မေမေနှင့် ရောင်စုံနံနက်ခင်း

လမ်းကျဉ်းကျဉ်းလေးကို ချိုးကွေ့လိုက်သည်နှင့် ဈေးခေါ်သံ တညံညံ ကြားရတတ်ပြီး နံနက်ခင်းတိုင်း လှုပ်ရှား သက်ဝင်မြဲ ဖြစ်သည့် ဈေးလေးကို ဘွားခနဲ တွေ့ရလေသည်။
ကျွန်မသည် လူအုပ်ကြားထဲ တိုးဝင် စီးမျောစပြုသည့် မေမေ့နောက် အမီ လိုက်ရသည်။ လက်တစ်ဖက်ကလည်း ဈေးခြင်းတောင်းကို မလွတ်တမ်း ကိုင်လာရသေးသည်။ မေမေ့ အာရုံက ကျွန်မထံမှာ စိုးစဉ်းမျှပင် မရှိ။ လမ်းဘေးဝဲယာမှ ဈေးသည်များ၏ ဟင်းလျာ ပြကွက်ကိုသာ စူးစမ်း ငေးမောလျက် ရှိလေသည်။ အိမ်နှင့် မနီးမဝေးမှာ ရှိသော သည်ဈေးလေးသည် တကယ်တော့ ဆိုင်နှင့်၊ ကနားနှင့် တခမ်းတနား ရောင်းချသော ဈေးမျိုးလည်း မဟုတ်ပါပေ။

လမ်းသွယ်လေး၏ တစ်ဖက်တစ်ချက်မှာ ကိုယ်စီ ပလတ်စတစ်စလေး၊ သစ်သားခုံလေး ခင်းရောင်းရုံ၊ ဆန်ကောလေးတွေ ခင်း၍ ချရောင်းရုံနှင့် ရောင်းသူ၊ ၀ယ်သူ အဆင်ပြေ တတ်သော တွေ့မြင်နေကျ သူလိုကိုယ်လို ဈေးမျိုးသာ ဖြစ်သည်။ သည်ဈေးကို မေမေက နံနက်ခင်းတိုင်း လာရသည်။ ကျွန်မမှာ ညဥ့်နက်ထိ စာရေး စာဖတ်လုပ်ချင်သော ၀ါသနာကြောင့် အိပ်ရာထ နောက်ကျတတ်သည် ဖြစ်၍ ရုံးပိတ်ရက်လောက်သာ မေမေ့နောက်မှ ဈေးခြင်း တောင်းဆွဲ လိုက်ပါမြဲပင်။

သည့်အပြင် ဈေးလည်း မ၀ယ်တတ်။ ဈေးဝယ်ခြင်း အမှုကို နားလည်းမလည်။ ဈေးသည် ပြောသမျှ ဟုတ်သည် ထင်တတ်သူမို့ မေမေ့မှာ ဘယ်တော့မှ စိတ်ချရသည် မရှိဘဲ ကိုယ်တိုင်သာ နံနက်ခင်းတိုင်း ဈေးဝယ် ထွက်ရတတ်လေသည်။

ဟော တွေးရင်းငေးရင်း လျှောက်လာသော မေမေ့ ခြေလှမ်းများ တုံ့ခနဲ ရပ်ပြီ။ကျွန်မလည်း မေမေ့ အနီးမှာ ရပ်လျက် ဈေးသည် နှင့် မေမေ အပြန်အလှန် စကားဆိုတာကို နားထောင်ရသည်။ “လျှော့ပါဦးအေ” ဟု မေမေ က ပြောဦးမည်။


“မကိုက်လို့ပါ အစ်မရယ်၊ ဒီဈေးနဲ့ဆို ရှုံးတောင်နေပါပြီ” ဟု ဈေးသည်က ငြင်းဆန်ကာ သူဆိုချင်သော ဈေးနှင့်ပင် ရောင်းဖို့ ကြိုးစားဦးမည်။ ဒါကလည်း တွေ့နေ ကြားနေကျ ဈေးရောင်း ဈေးဝယ် မြင်ကွင်း မဟုတ်လား။ ပြီးတော့လည်း မေမေက ဈေးဝယ် တော်လှသူ။ အနည်းငယ် ပို၍ ခေါ်ထားသည်ဟု ယူဆသော ဈေးနှုန်းမျိုးဆို ပုံမှန် ဈေးနှုန်းလောက် ရောက်သည် အထိ မရမနေ ဆစ်ကာ ၀ယ်တတ်သူပင်။ လူပုံနွဲ့နွဲ့ စကားပြော ချိုချိုနှင့် မေမေ့ ဈေးဝယ်ဟန်မှာ ပိုင်နိုင်လှသည်။ စေ့စပ် သေချာလှပါသည်။


“ဈေးကတော့ ဟုတ်ပါပြီလေ၊ အလေးလည်း ပြည့်ပစေနော်”


“သြော်...အစ်မရယ်၊ ဖောက်သည်တွေပဲ လုပ်ပါ့မလား။ ကဲ...ဒီမှာကြည့်...ပြီးတော့ ငါးက လတ်ကလတ်နဲ့”


“အေးပါအေ၊ ပိုပိုသာသာ လုပ်ပေါ့”


ချိန်ခွင်ဇောက်ထိုး ဖြစ်အောင် ချိန်ပြတာ တွေ့ရသည်။ ငါးသည်၏ ကျွမ်းကျင် ပိုင်နိုင်သော လက်လှုပ်ရှားဟန်ကို ကျွန်မ စူးစိုက်ကြည့် သော်လည်း ဘာမှ ထူးခြားတယ် မမြင်။ မေမေ ကတော့ သံသယ မျက်လုံးနှင့် စောင့်ကြည့်လျက် “ပိုပိုသာသာ ချိန်နော်” ဟု သတိထပ် ပေးလိုက်သေးသည်။

ငါးသည်၏ လက်များ တစ်ချက်လှုပ် လိုက်တိုင်း လက်ကောက်သံက တချွင်ချွင်။ စဉ်းတီတုံးပေါ် ငါးတင်ကာ ဓားနှင့် ခုတ်ပိုင်းဟန်က သေချာလှပါရဲ့။ ငါးထုပ်ထဲ ငါးအတုံးငယ် တစ်ခု လှစ်ခနဲ ပစ်ထည့်ကာ “အဆစ်ပေး လိုက်တယ်နော် အစ်မ” ဟု ပြောလေသည်။ မေမေက ပြုံးရယ်ကာ ငွေချေသည်။ ပြီးသည်နှင့် မေမေ့နောက်က ကပ်လိုက်ရပြန်သည်။

“အဆစ်ပေးတာ ငါးတစ်တုံးတောင်နော် မေမေ”


“အဲဒီ တစ်တုံး ပေါင်းမှ သုံးဆယ်သားက ပြည့်လုလုပဲ သမီးရဲ့။ သူတို့ဘက်က ဘယ်အနာခံပါ့မလဲ”


“ဒါဆို အလေးမပြည့်ဘူးပေါ့”


“ပြည့်တယ်တော့ ဘယ်ရှိပါ့မလဲအေ။ အလေးပြည့်မှ ၀ယ်မယ်ဆို ဘယ်နေရာမှ ၀ယ်လို့ ဖြစ်မယ် မဟုတ်ဘူး။ ဒီလိုပဲ ၀ယ်နေရတာပဲ။ မပြည့်တဲ့ အထဲကမှ အမှန်နိုင်ဆုံး ဖြစ်မယ့် သူကို ရွေးဝယ်ရတာပေါ့”


သြော် ဒါသည်လည်း ပညာရပ် တစ်မျိုးပါပဲဟု တွေးရသည်။ ဈေးဝယ်ခြင်း အနုပညာပေါ့။ မေမေကတော့ ကျွန်မ အမြင်၌ အနုပညာ မြောက်လှသူ။ ဖေဖေ ပေးအပ်သော လစာငွေနှင့် ကျွန်မတို့ မောင်နှမသုံးယောက်ကို အိမ်ရှင်မ မိခင် ပီသစွာ အုပ်ထိန်း စောင့်ရှောက်နိုင်ခဲ့သူပင်။ တရိပ်ရိပ် တက်လာသည်နှင့် အမျှ ဘယ်သော အခါမျှ ပြန်ကျသည် မရှိသော ကုန်ဈေးနှုန်းကို မေမေ ဘယ်သို့များ ရင်ဆိုင်ခဲ့ပါသနည်း။ ဘယ်သို့များ စီမံ ခန့်ခွဲခဲ့ပါသနည်း။ သည်လိုသာ မေး လျှင်တော့ ပေါက်ပေါက်ရှာရှာ မေးပြန်ပြီဟု ပြုံးရယ်ကာ ဆိုမည် ထင်သည်။


မေမေ့ခြေလှမ်း တုံ့ခနဲ ရပ်သမျှ လိုက်၍ ရပ်ရသည့် အကြိမ်ရေ တိုးလာသည်နှင့် အမျှ ကျွန်မလက်ထဲမှ ခြင်းတောင်း ကလေးထဲတွင် အသီးအရွက်တို့ အရောင်စုံနေပြီ။ ခရမ်းချဉ်သီး နီနီ၊ ကန်စွန်းရွက်စည်းက စိမ်းစိမ်းစိုစို၊ ဖြူဆွတ်သော ဘဲဥတို့ကလည်း တစ်ထောင့် တစ်နေရာမှာ ခိုကပ်လျက်။ သံပရာသီးလို၊ ပုစွန်ခြောက်ထုပ် လို၊ ငရုတ်သီးလို၊ နံနံပင်လို တိုလီမိုလီတွေကလည်း ပါသေးရဲ့။


ဈေးလမ်းကလေးတွင်တော့ ဈေးခေါ်သံ များက ညံစီဆဲ ရှိလေသည်။ ဆန်ကောဝိုင်းများ ထဲမှာ သီးနှံလေးတွေ ဟိုတစ်ပုံ၊ သည်တစ်ပုံနှင့် တစ်နိုင် ရောင်းချသူတွေ၊ ဆိုင်ခုံခင်း၍ လှလှပပ ဈေးခေါ်နိုင်သူတွေ။ ဈေးသည် အမျိုးအစားစုံ လှပါပေသည်။ တချို့ကတော့ ၀တ်စားဟန် ကြော့မော့ သပ်ရပ်လျက်။ ရွှေဆွဲကြိုးကို ထင်းနေအောင် ထုတ်ဆွဲလျက်။ တချို့ကတော့ အပြင်အဆင်နှင့် မျက်နှာများက နွမ်းနယ်မြဲ။ သို့သော် ၀ယ်သူကို မော့ကြည့်တတ်သော မျက်လုံးများ၏ တောက်ပ မှုကတော့ တူညီသည်ဟု ကျွန်မထင်ပါသည်။


“မမစိန်၊ ဘာတွေရပြီလဲ”


“ငါးတို့၊ ဘာတို့ နည်းနည်းပါ မြမြရဲ့၊ မြမြရော”


ကျွန်မသည် အမေတို့ မိတ်ဆွေနှစ်ဦး နှုတ်ဆက် စကားဆို၍ ရပ်စောင့်ရလေသည်။

“အခုမှ ပတ်တုန်းပါလေ။ ဘာဝယ်ရမယ်တော့ မသိဘူး။ သိတဲ့အတိုင်း ဈေးတွေက ခုန်ပျံနေတာ မဟုတ်လား။ နှလုံး မကောင်းရင် ဈေးထဲလာဖို့တောင် မကောင်းဘူး။ ဈေးနှုန်းတွေ ကြားပြီး လန့်မစိုးလို့”

“ဟုတ်ပါ့” ဟု မေမေက ရယ်ရယ်မောမော ပြောသည်။

“တကယ်...မမစိန်ရဲ့။ ကြက်သား၊ ၀က်သားဈေးများ ၁၀ သား ၅၀၀၊ ၆၀၀ က မဆင်းဘူး။ အိမ်မှာ ကျောင်းသားတွေနဲ့ ထမင်းဘူးက ထည့်ပေးရသေးတာကိုး။ ၀ယ်ရတာပဲ။ ကိုယ်က ဘယ်လို စားစားဖြစ်ပေမယ့် သူတို့တော့ လှအောင် ထည့်ပေးရတာ။ ကိုယ်ကတော့ ချဉ်ရည်ဟင်းလောက်၊ ငါးပိရည်၊ တို့စရာ လောက်နဲ့ ပြီးရင်လည်း ပြီးလို့ရတာပဲ”

အိမ်ရှင်မ ညည်းချင်းပေါ့ကွယ်ဟု ထို မိတ်ဆွေနှင့် ခွဲခွာလာတော့ မေမေက ပြောလေသည်။ ကျောင်းသား ဘ၀က ထမင်းဘူးထဲ ရောက်ခဲ့ဖူးသော သားငါး ဟင်းလျာများကို မြင်ယောင်ရင်း မေမေ တစ်ယောက် ထမင်း ဘယ်နှနပ်များ ခြိုးခြံချွေတာ စားသုံးခဲ့ဖူးပြီလဲဟု ကျွန်မ တွေးရသည်။ ထိုစဉ်ကတော့ ဘာမှ သိတတ်လှသည် မဟုတ်သေး။ အိမ်မှာ အသား ဟင်းချက်တာများ တစ်ရက်လောက် ပျက်လျှင် နှုတ်က စူအောင့်ချင် ခဲ့သေးသည်။ အဲသည်တုန်းက ကုန်ဈေးနှုန်းက သည်လောက် မရှိသေးတာဘဲ တော်ပါသေးသည် ဟု ဆိုရမလိုပင်။ ဖေဖေ တစ်ယောက် ရှာဖွေရုံနှင့် မိသားစု ငါးယောက် စားလောက်ခဲ့သော ကာလ များပေါ့။ ခုတော့ မေမေ့လက်ထဲ ဖေဖေ့လစာ သာမက ကျွန်မနှင့် မောင်အလတ်၏ လစာပါ ပေးအပ်နိုင်ပြီဖြစ်သော်လည်း ဟိုယခင်ကာလ များကထက် တိုင်းထွာ သုံးစွဲရသည်တဲ့။


ဈေးလေးထဲမှာတော့ ၀ယ်သူတို့က အသစ် အသစ်တို့ တိုးလာမြဲပင်။ ခြင်းတောင်း ဆွဲပေးသူ ပါလာတာလည်း ရှိရဲ့။ ကိုယ်တိုင် ခြင်းဆွဲလာသူ လည်းရှိရဲ့။ အိမ်ရှင်မများ၏ တူညီမှုကတော့ ငေးမော တွေးတောလျက် စိတ်ကူးနှင့် စီစဉ် အကွက်ချ ဈေးဝယ်တတ် ပုံရတာပင်။ စိမ်းစိုသော၊ နီသော၊ ၀ါသော၊ ဖြူသော စသည့် ဟင်းလျာသီးနှံ ပြကွက် အလယ် လူတန်းကြီး ရွေ့လျားနေတာကို ငေးမောရခြင်းသည် ကျွန်မအဖို့တော့ စိတ်ဝင်စားဖွယ်ပင်။ လူချင်း တိုးမိမတတ်ဖြစ်၍လည်း စိတ်မဆိုးနိုင် အားကြဘဲ ဈေးဝယ်ခြင်းမှာသာ စိတ်ရောက်တတ်ကြ သူတွေ။ အဲသည် ဈေးဝယ်သူတွေထဲ မေမေ့လို တစ်အိမ်ထောင်လုံးစာ အတွက် စီမံရသမျှ စေ့စပ် သေချာကြရသည့် ဈေးဝယ်သူ ဘယ်နှယောက်များ ပါဝင်မည်လဲ။ ကျွန်မအထင်တော့ အများစုပဲ ဖြစ်မည်။


နေ့စဉ် နံနက်တိုင်း သားငါးဟင်းလျာ၊ အသီးအရွက်တို့ကို ၀င်ငွေထွက်ငွေ မျှတအောင် စီမံရသည့်အခါ တစ်ခါတစ်ရံ မေမေ ငြီးငွေ့ စိတ်များ ၀င်ဖူးလေသလား။ တစ်နေ့တစ်မျိုး ရိုးရသည် မရှိဘဲ အကုန်အကျ မများသော၊ စားမြိန် သော ဟင်းလျာတို့ကို တွဲစပ်ရဖန် များတော့ မေမေ ခေါင်းခြောက်ခဲ့ဖူးမှာပဲ။ သို့ပေမယ့် ဘယ်သောအခါမှ အပြုံးပျက် ညည်းညူသည် မရှိ။ နေမကောင်း၍ အိပ်ရာထဲ အနားယူရလျှင် တောင် မေမေ့မှာ စိတ်ဖြောင့်ရသည် မရှိ။ စိတ်ကူး စီမံလိုမြဲ။ မီးဖိုချောင်ထဲ ရောက်ဖြစ်အောင်တော့ ရောက်မြဲပင်။


တစ်ခါတလေ နားပါ မေမေရဲ့ဟု ဆိုလျှင် မေမေက ရယ်မောတတ်သည်။

“အိမ်ရှင်မ တစ်ယောက်မှာ နားတယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ နေမကောင်းဘူး ဆိုပေမယ့် လဲနေတာမှ မဟုတ်တာ။ သမီးချက်တာကို ကြည့်ရှု ပြောပြချင်တာပေါ့။ ပြီးတော့ ငါ့သမီးက စိတ်ရှည်တာလည်း မဟုတ်”

မိုးလင်းက မိုးချုပ် အိမ်အလုပ်များနှင့် နားရသည် မရှိဘဲ တလှုပ်လှုပ် တွေ့ရတတ်သော မေမေ့မှာ အသက်ကတော့ ငါးဆယ်ကျော်၊ ခြောက်ဆယ်အတွင်း ရောက်ခဲ့ပြီ။ အိမ်ရှင်မ သက်တမ်းကတော့ နှစ်ဆယ့် ရှစ်နှစ်ကျော်ပေါ့။ ကျွန်မတို့ မမွေးဖွားမီကပင် မေမေသည် ဟောသည် ဈေးလေးထဲ နံနက်တိုင်း ရောက်ခဲ့ဖူးမည်။ ဖေဖေ့အကြိုက် ဟင်းလျာ စီမံခဲ့ဖူးမည်။ ဟော ခုတော့ သားသမီး သုံးဦး၏ အကြိုက်ကိုပါ ထည့်တွက်လာရပြီ။

ဈေးမြင်ကွင်းကို မေမေက ငေးမောရင်း လမ်းလျှောက်၍ ကောင်းဆဲ။ ကျွန်မမှာ မေးခွန်း တစ်ခုမေးဖို့ သတိတရ ရှိပြန်သည်။

“ဒီဈေးလေးက အရင်ကရော ဒီပုံစံပဲလား မေမေ”


“အများကြီးတော့ မပြောင်းပါဘူး သမီးရယ်။ ဈေးသည်အဟောင်းတွေ နေရာ ဈေးသည် အသစ်တွေ ရောက်လာတာလည်းရှိ၊ ၀ယ်သူ အသစ်တွေ မျက်နှာ အသစ်တွေ မြင်ရတာလည်း ရှိ။ ဒီလောက်ပါပဲ။ ဟိုတုန်းကတော့ ဈေးဝယ် ရတာ ပိုစိတ်ချမ်းသာရတာ တစ်ခုပဲ ပြောစရာ ရှိတယ်။ ငွေလေး နည်းနည်းနဲ့လည်း ဈေး ကောင်းကောင်း ၀ယ်နိုင်ခဲ့တာ။ အသားငါးဈေး၊ ဆန်၊ ဆီဈေးမှ ဘယ်လောက် ရှိတာ မှတ်လို့”


ကျွန်မသည် မေမေ့ကို ငေးရင်း ဘွားဘွားကိုပင် သတိရမိသေးသည်။ နယ်မှာသာ နေပျော်သော ဘွားဘွားသည် ရန်ကုန်ကို မကြိုက်။ ဘုရားဖူး ရောက်လာလျှင်လည်း တစ်ပတ်ပြည့်အောင် နေသည် မရှိပေ။ ဈေးအသွား နံနက်ခင်း တစ်ရက်သာ မေမေနှင့် လိုက်သွားဖူးသည်။ ပြန်လာသည်နှင့် ဘွားဘွားနှုတ်က တဖွဖွ ကြားရသည်မှာ သူတို့ခေတ်က ဈေးနှုန်းများ အကြောင်းပင်။ ကျွန်မကတော့ ဘွားဘွားနှင့်လည်း အနေကြာခဲ့ဖူးသည် ဖြစ်၍ သည်အကြောင်း တွေကို ပုံပြင် တစ်ပုဒ်လို ကြားဖူးပြီးသား။ မောင်ငယ် နှစ်ယောက်က တအံ့တသြ နားထောင်လိုတာ တွေ့ရသေးသည်။


“မင်းတို့ ခေတ်ကလည်းကွယ် ဘာမေးလိုက် မေးလိုက် မိုးပေါ်က မဆင်းတော့ဘဲကိုး။ တစ်ထောင်တန်တစ်ရွက်များ လက်ထဲက ရွှတ်ခနဲ လျှောကျ သွားသလား မှတ်ရတယ်။ ဘာမှလည်း အ၀ယ်မခံပါဘူးအေ”


ဘွားဘွား တအံ့တသြ ဖြစ်ရသော ကုန်ဈေးနှုန်းများသည် မေမေ့ကိုတော့ ညည်းညူလို စိတ်ပင် မ၀င်စေဘူးလားမသိ။ အဲသည်အတွက် မေမေ ဘယ်လောက်များ တစ်ကိုယ်စာ ခြိုးခြံ ခဲ့ဖူးလေသလဲ။ အ၀တ်အစားများပင် အသစ် မ၀ယ်တာ ကြာပြီ ထင်ပါရဲ့။ လကုန်ရင် ၀ယ်ပေး ရဦးမည်ဟု လဆန်း ရက်တိုင်း တွေးမြဲ ဖြစ်သော်လည်း လကုန်လျှင်တော့ အတွေးက ပြောင်းရမြဲ။ ကုန်ကျစရာတို့က ပေါ်လာစမြဲ။ အင်းလေ သည်တစ်လတော့ ၀ယ်ဖြစ်အောင် ၀ယ်ပေးဦးမှ ပါပဲ။


“ဘာဟင်းများ စားချင်သေးလဲ။ ပြောပါဦး”


မေမေက ရှေ့မှာ ဦးဆောင်လျှောက်ရင်း ကျွန်မကို လှည့်ကာမေးသည်။

“ဟင့်အင်း မေမေ၀ယ်စရာ ကျန်ရင်သာဝယ်။ သမီးကတော့ ချက်တာပဲ စားမှာ”

တဖြည်းဖြည်း ရင့်ကျက်စ ပြုလာသော မေမေ့သမီးက အသား မစားရတိုင်း စူအောင့် ချင်တတ်သူ မဟုတ်တော့ပါဘူး။ ပြီးတော့လည်း နံနက်ဈေး တစ်ကြိမ် လိုက်တိုင်း မေမေ့ အိမ်ရှင်မ ဘ၀ကို ပို၍ နားလည်လာရပြီဟု ဆိုချင်သည်။ ဈေးတန်းလေး၏ ထိပ်ဘက်နားဆီမှ ပန်းသည်များထံတွင် မေမေက ဘုရားပန်းဝယ် သေးသည်။ ပန်းတိမ်ငို အဖြူရောင် ဖြစ်သည်။ ရေပုံးများထဲ ထိုးစိုက်ထားသော ဂန္ဓမာ၊ သစ္စာ စသည့် ပန်းများ၏ အသွေးအရောင်သည် နံနက်ခင်း နေခြည်အောက်မှာ လှပ တောက်ကြွားလျက်။ ၀ယ်သူ မျှော်လျက်။ ညနေဘက် ဆိုလျှင်တော့ သည်ဈေးလေးမှာ ဟိုနား တစ်သည်၊ သည်နား တစ်သည်နှင့် လက်ကျန်ပစ္စည်းတို့ကို ရောင်းချကြသည့် အထဲ သည်ပန်း အလှတွေလည်း ပါလျှင်ပါလိမ့်ဦးမည်။ ညနေဘက်မှာ ဈေးဆစ်၍ ကောင်းသည် ဆိုပေမယ့် လတ်ဆတ်မှုကို နှစ်လိုသော မေမေကတော့ နံနက်ခင်းမှာသာ ဈေးဝယ်တတ်သူ ဖြစ်ပါသည်။


“မုန့်ဟင်းခါး စားကြမလားသမီး”


“ဟုတ်ကဲ့ မေမေ”


အငွေ့တထောင်းထောင်း ထလျက်ရှိသော ဟင်းရည်အိုးထဲ ဇွန်းနှင့် မွှေနေရင်းမှ ဆိုင်ရှင်က ထိုင်...ထိုင်ဟု ဖိတ်ခေါ်သည်။ မေမေနှင့် ဈေးလိုက်တိုင်း သည်ဆိုင်မှာ စားဖြစ်တာမို့ သူက ရင်းနှီးဟန်ဖြင့် ပြုံးပြသေးသည်။ ဘူးသီးနဲ့ နှစ်ပွဲဟု မေမေက မှာလိုက်သည်။ ဆိုင်ရှေ့မှာ ချခင်းထားသည့် ပလတ်စတစ် ထိုင်ခုံများမှာတော့ စားသုံးသူ တချို့ အရသာခံ စားသောက်ကြဆဲ။


“ရောင်းကောင်းရဲ့လား ဒေါ်ချို”ဟု မေမေ က လှမ်းမေးတော့ ဆိုင်ရှင်က ရယ်မောလေသည်။

“မဆိုးဘူး ပြောရမလားပဲ ညီမရေ။ ဒီမုန့်လောက်ကိုပဲ အရင်က ရှစ်နာရီခွဲလောက် ကုန်တဲ့ဟာ အခု ကိုးနာရီကျော်လောက် အထိ ရောင်းနေရတယ်”
ဈေးသည်များစွာ၏ နှုတ်မှ အဓိပ္ပာယ် ခပ်ဆင်ဆင်ဖြင့် ကြားရတတ်သော စကားလုံး များဟု ကျွန်မ ထင်ပါသည်။ မေမေတို့လို အိမ်ရှင်မတွေ ငွေကို စေ့စပ်စွာ သုံးစွဲလိုတာနှင့် အမျှ ရောင်းချသူတို့ဘက်မှာလည်း သည်စကားမျိုး ကြားလာရတာဟာ အဆန်း တကြယ်တော့လည်း မဟုတ်ဘူးဟု ဆိုချင်သည်။ ငွေကို ရေလို သုံးတတ်သည့်၊ သုံးနိုင်သည့် အိမ်ရှင်မဟာ လက်ချိုးရေလို့ ရမှာပါ။

“ဟော မမစိန်။ တွေ့ပြန်ပြီနော်”


ရှေ့ရောက်လာသည့် မုန့်ပွဲကို စားမည် ကြံတုန်း နှုတ်ဆက်သံကြား၍ မော့ကြည့်လျှင် မေမေ့မိတ်ဆွေ အမျိုးသမီးကို တွေ့ရသည်။

“ဟုတ်တယ် မြမြရေ။ မုန့်စားပါဦး”

“စား...စား မမစိန်။ မြတော့ အိမ်ရောက်မှပဲ ကလေးတွေ ထမင်းလေးနဲ့ ကျွေးရင်ရောစား လိုက်တော့မယ်”


မုန့်အလွတ် နှစ်ပွဲဟု တစ်ဆက်တည်း လှမ်းမှာတာ ကြားရသည်။ ကျွန်မသည် ဘာရယ် မဟုတ် သူ့ဈေးခြင်းတောင်းထဲ လှမ်းကြည့်လျှင် အစိမ်းနှင့် အနီတို့ အားပြိုင်နေသည်ကို တွေ့ရ သည်။ မေမေ ၀ယ်တတ်သလို တိုလီမိုလီ များလည်းပါရဲ့။ မေမေ့လို နံနက်ခင်းတိုင်း ဈေးဝယ်တတ်သော အိမ်ရှင်မမျိုး ဖြစ်မည် ထင်သည်။ သူနှင့် မေမေသည် သည်ဈေးလေးမှာ နံနက်ခင်းများစွာ ဆုံခဲ့ကြဖူးမည်။ နောက်လည်း ဆုံကြလိမ့်ဦးမည်။


နှုတ်ဆက် ထွက်ခွာသွားပြီ ဖြစ်၍ မုန့်ပွဲကို စစားမည် ပြင်လျှင် ဆိုင်ရှင် အန်တီက သူနှင့် အနီးဆုံး ဖြစ်သည့် မေမေ့ကို စကားဆိုတာ ကြားလိုက်ရသည်။

“သူ့မလည်း ကလေး နှစ်ယောက်လောက် ရမှ သိပ်စေ့စပ်လာတာ။ အရင်ကများတော့ ဆိုင်မှာ ပဲကြော်တို့၊ အိုးဘဲဥတို့ ထည့်ပြီး စားတတ်တာ တစ်ပွဲနဲ့ မရပ်ဘူး”
နောက်ကွယ်မှာ စကားတင်း ဆိုလေ့ မရှိသော မေမေက ပြုံးရုံသာပင်။ ဆိုင်ရှင်ကလည်း နောက်ဝယ် သူများကို မေးမြန်း ရောင်းချရန် အာရုံပြောင်းစ ပြုသည်။
မုန့်ဟင်းခါး ပန်းကန်ကို ကိုင်လျက်တန်းလန်းနှင့် ဈေးတန်းလေးဘက် လှမ်းကြည့်လျှင် လက်တစ်ဖက်မှာ ဈေးခြင်းတောင်း၊ တစ်ဖက်မှာ မုန့်ဟင်းခါးထုပ်များ ဆွဲ၍ လူအများကြား တရွေ့ရွေ့ မျောပါလျက် ရှိသည့် အမျိုးသမီး၏ နောက်ကျောကို တွေ့မြင်ရဆဲ ဖြစ်လေသည်။


စပယ်ဖြူနု

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More