အချစ်ကို ဖတ်ရှုခြင်း


“သူက အောက်ပြည် အောက်ရွာက လာတာလေ။ သနားပါတယ်။ တစ်ယောက်တည်း နေရ တာတဲ့”ဟု တစ်ရက်မှာ မမကြီးက ပြောပါသည်။

မမကြီး၏ မျက်နှာမှာ ကျွန်မ စိတ်ထင်လို့ပဲလား မသိ။ ပန်းနုသွေး ပြေးနေ သည်ကို မြင်ရသည်။ ရှည်လျားမည်း နက်သော ဆံပင်များကို ရှင်းသလိုနှင့် မျက်နှာကို ကွယ်ဝှက်ပြန်သည်။ ရှက်တတ်ကြောက်တတ်သည့် အပျိုမဟန် ဖမ်းချင်ပြီ ဖြစ်သော မမကြီးကို ကျွန်မ စနောက်ချင်လာပါသည်။

“သူဆိုတာ ဘယ်သူလဲ မမကြီးရဲ့”

“ဒီကလေးမဟာ။ မသိတာ ကျနေတာပဲ။ ဟိုဘက်တစ်အိမ်ကျော်မှာ ငှားနေတဲ့သူလေ မသိဘူးလား။ တို့အိမ်ရှေ့က နေ့တိုင်းဖြတ်နေတဲ့ဟာ”

“သိသားပဲ။ မမကြီးကို ရှိတ်နေတဲ့ သူမဟုတ်လား။ အသားမည်းမည်းနဲ့ လူဟာ” မမကြီးက မျက်စောင်းတစ်ချက်ရွယ် လိုက်ပါသည်။ “မမည်းပါဘူး။ ညိုတာပဲဟာ” “မည်းတာမှ လွန်ရော”

ကျွန်မ၏ ပြောင်နောက်ချင်ဟန် ရှိနေမည့် မျက်နှာကို မမကြီးက ရင်ဆိုင် မကြည့်တော့ပါ။ မှန်ထဲက မျက်နှာကို အသာငေးကြည့်ကာ အလှပြင်နေပါသည်။ အလှပြင်သည် ဆိုသော်လည်း အထူးတလည် အရောင်ခြယ်သသည် မဟုတ်။ မမကြီးက ပင်ကိုကပင် လှသူ။ သနပ်ခါးမျှ လိမ်းထားသည် ဆိုလျှင် ပင်ဝင်းဝင်းပပ လှနေတတ်ပါသည်။ ကိုယ့်အစ်မမို့ ကိုယ်ပြော သည် မဟုတ်။ ရပ်ကွက်ထဲမှာတော့ မမကြီး ၏ညီမ၀မ်းကွဲ ဖြစ်ရသည်ကပင် မျက်နှာ ပွင့်လှသည်။ နှုတ်ဆက်ချင်သူ များလှသည်။

တကယ်တော့ မမကြီးနှင့် အတူနေဖို့ ဖြစ်လာသည်မှာ သုံးနှစ်မျှသာ ရှိပါသေးသည်။ မမကြီး ကမြို့မှာ ဘွားဘွားနှင့်ငယ်စဉ်ကတည်းက အတူနေသူ။ ကျွန်မကတော့ မိဘများနှင့် အတူ ရွာမှာ နေသူ။ မမကြီးသည် ငယ်နုစဉ်မှာပင် မိဘ များက ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးပါးခဲ့သည် မို့ ဘွားဘွား လက်ပေါ်မှာပင် ကြီးပြင်းလာခဲ့ပါ သည်။

ငယ်စဉ်တုန်းကတော့ မြို့ကို မိဘများနှင့် အလည် လိုက်လာသည့် အခိုက် မမကြီးနှင့်တွေ့ရ မြဲဖြစ်သော်လည်း သံယောဇဉ်က သိပ်ပြီးတွယ်သည် မရှိလှ။ အစ်မ တစ်ယောက်လိုတော့ ချစ်ခင် သော်လည်း မရင်းနှီးသေး။ အသက်ကလည်း ငါးနှစ်မျှ ကွာသည်ဖြစ်ရာ အတူ ကစားဖို့လည်း အဖော် မရပြီ။

ဘွားဘွားက မမကြီး အပေါ် ကျွန်မတို့ထက် အချစ် ပိုသည်ကိုတော့ ထိုစဉ်ကတည်းက သိခဲ့ပါ သည်။ သို့သော် ကျွန်မက ငြူစူ ပြိုင်ဆိုင်တတ်သူ မဟုတ်။ ကျွန်မ၏ ဖေဖေကလည်း အစ်ကို လုပ်သူ၏ သမီးလေးအပေါ် ကရုဏာ စိတ်ဖြင့် ချစ်ခင် ကြင်နာသည်ကိုလည်း မနာလို မရှိပါပေ။

မူလတန်း အောင်တော့လည်း ဘွားဘွားအိမ်ကို ကျွန်မ ရောက်လာရပါသည်။ အိမ်နှင့် သိပ်မ ဝေးသော အထက်တန်း ကျောင်းမှာ ငါးတန်းဆက် တက်ရသည်။မမကြီးနှင့် အတူ ကျောင်းတက် ရပါသည်။ ထိုစဉ်က မမကြီးက ဆယ်တန်း ကျောင်းသူ။ ဆယ်တန်းကို ဖြေလိုက်သေးသော်လည်း နှစ်နှစ်ဆက်တိုက်ျသည်မို့ ကျောင်း ဆက်မနေတော့ပြီ။

ခုတော့ ကျွန်မလည်း ခုနစ်တန်း တက်ရပြီ။ မမကြီးကိုတော့ ကျွန်မ ရောက်စကထက် လှပပွင့် လန်းလာသည်ကို တွေ့ရပါသည်။ ချစ်လိုခင်လို သူ ပေါများလာသည်ကိုတွေ့ရပါသည်။ သို့သော် မမကြီးကတော့ သည်လို ကိစ္စများကို စိတ်ဝင် စားခြင်းရယ် မရှိပါ။ အိမ်မှာပင် အိမ်မှုအလုပ်များ လုပ်ရင်း၊ မိသားစုအတွက် အင်္ကျီလေးများ ချုပ်ရင်း နေတတ်သည်။ ဈေးသွားသည်ဆိုလျှင်ပင် ဘွားဘွားက အမြဲလိုပါတတ်သည်မို့ မမကြီးမှာ ချစ်သူခင်သူများက ပိုးပန်းလိုလျှင်ပင် အလှမ်း ဝေးနေတတ်လေသည်။

ကျွန်မသည် ဆယ်ကျော်သက်ရွယ်မျှသာ  ရှိသေးသည်မို့ ရှည်ရှည်ဝေးဝေးလည်း မတွေး တတ်လေရာ မမကြီးကို စိတ်ဝင်စားသော အစ်ကို ကြီးများက  မုန့်ဝယ် ကျွေးလျှင်ပင် အဟုတ်မှတ်ကာ ၀မ်းသာအားရ စားလာတတ်သည်။ မမကြီး အတွက်ဆိုကာ ထည့်ပေးသည့် စာအုပ်မျိုးကိုလည်း ယူလာဖူးသည်။

နောက်မှ ရည်းစားစာပါသည်ကို မမကြီးထံ ကသိရလျှင် ဘွားဘွားတို့ သိမည်ကိုပင် ကျွန်မမှာ ကြောက်ရွံ့ရသည်။ သို့သော် မမကြီးက တိုင်တောနေတတ်သူ မဟုတ်။ ဘယ်သူ့ကိုမှလည်း ပြန် လှန်စိတ်မ၀င်စားခဲ့။ အိမ်၏အရိပ်မှာသာ ခိုအောင်း နေပျော်သူ။

ကျွန်မသည် နောက်ပိုင်းမှာတော့ မမကြီးအ တွက် လမ်းကြုံထည့်ပေးတတ်သော စာအုပ်များ၊ စာများကို မယူပေးရဲတော့သော်လည်း သူတို့က မျက်နှာလုပ်ကာ ကျွေးတတ်သော မုန့်များကို တော့ စားမြဲပင်။ သည်အထဲမှာမှ မမကြီး၏ စကားများထဲ ခု တစ်လော ပါလာတတ်သည့် သူဆိုသူကိုတော့ ဘာကြောင့်မှန်းမသိ၊ ကျွန်မ သိပ်မကြိုက်လှပါ။

သူသည် ကျွန်မတို့မြို့က မဟုတ်။ သည်ပြည်နယ်သားပင် မဟုတ်။ကျွန်မ၏ စိတ်ထဲတွင် တော့ ကိုယ့်နယ်က မဟုတ်သူမို့ သူစိမ်း တစ်ယောက်လိုသာ ခံစားရပါသည်။ မမကြီးကတော့  ကြံဖန်သနားစရာ ထင်နေသေးသည်။

အဲသည်တုန်းကတော့ ကျွန်မသည် ရယ် စရာလို့သာ ထင်ကာ မမကြီးကို စနောက်နေခဲ့ခြင်း ဖြစ်သည်။ အတွင်းစိတ်ကို မြင်ကြည့်ဖို့ရာလည်း နားလည်သေးသည် မဟုတ်ပါ။  ပြန်တွေးကြည့်တော့လည်း အသားညိုညို သာမန်ရုပ်ရည်နှင့် လူတစ်ယောက်ကို မမကြီး စိတ်ဝင်စားလိမ့်မည် မဟုတ်ဘူးလို့ ယုံနေခဲ့သည်ပင်။ သူသည် လက်သမားဆရာ တစ်ယောက်  ဖြစ်သည်လို့ မမကြီး၏ စကားများဖြင့် ကျွန်မသိ ခဲ့ရပါသည်။ အောက်ပြည် အောက်ရွာမှ ရွှေ့ပြောင်းကာ ကျွန်မတို့ မြို့ကလေး၌ အလုပ် လုပ်ကိုင်ရန် ရောက်လာခဲ့သည်တဲ့။ တစ်ယောက်တည်းပင် အိမ်ငှားနေသည်။

အလုပ်သွား အလုပ်ပြန်ချိန်များဆို အိမ်ရှေ့က ဖြတ်တိုင်း ပြုံးပြနှုတ်ဆက်ရင်း မျက်မှန်းတန်း မိကြသည်ဟု မမကြီးက ဆိုဖူးသည်။ ခြံချင်းက လည်း တစ်ခြံကျော်မျှသာ ဖြစ်လေရာ မမကြီးကို
လှမ်းမျှော်ကြည့်နေခြင်းမျိုးကိုလည်း ကျွန်မ အမှတ်တမဲ့ တွေ့ဖူးပါသည်။ မမကြီးကတော့ကျွန်မ အမြင်မှာ ခပ်တည်တည်သာပဲ။

သို့ပေမဲ့ ခုနောက်ပိုင်းမှာတော့ ညဘက် များတွင် ညီအစ်မနှစ်ယောက် စကားစမြည်ပြော ကြလျှင် သူ့အကြောင်းများ ကြိုးကြားကြိုးကြား ပါလာစပြုတော့ ကျွန်မ အံ့သြလာပါသည်။
“မမကြီး အဲဒီလူကို ကြိုက်နေတာလား”

“ဟယ် ဒီကလေးမ ကြံကြံဖန်ဖန်”

မမကြီး၏ မျက်နှာ၌ တွေ့ရမြဲဖြစ်သော ရှက်ရိပ်ကို မြင်ရပြန်သည်။ မျက်စောင်း ရွယ်ပြန်သည်။ နှုတ်ခမ်းများကတော့ ဘာကြောင့် ပြုံးနေသည်လဲ။ ဘာကြောင့်များ ပြင်ပမြင်ကွင်းကို ငေးမောပြီး ငြိမ်သက်နေသည်လဲ။

ကျွန်မသည် အစ်မ လုပ်သူ၏ မျက်နှာ အမူအရာ အပြောင်းအလဲကိုသည့်ထက် ကြာရှည်စိတ် မ၀င်စားနိုင်ပါ။ ကျောင်းစာများလည်း ကျက်ရ သေးသည်။ ၀တ္ထုများလည်း ဖတ်တတ်ပြီမို့ အချိန် လုဖတ်ရသေးသည်။ ၀တ္ထုမည်သလား၊ မမည် သလားမသိနိုင်သော စာများကို ရေးတတ်လာပြီ။

သည်ကြားထဲ အတန်းတင် စာမေးပွဲက နီး ပြီမို့ စာများနှင့်လုံးထွေးကာ မမကြီးကိုမျက်ခြည် ပြတ်ခဲ့မိသည် ထင်သည်။ မမကြီး ညညဆိုလျှင် ကျွန်မစာကျက်သည်နှင့်အပြိုင်တော်တော်နှင့် မအိပ်ဘဲ လူးလိမ့်နေသည်ကိုတော့ သိနေသည်။ သို့သော်လည်း ကျန်တာတော့ ဘာမှထူးသည် မထင်ခဲ့ပါပေ။ စာမေး ပွဲပြီးတော့လည်း မိဘများ ရှိရာရွာဆီ ပြန်ပါသည်။ ရွာတွင် မိဘများရင်ခွင်၌ နေပျော် နေကာ မမကြီးကိုလည်း မေ့လျော့နေခဲ့သည်။ ဘွားဘွားကိုလည်း သတိမရနိုင်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်းတစ်သိုက်နှင့် စကားပြောလို့မှ ၀နိုင်သည် မထင်။

တစ်လမျှနေပြီးလျှင်တော့ မြို့ကို ပြန်ရပါ သည်။ ကျွန်မပြန်ရောက်ချိန်တွင်တော့ ဘွားဘွား ၏အိမ်၌ အရာရာ ပြောင်းလဲနေပေပြီ။ အရာရာဟု ဆိုရသည်မှာလည်း ဘွားဘွား သည် မမကြီးအပေါ်တွင် မိဘမဲ့ မြေးကလေးမို့၊ ငယ်ကတည်းက ပြုစုလာရသည်မို့ အချစ်ပိုကာ အရိပ်တကြည့်ကြည့် ရှိတတ်၍ မမကြီး၏         အပြောင်းအလဲသည် အားလုံး၏ အပြောင်းအလဲ သာတည်း။

ဘွားဘွားကို မျက်နှာသုန်မှုန်လျက်ဧည့်ခန်း တွင် ခပ်ငူငူထိုင်နေသည်ကိုသာ တွေ့ရသည်။ ကျွန်မ ပြန်ရောက်လာသည်ကိုပင် ဖက်လှဲတကင်း မရှိ။ မမကြီးကိုလည်း ခါတိုင်းလို အဆင်သင့် မတွေ့ရ။ ဒေါ်လေးသည် ကျွန်မတွင် ပါလာသော ခြင်းတောင်းကို မီးဖိုခန်းထဲအထိသယ်ယူလာပေး သည်။ ခါတိုင်းတော့ မမကြီးကအသံလေးတစာစာနှင့်ကြိုနေကျပါ။ နေပါဦး ဘွားဘွားက ဘာလို့များ မျက်နှာမကောင်းရတာလဲ။ မမကြီးကိုရော ဘာ ကြောင့်မတွေ့ရတာလဲ။ အစဉ်အမြဲ ပေါ့ပေါ့ပါးပါး ပြုံးပြုံးရယ်ရယ်နေလေ့ရှိ သော ဒေါ်လေးကိုလည်း မျက်နှာမသာမယာ ရှိနေသည်ကို တွေ့ရပါသည်။

“ဒေါ်လေး မမကြီးရော”

ဒေါ်လေးက ကျွန်မ၏အမေးကို မဖြေနိုင်သေးဘဲ ဧည့်ခန်းထဲကို ငဲ့ကြည့် လိုက်ပါသည်။   
“သမီးမမကြီးကို ရည်းစားနဲ့ မိလို့လေ။ အခုဈေးကိုတောင် ဒေါ်လေး သွားနေရတယ်”ဟု ကျွန်မကို တီးတိုးသတင်းပေးပါသည်။

ကျွန်မသည် ကြားရသော သတင်းစကားကို ကိုယ့်နားကိုမှ မယုံနိုင်။
“ဘယ်သူလဲဒေါ်လေးရဲ့။ မမကြီးမှာ ရည်းစားရှိလို့လား။ သမီးတောင် မသိဘူး”

ဒေါ်လေးက ဘွားဘွားရှိရာဆီ တစ်ချက်လှမ်းကြည့်ပြန်ပါသည်။
“ရော်..ဟိုဘက်တစ် ခြံကျော်က လက်သမားဆရာလား၊ ဘာလား ဟိုကောင်လေးဟာ”

ကျွန်မမှာ ဘယ်လိုမှ မသိလိုက်နိုင်သည်ကိုပင် အံ့အားတသင့်ဖြစ်နေရပါ သည်။ တစ်ခန်းတည်း အတူနေခဲ့ပါလျက် ကျွန်မ ဘာကြောင့် မရိပ်မိခဲ့ပါလိမ့်။  မမကြီးကိုတော့ အခန်းထဲတွင် ငြိမ်သက်ငေးမောလျက် ရှိသည်ကိုတွေ့ ရပါသည်။ အရင်ကထက်လည်းများစွာ ပိန်သွယ်ညှိုးလျနေသည်။ အပြုံး အရယ်ပင် နည်းခဲ့ပြီလား မသိ။ ကျွန်မကို တွေ့တွေ့ချင်း ယဲ့ယဲ့မျှသာပြုံးပြ နိုင်ရှာသည်။ ကျွန်မသည် ငယ်ရွယ်သူတို့၏သဘာဝဖြင့် မမကြီးကိုသာ သနားနေသည်။  
“မမကြီး ဟိုလူကြီးနဲ့ ကြိုက်လို့ဆို”

“မကြာသေးပါဘူး မိမိုးရယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ အဖြေ ပေးလိုက်တာ”

ကျွန်မက သတိလက်လွတ် စနောက်ချင်စိတ်ဖြင့် ဟက်ခနဲ ရယ်မော လိုက်ပါသည်။
“မမကြီးပြောတော့ မကြိုက်ပါဘူးဆို”

“အေးဟယ် မိမိုးရယ်။ငါက သနားတာကိုး။ သူက ငါ့ကို အရမ်း ချစ်ရှာ တာ”

“ဒီလူကြီးများ”ဟု ကျွန်မက ကိုယ့်အစ်မချောကို နှမြောစွာရေရွတ် လိုက်ပါသည်။

“တစ်ရက်ကလေးပဲ ဘွားဘွားဈေးမလိုက်နိုင်တဲ့ တစ်ရက် မုန့်ဟင်းခါး ဆိုင်မှာ မုန့်စားရင်း စကားပြောမိပါတယ်။ စကားက ပြန်ပေါက်တော့တာပဲ မိမိုးရယ်။ ဘွားဘွားက ငါ့ကို ရိုက်တယ်သိလား”

မမကြီးသည် မျက်ရည်ကလေးများပင် ၀ဲလာသည်။ အပြင်ဘက်ကို ငေးမောနေပြန်သည်။
“မမကြီးက ရည်းစားလို့ ပြောလိုက်လို့လား”

“သူက ငါ့လက်ကို ကိုင်ထားတာကိုး။ ရည်းစားမဟုတ်ဘူးလို့ ဘယ်လို ပြောရမှာလဲ”

“အခုတော့ အပြင်မထွက်ရတော့ဘူးဆို”

“အေးဟယ်။ သူလည်း သနားပါတယ်”ဟု မမကြီးက တီးတိုးဆိုပါ သည်။ ကျွန်မသည် မမကြီးကို သနားလှသလို ဘွားဘွား၏ ဒေါသကိုလည်းသိသူမို့ စကားလည်း များများမပြောရဲဘဲ အိမ်မှာ နေရတာပင် ကျဉ်းကျပ်နေသည်။ ခါတိုင်းလို အသံကျယ်လောင်စွာ မရယ်မောနိုင်။ အိမ်ရှေ့အိမ် နောက်လူးလားခတ် ကူးလူးမနေရဲ။ ၀ရန်တာ တစ်ထောင့်တွင် ငြိမ်ကုပ်ကာ စာဖတ်ကာ နေရ သည်။ 

မနက်ခင်းများတွင်တော့ ဒေါ်လေးနှင့် ဈေးသို့ လိုက်ရသည်။ မမကြီး ၏ချစ်သူကိုတော့ ဈေးအနီးက လက်ဖက်ရည်ဆိုင်မှာ အမှတ်မထင် လှမ်း တွေ့ရသည်။ ကျွန်မတွေ့သလို ဒေါ်လေး ကလည်း တွေ့ပုံရပါသည်။ မျက်နှာကို ခပ်တင်း တင်းထားကာ ဆိုင်ရှေ့က ဖြတ်လေသည်။

“နေ့တိုင်း လာစောင့်တာပဲ။ သီတာများ ဘယ်နေ့လာမလဲလို့ နေမှာပေါ့။ ဟိုက လွှတ်ပါ တော့မယ် အားကြီး”ဟု ဒေါ်လေးက ရေရွတ်နေ သည်ကို ကြားရသည်။

ကျွန်မသည် မမကြီး၏ ညှိုးငယ်သော မျက်နှာကို တစ်လှည့် သူ့ချစ်သူ၏ စိုးရိမ်မကင်း ဖြစ်သော မျက်နှာကို တစ်လှည့်မြင်ယောင်ကာ သနားသလိုပင် ဖြစ်လာပါသည်။ အိမ်တွင် မမကြီး မျက်နှာငယ်နေရသည်ကိုလည်း သနား သည်။ ညတိုင်းမျက်ရည်ကျသည်ကိုလည်း သနားနေသည်။ သို့သော် ကျွန်မဘာများတတ် နိုင်ပါမည်နည်း။ ဘွားဘွားကို ကျွန်မလည်း ကြောက်ရသည်မဟုတ်လား။ သနားသည်ပင် မပြောရဲ။ ဘွားဘွားက ကျွန်မကိုပင်ကြိုတင်ဆူပူ နေသည်ကိုလည်း ရယ်မောချင်စဖွယ် ကြုံရသေး သည်။

သည်ကြားထဲတော့ ကျောင်းဖွင့် ရာသီစပြီ ဖြစ်လေရာ ကျွန်မသည်ကျောင်းနှင့် အိမ်နှင့်ကူး လူးကာ မအားမလပ်ရှိလာပြန်သည်။ ကျောင်းစာများနှင့် လုံးထွေး နေပြန်သည်။ ခုနစ်တန်းတွင် ပထမရခဲ့သည်မို့ ကျောင်းစာများကို အရင်က ထက် လောဘကြီးလာသည်။

မမကြီးကိုတော့ သည်ရက်များထဲ အရင်လို ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်ရပါသည်။ ဘွားဘွားနှင့်လည်း စကားဆိုနိုင်ကြပြီ။ ဘွားဘွား ၏ စကားသံများလည်း နူးညံ့ခဲ့ပြီ။ နှစ်ယောက် သား ဈေးအတူသွားမြဲ၊ အတူချက်ပြုတ် မြဲ ဖြစ်လာပြန်သည်။ မမကြီးသည် ဘွားဘွား၏ စေတနာကို နားလည်ခဲ့ပြီဟု ဒေါ်လေးကဆိုပါ သည်။ ကျွန်မကလည်း ဟုတ်မှာပဲဟု ဒေါ်လေး သံယောင် လိုက်ကာ စိတ်ချမ်းသာဆဲ။

တစ်ရက်မှာတော့ မမကြီး အိမ်မှရုတ်တရက် ပျောက်သွားသည်ကို ကြုံကြရပါသည်။ မနက်မိုး လင်းတော့ ဒေါ်လေးက အလောတကြီး လာနှိုးမှ ကျွန်မသိရသည်။ မမကြီး မရှိတော့ပြီ။ စာတို တစ်စမျှသာ အခန်းထဲကျန်ရစ်ခဲ့သည်။

ဘွားဘွားသည် ထမင်းမျှပင် ထွက်မစားနိုင် တော့လောက်အောင် ပုံလဲရှာသည်ကို မြင်လျှင် တော့ ကျွန်မမှာ ဘွားဘွားကိုလည်း သနားစိတ် ၀င်လာပြန်သည်။ မမကြီးတစ်ယောက် ဘယ်များ ရောက်နေသည်လဲ။  တစ်ပတ်ကျော်မျှ ရှိလျှင်တော့ လူကြီး နှစ်ဦး သုံးဦးအိမ်ကို လာကြပါသည်။ မမကြီး၏ ချစ်သူ ငှားနေသော အိမ်မှ အိမ်ရှင်လည်း ပါလာ သည်။ သူတို့က မမကြီးကို လူကြီးစုံရာနှင့် အပ်လိုသည် တဲ့။ ဘွားဘွားက ဒေါသတ ကြီး ငြင်းဆန်ဆဲ။

ဖေဖေတို့ပါ လိုက်လာကြပြီး ဖျောင်းဖျ တော့မှ ခေါင်းညိတ်တော့သည်။ သို့သော် ဘွား ဘွား အဲသည်ညက ငိုရှာသည်ကို ကျွန်မ သတိရ နေသည်။
“သူ့အတွက် အမေပြောခဲ့တာ အမေ့စေတနာ ကိုတောင် သူ နားမလည်ဘူး။ နှစ်ယောက်စလုံး ပညာကမတတ်၊ အလုပ်က ဟုတ်တိပတ်တိ မရှိနဲ့ အလောတကြီး အိမ်ထောင်ပြုကြတာ တစ်သက် လုံး ဆင်းရဲမှာစိုးလို့ အမေ တားခဲ့တာ ပါ”ဟု ဖေဖေ့ရှေ့တွင် ဘွားဘွားက အသံလေး တုန်တုန် နှင့် ညည်းရှာသည်ကို တွေ့ရပါသည်။

ကျွန်မကတော့ ရှည်ရှည်ဝေးဝေး မတွေး တတ်သေးသော အရွယ်ပီပီ အင်္ကျီ အသစ်ဝတ်ရ မည်၊ မင်္ဂလာပွဲမှာပျော်ရမည်၊ မုန့်များတ၀စားရ မည်ကိုသာ ပျော်နေသည်။ အရာအားလုံးကို ပျော်စရာလို့ ထင်နေသည်။  မမကြီးတစ်ယောက် မင်္ဂလာပွဲနေ့မှာ မျက်နှာလေးပြုံးမြနေသည်ကို မြင် ရတော့လည်း ကျွန်မက ပျော်သည်။ မင်္ဂလာပွဲမှာ အကျဉ်းချုံး မျှသာ လုပ်နိုင်သည်ကို လူကြီးများက စိတ်မ ကောင်းဖြစ်ဆဲ ခဲဖိုးတောင်းဖို့ သူငယ်ချင်း များနှင့် တိုင်ပင်ကာ ပျော်နေသည်။ နောက်ဆုံး အနေနှင့် ယောက်ျား နောက်လိုက်ပါတော့မည်မို့ ဘွားဘွား၊ ကျွန်မ၏မိဘများနှင့် ဒေါ်လေးတို့ကို ကန်တော့ကာ မမကြီး ငိုတော့လည်း သူပဲ အမျိုးမျိုးဟုတွေး ကာ ရယ်စရာ မှတ်ပြီး ပျော်နေခဲ့လေသည်။

ယခုတော့ ရာသီများ အကြိမ်ကြိမ်ပြောင်း လဲခဲ့သည်အတွင်း ကျွန်မသည်လည်း ရွက်သစ် အခါခါလဲရသော သစ်ပင်လို ဘ၀ဟောင်း၊  နေရာဟောင်းများကို နှုတ်ဆက်လာရပါသည်။ ကျွန်မ ဆယ်တန်းအောင်တော့ ဖေဖေတို့က မန္တလေးပြောင်းကြသည်။ ကျွန်မလည်း မန္တလေး မှာပင် တက္ကသိုလ် တက်ရသည်။ အလုပ်ဝင်ရ သည်။ ဘွားဘွားတို့ရှိရာ မြို့ကိုလည်း ပြန် မရောက်ဖြစ်။ ဖေဖေသာ တစ်နှစ်လျှင်တစ် ကြိမ်လောက် မှန်မှန်သွားတတ်သည်။ ဖေဖေ ပြန်လာလျှင်တော့ သတင်းများကြားရမြဲ။ မမကြီးမှာကလေးသုံး ယောက်ပင်ရှိပြီဟု သိရ သည်။ ဒေါ်လေးတစ်ယောက် ဘွားဘွားခြေရာ နင်းကာ ကလေးများကို ခေါ်ထိန်းပေးနေသည်ကို သိရသည်။ မမကြီးတို့မှာ စီးပွားရေးကတော့ လုံးလည်ချာလည်လိုက်နေကြသည်ဟု ဖေဖေက ပြောပြတတ်သည်။ မမကြီးက ကျွန်မကိုလည်း တွေ့လိုသည်တဲ့။ သို့သော်လည်း မရောက်ဖြစ်။

သည်နှစ်တော့ ဘွားဘွားကနေသိပ်မ ကောင်းသောကြောင့်၊ ဖေဖေကအတူလိုက်စေချင် သည်မို့ မေမေရော ကျွန်မပါမြို့သို့ ပြန်ရန် ဖြစ်လာ ပါသည်။ ဘွားဘွားသည် ကျွန်မတို့ကို လူစုံတက်စုံ ပြန်တွေ့ရသည့်အတွက် ပျော်နေရှာသည်။ သူ ကိုယ်တိုင်ပင် ဟင်းစီမံဖို့ ပြင်သည်မို့ ဒေါ်လေးက မိခင်ကို ကြည့်ကာ တပြုံးပြုံးဖြစ်နေသည်။

“အခုမှ ငေါက်ခနဲ နေကောင်းလာတော့တာ ပဲ အမေတို့ကတော့”ဟု ဒေါ်လေးက ဆိုသည်။

ကျွန်မမှာတော့ အိမ်ရောက်သည်ဆိုလျှင်ပဲ မမကြီးကို ဦးဆုံးတွေ့ချင်နေပါသည်။ မမကြီးနှင့် ပြန်မတွေ့ဖြစ်တာ ငါးနှစ်ကျော်ခဲ့ပြီ။ ကျွန်မတို့ ရွှေ့ပြောင်းစဉ်ကတော့က လေးလေးပိုက်ကာ   သင်္ဘောဆိပ် လိုက်ပို့သည်ကို သတိရနေပါသည်။

“အမယ်လေး သွားရင် တွေ့ရပါလိမ့်မယ် မျောက်လောင်းသုံးကောင်ကို။ ဒီနေ့သာ အိမ်မလာ သေးတာ။ ခါတိုင်းဆို ရောက်နေပြီ။ သူက သူ့ စက်ချုပ်တဲ့အလုပ်တစ်ဖက်ဆိုတော့ ကလေးတွေ ကို ကောင်းကောင်းကြည့်နိုင်တာမဟုတ်ဘူး။ကလေးတွေလည်း ဒီလာမှ ကောင်းကောင်းနေရ၊ စားရတာ”ဟု ဘွားဘွားက ခပ်ပြုံးပြုံးနှင့် ပြောပြ နေသည်။ 

“သမီးသွားလိုက်မယ်လေဘွားဘွား။ အပြန်ကျရင် မမကြီးနဲ့ ကလေး တွေ ခေါ်လာခဲ့မယ်”

ကျွန်မသည် ဒေါ်လေး လမ်းညွှန်သည့်အတိုင်း လျှောက်လာခဲ့ပါသည်။ မမကြီး၏ အိမ်မှာပျဉ်ထောင်သွပ်မိုး အိမ်ငယ်လေး။ အိမ်ရှေ့တွင် ကလေးငယ် နှစ်ယောက်ဆော့ကစားနေသည်ကို မြင်ရသည်။

ကျွန်မ ခြံထဲဝင်လာတော့ အိမ်အတွင်းမှ အမျိုးသမီး တစ်ဦး အပြေး ထွက်လာသည်ကို တွေ့ရပါသည်။ ကျွန်မသည် မြင်ကွင်းကို ခြေအစုံရပ်ကာ အကြောင်သား ငေးကြည့်နေမိပါသည်။ ဘီးစပတ်နှင့် ကိုယ်ဟန်ပြည့်ပြည့်နှင့် အသက် ၄၀ ခန့် ထင်ရသော အမျိုးသမီးသည် ကျွန်မ၏ မမကြီးပါတကား။
တစ်ချိန်က ၀င်းဝါသွယ်နုသော မိန်းမပျိုမှာ ဘယ်ရောက်သွားပါသနည်း။
“မမကြီးရယ် မိန်းမကြီး ကျနေတာပဲ”

ကျွန်မအသံမှာ စိတ်မကောင်းသံများ ဖြစ်နေ လေမလား။
“အေးလေ။ မိန်းမ ကြီးပဲဟာကို”

မမကြီးက ရယ်မောပြုံးရွှင်နေသည်။ ကလေးငယ်များကို ကျွန်မနှင့် စကားပြောစေကာ ရွှင်နေသည်။ အိမ်ပေါ်တက်စေကာနေရာချကာနှင့် အလုပ် များနေပြန်သည်။ အိမ်ရှေ့တွင်စက် တစ်လုံးချလျက်။ ချုပ်လက် စတွေ့ရသလို ပုံထားသော အထည်များကိုလည်း တွေ့ရသည်။ သူက အလုပ်သွားတယ်လေ ဟု မမကြီးကပြောပြသည်။

“နှစ်ယောက်စလုံး လုပ်မှကိုး။ အကြီးလေးကလည်း ကျောင်းနေရပြီ လေ။ နောက်ဆို အငယ်လေးတွေ ပါလာဦးမယ်”
ကလေးငယ်လေးမှာ ပုခက်ထဲတွင် အိပ်မော ကျဆဲက လူးလွန့်စပြုပြီ။ ကလေးကို ချီမည်ပြင်ဆဲ မီးဖိုထဲတွင် ထမင်းအိုးက ဝေသည်မို့ ခဏနော်ဟု ပြောကာ အပြေးအလွှား ထထွက်သည်။ သည်ခဏမှာပင် အိမ်ရှေ့က စီခနဲ ငိုသံကြား၍ ကျွန်မ ထွက်ကြည့်လျှင် ကလေးနှစ်ဦးမှာ ကစားစရာလု ခိုက် အငယ်လေးက ငိုယိုအော်ဟစ်နေသည်ကို မြင်ရပါသည်။

“သားကြီးရေ အမေ ဘာပြောထားလဲ ငိုသံမကြားချင်ဘူးပြောထား တယ် မဟုတ်လား”

အိမ်ပေါက်ဝတွင် မမကြီးပေါ်လာကာ မာန်မဲတော့မှ ကလေးလက်ထဲကို ကစားစရာပြန်ရောက်သည်။ သို့သော်ရန်စောင်လိုဆဲ။ ကျွန်မသည် ရယ်မောချင်စွာ ပြီးတော့ အနည်းငယ်စိတ် ရှုပ်စွာနေရာမှာပင် ရပ်လျက် မမကြီးကိုလှည့် ကြည့်မိသည်။

မမကြီးသည် ယောက်မကို လက်တစ်ဖက်က ကိုင်ကာ ကလေးအငယ် ဆုံးလေးကို ခါးထစ်ခွင်ချီလျက်။ ထဘီကလည်း အလောသုံးဆယ် ပြင်ဝတ် လာပုံရပါသည်။ သူလည်း သူ့ဟန်ပန်ကို သူ့ဘာသာ ရယ်မောလိုသည်လား မသိ။ ကျွန်မကို ပြုံးစိစိ ကြည့်နေသည်။

ကျွန်မမှာတော့ တစ်ချိန်က တွေ့ခဲ့ဖူးသည့် မမကြီး၏ ရှက်ရိပ်စွန်းသော၊ အချစ်ကို စူးစမ်းလို သောမျက်လုံးနှင့် အပြုံးလေးများကိုသာ ဘာ ကြောင့် မှန်းမသိ ပြန်လည်မြင်ယောင်နေမိပါသည်။          
စံပယ်ဖြူနု
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

2 comments:

ကျွန်တော်တို့ ၀န်းကျင်မှာ အဲဒီသံသရာတွေ အများကြီးပဲနော်...။ သူတို့ အချစ်ကို စောင့်ဖတ်မယ်ဆို ဖတ်တဲ့သူသာ ဖတ်ဖတ်မောသွားမယ်း)
အရေးအသားကတော့ ဆရာမရဲ့ ကိုယ်ပိုင်ဟန်အတိုင်း တငြိမ့်ငြိမ့်ပါပဲ..။

ဒိန် အိမ်ထောင်မပြုတော့ဘူး :D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More