ထမင်းဆိုင်

တံခါးများစေ့ ပိတ်၍ ငြိမ်ချက်သား ကောင်းနေသော ထမင်းဆိုင်လေးကို စပြီး သတိထား မိသည့် ပထမတစ်ရက်၊ နှစ်ရက်မှာတော့ ကျွန်မ စိတ်ထဲ ထူးထူးခြားခြား မရှိလှပါပေ။
သည့်အရင်ကလည်း အခါကြီး ရက်ကြီးမျိုးမှာ ဆိုင်ရှင် အန်တီကြီး နေမကောင်း ထိုင်မသာ ဖြစ်သည့် ရက်မျိုးမှာ တစ်ရက်လောက်တော့ ပိတ်တတ်လေရာ ဒါသည်လည်း ပုံမှန် ပိတ်ရိုး ပိတ်စဉ်ဟုသာ ကျွန်မတွေးခဲ့မိသည်။ သို့ပေမယ့် ရက်သတ္တပတ် တစ်ခုစာမျှ ကျော်လွန်လာသည့် အခါမှာတော့ ဘာများ ဖြစ်လို့ပါလိမ့်ဟု စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်စ ပြုလေသည်။

နေ့လယ်စာကို ရုံးက ကင်တင်းမှာ စားသောက ပြီးစီး၍ ဖြစ်သော်လည်း ညစာကိုတော့ အဆောင် အနီးအနားမှာသာ အလွယ်တကူ ဖြေရှင်း တတ်သူ ဖြစ်ရာ ဆိုင်ကလေး ပိတ်ထားသည့် ရက်ကြာမြင့် လာလျှင် ကျွန်မမှာ အလုပ်များပင် ပိုလာရသေးသည်။ အရင်ကတော့ မေ့မေ့ လျော့လျော စာဖတ်နေဖြစ်၍ အဆောင် ပိတ်ချိန် ကျော်လွန်မှ ထမင်းစားဖို့ သတိရသည့် အခါမျိုးမှာ အဆောင်နှင့် ခြံစည်းရိုးသာ ခြားထားသော ထမင်းဆိုင်လေး၌ အသံ လှမ်းပြုကာ ၀ယ်ယူ နိုင်ခဲ့သည် မဟုတ်လား။ ခုတော့သည်လို မဟုတ်ပြီ။ ညစာ အတွက် တကူးတက စီစဉ်ရသေးသည်။ အဆောင် မပိတ်မီ ထွက်၍ ၀ယ်ခြမ်းရသေးသည်။ သည်တော့မှပင် ပိတ်ထားမြဲ ဖြစ်သော ထမင်းဆိုင်ကို တမ်းတရသည်။ ဘယ်တော့မှ ပြန်ဖွင့်မယ်မသိဟု သိလိုစိတ် ၀င်ရလေသည်။


“ကွယ်၊ ထမင်းစားဖို့ အဆောင်ပြင် တစ်ခေါက် ထွက်ရဦးမှာပါလား”ဟု ညနေခင်းများ ၌ ကျွန်မ ညည်းညူလျှင် အခန်းဖော် မီမီက ရယ်မောတတ်သည်။ သူကတော့ ကော်ဖီ၊ ပေါင်မုန့်လောက်နှင့်လည်း ညဘက်ကို တင်းတိမ် နေတတ်သူ။ ကျွန်မလို ထမင်းကို တသသရှာနေ တတ်သူ မဟုတ်ပါပေ။


“ငါတော့ ပိတ်သွားပြီထင်တာပဲ ခိုင်ရဲ့၊ ဆိုင် များ ပြန်အပ်သွားပြီလား မသိ”


“ဘာလို့ ပြန်အပ်ရမှာတုံး”


”ရော်၊ နင် မရိပ်မိဘူးလား။ လမ်းထဲမှာ ထမင်းဆိုင်တွေ မှိုလို ပေါက်လာတော့ ဒီဆိုင်လေး ရောင်းအားကျသွားတဲ့ဟာ”


သြော် ဟု ကျွန်မ တီးတိုးရေရွတ်ရပါသည်။ တကယ်တော့ ပကတိ အခြေအနေကို ကျွန်မ မသိတာလည်း မဟုတ်ပေ။ သတိမထားမိဘဲ မနေနိုင်အောင် နေ့တိုင်း မြင်နေ၊ တွေ့နေရတာပဲ မဟုတ်လား။ သည်လမ်းထဲ ကျွန်မ ပြောင်းရွှေ့ လာသည့် အစဦးရက်များတုန်းကတော့ ထိုထမင်းဆိုင်သည် ဆိုင် အတွင်းထဲ၌ စားသောက်သူတွေ ရှိတတ်သည့် အပြင် လမ်းသွယ်လေး၏ ဘေးဘက် မြေသားပေါ်မှာပင် ၀ိုင်းများ ခင်း၍ ရောင်းချခဲ့ရဖူးတာ အမှတ်ရလေသည်။


ထိုစဉ်ကတော့ လမ်းထဲတွင် ထမင်းဆိုင်များစွာ မရှိသေး။ နှစ်ဆိုင်လောက်သာ ရှိသည် ထင်သည်။ အဲသည်ဆိုင် နှစ်ဆိုင်မှာလည်း သူ့ပရိသတ်နှင့်သူ ရှိမြဲ။ အထူး သဖြင့် ဘော်ဒါဆောင် များပြားသော လှည်းတန်း၌ ကျွန်မလိုပင် ထမင်း တစ်နပ်စာကို အလွယ် ဖြေရှင်းကြရသော အဆောင်နေသူတို့လည်း များလှသည် ဖြစ်၍ ထမင်းဆိုင်များတွင် ရောင်းလိုအားနှင့် ၀ယ်လိုအားက မျှတမြဲ။ နှစ်သက်ရာ ရွေးချယ်ခွင့်၌ ဈေးကွက်ကလည်း အဆင်ပြေမြဲပင်။ အကယ်၍သာ ပုံမှန် ၀ယ်လိုအားထက် ရောင်းလိုအားက ပိုမလာခဲ့ဘူးဆိုလျှင် ဘာမှ ပြောစရာမရှိ။


သို့သော် တစ်နှစ်မျှ ကာလ အတွင်း ကျွန်မတို့ မျက်စိရှေ့မှောက်တွင်ပင် ထမင်းဆိုင်များ နှစ်ဆိုင်က သုံးဆိုင်၊ သုံးဆိုင်က လေးဆိုင် ဖြစ်လာသည်ကို ကြုံကြရလေသည်။ တစ်ဆိုင်နှင့် တစ်ဆိုင်သည် များစွာမဝေးလှ။ ပြီးတော့ နောက်ဖွင့်သော ဆိုင်အသစ်များ၌ ဟင်းချက်လက်ရာ ကောင်းသည်ဟု ပြောစမှတ်ပြုလာကြတာ ကြားရသေးသည်။ တော်တော် ပြိုင်ဆိုင်ရမှာပဲနော်ဟု ကျွန်မတို့ အဆောင်သူ အချင်းချင်း တီးတိုးစကား ဆိုဆဲ။ ထမင်းဆိုင်ဟောင်းလေးမှာတော့ များစွာ အပြောင်းအလဲ မရှိသည်ကို မြင်ကြရပြန်သည်။


ကျွန်မသည် ရုံး အသွား အပြန်၌ ဆိုင်ရှေ့က ဖြတ်ရသည့်အခါ၊ ညဘက် ထမင်း လှမ်းဝယ် သည့်အခါ ဆိုင်ကို အကဲခတ်မိ မြဲဖြစ်သော်လည်း ဆိုင်ရှင်မှာ အနေ အေးဆေးမြဲ ဖြစ်သည်ကို တွေ့ရလေသည်။ ဆိုင်ရှင် အန်တီကြီးသည် အသက် ၅၀ ကျော် မျှရှိပြီ။ သူ့တွင် သားတစ်ယောက်၊ သမီးတစ် ယောက်သာ ရှိသည်တဲ့။ သမီးကလေးမှာ ဆိုင်ကို ရံဖန်ရံခါမှသာ လာတတ်ပြီး သားကလေးကတော့ ကူဖော် လောင်ဖက် ရလှပါပေသည်။ အန်တီကြီးနှင့် အဖော် မိန်းမတစ်ဦးမှာ ဆိုင်၌ ချက်ပြုတ်ရုံ တာဝန်သာ။ သားနှင့် အလုပ်သမား လူငယ်လေး နှစ်ယောက်ကပဲ စားသုံးသူ လာလျှင် မှာသည့် ထမင်းဟင်း ချပေး၊ ငွေသိမ်းပေးနှင့် အလုပ်ကို နိုင်နင်းတာ တွေ့ရမြဲ။ ရံဖန်ရံခါ၌ သား လုပ်သူကိုယ်တိုင် ၀င်၍ ချက်ပြုတ် တတ်သေးသည်။


တစ်နှစ်မျှကာလ အတွင်း သူတို့တွေ၏ ထမင်းဆိုင်နှင့် ရင်းနှီးလာရသည် ဖြစ်၍ အပြိုင် အဆိုင်များ ပေါ်လာသည့်နောက် ဆိုင်၏မြင်ကွင်း တဖြည်းဖြည်း ပြောင်းလဲ လာရခြင်းကို ကျွန်မ စိတ်မကောင်း ဖြစ်ရပါသည်။ ၀ယ်လိုအားကို ထိန်းထားရသည်၌ သူတို့ မရှုံးနိမ့်စေချင်ပေ။ သို့သော် သူတို့မှာ ပြိုင်ဆိုင်လို စိတ်များ နည်း၍ နေသလား မသိ။ ပတ်ဝန်းကျင်ကို စူးစမ်းလိုဟန် မပြဘဲ ကိုယ့်ဥခွံမှာသာ ကိုယ်ငြိမ်ဝပ်စွာ နေကြသည်ဟု ကျွန်မ မြင်ပါသည်။


အဆောင်မှာတော့ ဆိုင်အသစ်များထံ ပြောင်းလဲ စားသောက်သူ တချို့ ရှိလာပေပြီ။ အသစ် ဘယ်လောက် ကောင်းကောင်း အဟောင်း တ၀ဲ လည်လည် ဆိုပေမယ့် အသစ်က ပိုမိုကောင်း မွန်နေပြန်တဲ့ အခါ အဟောင်းဆီ ခြေဦးလှည့်ဖို့ ခက်ခဲနေပြီလား မသိ။ စားကောင်းတယ်၊ သွား စားကြည့်ဟု ကျွန်မကိုပင် လက်တို့ကြသေးသည်။ သည်အထဲ မီမီလည်း ပါဝင်လာခဲ့တာကို သိခွင့်ကြုံရပြန်သည်။


“ရောင်းအားကျတာလည်း မပြောနဲ့ ခိုင်ရဲ့။ နောက်ဖွင့်တဲ့ ဆိုင်တွေက အပြိုင်ရောင်း နေတာကိုး။ ပြီးတော့ စားလို့လည်း ကောင်းနေပြန်ရော။ အန်တီ ကြီးတို့ဆိုင်က ဟင်းတွေက ခပ်ရိုးရိုးတွေရယ်။ အသား၊ ငါး ဆီပြန်ချက်၊ အရွက်ကြော် ဒါလောက် ပဲ”


“ဆိုင်အသစ်တွေမှာကရော”


“ဆိုင်အသစ်တွေမှာက ဟင်းအမယ် စုံတယ်။ ပြင်ဆင်ထားပုံကလည်း စားချင် စဖွယ်ပဲခိုင်ရဲ့။ ပြီးတော့ နောက်တစ်ခု ကွာနေတာ ရှိသေးတယ်”

ကျွန်မမှာ မီမီကိုသာ စိတ်ဝင်တစား ငေးကြည့် နေမိသည်။

“ဈေးနှုန်းကလည်း အဆင်ပြေတယ်။ အန်တီကြီးတို့ ဆိုင်ထက် နည်းနည်း လျော့သေး တယ်”


“တမင်များ လျှော့ရောင်းနေကြသလား မီမီရယ်”


“ဟုတ်တော့ မဟုတ်လောက်ပါဘူး။ ကွာတယ် ဆိုပေမယ့် တစ်ရာလောက်ပါပဲ။ ဒါပေမယ့် သိတယ်မို့လား အဲဒီလောက်ကွာတာကိုပဲ လူတွေရဲ့ စိတ်ထဲမှာ ဈေးချိုတယ် ဖြစ်တော့တာပေါ့”


စီးပွားရေးနယ်ပယ်၏ ကျယ်ဝန်းလှသော နည်းဗျူဟာများကို ကျွန်မ မသိကျွမ်း၊ နားလည်း မလည်ပါ။ သို့သော် တတ်စွမ်းသမျှ တွေးကြည့်ရသည်မှာ ဈေးရောင်း၊ ဈေးဝယ် အတတ်ပညာ၌ လူတို့၏စိတ်ကို ညှို့ငင်နိုင်မှုမှာ အဓိက ကျနေလေမလား မသိ။ အခုပင် အသစ် ပေါ်ပေါက်လာသော ထမင်းဆိုင်များက စားသုံးသူ၏ စိတ်ကို ညှို့ငင်ခဲ့ပြီ။


ကျွန်မ၏ ညနေစာများစွာကို ဖြေရှင်းခဲ့ရာ ထမင်းဆိုင်လေးကတော့ မပြောင်းမလဲ လည်ပတ်မြဲပင်။ ဟင်းလျာ ပြောင်းလဲ ပြိုင်ဆိုင်ခြင်းလည်း မရှိ။ ဈေးနှုန်းပြင်ဆင် ဆွဲဆောင်ခြင်းလည်း မရှိပါပေ။ ဆိုင်၏ အပြင်ဘက်က လူစည်ကားမြဲဖြစ်သည့် ၀ိုင်းများမှာတော့ တစ်ဝိုင်းစ၊ နှစ်ဝိုင်းစ လောက်သာ စားသောက်နေကြတာကို ညနေခင်းများ၌ တွေ့ရတတ်လေသည်။ တစ်နေကုန် ရောင်းအား၏ ထက်ဝက်လောက်များ လျော့နည်းသွား လေမလားဟု ကျွန်မ တွေးကာနေသည်။


အပြိုင်အဆိုင် ဆိုင်သစ်များ ပေါ်ပေါက်လာ ပြီးသည့်နောက် နှစ်လမျှကြာလျှင် ဆိုင်တွင် ယခင် တွေ့ရမြဲ အလုပ်သမား လူငယ်လေးများကို မမြင်ကြရတော့ပြီ။ ဆိုင်ပြောင်းရတော့မည်ဟု တစ်ညနေ၌ နှုတ်ဆက်လျှင် ကျွန်မက စနောက် နေသည်ထင်ခဲ့သေးသည်။ နောက်တော့လည်း မမြင်ရသည့် ရက်များ ကြာညောင်းလာမှပင် လူ လျှော့လိုက်တာပဲဟု နားလည်ရလေသည်။


တစ်ရက်မှာတော့ ထမင်းဝယ်ရင်းနှင့် အန်တီကြီးကို မနေနိုင် မထိုင်နိုင် စပ်စုမိသေးသည်မှာ ရောင်းကောင်းရဲ့ လားလို့ပင်။ တစ်ခဏ၌ သူ့မျက်နှာ ညှိုးလျဟန် ရှိလျှင် ကျွန်မ အားနာ သွားပါသည်။ တကယ်ဆို မမေးသင့်သော မေးခွန်းပဲ မဟုတ်လား။ လူမှုရေး သိတတ်မည်ဆိုလျှင် ဘယ်လိုမှ မမေးသင့်ဘူး ထင်ပါရဲ့။ သို့ပေမယ့် ကျွန်မက လူမှု ဆက်ဆံရေး အားနည်းတတ် သူမို့ လွှတ်ခနဲ ပြောထွက်မိခဲ့ပြီ။ စိတ်အနှောင့် အယှက်များ ဖြစ်သွားမလားဟု တွေးဆဲ။


“ဒီလိုပါပဲ သမီးရယ်။ ၀ယ်သမျှ လူလောက်ကတော့ ရောင်းနေရတာပဲ”ဟုဆိုတော့ တစ်နေကုန် ချက်ပြုတ်၊ ဆေးကြောနှင့် ပင်ပန်းရသည် ဖြစ်၍ အဆီပြန်နေသော မျက်နှာကိုပင် ငေးနေ ခဲ့မိသည်။ ဘ၀ကို ဘယ်လောက်များ စိတ်ရှည် သည်းခံပြီး ဖြတ်သန်းဖူးခဲ့ပြီလဲ မသိဟု တိတ် တဆိတ် တွေးနေခဲ့မိလေသည်။


တစ်ခါကတော့ သူကိုယ်တိုင် စိတ်လို လက်ရ ပြောပြဖူးသည်မှာ ဆိုင်ကိုလည်း ငှားပြီး ဖွင့်ရသတဲ့။ နယ်မှ ပြောင်းရွှေ့လာ၍ ရန်ကုန်၌ အခြေချသည့် အခါ စီးပွားရေးရယ်လို့ များစွာ မလုပ်ကိုင်တတ်ဘဲ ထမင်းဟင်းသာ ချက်တတ်သည်ဟု ဆိုသေးသည်။ သည်ထမင်းဆိုင်က ၀င်ငွေလေးနှင့်ပင် သားအမိ သုံးယောက် စားသောက် လောက်ငကြသည်ဟု ပြောပြဖူးတာကို ကျွန်မ သတိတရရှိဆဲ ဖြစ်လေသည်။


သည်ကြားထဲတွင် သူတို့ ဆိုင်၌ ပုံမှန်သာ ၀ယ်ခြမ်း စားသောက်မိမြဲ။ သို့ပေမယ့် တစ်ညနေမှာတော့ မီမီက ခေါ်၍ ဆိုင်သစ် တစ်ဆိုင်ဆီ ထမင်း စားရောက်ဖြစ်လေသည်။ ဆိုင်မှာ ညနေ ၆ နာရီ၌ လူစည်ကားလျက်ရှိတာ တွေ့ရသည်။ ၀ိုင်း အလွတ်ပင်မရှိ၍ ဘယ်မှာထိုင်ပြီး စားသောက် ရမည်ကို ရုတ်တရက် ရှာမရနိုင်။ ဒါနှင့်ပင် ထမင်းဟင်းဝယ်ပြီး အဆောင်ပြန်စားကြဖို့ မီမီ က အကြံရှိပြန်သည်။


“ဟာ မီမီရဲ့  အားနာစရာ အထုပ်တွေနဲ့ အန်တီကြီးတို့ ဆိုင်ရှေ့ ဖြတ်နေရမှာပေါ့”


“ဘာကို အားနာရမှာလဲ ခိုင်ရဲ့”

မီမီက မျက်မှောင်ပင် ကျုံ့ လိုက်သေးသည်။

“ဒီမှာ ခိုင်ကလည်း ရောင်းသူနဲ့ ၀ယ်သူပဲ ဟာ။ စိတ်ကြိုက်ပြောင်းခွင့် ရှိတယ်လေ။ စာချုပ် ချုပ်ပြီး စားကြတာမှ မဟုတ်တာ”


မီမီကပင် ဦးဆောင်၍ ထမင်းနှင့် ဟင်းများ ၀ယ်လေသည်။ ဟင်းလျာများ၏ ပြင်ဆင်ပုံကတော့ မီမီပြောသလို စားချင့်စဖွယ်ပါပဲ။ အရသာ ကောင်းတယ်ဆိုတာလည်း ဟုတ်မှာပါ။ ညနေ ခင်းတိုင်း ပြောင်းလဲ စားသောက်ဖို့ကတော့ ဘာကိုမှန်းမသိ အားနာလှသည်ဖြစ်၍ ဒီတစ်ညနေပဲ နော်ဟု မီမီ့ကို အတန်တန် ပြောရသေးသည်။ နောက်မလိုက်ဘူးနော်ဟု ဆိုရသေးသည်။


အဲသည် ညနေခင်းကတော့ ထမင်းထုပ်၊ ဟင်းထုပ်များဆွဲ၍ အန်တီကြီးတို့ ထမင်းဆိုင်ရှေ့ က ဖြတ်ရလျှင် ကျွန်မမှာ မျက်နှာပူ၍နေသည်။ သူတို့ လှမ်းမြင်ကြမှာပဲနော်။ ဘယ်လိုများ ထင်ကြမလဲဟု ပူပင်မိပြန်သည်။ သို့ပေမယ့် တကယ်တမ်း အန်တီကြီးနှင့် မျက်လုံးချင်း ဗြုန်းခနဲ ဆုံမိသည့်အခါ သူ့အမူအရာများစွာ မပြောင်းလဲ သည်ကို မြင်ရလေသည်။ သူ့မျက်နှာအရိပ်ကို ဘယ်သို့ ပြောရမည်နည်း။ ခံနိုင်ရည်ရှိလှသော၊ ဘာကိုမှ ထူး၍ မခံစားတတ်တော့သော မျက်နှာမျိုးလို့ ဆိုရမလားမသိ။ ထိုခဏ၌ ကျွန်မ ယောင်ကန်းကန်းနှင့် ပြုံးပြမိတော့ သူကလည်း ပြန်၍ ပြုံးပြသည် ထင်ပါသည်။ ကျွန်မမှာ ထုံးစံအတိုင်း အားနာလိုက်တာဟု တတွတ်တွတ် ရေရွတ်မြဲ။


တစ်ကြိမ်ဆိုမှ အဲသည် တစ်ကြိမ်သာပဲ ဆိုင်ကျော်၍ ၀ယ်ဖူးခဲ့ရသည်။ နောက်ရက် ညနေခင်း များစွာမှာတော့ ခြံစည်းရိုးနား ကပ်၍ပင် ထမင်း ဟင်းများ လှမ်းဝယ်ဖြစ်လေသည်။ သူတို့ ဆိုင်ကိုသာ ညစာအတွက် မှီခိုဖြစ်လေသည်။ ခုတော့ ထမင်းဆိုင်၏ တံခါးများ စေ့ပိတ်ခဲ့သည်မှာ လပိုင်းကိုပင် ရောက်ရှိခဲ့ပြီ။ မီမီပြော သလိုများ ပိတ်သွားခဲ့ပြီလားဟု ကျွန်မ တွေးစ ပြုသည်။ တစ်စစ ရောင်းအားကျလာသော အနေအထားမှာ ဆက်ပြီး မရပ်တည်နိုင်တော့ဘူး ထင်ပါရဲ့။ စီးပွားရေးမှာ သည်လိုပင် အနိုင်အရှုံးတို့ ရှိတတ်လေသလား မသိ။ သူတို့မှာ စိတ်ဓာတ်အရရော ရှုံးနိမ့် သွားသလားဟု ရံဖန်ရံခါ ကျွန်မ တွေးကာနေသည်။

ညနေခင်းများတွင် ကျွန်မသည် အရင်လို အဆောင်ပိတ်မှ ထမင်း လှမ်းမ၀ယ် နိုင်တော့ပြီဖြစ်၍ ကြိုတင် ၀ယ်ခြမ်းရ၊ စီမံရတိုင်း အန်တီကြီးရေ ဟု ခြံစည်းရိုး နားကပ်၍ လှမ်းခေါ်နိုင်ခဲ့သည်ကို သတိတရ ရှိရလေသည်။

“ဒီနေ့ ငါဘယ်သူနဲ့ တွေ့ခဲ့တယ် ထင်တုံး” ဟု တစ်ညနေမှာ မီမီက ပြောသည်။

ကျွန်မမှာ သူ့ကို ကြည့်၍ တအံ့တသြ ရယ်မောရသေးသည်။

“ဘယ်သိပါ့မတုံးဟဲ့”


“ဘေးဆိုင်က အန်တီကြီးနဲ့ ခိုင်ရဲ့”


“ဟုတ်လား။ သူတို့က ခုဘယ်မှာတုံး”


“ဆိုင်က အပ်လိုက်ပြီတဲ့ ခိုင်ရဲ့။ မတတ်နိုင် တော့ဘူးတဲ့။ ဆိုင်ခန်းငှားခကလည်း တစ်လ၊ တစ်လ မနည်းဘူးလေ။ ခုတော့ သူတို့ အိမ်ငှား နေကြတဲ့ မြောက်ဒဂုံမှာပဲ ထမင်းဆိုင်လေး ဖွင့်နေ တယ်တဲ့”


“ထမင်းဆိုင်” ဟု ကျွန်မ သံယောင်လိုက် မိသည်။ ထမင်းဆိုင်ကိုပင် ထပ်၍ ဖွင့်ပြန်ပြီတဲ့။ အဲသည်နေရာဒေသ၌ ရောင်းလိုအားနှင့် ၀ယ်လို အား မျှတပါစေဟုသာ ဆုတောင်းရဦးမလိုပင်။ စိတ်ပျက်ယိုင်လဲ မသွားသည့် အတွက်လည်း ချီးကျူး နှစ်သက်ရမလိုပင်။

တစ်ခါတစ်ခါတော့လည်း “ထမင်းပဲချက် တတ်တယ်”ဟု ပြောခဲ့ဖူးသော စကားသံများ ကိုပင် ကျွန်မမှာ မှတ်မှတ်ရရ ကြားယောင်နေရ ပါသည်။



စပယ်ဖြူနု

3 comments:

အဲ့ဒီလိုမျိုး အားတုန့်အားနာမျိုး ကြုံဖူးတယ် ဖြူနုရေ...။
ထမင်းဆိုင်တော့ မဟုတ်ဘူး... စာအုပ်ဆိုင်...။
စားသုံးသူက ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုပေမယ့် ပုံမှန်အားပေးနေခဲ့သူ တစ်ယောက်အနေနဲ့ အားတုန့်အားနာနဲ့ ဖြစ်ရမှာ အမှန်ပဲ။ ကိုယ့်တုန်းကတော့ သူ့ဆိုင်ရှေ့က ဖြတ်တိုင်း သူများဆိုင်က ငှားလာတဲ့ စာအုပ်တွေကို အားနာပြီး ဖွက်ဖွက်သွားရတယ်။

အဲ့ဒီလိုမျိုး အားတုန့်အားနာမျိုး ကြုံဖူးတယ် ဖြူနုရေ...။
ထမင်းဆိုင်တော့ မဟုတ်ဘူး... စာအုပ်ဆိုင်...။
စားသုံးသူက ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုပေမယ့် ပုံမှန်အားပေးနေခဲ့သူ တစ်ယောက်အနေနဲ့ အားတုန့်အားနာနဲ့ ဖြစ်ရမှာ အမှန်ပဲ။ ကိုယ့်တုန်းကတော့ သူ့ဆိုင်ရှေ့က ဖြတ်တိုင်း သူများဆိုင်က ငှားလာတဲ့ စာအုပ်တွေကို အားနာပြီး ဖွက်ဖွက်သွားရတယ်။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More