အိပ်မက်မက်သူ

ရိုး မလိုနှင့် ချစ်စဖွယ် ဖြစ်သော စုနှင်းဆီ ဆိုသည့် အမည်ပိုင်ရှင် မိန်းကလေးကို စတင် သိကျွမ်းရစဉ် အစဦး ရက်များ ကတည်းက သည် မိန်းကလေးမှာ သိုဝှက်သော စိတ်နှလုံး ရှိမည်ဟု ကျွန်မ အလိုလို တွေးထင်ခဲ့ဖူး ပါသည်။ သေးသွယ် ပါးလှပ်သော ကိုယ်နေ ဟန်ထားနှင့်မှ မလိုက်ဖက်အောင် တောက်ပ ရွှန်းလက်သော မျက်ဝန်းများ၌ တစ်စုံတစ်ရာ ပုန်းခိုနေ သလို ထင်ရသည်။ ပြီးတော့လည်း အပြုံးမှာပင် များစွာ ပွင့်လင်းဟန်ကို မတွေ့ရပေ။

သို့သော်လည်း ငယ်ရွယ် နုနယ်သည်နှင့် အမျှ ရိုးသား ဖြူစင်သော စိတ်ရင်း ကလေးကတော့ ခင်မင် နှစ်လို စဖွယ်။ အဲသည် စိတ်ရင်း တစ်ခုတည်းကြောင့်ပဲ ကျွန်မတို့ နှစ်ဦး လျင်မြန်စွာ နီးကပ် လာသည် ဆိုပါစို့။

မိန်းကလေးဆောင်မှာ အခန်းချင်း ကပ်လျက် နေရသူချည်းပဲ ဖြစ်ပါစေ စိတ်သဘောချင်း တူမှ ပေါင်းသင်း ရင်းနှီးလိုသော ကျွန်မ အဖို့တော့ စုနှင်းဆီသည် စိတ်ချင်းနီးသော မိတ်ဆွေမျိုး ဖြစ်ခဲ့သည်။ ကျွန်မတို့ နှစ်ဦးတွင် တစ်ဦးနှင့် တစ်ဦး စွက်ဖက်တတ်သည့် စရိုက်မျိုး မရှိကြ။ ဘယ်လိုပင် ခင်မင် ကြသော်လည်း သူမပြောလိုဘူးဟု ကျွန်မ ယူဆသော အကြောင်းအရာ မျိုးကို ဘယ်တုန်းကမှ စစ်စစ် ပေါက်ပေါက် မမေးမြန်း၊ မစပ်စုဖူးပါပေ။ သိုဝှက်မည်ဟု ကျွန်မ ထင်ခဲ့ဖူးသော သူ့စိတ်နှလုံးကို လှစ်ဟကြည့်ဖို့လည်း စိတ်မကူးခဲ့မိ။ နားလည်မှု၊ ယုံကြည်မှုနှင့်သာ နေ့ရက် များစွာကို ဖြတ်သန်း လာခဲ့ ကြသည်။

မမျှော်လင့်သော တစ်ရက်မှာတော့ စုနှင်းဆီ ၏စိတ်ကို သိမြင် နားလည်ရဖို့ ဖြစ်လာခဲ့ လေသည်။ အဲသည်နေ့က ကျွန်မ၏ ရုံးအားရက် တနင်္ဂနွေနေ့ ညနေခင်း ဖြစ်သည်ဆိုတာ မှတ်မိပါ သည်။ အခန်းထဲ စာအုပ် တစ်အုပ်နှင့် ငြိမ်ချက် သားကောင်းနေဆဲ အခန်း တံခါး ခေါက်သံနှင့် အတူ သူဝင်ရောက်လာလျှင် ပထမဦးစွာ သတိပြုမိ သည်မှာ မျက်နှာမကောင်းလှ တာကို ဖြစ်သည်။ မျက်နှာမှာ ဆင်ထား မြဲဖြစ်သည့် အပြုံးကိုလည်း မတွေ့ရပေ။ သူ့မျက်နှာတွင် စကားလုံးပေါင်း များစွာကိုသာ တွေ့ရသည်ဟု ကျွန်မထင်ပါသည်။

စိတ်ထဲ ဇဝေဇ၀ါ ဖြစ်လျက် ငေးမောနေစဉ် မှာပင် သူက စကား အေးအေးဆေးဆေး ပြောချင်လို့ အပြင်သွားရအောင် ပါတဲ့။ ဒါနှင့်ပင် ကျွန်မတို့နှစ်ဦး အင်းလျားသို့ ရောက်ခဲ့ကြသည်။ ရေပြင်ကို မျက်နှာမူလျက် ခုံတန်းလေးမှာ ထိုင်ဖြစ်ကြသည်။ လေပြည်သည် တနွဲ့နွဲ့သုတ် ဖြူးလျက်။ ကန်ရေပြင်မှာ လှိုင်းတွန့်ငယ်လေး များနှင့် လှုပ်ရှားလျက်။ အေးချမ်း လှပသော ၀န်းကျင်ကို သူသည် သက်ငြိမ်ရုပ် တစ်ခုလို တဒင်္ဂ ငေးမော၍ နေသည်။ ထို့နောက်မှာတော့ နှုတ်ဖျားမှ ထွက်ကျလာသော စကားလုံးများစွာ။ နာကျင် သိုသိပ်ခဲ့သော စိတ်ခံစားမှု များစွာ။ တကယ်တော့ သူသည် စိတ်နှလုံးမှ တံခါး တစ်ချပ်ကို ထွက်ပေါက် တစ်ခုသဖွယ် လှစ်ဟ ပြခဲ့တာ ဖြစ်လေသည်။

ဆရာလို့ တီးတိုး ရေရွတ်ပြီး တစ်ယောက်တည်း ခေါ်ကြည့်မိတဲ့ အခါတိုင်း စုရဲ့ ဘယ်ဘက် ရင်ဘတ်မှာ ဆတ်ခနဲ လှုပ်ရှား တတ်တုန်းပဲ။ ခံစားမှုတွေက အရင်အတိုင်း နုသစ် နေတုန်းပဲ။ နှစ်တွေ လက်ချိုးရေ ဝေးကွာကြရတဲ့ နောက်ပိုင်း တစ်ယောက်တည်း တိုးတိုးလေး အကြိမ်ကြိမ် ခေါ်ခဲ့ဖူးတဲ့ နာမ်စား တစ်ခုကို တစ်ကြိမ် ပြန်လည် တိုက်ဆိုင် ခေါ်ရဦးမယ် လို့တော့ စု ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒါပေမယ့် စုခေါ်ခွင့်ကြုံခဲ့တယ်။ စု ချစ်တဲ့ ဆရာက စု ရှေ့မှာ တစ်ကျော့ပြန် ကိုယ်ထင်ပြလာ ခဲ့တယ်လေ။

အဲဒီနေ့က ပန်းဆိုးတန်းက စာအုပ်အဟောင်း ဆိုင်တစ်ခုရှေ့မှာ ရပ်ပြီး စာအုပ်တွေ ငေးနေမိ တုန်းခေါ်သံကို စကြားလိုက်ရတာ၊ စု ခုထိ မှတ်မိ ပါသေးတယ်။ စု ဟုတ်ပါတယ်နော် တဲ့။ နှစ်တွေ ဘယ်လောက်ကြာကြာ မေ့လို့ မရခဲ့တဲ့ အသံပဲ။ မမှတ်မိဘဲ နေပါ့မလား။ ခေါင်းကို ဆတ်ခနဲ လှည့်ပြီး ကြည့်မိတော့ စုကို ငေးကြည့် နေတဲ့ ဆရာရယ်။ စုရဲ့ စိတ်ထဲမှာ ၀မ်းသာတာ ရော၊ ၀မ်းနည်းတာရော စုပြုံလာတော့ ငိုချင် လိုက်တာ၊ ငိုချ ပစ်ချင်လိုက်တာ။ ဒါပေမယ့် စု ပြုံးနေခဲ့တယ်။ ဆရာလို့ နှုတ်ဆက်မိတယ်။ ဆရာသာ မြင်တတ်မယ် ဆိုရင် စုရဲ့အပြုံးမှာ စိတ်လှုပ်ရှား နေတဲ့ အရိပ်တွေ တွေ့ရမှာပဲ။

“ပိန်သွားလိုက်တာ စုရယ်။ ဆံပင်တွေလည်း ရှည်လို့၊ ဟုတ်မှ ဟုတ်ပါ့မလားလို့ ကြည့်နေတာ”

ဆရာ့ စကားပြောဟန်က ဟိုတုန်း ကလိုပါပဲ။ အပြုံး တစ်ဝက်စွက်ပြီး တစ်လုံးချင်း ပြောတယ်။ စုမှာ တဒင်္ဂတော့ ဆရာ့ မျက်နှာကို သတိလက် လွတ်ငေး နေမိတယ်။ စုကို ပိန်တယ် ပြောတဲ့ ဆရာကလည်း ပိန်သွယ်လို့။ ဆရာရဲ့ မျက်နှာမှာ စင်းနေတဲ့ နှာတံက ပိုထင်း လာသလိုပဲ။ မျက်လုံး အိမ်ကလည်း ပိုပြီး ချိုင့်ဝင်နေ သလိုပါပဲ။ ဒါပေမယ့် စုချစ်ခဲ့ရတဲ့ ဆရာ့ မျက်လုံးလေးတွေ ကတော့ တောက်ပတုန်းပါ။

“အချိန်ရရင် ကော်ဖီဆိုင်မှာ ခဏ ထိုင်ကြရ အောင်စု” တဲ့။ ပြီးတော့ စကားပြန် မစောင့်ဘဲ ခြေလှမ်းစတယ်။ ဆရာ့စကားကို ငြင်းဆန်ဖို့ ခွန်အားနည်းတတ်တဲ့ စုရဲ့ အားနည်းချက်ကို ခုထိ မမေ့သေးဘူး ထင်ပါရဲ့။ တကယ်လည်း စု မငြင်းမိဘူး။ ဆရာ့ဘေးမှာ ခြေလှမ်း ထက်ကြပ်မကွာ လိုက်ခဲ့မိတယ်။ တဒင်္ဂတော့ စုရဲ့ စိတ်ဟာ လေထဲမှာ လွင့်မျော နေသလိုပဲ။ လူကလည်း ၀ါဂွမ်း တစ်စလို ပေါ့ပါးလို့။ စု အိပ်မက် မက်နေပြန် ပြီလား။ ဟင့်အင်း မဟုတ်ပါဘူး။ ဒါလက်တွေ့ ဘ၀ပါ။ စု နှုတ်ဖျားမှာတော့ အာစေး ထည့်ထားသလိုပဲ။ စေ့ပိတ်လို့ ဘာစကားမှ မဆိုမိဘူး။ စု နှုတ်ခမ်းတွေ ကတော့ ပြုံးနေမှာပါ။

အဲဒီနေ့က ဂျေဒိုးနတ်မှာ စုတို့ ကော်ဖီ သောက်ကြတယ်။ စကားပြောဖြစ် ကြတယ်။ ဆရာကတော့ စကားပြော သွက်သလောက် တစ်ချက်တစ်ချက်မှာ စုက ငေးငေးငိုင်ငိုင်များ ဖြစ် နေမလား။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတဲ့ အခါ ချစ်သူ ဘ၀ နေ့ရက်တွေကို ချန်ပြီး ဆရာ ပြောနေရတယ် ဆိုတာ စုနားလည် နေတယ်။ စု ကတော့ ဆရာ့လို စကားပြော ပါးနပ်မယ့် သူမျိုး မဟုတ်ပါဘူး။ ပြောပါများတဲ့ စကားထဲမှာ ပကတိစိတ်တွေ ပါသွားနိုင်တာပဲ။ ဒါကိုတော့ စု ကြောက်တယ်။ ခံစားမှု အစစ်တွေကို ချပြရမှာ လောက် စုကြောက်တာ ဘာမှမရှိဘူး။ အထူး သဖြင့် ဆရာ့ရှေ့မှာ စု မပိုင်ဆိုင်တဲ့ ဆရာ့ရှေ့ မှာပေါ့။

ငြိမ်နေတဲ့ စုကို ဆရာက နည်းနည်းတော့ အံအား သင့်ချင်ပုံရတယ်။ စုက ရင့်ကျက်လာ တယ်ထင်ပါရဲ့။ တည်ငြိမ်လာလိုက်တာတဲ့။ စု ပြုံးပဲနေလိုက်ရတယ်။ တည်ငြိမ်ရတော့မယ့် အနေ အထားဆိုတာ စုရဲ့ ဦးနှောက်က အချက်ပေးနေ တာကိုး။ ပြီးတော့ စုရဲ့အသက်က ဆရာ့အနားမှာ ရှိခဲ့တုန်းကလို ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်မှ မဟုတ်တော့တာ။ စု အသက် နှစ်ဆယ့်ငါးနှစ် ပြည့်ခဲ့ပြီဆိုတာ ဆရာ သိရဲ့လား။ တစ်ယောက် တည်းရပ်တည်လာရတဲ့ မိန်းကလေးတစ်ယောက် အတွက်တော့ တည်ငြိမ်ခြင်း ဆိုတာ အလိုအပ်ဆုံးပဲ မဟုတ်လား။ တကယ်တော့ ဒီလောက် ရင့်ကျက်အောင်၊ ဘ၀ကို ရင်ဆိုင် တတ်လာအောင် ဆရာပဲ စုကို ပုံသွင်းခဲ့တာပါ။ နှုတ်က ပြောခဲ သလောက် စိတ်ထဲက နေတော့ ဆရာ့ကိုစကား တွေ အများကြီး ပြန်ပြောနေခဲ့မိတယ်။

တကယ့်တကယ်မှာ စု ဆရာ့ကို မေးခွန်းပြန် မေးမိတော့ တစ်ခွန်းတည်းရယ်။ ရန်ကုန်လာတာ တစ်ယောက်တည်းလားလို့ အမှတ်မထင် မေးလိုက်မိတာကို ဆရာဘာလို့ မျက်နှာပျက်ချင်ရ ပါသလဲ။ စုရှေ့မှာ ဒီကြောင်းတွေ မပြောချင်ဘူး လား။ ဒါပေမယ့် စုမမေးတောင် ဆရာပြောတော့ ပြောရဦးမှာပါ။ ဘယ်လောက်ပဲ အတိတ်ကို တသချင်တယ်ဆိုဆို ပစ္စုပ္ပန်ကိုတော့ မေ့လို့ ဘယ်ရပါ့မလဲ။ ဒါကို ဆရာလည်း သိမှာပဲ။

စု ငေးနေမိတုန်း ဆရာက သက်ပြင်းချ တယ်။ ကော်ဖီတစ်ကျိုက်သောက်တယ်။ ဆရာ့ ရဲ့ ဘယ်ဘက်လက်သူကြွယ်က လက်စွပ်လေး က အလင်းနဲ့အတွေ့မှာ ဖျတ်ခနဲလက်တယ်။ ဒီလို လက်တာကို မျက်လုံးမှာ မစူးရှဘဲ ဘာလို့များ နှလုံးမှာ စူးနစ် နာကျင်ရပါသလဲ။

“သူတို့သားအမိက စစ်ကိုင်းမှာပဲ၊ ဆရာက ကိစ္စရှိလို့ ရန်ကုန်ထွက်လာတာ။ ဒီမှာ ခဏ လောက် စီစဉ်စရာရှိတာတွေ စီစဉ်ပြီးရင် နိုင်ငံခြား ခဏထွက်ဦးမယ်။ ပြောရရင်တော့ အရှည်ကြီးပဲ စုရယ်။ မိသားစုနဲ့ ခွဲခွာဖို့ စိတ်ကူးမရှိပေမယ့် ခုတော့ သားလေးရဲ့ ရှေ့ရေးအတွက် ဆရာ တာဝန်ကျေချင်သေးတယ်။ အဖေတစ်ယောက်ရဲ့ ၀တ္တရားကျေချင်သေးတယ်။ သူ့ဘက်က ပြည့်စုံ တယ်ဆိုပေမယ့် ဆရာက အဖေလေ”

ဆရာ့ရဲ့အသံက ဟိုအဝေးကြီးက လွင့်လာ သလို စုနားမှာ တိုးလာလိုက် ကျယ်လာလိုက်နဲ့။ မာနနဲ့လက်ပချင်တဲ့ ဆရာ့ရဲ့မျက်လုံးတွေကို စု ငေးနေမိတယ်။ ဆရာ့လက်ချောင်းညိုသွယ်သွယ် တွေကိုငေးမိပြန်တော့ ဒီလက်တွေကို စု အားကိုးတကြီး ဆုပ်ကိုင်ခဲ့ဖူးတာ သတိရတယ်။ ဒီလက်တွေကိုတော့ စုက ချစ်သူဘ၀ မရောက်ခင်က တည်းက နှစ်သက်ခဲ့ရတာ။ ချစ်သူဖြစ်ပြီးကြတဲ့ နောက် ဒီအကြောင်းဆရာ့ကို တီးတိုးပြောပြတော့ ဆရာက ရယ်လိုက်တာ။ ရယ်မောနေတဲ့ ဆရာ့ မျက်နှာကို အာရုံမှာပြန်မြင်ရတော့ စု စိတ်နှလုံးမှာ တစ်ကျော့ပြန် နာကျင်ရတယ်။ တကယ်တော့ စုက ဆရာပြုံးနေတာသာ တွေ့ချင်တဲ့သူ။ ဆရာ့ မျက်နှာ ဒီလိုမှုန်မှိုင်းချင်သလိုဖြစ်ရတာကို နည်း နည်းမှ မမြင်ချင်တဲ့သူပါ။

“ပြန်ကြရအောင် ဆရာ။ စု သင်တန်းတစ်ခု တက်ရဦးမယ်”လို့ စုက စကားဖြတ်ရတယ်။ ဆက်ထိုင်ဖြစ်ကြရင် စု ဆရာ့မျက်နှာကို ကြာကြာ ကြည့်ရက်မှာ မဟုတ်ဘူး။ ပြီးတော့ နှစ်ယောက် လုံး နာကျင်ရလိမ့်မယ်။ အပြန်အလှန် တစ်ယောက်အပေါ်တစ်ယောက် သနားရလိမ့်မယ်။ ဒါဘယ်သူ့ ဘယ်သူအတွက်မှ မကောင်း ပါဘူး။

လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်တုန်းကလို အနေ အထားမျိုး မဟုတ်တော့တာ ဆရာလည်း နားလည်သလို စုလည်း နားလည်နေတယ်။ အသိစိတ်က စုရဲ့အမူအရာ၊ အပြောအဆို အားလုံးကို ကန့်သတ်လို့။ စုရဲ့မသိစိတ်မှာ နွေးထွေး လှုပ်ရှားနေတာတော့ စုဘာသာပဲ သိနေတယ်။ ဒါကိုလည်း ဆရာ မရိပ်မိအောင် စု ဟန်ဆောင် နိုင်ခဲ့ပါတယ်။

အဲဒီညနေက လှည်းတန်းပြန်ဖို့ ကားမှတ် တိုင်ဆီထွက်လာတော့ ဆရာက စုနံဘေးမှာ ပါလာတယ်။ ဖုန်းနံပါတ် ပြောပြပါတဲ့။ ခပ်ဆဆ ပြောလိုက်တဲ့ ဆရာ့စကားသံကို အကြားမှာ စုစိတ်က ဗြုန်းခနဲ ဇဝေဇ၀ါ ဖြစ်ရတယ်။ ပြောလိုက်ရမလား၊ မပြောရဘူးလား။ တဒင်္ဂ တွေဝေရ တယ်။ ဒါပေမယ့် ခဏ ပါပဲလေ။ ဂဏန်း ခြောက်လုံးကို အမှတ်မထင် ရေရွတ်ပြ လိုက်မိပြန် တာပဲ။

ဆရာ့ကို ထားရစ်လို့ ပြန်လာရတဲ့ ညနေခင်း ကစလို့ နောက်ပိုင်း ရက်တွေမှာ စုရဲ့စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်စ ပြုလာတာ ခံစားရတယ်။ ဘယ်လို ပြောရမလဲ။ တိမ်တိုက်တွေထဲ ခိုတွယ် လိုက် ပါနေရ သလိုလို့ ဆိုရမလား။ တကယ်တော့ ဒီခံစားမှုမျိုးနဲ့ စုဝေးနေတာ ကြာပြီ။ ဒီနှစ်တွေ အတွင်းမှာ စိတ်ကို အသားပေးတဲ့ ခံစားမှု၊ လှုပ်ရှား မှုမျိုးတွေ စုအဖို့ သိပ်ကို နည်းခဲ့တယ်။ မရှိ သလောက်လို့ ဆိုရမှာပေါ့။ စုဟာ ဦးနှောက်ရဲ့ သားကောင်ပဲ။ ဘ၀မှာ တစ်ဦးတည်းသော မှီတွယ်ရာလို့ ယုံကြည်ခဲ့ရတဲ့ဆရာ့ကို စွန့်လွှတ်ရ ပြီးတဲ့နောက်ပိုင်း စုဟာအလိုလို စက်ရုပ် ဆန်လာခဲ့တယ်။ တစ်ယောက်တည်း ဘ၀မှာ တဖြည်းဖြည်း နေသားကျလာ ခဲ့တယ်။ ပွင့်လင်း တတ်လွန်း တဲ့ စုကို ဒီလို သိုဝှက်တတ်သူ ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။

တစ်ချိန်တုန်း ကတော့ စုဟာ အနာဂတ်ကိုရော ချစ်သူကိုပါ စိတ်ချလက်ချ ယုံကြည်တတ်တဲ့၊ အချစ်မှာ ရိုးရိုးသားသား ပျော်ဝင်တတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ ဖူးတယ်။ ပြန်တွေး ကြည့်တော့လည်း အရာရာဟာ အလွမ်း ဇာတ်ဆန်လှပါရဲ့။

မန္တလေး တက္ကသိုလ်ရဲ့ လမ်းတွေပေါ်မှာ ဆရာ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လို့။ အပူအပင် ကင်းကင်း ဖြတ်လျှောက်ခဲ့ဖူးတဲ့ နေ့ရက် တွေဟာ စုရဲ့ ၀ါကျင့်ကျင့် ဒိုင်ယာရီ စာရွက်လေး ပေါ်မှာတော့ တောက်ပနေတုန်း ပါပဲ။ အဲဒီ တုန်းက စုက ပထမနှစ်ကျောင်းသူ။ ဆရာ ကတော့ ကျောင်းပြီးစ။ အင်္ဂလိပ် စာသင်တန်း တစ်ခုမှာ လက်ထောက် ဆရာပေါ့။ ကျောင်းချိန် ပြင်ပ သင်တန်းရှာတက်မိတဲ့ စုနဲ့ဆရာတို့စတွေ့ ကြတဲ့ ပုံရိပ်တွေဟာ စုရဲ့အာရုံမှာ အရိပ်ထင် တုန်းပဲ။ ဆရာလည်း မှတ်မိနေဦးမယ်လို့ စု ယုံတယ်။

စုတို့အတန်းကို မ၀င်ရတဲ့ ဆရာ့အပေါ် ဘာကြောင့်များ တခြားသူတွေနဲ့ မတူဘဲ ထူးထူးခြားခြား သတိထားခဲ့မိ ပါသလဲ။ မပိရိ၊ မသေသပ်တဲ့ စုရဲ့ မျက်လုံးတွေကို ဆရာကရော ဘာကြောင့်များ မလွဲဖယ်ခဲ့ ပါသလဲ။ ဘာလို့များ အချိန်တို အတွင်း စုတို့နှစ်ဦး ဗြုန်းဆို နီးကပ် သွားကြပါသလဲ။ ဆရာကတော့ ချစ်ကြဖို့ဖန် လာတဲ့ ကံပေါ့ စုရယ်တဲ့။

စုကတော့ ဆရာ့လို စကားအလှ သုံးတတ်တဲ့ သူ မဟုတ်ပါဘူး။ ရိုးရိုးလေးပဲ ပြောရရင် ဆရာ က စုရဲ့အချစ်ဦးပါ။ ဘ၀မှာ သူစိမ်း တစ်ယောက်၊ အထူးသဖြင့် ယောက်ျား တစ်ယောက် အပေါ် တသ ချစ်ခင် ရတယ်ဆိုတဲ့ အတွေ့အကြုံဟာ စု အဖို့ ဆန်းကြယ်လှတယ်။ ဆရာ့ကို ချစ်ရတဲ့ အချစ် မှာ အစ်ကိုလို၊ သားချင်း တစ်ယောက်လို အားကိုး တဲ့စိတ်က ပိုပြီး အားကောင်း ခဲ့တယ်။ စုက အစ်ကို ရူးရူး နေတဲ့သူ၊ အစ်ကိုလို ချွဲနွဲ့ချင်တဲ့သူ မဟုတ်လား။ ဆရာဟာ စုရဲ့ချစ်သူ၊ ပြီးတော့ စုရဲ့အစ်ကို။

“အစ်ကိုရချင်တယ်လည်းပြောသေး၊ ခေါ် တာလည်း မပြောင်းဘူးကွာ။ ဆရာတဲ့” လို့ ညည်းညူချင်ဟန်နဲ့ ဆရာ စနောက်တတ်တဲ့ အခါ စုကရယ်လို့သာ နေမိတယ်။ ဆရာဆိုတဲ့ အခေါ် အဝေါ်ကိုတော့ ဘယ်လိုမှ ပြောင်းကြည့်လို့မရ ဘူး။ ဆရာ စုချစ်ရတဲ့ဆရာ။ ဆရာလို့ခေါ်လိုက် ရတဲ့အချိန်တိုင်း စုစိတ်မှာ ခွန်အား ရှိသွားသလို ခံစားရတာ နားလည်နိုင်ရဲ့လား။

ချစ်ဖို့တစ်ခုသာ သိနားလည်တတ်တဲ့ ကောင်မလေးနဲ့ လူကြီးဆန်ဆန် ပဲ့ပြင်ထိန်း ကျောင်းတတ်တဲ့ ဆရာတို့အကြားက ဇာတ်လမ်းလေးဟာ သုံးနှစ် သုံးမိုးရှည်ကြာတဲ့အထိ ဘာအဖု အထစ်မှ မရှိခဲ့ဘူး။ ဒီကြားထဲ စုရဲ့စိတ်တွေ ပြောင်းလဲ ရင့်ကျက်စပြုလာတာတစ်ခုပဲ ပြောစရာ ရှိတယ်။ ဒါကလည်း ကောင်းတဲ့လက္ခဏာပဲ မဟုတ်လား။ ဒီလိုဖြစ်ရအောင် ဆရာကပဲ စုကို အသစ်ဖန်တီးပေးခဲ့တာပါ။

ဝမ်းနည်းလွယ်၊ အားငယ်လွယ်တတ်တဲ့ စု၊ လွယ်လွယ်နဲ့ အရှုံးပေးချင်တတ်တဲ့ စုကို ဇွဲရှိ အောင်၊ ကြံ့ခိုင်အောင် ဆရာပဲ ပုံသွင်းပေးခဲ့ တယ်။ ဘ၀ကို ခွန်အားအပြည့်နဲ့ရင်ဆိုင်နိုင်အောင် ဆရာပဲ ဘေးကနေ တစ်လျှောက်လုံး လမ်းညွှန် နေခဲ့တယ်။ မ၀ံ့မရဲ လျှောက်တတ်တဲ့ စုရဲ့ခြေလှမ်း တွေ ခိုင်မတ်လာအောင် ဆရာပဲ တွဲခေါ်လာခဲ့ တယ်။ ဒီလိုနဲ့ပဲ စုဟာ ဆရာရဲ့လက်က ထွက်တဲ့ အရုပ်လေး တစ်ရုပ်လို တစ်စစပြောင်းလဲလာခဲ့ရ တယ်။
နောင်တစ်ချိန် ပြန်တွေးကြည့်တော့လည်း တစ်ယောက်တည်း ချန်ထားခဲ့ရမှာမို့ လေ့ကျင့် ပေးနေခဲ့သလားတောင် စိတ်မှာ ဇဝေဇ၀ါဖြစ် ရပြန်တယ်။ ဒီလို တွေးမိတာ စု မလွန်ဘူး မဟုတ်လား။ ပျော့ညံ့တတ်တဲ့ စုက ခွန်အားရှိတဲ့စု အဖြစ်ကိုလည်း ရောက်လာရော ဆရာဟာ အဝေးကို နှုတ်ဆက်ထွက်ခွာသွားတော့တာပဲ မဟုတ်လား။

“ဆရာ့ကို ဘယ်တော့မှ ခွင့်မလွတ်ပါနဲ့ စုရယ်” ဆိုတာဟာ စုချစ်ရတဲ့သူရဲ့ နောက်ဆုံး သော နှုတ်ဆက်စကားပါပဲ။
အဲဒီနေ့က စု ဆရာ့မျက်နှာကိုငေးနေခဲ့ မိတာ အသက်မရှိတော့သလို ဖြစ်နေမယ်ထင် ပါရဲ့။ စုရဲ့မျက်နှာဟာ မျက်နှာသေ၊ စုရဲ့မျက်လုံး ဟာ မျက်လုံးသေတွေဖြစ်နေမှာပဲ။ ရုတ်တရက် ငိုချလို့မရအောင် စုရင်မှာ ဆို့နင့် နေခဲ့တယ်။ ချို့ချို့ ငဲ့ငဲ့ကြားက ပညာသင်ပေးခဲ့တဲ့ မိဘတွေရဲ့ဆန္ဒ ကို ဆရာက လိုက်လျောချင်သတဲ့လေ။ ဆရာ့ကို စု ဘယ်လိုအပြစ်တင်ရပါ့မလဲ။ အခုနေ စုတို့နှစ် ယောက်သား လက်ချင်းဆုပ်လို့ ဘ၀ကိုအတူ ရင်ဆိုင်ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။ ဟင့် အင်း၊ စုကလည်း ဆရာ့လိုပဲ မိဘကို ချစ်ခင် ငဲ့ညှာချင်တဲ့သူပါ။ ခွင့်မလွတ်ပါနဲ့ ဆိုပေမယ့် စုက ခွင့်လွတ်ခဲ့ပါတယ်။ ဆရာ့ရင်ခွင်ထဲဝင်ပြီး ရှိုက်ငိုခဲ့မိတာဟာ စုရဲ့နောက်ဆုံးသော စိတ်ထွက် ပေါက်ပါပဲ။ စု လှိုက်လှိုက်လှဲလှဲ ငိုမိတယ်။ ငိုခဲ့ မိတယ်။ ဘ၀မှာ အချစ်အတွက် ပထမဆုံးနဲ့ နောက်ဆုံးသော နာနာကျင်ကျင် မျက်ရည်ကျခြင်း ပါပဲ။

ဆရာ့ရဲ့ အရုပ်လေးတစ်ရုပ်အဖြစ် ခွန်အား ရှိနေပြီဖြစ်တဲ့ စုဟာ အဲဒီ နေ့ရက်တွေကစလို့ နေ့ရက်ပေါင်းများစွာ တစ်ယောက်တည်း တည် တည်ငြိမ်ငြိမ် ဖြတ်သန်းလာခဲ့တာ ခုချိန်အထိ ပါပဲ။ ခုတော့ စုဘ၀ဟာ ကန်ရေပြင်လို ငြိမ်သက် နေခဲ့ပြီ။ ဘ၀ကိုလိုသလို ပုံသွင်းယူဖို့က လွဲပြီး ကျန်တာဘာမှ စိတ်မ၀င်စားတော့တဲ့အထိ စုဟာဦးနှောက်ကို ကိုးကွယ်တတ်တဲ့သူဖြစ်နေပြီ။ ဒီလိုအချိန်မျိုးမှာမှ နှလုံးသားကို တစ်ကျော့ပြန် မြင်ရတဲ့အခါ စု ဘာများလုပ်ရပါ့မလဲ။

လုပ်ချင်တာထက် လုပ်သင့်တာတွေကိုပဲ ရွေးချယ်လျှောက်လှမ်းခဲ့ရတဲ့ဘ၀မှာ ပထမဦးဆုံး အကြိမ်အဖြစ် စု တွေဝေ လာရပြီလေ။ စု အလို အရတော့ ဆိုင်သူရှိနေတဲ့ဆရာ့အပါ် ဘာမျှော်လင့် ချက်မှ မထားဘဲနဲ့ အကူအညီတစ်ခုခုလိုအပ် ချိန်တိုင်း ဘေးကနေ ဖြည့်ဆည်းပေးသွားချင် တယ်။ အင်း မလုပ်သင့်တာကတော့ အဲဒီလို ဖြည့်ဆည်းပေးဖို့ကအစ ထပ်တွေ့ကြဖို့တောင် စိတ်မကူးတော့ဖို့ပဲ။ နှလုံးသားကို အခါများစွာ အနိုင်ရခဲ့ဖူးတဲ့စုဟာ ဒီတစ်ကြိမ်တော့ဖြင့် အရှုံး ပေးရတော့မလား။ နေရာမှာတင် စုံရပ်နေရ မလား။ ဒါမှမဟုတ် ဆရာ့ကိုဘယ်တော့မှ ထပ် မတွေ့တော့အောင် နောက်ဆုတ် ထွက်ပြေးရ မလား။ ဒီရက်တွေအတွင်း စိတ်နှလုံးနဲ့ဦးနှောက် လွန်ဆွဲကြတဲ့ပွဲမှာ စု အကြိမ်ကြိမ် ဖရိုဖရဲ ဖြစ်ရတယ်။ ရှုံးနိမ့်ရတယ်။ ချစ်ခြင်းအတွက် ဘယ်တော့မှ မျက်ရည် မကျတော့ဘူးတွေးထား ခဲ့တဲ့စုဟာ အဲဒီလို ကိုယ့်အရှုံး ကိုယ်ပြန်မြင်ရ တော့လည်းမျက်ရည်ဝဲချင်ရပြန်တယ်။ အားတင်း ရပြန်တယ်။ စုရဲ့နောက်ကွယ်က အဖြစ်တွေကို ဆရာကတော့ မြင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

သတိရလို့ပါ စုရယ်လို့ ဖုန်းထဲက ဆရာ့ စကားသံကိုကြားရတိုင်း ပြိုလဲချင်ရတာ ဆရာ သိပါရဲ့လား။ အချစ်ဦးကို မေ့မရခဲ့ဖူးတဲ့ မသိစိတ်က ဆိုင်သူရှိမှန်းလက်ခံထားတဲ့ အသိစိတ် ကို စိုးမိုးချင်ချင်ဖြစ်ရတာ ဆရာနားလည်နိုင်ရဲ့ လား။ အင်းလေ စုကလည်း ဆရာ မသိနိုင်၊ နားမလည်နိုင်ပါစေနဲ့လို့ပဲ ဆုတောင်းချင်တယ်။ စု ဟန်ဆောင်နေပါရစေ။ တည်ငြိမ်နေတဲ့ ဆရာ့ ဘ၀မှာ စုက ဂယက်ကလေး မဖြစ်ချင်ဘူး။ စကားအေးအေးဆေးဆေးပြောရအောင်လို့ ဆရာ ပြောလာတိုင်း ပထမမှာ အကြောင်းအမျိုးမျိုးပြ ရှောင်ခဲ့မိတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။ ကြာလာတော့လည်း စုဟာ ကျောက်ရုပ်မဟုတ်ခဲ့ လေတော့ ကိုယ်တိုင်ကိုက ဆရာနဲ့ စကားပြောချင် စိတ်တွေဖြစ်လာရတာပဲ။

ဒါနဲ့ပဲ တစ်ပတ်မှာ တစ်ရက်လောက်တော့ စုဟာ ဆရာ့စကားတွေကို နားထောင်ပေးရတဲ့သူ တစ်ယောက်ဖြစ်လာတော့တာပဲ။ စကားပြောဆို ဖို့ တင့်တယ်တဲ့ ကော်ဖီဆိုင်လေးတွေမှာ စုတို့ ထိုင်ဖြစ်ကြတယ်။ တစ်ခါတလေတော့လည်း ဆရာ့ မွေးရက်တွေမှာ ရွှေတိဂုံဘုရား တက်ဖြစ် ကြတယ်။ ဘုရားတက်ဖြစ်တဲ့နေ့တွေဆို ဆရာ့ကို စု သိပ်နှစ်သက်ခဲ့ဖူးတဲ့ လည်ခေါင်းတုံးလက်ရှည် အဖြူ၊ ပုဆိုးကွက်စိပ် အရောင်ရင့်ရင့်လေးတွေနဲ့ တွေ့ရတတ်ပါရဲ့။ အတိတ်မှာတုန်းကလိုတော့ မျက်လုံးလေးတွေ အရည်လဲ့အောင် ငေးကြည့်ခွင့် မရှိတော့ပေမယ့် အကြည့်တစ်ချက်အဝေ့နဲ့တင် ဆရာ့ပုံရိပ်က စုရဲ့စိတ်နှလုံးမှာ အရိပ် ထင်ပြီးသားပဲ။

“ဒီလိုပဲ နေသွားတော့မလား စုရယ်၊ လက်တွဲရမယ့်သူ တစ်ယောက်ယောက်ကို မရွေး ချယ်တော့ဘူးလား”
ဆရာ အမှတ်မထင် မေးလိုက်တဲ့ တစ်ရက် မှာတုန်းက စုရင်မှာလှပ်ခနဲ နာကျင်ရတယ်။ သောက်လက်စကော်ဖီက ပိုခါးသက်လာသလို ခံစားရတယ်။ ဒါပေမယ့် စု ပြုံးနေခဲ့ပါတယ်။

“ဒီအတိုင်းပဲ နေသွားချင်တယ် ဆရာ”လို့ပဲ ပြန်ဖြေရတယ်။ တကယ်တော့ စုအဖို့ အချစ်ကို နောက်တစ်ကြိမ် ကိုးကွယ်ဖို့ဆိုတာ မလွယ်တော့ ပါဘူး။ ကိုးလည်း မကိုးကွယ်ချင်တော့ဘူး။ စု ဒီလိုနေနေတာ ဆရာက မကြည့်ရက်ဘူးတဲ့လား။ စုက နေပျော်သားပဲ။ ဆရာကရော ဆရာ တည်ဆောက်ခဲ့တဲ့ဘ၀မှာ အပြည့်အ၀ မပျော်ရွှင် ခဲ့ဘူးလား။ မှုန်မှိုင်းချင်တတ်တဲ့ ဆရာ့မျက်ဝန်း က အရိပ်တွေကို စု ဘာသာမပြန်ချင်ပါဘူး။ စု ကို ဒီလိုပြန်တွေ့ရတာ ဆရာ စိတ်မကောင်းဖြစ် ရင်ဖြစ်နေရမှာပေါ့။ စုက တစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်နေတဲ့သူ။ ဒါကိုကပဲ ဆရာ့ကို အပြစ်မကင်းတဲ့ စိတ်ခံစားမှုဖြစ်စေခဲ့သလားလို့ တစ်ခါ တစ်ခါတော့ စုတွေးမိတယ်။

ရေမြေခြားခရီးထွက်ခွာဖို့ ဆရာပြင်ဆင် နေတဲ့ရက်တွေမှာတော့ စုဟာ ကိုယ်ရေးအရာရှိ တစ်ယောက်လိုပဲ ဆရာ့အနားမှာ အရိပ်လို ရှိရ တယ်။ ဆရာပြုံးနေရင် စုလည်း ပြုံးနေရတယ်။ ဆရာ စိတ်မောနေရင် စုလည်း စိတ်မောနေရ တယ်။ အဲဒီအချိန်ကာလအပိုင်းအခြားလေးတွေ တုန်းက ဆရာ့ရဲ့ခရီးအဆင်ပြေစေဖို့ စိတ်ဆန္ဒ တစ်ခုက လွဲပြီး စုမှာသိပ်ပြီးတော့လည်း ၀မ်းနည်း နာကျင်နေတာမျိုး မဖြစ်ခဲ့မိဘူး။ ဘ၀မှာ အပြီး တိုင်တောင် စွန့်လွှတ်ခဲ့ပြီးမှတော့ ဒီတစ်ကြိမ်ခွဲခွာ ရတာဟာ စုကို သိပ်မပြိုလဲစေဘူးဆိုရမှာပေါ့။

“ဆရာ့မိသားစု လာလိုက်မပို့ဘူးလား ဆရာ”လို့ စုမေးတော့ ဆရာကရယ်မောလို့။ ပြီး တော့မှ သူက သိပ်အလုပ်များတာ စုရဲ့တဲ့။ စု ဆရာ့မျက်နှာကိုငေးပဲကြည့်နေမိတယ်။ မိသားစု အပေါ်မှာတော့ ဆရာသံယောဇဉ်ကြီးတာ မျက်နှာ ကြည့်ရုံနဲ့သိတယ်။ ဒါပေမယ့် ဆရာတို့ကြားမှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ရှိနိုင်ဦးမလဲ။ ဒါကိုတော့ စု မမေးလိုဘူး။ မေးဖို့လည်း မလို အပ်ဘူးလေ။ သေချာတာကတော့ ဆရာဟာ မိသားစုရှိရာဆီ ပြန်လာမယ့်သူမျိုးပါ။ စုကလည်း ဒီလိုပဲဖြစ်စေချင်တယ်။ ဆရာတို့လို လူတော်တွေ ကို ဒီနိုင်ငံမှာက ပိုပြီး လိုအပ်နေတာကိုး။ ပြီးတော့လည်း ချစ်ခဲ့ရတဲ့တစ်ယောက်သော သူဟာ တစ်မြေတည်းမှာရှိနေတာပါလားလို့ သိနေခွင့်ကို စုရချင်ပါတယ်။

“ဆရာပြန်လာရင် စုကို ဒီအတိုင်း နေနေတာ မတွေ့ချင်ဘူး စုရယ်”

တစ်ညမှာ အေးအေးလူလူ လမ်းလျှောက် နေကြတဲ့အခိုက် ဆရာက ဒီလိုဆိုတော့ စုမှာ နှုတ်ဆွံ့ရတယ်။ စကားလုံးတွေ တဒင်္ဂပျောက်ဆုံး ရတယ်။ ပြီးတော့ သက်ပြင်းရှိုက်ရတယ်။
“ဘာလို့လဲ ဆရာရဲ့”

“ဆရာ့မှာတော့ မိသားစုဘ၀လေးနဲ့ ရှိနေပြီး စုကတော့ ဒီလိုတစ်ယောက်တည်း နေနေတာ ဆရာ့စိတ်ထဲ မကောင်းဘူး။ ဆရာ စုအပေါ် တာဝန် မကျေခဲ့ဘူးလို့ပဲ ခံစားနေရတယ်”

“ဒီလိုမတွေးပါနဲ့ ဆရာရယ်။ စုဘ၀မှာ စုနေ ပျော်ပါတယ်”

“သေချာရဲ့လား။ ဆရာစိတ်ချ သွားအောင်များ ပြောနေတာလား”

အေးချမ်းနေတဲ့လမ်းကလေးထဲမှာ စုရယ်သံ က ခပ်လွင်လွင်လေးများ ဖြစ်နေမလား။ စု အပြုံးဟာ သိပ်များတောက်ပနေမလား။ ဒါပေမယ့် စုရင်ထဲမှာတော့ နာကျင်နေရတာ ဆရာသိနိုင်မယ် မဟုတ်ဘူး။
“တကယ်ပါ ဆရာရဲ့။ စု အမြဲနေပျော် တယ်။ စုရဲ့အိပ်မက်တွေကို စု အသက် သွင်းခွင့်ရ နေတယ်။ မိသားစုကို တစ်လှည့်ပြန်ကြည့်နိုင်တယ်။ မိတ်ဆွေကောင်းတွေရှိနေတယ်။ စု ဒီဘ၀လေးကို ကျေနပ်ပါတယ်”

“အဲဒီ မိတ်ဆွေကောင်းတွေထဲမှာ ဆရာပါချင် တယ်ဆိုရင်ရော”

“ဆရာ စု မိတ်ဆွေဖြစ်နေတာ ငါးနှစ် လောက် ရှိနေပြီ”

ဆရာက ပေါ့ပေါ့ပါးပါး ရယ်မောလိုက် တယ်။ ဆရာပြုံးပျော်နေတာကို မြင်ရတာ စု စိတ်ချမ်းသာလိုက်တာ။ ဆရာ့ရဲ့မျက်လုံးလေး တွေမှာတောင် အပြုံးရိပ်ကိုတွေ့ရတယ်။ ပြုံးနေ ပါဆရာ။ ပြီးတော့လည်း အမြဲစိတ်ချမ်းသာ အောင်နေပါ။ ဆရာ့ဘ၀ အေးချမ်းနေဖို့ဟာ စုရဲ့ အိပ်မက်များစွာထဲက တစ်ခုပါပဲ။ ကိုယ်ပိုင်ဆိုင်ရ သည် ဖြစ်စေ၊ မပိုင်ဆိုင်ရသည်ဖြစ်စေ ဘ၀ရဲ့ အကောင်းအမွန်တွေပဲ ဆရာ့ဆီမှာ စုစည်းနေ စေချင်တဲ့သူပါ။ ကိုယ့်ထက် ပိုအောင်မြင်စေချင် တဲ့အထိ၊ ကိုယ့်အတ္တကို မေ့လျော့မိတဲ့အထိ စု ဆရာ့ကိုချစ်ရပါတယ်။

ရှေ့မှာတော့ စုတို့ရဲ့နောက်ဆုံးရက်တွေကို မြင်နေရပြီ။ မဝေးတော့တဲ့ရက် တစ်ရက်မှာ ဆရာ့ကို စု နှုတ်ဆက်ရပြန်ဦးမယ်။ ဒီအခါများ ဆရာ နောက်ကွယ်မှာ မျက်ရည်ကျဦးမလား။ ခုနေတော့ မရေရာလှဘူး။ တကယ်တော့ စုမှာ ငိုဖို့ မျက်ရည်တောင် ရှိသေးရဲ့လား မသိဘူး။ ဘ၀မှာ တစ်ကြိမ် ရင်ကွဲအောင် ငိုပြီးတဲ့နောက် စုက ငိုခဲလှတဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီ မဟုတ်လား။

ဆရာနဲ့ နှုတ်ဆက်ခွဲခွာရပြီးတဲ့နောက်ရက် တွေမှာတော့ စုဟာ ပုံမှန်ဘ၀လေးမှာပဲ နေသား ကျကျင်လည်ရလိမ့်ဦးမယ်။ ပစ္စုပ္ပန်ကို မျက်နှာမူ ရဦးမယ်။ အနာဂတ်ကိုလည်း ဆေးရောင်ခြယ် ရဦးမယ်။ နှလုံးသားကို မေ့လျော့တတ်တဲ့ စု ဖြစ်ရပြန်ဦးမယ်။
ဘာပဲဖြစ်ဖြစ် တစ်ခါတလေတော့ ဆရာ့ကို လွမ်းမိဦးမှာပဲ။ တိုက်ဆိုင်တိုင်း သတိတရ တွေးမိ ဦးမှာပဲ။ ဒါပေမယ့်လည်း ဘာတပ်မက်မှုမှ မပါတဲ့ အလွမ်းတွေ၊ အတွေးတွေအတွက်တော့ စု အပြစ်ကင်းမယ် ထင်ပါရဲ့။ စုရဲ့ အလွမ်းဟာ အဖြူထည် အလွမ်း၊ စုရဲ့အတွေးတွေဟာ အဖြူ ထည်အတွေး။
တကယ်တော့ အိပ်မက်ဆိုတာ အိပ်ပျော်နေတုန်း ခဏပဲ မက်ကြရတာပါ။ အဲဒီအိပ်မက်တွေ ဆီကနေ အချိန်တန်ပြီဆိုတော့လည်း ဘယ်သူ မဆို မဖြစ်မနေ နိုးထကြရပြန်တယ်။ တချို့သော အိပ်မက်တွေကတော့ နိုးနေချိန်မှာတောင် တစ်ကျော့ပြန် သတိတရရှိချင်စရာပဲ။ ဆရာဟာ လည်း စုအတွက်တော့ အိပ်မက်လေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

သူ့စိတ်နှလုံးကို သိမြင်နားလည်ရပြီး နောက်ပိုင်း စုနှင်းဆီနှင့် ကျွန်မသည် အခါများစွာ ကထက် ပိုမိုနီးကပ်လာခဲ့လေသည်။ အမြဲတစေ သိုဝှက်ဟန်ဖြင့် တည်ငြိမ်နေတတ်သော မိန်းကလေး ၏ရင်ထဲကို ကျွန်မ လှမ်းမြင်တတ်လာခဲ့သည်။ တစ်ကြိမ်တစ်ခါက အချစ်ကို ကိုးကွယ်ခဲ့ဖူးသူ။ ခုချိန်မှာတော့ နှလုံးသားကိုအောင်နိုင်သူ။

သို့သော်လည်း သူ့အောင်နိုင်ခြင်းသည် ကိုယ်တိုင်ရင်အကွဲခံမှ ရတတ်သော အောင်နိုင် ခြင်းမျိုးဖြစ်၍ ကျွန်မ စုနှင်းဆီကိုများစွာ စာနာ ရပါသည်။ အချစ်ဦးကို တစ်ကြိမ်တိုက်ဆိုင် ဆုံစည်းရသည့်အခိုက်၊ တစ်ဖက်ကလည်း သနား ကြင်နာလိုသည့်အခိုက် သူ ဘယ်လိုစိတ်ခွန်အား မျိုးနှင့် လမ်းဆုံမှာခြေစုံ ရပ်နေရစ်ခဲ့သည်လည်း မသိ။ နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ် စိတ်ရှင်းသန့်သည့် မိန်းကလေး။ ဘာပဲဖြစ်ဖြစ် သည်အနေအထား အတွက်တော့ သူ စိတ်နာကျင် ပင်ပန်းရမှာပဲ။ သို့သော်လည်း သူ့မျက်နှာတွင် ပြီးခဲ့သော တစ်ည နေမှတစ်ပါး နာကျင်ရိပ်ကင်းစင်နေသည့်အတွက် တော့ သိုဝှက်တတ်သော စိတ်နှလုံးကိုပင် ချီးကျူးမိရလေသည်။

စုနှင်းဆီ၏ ပုံမှန်ကျင်လည်နေတတ်သော နေ့စဉ်ကားချပ်များက အတိမ်းအစောင်း မရှိပါပေ။ သေးသွယ် နုနယ်သော်လည်း တကယ့် တကယ်မှာတော့ ခက်မာနိုင်သူ။ ကျွန်မသည် သူ့ယုံကြည်မှုကိုရခဲ့၍ ကျေးဇူးလည်းတင်သည်။ ပြီးတော့ နားလည် စာနာရသည်။ ဇာတ်လမ်းစုံ ကို ကြားနာခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်း နေ့ရက်များအကြောင်းတော့ စကားစပ်၍ မမေး ဖြစ်ပေ။ သူပြောပြလိုသည့် တစ်နေ့နေ့မှ နား ထောင်ခံစားပေးဖို့ စိတ်ကူးသာရှိပါသည်။
သည်လိုနှင့် တစ်ရက်မှာတော့ ဆရာသွား လိုက်ပြီ အစ်မရဲ့ဟု စုနှင်းဆီက တီးတိုးပြောပြ သည်။ သူ့မျက်နှာ များစွာမကောင်းလှ။ မျက်လုံး မှာတော့ အရောင်တစ်မျိုးနှင့် မှိုင်းညှို့ကာနေ သည်။

ပထမတွင် သူ မျက်ရည် ကျလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ သို့သော် မျက်ရည်တို့က လက်တွေ့မှာ စီးဆင်းကျမလာ။ သူပြောခဲ့သလို ပင် ချစ်ခြင်းအတွက် နောက်တစ်ကြိမ် ငိုရှိုက်ဖို့ မျက်ရည်မရှိတော့ပြီထင်ပါသည်။

စပယ်ဖြူနု

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More