***
ကျွန်မတို့သည် လွန်ခဲ့သော ငါးနှစ်ကျော်က လှည်းတန်းက အဆောင်တစ်ခု၌ စတင်ဆုံဆည်းခဲ့ ကြလေသည်။ မိန်းကလေးဆောင် သည် အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ် ကို အဆောင်ပြုလုပ်ထားသော ဈေးနှုန်းအလယ်အလတ်ရှိသည့် အဆောင်မျိုးပင်။ မိန်းကလေး အယောက်နှစ်ဆယ်မျှ နေထိုင်သော ထိုအဆောင်သို့ အဆောင်သူအသစ် အဖြစ် ထိုစဉ်က ကျွန်မရောက်ခဲ့ရ ၏။
သူနှင့်ပတ်သက်သမျှ ပြန်တွေး တိုင်း မှတ်မှတ်ရရ ဖြစ်ရသည်မှာ တော့ ကျွန်မသည် တွေ့စနေ့ရက်များ က သူ့ကိုထက် သူ့အခန်းကိုသာ စိတ်ဝင်စားခဲ့သည်ဆိုတာပင်။ သည် အကြောင်း သူ့ကိုပြောပြရန်လည်း ဘယ်တော့မှ ဝန်မလေးခဲ့။ကျွန်မ၏အဖြစ်မှာ အခန်းကို လိုချင်တပ်မက်ရင်းက အခန်းရှင် အပေါ် ရင်းနှီးလာရသော အဖြစ် သာ တည်း။ထိုအခန်းလေးသည် ကျွန်မ နေရသောအခန်းနှင့် နှစ်ခန်းကျော် မျှဝေးပါသည်။ တစ်ယောက်ခန်း ဖြစ်သော အဲသည်အခန်းကို ရောက် စကတည်းက စိတ်ဝင်တ စားဖြစ်ရ သည်။ ကျွန်မက တစ်ယောက်ခန်း မရသည့်အတွက် နှစ်ယောက်ခန်းသို့ ရောက်လာရသူ မဟုတ်လား။ အဆောင်တွင် တစ်ယောက်ခန်းမှာ ရှားရှားပါးပါး တစ်ခ န်းသာရှိလေ သည်။
ပြီးတော့ အခန်းကလည်း နှစ်ယောက်ခန်းနီးပါးကျယ်ကာ လေဝင်လေထွက်လည်း ကောင်း သေးသည်။ မြင်ရုံနှင့်ပင် နေချင် စဖွယ်။ အေးအေးလူလူ စာရေးလို့ ကောင်း မယ့် အခန်းမျိုးပဲ။သည်ကြားထဲ အဆောင်ရှင်က လည်း အားပေးလိုက်သေးသည်။ လောလောဆယ်နေတဲ့သူ ပြောင်း ရင် သမီးကို ထားပါမယ်တဲ့။ သည် တော့ ကျွန်မမှာ အဲသည်အခန်းရှေ့ ကဖြတ်တိုင်း အခန်းကို လှမ်းအကဲ ခတ်မိတတ်သည်။ အခန်းရှင်ရှိသည့် အရိပ်အယောင်မြင်လျှင်တော့ မျက် နှာခပ်လွှဲလွှဲပဲ။ သို့သော် စိတ်ထဲက သိလို သည်မှာ သူ ဘယ်တော့ပြောင်း မှာပါလိမ့်။
နောင်တစ်ချိန် ပြန်တွေးလျှင် တော့ ကျွန်မသည် မနာလိုစိတ်သက် သက်နှင့် သူ့ကို စိတ်ဝင်တစားရှိခဲ့ တာ ဖြစ်ပါသည်။ ငါနေချင်တဲ့အခန်း မှာ နေရတဲ့သူဟု သူ့ကိုတွေ့ လျှင် စိတ်ပေါက်ပေါက်နှင့် တွေးမိတတ် သည်။ ရေချိုးကန်မှာ တစ်ကြိမ်၊ နှစ်ကြိမ်တွေ့တော့ သူပြုံးပြသည်ကို အားနာပါးနာသာ ပြုံးပြလိုက်ရ၏။ စိတ်ထဲက ပါသည်မဟု တ်။ မျက်နှာ ကလည်း တင်းသယောင်ယောင်များ ဖြစ်နေမလားမသိ။
သူကတော့ အဆောင်သူသစ် က တစ်မျိုးပဲဟု ထင်ကောင်းထင် မည်။ သို့သော် ကျွန်မမှာတော့ ကိုယ့်အကြောင်းနှင့် ကိုယ်။သူသည် အသက်ဘယ်မျှရှိပြီဟု အတိအကျမ မှန်း သာ။ အရပ်ပုပျပ် ပျပ်၊ အသားညိုညို။ မျက်နှာသွင်ပြင် သည် ကြည့်ကောင်းသော အမျိုး အစားထဲမှာလည်း မပါသလို တစ်ခု ခုမှတ်ချက်ချချင်စရာ အသွင်လည်း မဟုတ်ပါ။ ခြုံပြောရလျှင်တော့ သာမန် မိန်းမတစ်ယောက်ဟုသာ ဆိုပါစို့။
သူ့ကို တစ်ဆောင်လုံးက မမ ဟု ခေါ်ကြသည်ကိုတော့ နှစ်ပတ် ကျော်မျှကြာလျှင် အကြားနှင့်သိလာ ရပါသည်။ သူ့နာမည်အရင်းကို တောင် အားလုံးက ဝေဝေဝါးဝါးပဲ ဆိုလား။ ဘယ်သူက စခေါ်မှန်းမသိ ဘဲ မမဟူသော အခေါ်သည်ပင် တွင်နေသည်တဲ့။”မမက အဆောင်မှာ အသက် အကြီးဆုံးပဲလေ။ ၄ဝ ပတ်ဝန်းကျင် ရှိပြီထင်တာပဲ” ဟု အခန်းဖော်က ပြောပြတော့ ကျွန်မ အံ့သြရသည်။ မိန်းကလေးဆောင်မှာ သည်အသက် အရွယ်အထိ ဘာကြောင့်များ ရှိနေ သည်လဲ။ အဆောင်သည် မဖြစ်၍ သာေ နရသော ကျွန်မအတွက်တော့ နေပျော်ရာအရပ် မဟုတ်ပါပေ။
တိတ်တိတ်ဆိတ်ဆိတ်သာ နေချင်သူ ကျွန်မသည် အဆောင်၌ သူတကာ စကားသံဆူညံနေလည်း မပြောသာ။ သီချင်း မနားတမ်းဖွင့်သူ ကိုလည်း အသံနည်းနည်းတိုးပါ လား ဟု ည ၁ဝ နာရီကျော်မှ သွားပြောရဲ သည်။ ညဥ့်နက်မှ စာဖတ်စာရေးလုပ် ကာ အိပ်ရာဝင်နောက်ကျသော ကျွန်မမှာ မိုးအလင်းအိပ်တတ်သည် နှင့်အမျှ နံနက်စောေ စာထထတ် သော၊ နိုးလာသည်နှင့် စကားသံညံ တတ်သော အဆောင်သူအချို့နှင့် သဟဇာတမဖြစ်လှပါပေ။အပြင်ပန်းကသာ ရန်မများလို ၍ ပြုံးနေရမည်။ သည်လို ကိုယ်နှင့် စရိုက်မတူသူများ ကြုံရသည့်အခါ စိတ်ပျက်လှတာ ဝန်ခံရပေမည်။ သူ့လိုတော့ အဆောင်တွင် အသက် ၄ဝ နီးပါးအရွယ်၌ နေနိုင်မည် မဟုတ်။
”သူ ဘယ်တော့ပြောင်းမယ် ကြားသလဲဟင်”
တစ်ရက်တွင် အခန်းဖော်ကို ကျွန်မ စပ်စပ်စုစု မေးမိပါသည်။
”ဘယ်ကလာ၊ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်း သွားမယ်။ မမက မပြောင်းဘူးရယ်၊ သူ့အဆောင်သက် ဘယ်လောက်ရှိပြီ မှတ်လို့တုံး၊ ဒီအဆောင်မှာ။ ခုနစ် နှစ်နော် ခုနစ်နှစ်”
ခုနစ်နှစ် …။ အင်း … နည်းနည်းနောနော အဆောင်သက် မဟုတ်ပါလား။
ဒါကြောင့်သာ အဆောင်ရှင် အန်တီက သူ့ကို ရင်းနှီးလှတာဖြစ် ပေမည်။ အဆောင်သက်ကြာသူ၏ အခန်းကိုမှ ကျွန်မကို မျှော်လင့်ချက် ပေးလိုက်သေးသော အဆောင်ရှ င် ကိုလည်း အံ့သြမနေချင်တော့ပြီ။ အခန်းကိုလည်း မျှော်မနေချင်တော့ ပြီ။ကျွန်မနေရသော နှစ်ယောက် ခန်းသည်လည်း သူ့အတိုင်းအတာ နှင့်သူတော့ အဆင်ပြေ သည်မဟုတ် လား။ အခန်းဖော်ကလည်း စာကျက် ရန်သာ အာရုံရှိတတ်သော ခပ်အေး အေးမိန်းကလေးမျိုးပါ။ ဘေးအခန်း က မိန်းကလေးများ၏ ဆူညံတတ် သော အသံတို့ကို မေ့ထားနိုင်လျှင် တော့ ကျွန်မ အခန်းလေးကလည်း နေပျော်စဖွယ်။
သည်လိုနှင့် အခန်းကိစ္စကို တဖြည်းဖြည်းမေ့လျော့စ ပြုလာပါ သည်။ သူနှင့် ပြုံးပြနှုတ်ဆက်နိုင်ပြီ။ နှုတ်ဆက်စကားတစ်ခွန်း နှစ်ခွန်းမျှ ပြောကြသည့် အဆင့်ရှိခဲ့ပြီ။ သည့် ထက်တော့ ပို၍အကျွမ်းတဝင် ဖြစ် လာမည်မထင်ခဲ့တာ ဝန်ခံရမည်ပင်။ သူသည် တွေ့လိုက်တိုင်း ရယ်မော ပျော်ရွှင်နေတတ်သည်မို့ အလိုလိုနေ ရင်း ရယ်စရာရှာနေသူ ဟု ကျွန်မ စိတ်ထဲ ဆန်းနေ၏။ ခင်မင်လိုစိတ် လည်း မဝင်။ သည်အတိုင်းသာ ခပ်ကင်းကင်းနေခဲ့ပါသည်။သို့သော် တစ်ရက်တွင်တော့ သူနှင့် ရင်းနှီးကျွမ်းဝင်ရဖို့ ကံက ဖန်လာခဲ့သည်။ ထိုနေ့သည် ရုံးအား လပ်ရက် တနင်္ဂနွေနေ့ဖြစ်သည်ဆို တာ ကျွန်မ မှတ်မိ၏။
ထိုနေ့နံနက်ခင်းက ကျွန်မ သည် အိမ်နှင့်ဖုန်းပြောရသည်။ အိမ်အပေါ်ထပ်က အန်တီ့အခန်း မှာ ဖုန်းပြောပြီး အခန်းထဲပြန်ရောက် တော့ ကျွန်မ၌ အင်အားမဲ့နေသည် သို့ ခံစားချက်က စီးဝင်လာပါသည်။ အမေ နေမကောင်းဘူးတဲ့။ သည် စကားသံကိုသာ တသသကြား ယောင်နေသည်။ အမေသည် ကျွန်မ ထံ ဖုန်းပင်လာမပြောနို င်။ နှစ် ခြံ ကျော်မှာရှိသော အိမ်သို့ အဖေက ဖုန်းလာကိုင်ရှာသည်။စိတ်မပူနဲ့ဆိုသော အဖေ့စကား သံကို ယုံကြည်သော်လည်း ကျွန်မ ဝမ်းနည်းမဆုံး။ အမေ နေမကောင်း ချိန်၌ သမီးကို မည်မျှလွမ်းဆွတ်နေ မည်လဲ။ ဘယ်သူပဲ ပြုစုသည်ဆိုဆို သမီးလုပ်သူကိုတော့ အမေ လွမ်း နေမှာပဲ။
ကျွန်မသည် ခုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ခွေခေါက်လဲနေ မိ၏။ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်ကို မတားလိုတော့ပြီ။ ရှိုက်သံများ ထွက်လာလျှင် လက် ဝါး  နှင့် အုပ်ကာရသည်။ အခန်းဖော် မရှိသည့်အတွက် အောက်ထပ်တွင် လူရှင်းနေသည့်အတွက် တစ်ချက် တစ်ချက် ထွက်ကျလာသေးသော ရှိုက်သံများကိုတော့ တား မနေတော့ ပါပေ။
သည်မှာပင် တံခါးခေါက်သံ သဲ့သဲ့ထွက်ပေါ်လာပါသည်။ အခန်း ဖော်များ ပြန်လာလေသလား။ မျက် ရည်များကိုတို့သုတ်ကာ ကျွန်မ တံခါးဖွင့်ပေးရသည်။ သို့သော် အခ န်းဖော် မိန်းကလေးမဟုတ်။ တံခါးဝ၌ ရပ်နေသူမှာ မမပါ တကား။
”အားတော့ နာတယ် တံခါး လာခေါက်ရတာ။ ကိုယ် ဘာကူညီ ရမလဲဟင်။ ဟိုလေ မင်းအခန်းရှေ့က ကိုယ်ဖြတ်နေတာ နှစ်ခါရှိပြီ။ တံခါး ခေါက်ရမလား၊ မခေါက်ရဘူး လား စဉ်းစားနေတာနဲ့”ကျွန်မသည် မျက်ရည်များ စိုနေမည့် မျက်နှာနှင့်ပင် ယောင် ကန်းကန်း ပြုံးပြလိုက်ပါသည်။”ရပါတယ် မမရယ်။ ဘာမှ မဟုတ်ပါဘူး။ အမေ နေမေ ကာင်း ဘူးဆိုလို့။ စိတ်တော့ မပူရဘူး ပြော တာပဲ။ ဒါပေမဲ့ ကျွန်မက အဝေးမှာ မို့လား”သူကလည်း အခန်းထဲ မဝင်။ ကျွန်မကလည်း ဝင်ဖို့ပြောရန်မေ့နေ ပါသည်။
‘သြော် … စိတ်မကောင်း မဖြစ်ပါနဲ့ ညီမရယ်။ ဒီမှာလည်း သူလိုကိုယ်လိုပဲ အိမ်နဲ့ဝေးနေတဲ့ သူတွေ အများကြီးပဲ။ ငါတစ်ယောက် တည်း မဟုတ်ဘူးလို့သာတွေးပါ ကွယ်” ဟုဆိုကာ ကျွန်မပခုံးကို တစ်ချက်မျှ ဖျစ်ညှစ်လိုက်၏။
သူ့နှုတ်ခမ်းတွင်ကား နှစ်သိမ့် သော၊ စာနာသော အပြုံး။ သူ့မျက် နှာတွင်လည်း မေတ္တာနှင့် နူးညံ့သိမ် မွေ့နေသည်ကို ကျွန်မ မြင်ရပါ သည်။
”မင်းဝမ်းနည်းတိုင်း ငါ တစ်ယောက်တည်း ဒီလိုကြုံရတာ မဟုတ်ဘူးလို့သာတွေး၊ ငါ့ထက် ဝမ်းနည်းစရာဘဝတွေတောင် ရှိနိုင် တယ်လို့တွေး သိလား”
သူကပဲ နှစ်သိမ့်တတ်တာလား၊ ကျွန်မကပဲ အမှန်ကို မြင်သွားသည် လားမသိ။ သူ နှုတ်ဆက်၍ ထွက် သွားသည့်နောက် မျက်ရည်မကျဖြစ် တော့။ အမေ့ကို ရည်မှန်းမေ တ္တာပို့ ရင်း လူကလည်းပဲ နည်းနည်းတော့ စိတ်လက်ပေါ့ပါးလာပါသည်။ ညနေပိုင်းတော့ အခန်းဖော် ပြန်ရောက်လာလျှင် ကျွန်မသည် နံနက်ပိုင်းက အဖြစ်လေးကို ဘာ ရယ်မဟုတ် ပြန်ပြောပြမိပါသည်။ မမအပေါ် ကျွန်မ ခင်မင်စိတ်ဝင် လာသည့်အကြောင်းဖြစ်၍ ပြောပြ ခဲ့မိတာပင်။
”ငါ့ထက် ဝမ်းနည်းစရာဘဝ တွေတောင် ရှိတယ်လို့တွေးလို့ အား ပေးမှာပေါ့ကွယ်၊ သူက မိဘလည်း  မရှိတော့ဘူးလေ။ အစ်မ တစ်ယောက် တည်း ရှိတာ။ အဲဒီ အစ်မနဲ့က လည်း သိပ်အနေမနီးဘူးဆိုလား။ သူက တကယ်ကို တစ်ယောက်တည်း သမားကိုး”အခန်းဖော်၏စကားကို ကြား ရချိန်မှာတော့ ကျွန်မတွင် ပြောစရာ စကားများ ပင် ပျောက်ဆုံးသလို ဖြစ် လာပါသည်။ သူ့ကို တစ်ပြန်တစ် လှည့် စာနာစိတ်ဝင်လာ၏။ ကျွန်မ ကို အားပေးစဉ်ကပြောခဲ့သောစကား များသည် စင်စစ်တော့ သူ့နှလုံးအိမ် ထဲက ထွက်ကျလာတယ် ထင်ပါ သည်။
ငါ့ထက် ဝမ်းနည်းစရာဘဝ တွေတောင် ရှိနိုင်တယ်လို့တွေး..။ ကျွန်မသည် သူ့စကားသံကို ပြန် ကြားယောင်လာ၏။ ကျွန်မကို နှစ်သိမ့်နေသော ခဏ၌ မေတ္တာနှင့် နူးညံ့ေ နသော မျက်နှာကိုလည်း ပြန်မြင်ယောင်လာပါသည်။ ဟို ယခင်ကတော့ သူ့မျက်နှာကိုစေ့စေ့ ကြည့်ဖူးသည်မဟုတ်။ အဆောင်သူ များက ဝိုင်းဝန်းခင်မင်နေကြသည်ကို ပင် အံ့သြသည်ကလွဲ၍ စိတ်ဝင် တစား စကားဆိုလိုခဲ့သည်မဟုတ်။ ခုတော့ ကျွန်မ၏ စိတ်နှလုံးသည် သူနှင့်ရင်းနှီးလာသလို ခံစားလာရ ပြီ။
နောက်ရက်များတွင်တော့ ထိုစိတ်နှလုံး၏ ယုံကြည်ရာက တွန်း ပို့သည်ဖြစ်၍ သူနှင့်လျင်မြန်စွာ နီးကပ်လာခဲ့ပါသည်။ ကျွန်မတို့သည် အလုပ်သွားရန် ကားမှတ်တိုင်သို့ သွားချိန်တွင် အဆောင်မှအတူထွက် ကြသည်။ လမ်းထဲက လက်ဖက်ရည် ဆိုင်မှာ နံနက်စာအတူစားတတ်ကြ သည်။ လက်ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းက ထမင်းဆိုင် မှာ ထမင်းဘူးထဲ နေ့လယ်စာအတွက် ထမင်းနှင့်ဟင်း ဝယ်ဖြည့်ကြသည်။ ဒါသည် ကျွန်မတို့၏ နံနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ ဖြစ်လာပါ သည်။
ညနေပိုင်းများတွင်တော့ ပြန် ရောက်ချိန်က မတူသည်မို့ ကိုယ့် အစီအစဉ်နှင့်ကိုယ်သာ။ သူနှင့် အနီးကပ်နေမိသည်နှင့်အမျှ သူ့စိတ် ထဲသို့ ကျွန်မ မှန်းမြင်တတ်လာပါ သည်။  လောကတွင် စိတ်နာကျင် ဖွယ်တို့ကို လက်ခံခဲ့ရသမျှ အဖြစ် အပျက်အားလုံးကို ရယ်စရာအသွင် ဖြင့်သာ ကျော်ဖြတ်တတ်တော့သည် ကိုလည်း နားလည်လာ ခဲ့သည်။ ယခင်က ပျော်ပျော်နေတတ်လွန်းသူ ဟု အဆိုးမြင် မြင်မိတော့မတတ် ဖြစ်ခဲ့ဖူးသည်ကိုပင် အားနာလာခဲ့ရ ပါသည်။
ကျွန်မ မက်မောခဲ့ဖူးသော အခန်းလေးထဲသို့ ရောက်စနေ့မှာပင် တစ်ချိန်က သူ့အပေါ် မြင်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်းပင် ပြောမိသည်။ သူကတော့ ထုံးစံအတိုင်း ရယ်မော လျက်သာ။ အခန်းလေးအပေါ် ကျွန်မ လိုချင်တပ်မက်ပုံကို ကြားရ တော့လည်း ရယ်မောမဆုံး။
”ကိုယ်က အဆောင်ဆွေးကြီး မှန်းသိတော့ အခန်းမရတော့ပါဘူး ဆိုပြီး စိတ်ပျက်မသွားဘူးလား”
”ဟာ ဘယ်နေမလဲ စိတ်ပျက် တာပေါ့” ဟု ဆိုလျှင် သူ့ရယ်သံမှာ အခန်းပြင်ပင် လျှံထွက်နေတော့ သည်။
”အခုကော ဆိုစမ်းပါဦး။ ကိုယ့် အခန်းရချင်သေးလား”
”မလိုတော့ပါဘူးလေ။ အခု ကျွန်မ နှစ်ခန်းစလုံး စိတ်ကြိုက်နေ နိုင်တာပဲဟာ။ မမအခန်းလည်း တံခါးမရှိ ဝင်နိုင်တာပဲ တော်ပြီ”
ကျွန်မသည် ထိုအခန်းလေးသို့ ညချမ်းတိုင်း ခဏတော့ဖြစ်ဖြစ် ရောက်တတ်သည်။ သူ့အခန်းလေး မှာ ခုတော့ ကျွန်မနှင့် ရင်းနှီးနေပါ ပြီ။ အခန်းမှာ အမြဲလိုရှင်းလင်းသပ် ရပ်နေသည်။ အိပ်ရာကအစ အဝတ် အစားလေးများ ချိတ်ထားပုံအဆုံး သပ်သပ်ရပ်ရပ်ပင်။ စာအုပ်ကလေး များကို အစီအရီထားပုံမှာလည်း ကျွန်မနှင့် ကွာလှပါပေသည်။ ပြီး တော့ ဘုရားစင်ကို အခန်းထဲ၌ တရို တသေထားသူ၊ သစ်သီး၊ ပန်း အစဉ် ဆက်ကပ်သူ။ သူ့အခန်းထဲရောက် လျှင် ကျွန်မစိတ်မှာ အေးချမ်းနေရ တတ်ပါသည်။
ကျွန်မတို့သည် အသက်အရွယ် ချင်းကွာသော်လည်း စိတ်နှလုံးတူ၊ အမြင်တူသည်မို့ စကားဆိုရာတွင် အဆင်ချောလှ၏။ စာအကြောင်း လည်း ပြောကြသည်။ သူက ရသ စာပေကို စွဲလမ်းသူ။ စာအုပ်များကို လည်း စုဆောင်းတတ်သူ။ သည့် အပြင် ရုပ်ရှင်များကို ထူးထူးခြားခြား နှစ်သက်သူ။နေပြည်တော် ရုပ်ရှင်ရုံတွင် ဇာတ်ကားသစ်လဲ တိုင်း ကျွန်မက အဖော်လိုက်ပေးရသည်။ စာအုပ်ဆိုင် များတွင် အေးအေးလူလူ စာအုပ်ရှာ ချင်လျှင် အတူပါရသည်။ အတူသွား လာတိုင်း သဘောကျရမည်လား အံ့အား သင့်ရမည်လား မဆိုနိုင်သော သူ့အမူအကျင့်များကို ကြုံရတတ် ပါသည်။ သူသည် လိုင်းကားကြပ် လည်း ကျွန်မလို ညည်းညူတတ်သူ မဟုတ်။
ပိုက်ဆံအိတ်ထဲ ငွေနည်းနေ လျှင်လည်း အားငယ်နေတတ်သူ မဟုတ်။ အဝတ်အစားသစ် မဝတ်နိုင် လျှင်၊ ဖိနပ်အသစ်မလဲနိုင်လျှင် မျက်နှာငယ်တယ် ထင်တတ်သူ မဟု တ်။ သူ့တွင် ပိုက်ဆံတော်တော် နည်းနေပြီဆိုလျှင် ကျွန်မ ကျွေးသည် ကိုလည်း မစားတော့ပါ။ ကိုယ်မှ ပြန် မကျွေးနိုင်သေးဘဲတဲ့။ စားလျှင်လည်း သူ့ကိုယ်တာကို အတင်း ရှင်းတတ်ပါ သည်။ သို့ပေမယ့် လကုန်ရက် ငွေပြတ်တုန်း ရုပ်ရှင်ပြမည်ဆိုလျှင် တော့ လိုက်ကြည့်တတ်ပြန်သည်။
”ကိုယ်က မျိုသာမကျတာ။ မျက်လုံးနဲ့တော့ ရတယ်လေ” ဟုဆို တော့ ကျွန်မမှာ ရယ်မောရပါ သည်။တစ်ခါတစ်ရံတော့ သူ့ဘဝ ဇာတ်ကြောင်းများကို မမေးဘဲ မနေနိုင် တစ်ခွန်းစ နှစ်ခွန်းစမေးမိ တတ်ပါသည်။ သူသည် စိတ်လို လက်ရရှိလျှင်တော့ သည်အကြောင်း များကို သိုင်းဝိုင်းပြောပြတတ်ပြန် သည်။
”ကိုယ့်အစ်မက ရန်ကုန်မှာတင် နေတာပဲ။ ကိုယ်က သူ့ကိုချစ်တော့ ချစ်ပါတယ်လေ။ ဒါပေမဲ့ သိပ်မသွား ပါဘူး သိတယ်မို့လား။ သူကလည်း စီးပွားရေးသိပ်အဆင်မပြေ၊ သား သမီးတွေနဲ့ ပတ်ချာလည်နေတုန်း ကိုယ့်ကိုမြင်ရရင် မောမှာစိုးလို့။ ကိုယ့်ကို သူပြန်မကြည့်နိုင်ဘူးလို့ စိတ်မကောင်းမဖြစ်စေချင်တာ”
”မမကလည်း ကိုယ့်မှာ ဒီအစ်မ လေးတစ်ယောက်ပဲ ရှိတဲ့ဟာ။ အဆက်အသွယ်တော့ လုပ်ပေါ့”
”လုပ်ပါတယ် ဖြူဖြူရယ်၊ ကိုယ် ဖုန်းဆက်ပါတယ်”
သြော်ဟု ကျေနပ်စွာရေရွတ်ဆဲ နှစ်လလောက်နေရင် တစ်ကြိမ်ပေါ့ဟု ဆိုတော့ ကျွန်မမှာ ရယ်ပဲရယ်ရမလို ပင့်သက်ပဲရှိုက်ရမလို။
”သူက သိပ်စိတ်ပျော့တာ။ ကျန်းမာရေးကလည်း သိပ်ကောင်း တာ မဟုတ်ဘူး။ တစ်ခုခုဆို ကိုယ်က ဟန်ဆောင်နေရတယ်။ သူ့ရှေ့ဘာမှ မညည်းရဲဘူး။ ကိုယ်ကလည်း   နေတတ်ပါပြီလေ။ အမေဆုံးပြီဆို ကတည်းက စိတ်ကိုထားတတ်အောင် ထားပြီးနေလာတာပဲ။ ၁၅ နှစ်နီးပါး ရှိပြီ ကိုယ့်မှာ မိဘရယ်လို့ အားကိုး စရာမှ မရှိတော့တာ။ အခုထိ ကိုယ် ဘယ်သူ့မှတော့ အားမကိုးခဲ့ရဘူး။ အားလည်း မကိုးချင်ဘူး။ ကိုယ့် ကြောင့် ဘယ်သူမှ ဝန်မလေးစေချင် ဘူးလေ။ လောကမှာ တစ်ယောက် တည်းလည်း ကိုယ်ပျော်အောင် နေ တတ်ပါတယ်”
”အဆောင်မှာ ညီမတွေ အများ ကြီးပဲဟာ မမကလည်း” ဟုဆိုတော့ သူက ရယ်မောပြန်၏။
”ဟုတ်ပါတယ်ကွယ်၊ ကိုယ့်ကို ခင်ကြတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ခုကတည်းက ကြိုပြောထားရမယ်။ ဘယ်ကိစ္စကိုမဆို ကိုယ်မပြောလို့ မသိရင် စိတ်မဆိုးနဲ့။ ငါ့ကို မခင် ဘူး လို့တော့ မတွေးလေနဲ့။ ကိုယ်က စကားအကုန်ပြောမှာ မဟုတ်ဘူး။ အပူတွေကို ကိုယ်လည်း လက်မခံ ဘူး။ လက်ခံခဲ့ရင်တောင် မိတ်ဆွေ တွေကို ထပ်မပေးချင်ဘူး”
သူ့မျက်နှာက အပြုံးတစ်စကို ငေးကာ ကျွန်မ ခေါင်းညိတ်ခဲ့ရပါ သည်။
သည်လိုစကားများကို နာယူ ကာ ကျွန်မသည် သူအလုပ်အဆင်ပြေ လေသလား၊ လူမှုရေးအဆင်ပြေလေ သလားစသည်ဖြင့် မေးခွန်းထုတ်ခြင်း ကင်းခဲ့ပါသည်။ ကျွန်မ သည် မိတ် ဆွေစစ်သာ ဖြစ်လိုခဲ့၏။ အခန်းဖော် ကတော့ မှတ်ချက်ပေးသည်မှာ ညီအစ်မလိုပဲတဲ့။ ပြောခဲ့ဖူးသော စကားများ အတိုင်းပင် သူသည် ဘဝ၏အချိုး အကွေ့အ ချို့ကို နောက်ကျမှပင် ကျွန်မကို အသိပေးခဲ့ဖူးပါသည်။ ကျွန်မအတွက်တော့ ကြားရသည်မှာ ပင် စိတ်နာကျင်ဖွယ်။ သို့သော် သူ ဘယ်လိုများ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါ လိမ့်။ ဖွင့်ပြောစရာလူမရှိပါဘဲ ရင်ထဲ ဘယ်လို သိုဝှက်ခဲ့ပါလိမ့်။ နောက်ကျ မှ သိခွင့်ရရချည်ရယ်လို့ အပြစ်မဆို သာ။ ဒါသည် သူ့အမူအကျင့်ပေ ပဲ။တစ်ကြိမ်ကတော့ သူ စိတ်နှ လုံး တည်မီရာ၊ သို့သော် ချစ်သူဟုဆိုသင့် သည်လား မသေချာသော လူ တစ်ယောက်ကို လက်လွတ်ရချိန်ပင်။ ကျွန်မသည် သူနှင့်ခင်မင်ရင်းနှီးသည့် ကာလတိုအတွင်း အဲသည်တစ်ယောက် အကြောင်းကို သိပ်မကြားဖူးဘူး ထင်သည်။ သူပြောခဲ့ဖူးသလား ပြန် စဉ်းစားတော့ မရေရာ။ ညနေခင်းက အောင်နဲ့တွေ့နေလို့လေဟု တစ်ကြိမ်   တော့ ပြောဖူးသလိုပဲ။ သို့သော် မရေရာ။
ကျွန်မသိခွင့်ရတော့ သူတို့ဝေး ကွာသည်မှာ တစ်လကျော်ပြီ။
”သူက ကိုယ့်ထက် ခုနစ်နှစ် လောက် ငယ်တယ်သိလား။ ဒါပေမဲ့ ကိုယ့်ကို နားလည်တယ်။ မင်းလိုပဲ နားလည်ပေးနိုင်တယ်ဖြူဖြူရဲ့။ သူက ကိုယ့်ကို ချစ်တယ်လို့ ဘယ် တုန် ကမှ မပြောခဲ့ဘူး။ သူ မပြောတော့ ကိုယ် လည်း ပြောစရာမလိုခဲ့ဘူး။ ကိုယ်တို့ တကယ့် မိတ်ဆွေစစ်တွေလိုပဲ တစ် ယောက်လိုအပ်ချိန်မှာ တစ်ယောက် ရှိခဲ့တယ်။ ဒါပါပဲကွယ်၊ ခုတော့ သူက သူ့မြို့ကို ပြန်သွားခဲ့ပြီ။ မိဘ တွေက အိမ်ထောင်ချပေးသတဲ့ လေ”
ကျွန်မသည် သူ့နှုတ်ခမ်းပေါ်က အပြုံးကို ငေးနေခဲ့ပါသည်။ အပြုံး ကတော့ နူးညံ့လို့ပါပဲ။ မျက်နှာက လည်း ကြည်လင်လို့ပါပဲ။ နှလုံးသား ကိုတော့ မမြင်သာ။
”မတားဘူးလား မမရယ်”
”တားရအောင် ကိုယ့်မှာ ..”
အဲသည်နောက် သူ ဘာမှ ဆက်မပြောတော့ပါ။ ကျွန်မလည်း ဆက်မမေးတော့ပါ။ သူပြောလို သည့်အချိန် ဘယ်အချိန်မဆို စကား လုံးများစွာကို ကျွန်မနားထောင်ေ ပး နိုင်ပါသည်။ သို့သော် သူ ထုတ်ဖော် မပြောလျှင်တော့ ဘယ်သောအခါမှ မေးမြန်းခြင်းဖြင့် နာကျင်စေမည် မဟုတ်ပါ။ကျွန်မသည် နောက်ပိုင်းရက် များ၌ သူ့ကိုနှစ်သိမ့် လိုစိတ်နှင့် အရင်ထက် ဂရုတစိုက်ရှိရသည်။ သူ့မျက်နှာရိပ်မျက်နှာကဲကို အကဲ ခတ်ရသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးကိုသာ တွေ့ရမြဲ။
သည်လိုနှင့် စိတ်ချလက်ချရှိ လာဆဲ တစ်ရက်မှာတော့ သူ အဆောင်သို့ ပြန်ရောက်မလာသည် ကို ကြုံရပါသည်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ်။ တစ်ပတ် မျှကြာသည်။ ကျွန်မ သူနှင့် ရင်းနှီးသည့် ကာလတစ်လျှောက် သည်လို တစ်ကြိမ်မျှ မကြုံဖူးပါ။အဆောင်တွင် သူ့သတင်းကို ဘယ်သူမှ မသိပါပေ။ အဆောင်ရှင် ကိုတော့ ခရီးသွားနေကြောင်း ခွင့်လှမ်းတိုင်သည်ဟု တစ်ဆင့်စကား ကြားပါသည်။ သို့သော် ကျွန်မ အဲသည်စကားကို မယုံ။ တစ်ခုခုတော့ ထူးခြားနေမည်ဟုသိသည်။ တစ်ဖက် က သိလိုစိတ်နှင့် အခြားသော တစ်ဖက်က ပူပန်စိတ်တို့ အားပြိုင် ကာ အဲသည်ရက်များက ကျွန်မမှာ နေမရထိုင်မရဖြစ်ရသည်။
တစ်ပတ်မျှကြာချိန်တွင်တော့ ညနေခင်း၌ သူသည် အဆောင်ကို ပုံမှန်လိုပင် ပြန်ရောက်လာ ပါသည်။ ကျွန်မသည် သူရောက်သည်ကို သိသည်နှင့် သူ့အခန်းလေးသို့ချက် ချင်းလို ရောက်သွားခဲ့ ၏။ သူ့မျက်နှာမှာ သိသိသာသာပင် ချောင်ကျနေ သည်ကို တွေ့ရပါသည်။ မျက်လုံးများက ခါတိုင်းလို တောက် တောက်ပပတော့ မရှိဘူးထင်သည်။ ကျွန်မ စိတ်ထင်လို့ပဲလား။ သူ့မျက်နှာ တွင် တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးသော အားငယ်ရိပ်ကို တွေ့ရသလိုပါပဲ။ သို့သော် ထိုအရိပ်သည် သူ ဖျတ်ခနဲ အပြုံးမှာ လွင့်ပျောက် သွားပြန် သည်။
”ဘယ်ရောက်နေတာလဲ မမ ရယ်။ ကျွန်မမှာ စိတ်ပူလို့” ဟုဆိုလျှင် သူသည် ကျွန်မမျက်နှာကို တစ်ကြိမ်မှ မမြင်ဖူးသူလို တစ်ခဏငေးနေ၏။
”စိတ်မကောင်းဖြစ်မှာစိုးလို့ ကိုယ်မပြောတာ။ အန်တီတောင် မပြောရသေးဘူး။ ကိုယ့်အစ်မ ဆုံး သွားပြီဖြူဖြူရယ်”
အို…။ ကျွန်မ သူ့လက်များကို ဆုပ်ကိုင်လိုက်ပါသည်။ သူသည် ပင့်သက်တစ်ချက်ရှိုက်ကာ ကျွန်မ လက်များကို ပြန်လှန်ဆုပ်ထားသည်။ အဲသည်ခဏ၌ သူငိုတော့မလား ဟု ကျွန်မ ထင်နေခဲ့သည်။ သို့သော် သူ မငိုပါ။ အပြုံးများကတော့ လျော့ရဲရဲ ဟု ထင်ရပါသည်။
”ကလေးနှစ်ယောက်က လက် လွတ်ရတဲ့အရွယ်မို့ တော်သေးတာ ပေါ့လေ။ သူတို့အဖေဘက်က ဆွေမျိုးများတော့ သူတို့အတွက် ပူစရာတော့လည်း မရှိပါဘူး။ ကိုယ့် ကိုေ တာ့ သူတို့က လာနေစေချင် တယ်။ အဆောင်မှာမနေဘဲ လာနေ ဖို့တဲ့။ ဒါပေမဲ့ ဘယ်သင့်တော်ပါ့ မလဲကွယ်။ အစ်မ ရှိတုန်းကတောင် ကိုယ်ကတစ်ယောက်တည်း နေလာ တာပဲဟာ”
ခုတော့ တကယ့်ကိုတစ်ယောက် တည်း..။ အဲသည်ညနေခင်းက ကျွန်မသူ့ကိုငေးရင်း တွေးခဲ့ မိသည်။ သူ့ကို စိတ်ပိုင်းဆိုင်ရာအားပေးဖို့ လို မည်ဟုလည်း ကျွန်မထင်ခဲ့ပါ သည်။ သို့သော် သည်တစ်ကြိမ်တွင် လည်း ကျွန်မ အထင်မှားယွင်းခဲ့ပြန် သည်။ သူသည် ရက်အနည်းငယ်မျှ ကြာလျှင် ပေါ့ပေါ့ပါးပါး ရှိနေသည်သို့ မြင်လာရပါသည်။ သူ့မျက်လုံးများ လည်း မှုန်မှိုင်းမနေ။ အပြုံးများက လည်း တောက်တောက်ပပပါ။
ညနေခင်း သူမို့ အဆောင်ပြန် ရောက်လျှင် ရယ်သံကို ပုံမှန်လိုကြား ရမြဲ။ သူ့စာအုပ်စင်တွင် စာအုပ်များ တဖြည်းဖြည်းများလာကာ သူ့ကို လည်း အားလပ်သည်နှင့် စာအုပ် တစ်အုပ် လက်ထဲကိုင်ထားသည်ကို သာ တွေ့ရမြဲ။ သူ့အခန်းသည် သပ်ရပ်သန့်စင်ကာ ဆီမီးရေချမ်းကပ် သော ဘုရားစင်နှင့် အေးချမ်းမြဲ။ သူ့ မျက်နှာသည်လည်း ဘယ်သောအခါ ကမျှ သောကကို မကြုံးဖူးသူလို ကြည်လင်မြဲ။
ကျွန်မတို့သည် အရာရာပုံမှန် လည်ပတ်ကြဆဲ တစ်ရက်တွင်တော့ အားလုံးခွဲခွာကြရဖို့ ဖန်လာပါသည်။ အန်တီက အဆောင်ကို ကန်ထရိုက် ပေးကာ တိုက်ခန်းပြောင်းေ ဆာက် မည်တဲ့။ လှည်းတန်းသည် ထိုကာလ ၌ လုံးချင်းအိမ်ငယ်လေးများစွာ တိုက်ခန်းအဖြစ် ပြောင်းကြလျှင် ကျွန်မတို့ အဆောင်သည်လည်း အပါအဝင်ဖြစ်လာ ပါသည်။
ပြောင်းကြရမည်ဆိုတော့လည်း တစ်ယောက် တစ်နေရာစီ။ သူက လှည်းတန်းတွင်ပင် အဆောင်ရ အောင် ရှာဦးမည်ဆို၏။ ကျွန်မက တော့ မန္တလေးက သူငယ်ချင်းများ ရန်ကုန်ကို ရောက်လာကြသည်ဖြစ် ရာ သူတို့နှင့်အတူနေကြဖို့ တာမွေ သို့ ပြောင်းခဲ့ရပါသည်။ပထမတော့ မကြာမကြာဆုံကြ ပါမည်ဟု ကျွန်မတို့ ကတိထားခဲ့ကြ သည်။ တကယ်လည်း နှစ်ကြိမ်၊ သုံးကြိမ်မျှ ဆုံဖြစ်ကြသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ သိပ်မတွေ့ ဖြစ်တော့ပါ။ အကြိမ်ရေ ကျဲပါးရာက တဖြည်းဖြည်း ဝေးခဲ့ကြ ပါသည်။
***
လှေကားထစ်လေးများပေါ် ခြေချနင်းတက်ရင်းက ကျွန်မသည် သူ့မျက်နှာကိုသာ ပြေး၍ မြင်ယောင် နေမိပါသည်။ သူ့ကို ကျွန်မ ဘယ်သို့ မြင်တွေ့ရမည်နည်း။ပြီးခဲ့ သည့်တစ်ရက်ကမှ သူနှင့် ပတ်သက်သော သတင်းစကားကို ကျွန်မရပေသည်။ အဲသည် နေ့က ညနေခင်းရုံးအဆင်းတွင် လှည်းတန်း သို့ ရောက်ပါသည်။ လအနည်း ငယ်မျှ ဝေးကွာသည်အတွင်း ကျွန်မချစ် သောအရပ်သည် ယခင်လိုပင် စည် ကားမြဲ။ လူငယ်တို့၏ တက်ြ<ွကသော မျက်နှာများ၊ အပြုံးများကို တွေ့ရ မြဲ။ဘယ်ကိုသွား မည်ဟု ရည်ရွယ် ချက်လည်းမရှိသည်မို့ ဟိုငေး သည် ငေးသာ လျှောက်လာခဲ့မိပါသည်။ တစ်နေရာတွင်တော့ ကျွန်မ၏နာမည်ကို လှမ်းခေါ်လိုက်သံကြောင့် ခြေစုံရပ်ကာ လှည့် ကြည့်ရသည်။
မုန့်ဟင်းခါးစားနေပုံရသော မိန်းကလေးသည် ဆိုင်လေးထဲက အပြေးထွက်လာသည်ကို မြင်ရ၏။ မြင်လျှင်မြင်ချင်းပင် တစ်ဆောင် တည်း အတူနေခဲ့ဖူးသူဟု ကျွန်မ မှတ် မိလိုက်ပါသည်။နေကောင်းလားမှ အစပြုကာ မေးခွန်းများ မေးသည်ကို ဖြေရသည်။ ကျွန်မတို့သည် လမ်းဘေးတွင်ပင် တိုးကပ်ရပ်ကာ စကားစမြည်ပြော ကြသည်။ မိန်းကလေးကပင် မေးရင်း ပြောရင်းနှင့် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရဟန်ရှိလာပါသည်။
”ဟယ် မေ့လို့ကြည့်စမ်း။ မမ အကြောင်း သိတယ်မို့လားဟင် အစ်မ။ ကြားတယ်မဟုတ် လား”
”ဘာမှတော့မကြားဘူး ညီမ လေးရဲ့။ အစ်မလည်း မတွေ့တာ ဘယ်နှလရှိပြီမှန်းတောင် မသိဘူး”
”အစ်မရယ်။ မမလေ သနားပါ တယ်။ သူ့အဆောင်မီးလောင်လို့ တဲ့”
အို…။ မိန်းကလေးကို ပါးစပ်အဟောင်းသားနှင့် ကျွန်မငေး နေမိပါသည်။ ဘာမှပင် ဆက်မမေး နိုင်။ ရုတ်ချည်းဆိုသလို ပေါ်လာ သော ပူပန်စိတ်ကလည်း ရင်ထဲ လှုပ် ခတ်နေသည်။
”ရုံးချိန်ဖြစ်တာ အစ်မရဲ့။ ဘာမှတောင် ပြန်မရလိုက်ဘူးလေ။ မမအခန်းလေးက အကုန်ပါတယ် ဆိုလား။ ညီမတို့တောင် ချက်ချင်း မသိကြဘူး။ ခရီးကပြန်ရောက်တော့ မှ ကြားတာ”
ကျွန်မသည် ရုတ်တရက် ငိုချ ချင်သလို ဝမ်းပန်းတနည်းဖြစ်စပြု လာပါသည်။ သူ့ကို ဘာကြောင့်များ သည်လောက် ကာလရှည်ကြာ အဆက်အသွယ် မလုပ်မိပါသနည်း။ သူကတော့ ဆက်သွယ်မည့်သူ မဟုတ်။ အခက်အခဲကြုံချိန်မှာ ဘယ်သောအခါမျှ ဆက်သွယ်မည် မဟုတ်။
”အခု သူဘယ်မှာနေသလဲ သိလားဟင်”
”ညီမတော့ မသိဘူးအစ်မရဲ့။ သိတဲ့ တစ်ယောက်ရဲ့ ဖုန်းနံပါတ် တော့ အစ်မကိုပေးလိုက်မယ်။ ညီမ ဘေးအခန်းက မြောင်းမြသူသိတယ် မို့လားအစ်မ။
သူ့ကို မေးကြည့်လိုက် နော်။
ခုတော့ အဆင့်ဆင့်ရခဲ့သော လိပ်စာအတိုင်း သူ့ဆီအရောက်လာခဲ့ ပေပြီ။
မလာခင်တော့ သူ့ကို ဖုန်းကြို ဆက်ရန်မကြိုးစားခဲ့ပါ။ ရုံးဖုန်းကို သိထားသော်လည်း ကြိုပြော မနေ ချင်။ သူရှိနေမည်ဟု မျှော်လင့်ရသော တနင်္ဂနွေနေ့ ကို ရွေးကာေ ရာက်လာ ခဲ့ပြီ။ သူ့ကို ဘယ်သို့ တွေ့ရမည်နည်း ဟု စိတ်စောကာ ရောက်လာခဲ့ပြီ။အခန်းလေး မီးလောင်စဉ်က ဘာပစ္စည်းမျှ ပြန်မရလိုက်သောအခါ သူသည် လုပ်ဖော် ကိုင်ဖက်များ၏ အကူအညီကိုပင် လက်မခံချင်ဘဲ လက်ခံခဲ့ရသည်တဲ့။ အဲသည်စကား ကို တစ်ဆင့်ကြားရတုန်းက ကျွန်မ သည် သူ့စိတ်ရင်းကို နားလည်သူမို့ ဝမ်းနည်ြး ခင်းဖြစ်ရပါသေးသည်။ ခုတော့လည်း နှစ်လကျော်မျှ ရှိခဲ့ပြီ ပေါ့။ သည်တစ်ခါ အချိုးအကွေ့ကို သူဘယ်သို့များ ရင်ဆိုင်ခဲ့ပါသ နည်း။အတွေးစ တလည်လည်ကြား၌ ခြေ လှမ်းများကို ခရီးဆက်ရင်း ခုနစ် လွှာက အဆောင်ဖွဲ့ထားရာ အခန်း ဆီ ရောက်လာပါသည်။ အခန်းရှေ့ တွင် လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပြီး ခေတ္တမျှစောင့်ရသည်။ မိန်းကလေးငယ်တစ်ဦး ထွက်လာ လျှင် ကျွန်မ သူ့နာမည်ကိုမေးရသည်။ အခန်းညွှန်ပေးသည်ဖြစ်၍ ကျွန်မ ထိုအခန်းဆီ လျှောက်လာခဲ့၏။ မမရေ ဧည့်သည်ဟု သူ့ကိုအ သံပေး သည်ကို ကြုံလျှင်တော့ ပြုံးမိရပါ သည်။ နေရာပြောင်းခဲ့သော်လည်း သည်နာမည်က တွင်ဆဲပါတကား။အခန်းလေးရှေ့တွင်ရပ်ကာ တံခါးခေါက်ရန် လက်ရွယ်ဆဲ တံခါး က ရုတ်ချည်းဆိုသလို ပွင့်လာပါ သည်။ထိုခဏ၌ သူ့မျက်နှာတွင် အံ့အားသင့်သော အပြုံးသည် လက်ခနဲပေါ်လာ၏။ သူရယ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောပါ သည်။ ရယ်ဟန်မှာ ဟိုယခင်က အတိုင်း။ မျက်လုံးများကလည်း လိုက်ပါပြုံးရယ်နေသည်။ သူ့မူပိုင် အပြုံးသည် လှိုင်းတို့၏ အရိုက်ကိုပင် ကျော်လွန်ခဲ့ပေပြီ။
”အတော်ပဲ ကြည့်စမ်း ကိုယ် ရုပ်ရှင်ကြည့်ချင်နေတာနဲ့။ နေပြည် တော်ရုံမှာ ကားသစ်လဲတာ တစ်ပတ် ကျော်လို့မှ မကြည့်ရသေးဘူးဆိုရင် ကိုယ့်ရာဇဝင်ရိုင်းမယ်မို့လား”။
စံပယ်ဖြူနု
(ရတီမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၃)

Twitter Delicious Facebook Digg Stumbleupon Favorites More